အညတြတော်လှန်ရေးသမားတဦး ( ၇ နိုဝင်ဘာ ၂၀၀၈ )
ရန်သူ့အကြောင်း ကိုယ့်အကြောင်းလို့ဆိုပေမယ့် ရန်သူနဲ့ကိုယ်နဲ့ လူ့စည်းဘီလူးစည်းခြားနေပုံအကြောင်းကို ပြောလိုခြင်းမဟုတ်ပါ၊၊ ရန်သူနဲ့ကိုယ်နဲ့ အချို့ကိစ္စတွေမှာ မတူအပ်မတူသင့်ဘဲ တူနေတဲ့အချက်တွေကို ပြောချင်တာပါ။ တခါတုန်းက တိုင်းမဂ္ဂဇင်း အက်ဆေးတပုဒ်မှာလား မသိ။ “နိုင်ငံရေးမှာ မိမိဘာလဲ ဆိုတာကို သိဖို့ထက်၊ မိမိဘာမဟုတ်ဖူးလဲဆိုတာကိုလည်း သိဖို့ အရေးကြီးပါတယ်” ဆိုတဲ့ စာကြောင်းတကြောင်းကို မှတ်သားမိတယ်။ ကျနော်တို့တော်လှန်ရေးသမားတွေ၊ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြဖို့ သတိပေးလိုလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။
ကျနော်ဟာ အရွယ်ရောက်ကတည်းက စစ်အစိုးရကို ဆန့်ကျင်လာခဲ့သူဖြစ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်မယ်ဆိုတဲ့ အသိရှိလာတော့ စာတွေပေတွေဖတ်ရင်း တော်လှန်ရေးကိုလိုလားသူဖြစ်လာခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ မရောက်သေးခဲ့ပေမယ့်၊ မိမိကိုယ်မိမိမြို့ပေါ် အစိုးရဆန့်ကျင်ရေးသမားအဖြစ် ခံယူလှုပ်ရှာားခဲ့ပါတယ်။
ဘယ်အစိုးရလက်ထက်မှာဘဲဖြစ်ဖြစ် တော်လှန်ရေးအင်းအားစုတွေကို “သောင်းကျန်းသူ” လို့ ရည်ညွှန်းပြောဆိုတာကိုတော့ အားလုံးအသိပါဘဲ။ (ခုတော့ အသွင်တမျိုးပြောင်းလာတဲ့ စစ်အစိုးရက သူနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဲဒီ “သောင်းကျန်းသူတွေ” ကို“ငြိမ်းချမ်းရေးအဖွဲ့” တွေလို့ခေါ်နေပြန်ပါပြီ) မြို့ပေါ်အစိုးရဆန့်ကျင်ရေးသမားဘဝမှာ ကျနော်နဲ့ ရဲဘော်ရဲဘက်တွေဟာ ဒီအသုံးအနှုန်းသုံးတဲ့ ဘယ်စာရေးဆရာ၊ ကဗျာဆရာကိုမဆို ရန်သူလို့ သဘောထားခဲ့ပါတယ်။ ဒါတင်မက အဲဒီ “သောင်းကျန်းသူဆန့်ကျင်ရေး” ရုပ်ရှင်တွေရဲ့ ဒါရိုက်တာတွေကိုပါ ရန်သူလို့ဘဲ သဘောထားပါတယ်။
တခါတုန်းက လူမျိုးစုထဲက ကျနော့် သူငယ်ချင်းတယောက်က သူတို့လူမျိုးစုရဲ့တော်လှန်ရေးအဖွဲ့ကို သောင်းကျန်းသူအဖြစ် ဆန့်ကျင်ပြီး ဝတ္ထုတိုတပုဒ်ရေးပါတယ်။ ဒီလိုရေးရပါမလားဆိုပြီး သူငယ်ချင်းကို ကျနော် မညှာမတာပြောပစ်လိုက်တာ သူငယ် ချင်းလည်း ကျနော့်ကို တော်တော် မကျေမချမ်းဖြစ်သွားတယ်နဲ့တူပါတယ်။ အရင်လို ဟက်ဟက်ပက်ပက်မဆက်ဆံတော့ပါဘူး။ သူကတော့ “ဒါ ငါ့ကိုယ်တွေ့ကွ” လို့ အကြောင်းပြချက်ပေးပါတယ်။ ကျနော် မယုံခဲ့ပါ။ တော်လှန်ရေးသမား ဆိုတာ ရုပ်ရှင်ထဲက အံ့ကျော်တို့လို လူစားတွေမဟုတ် တည်ကြည်လေးနက်ပြီး ဖြူစင်သန့်ရှင်းသူတွေအဖြစ်သာ မြင်ခဲ့ပါတယ်။
သူပုန်စိတ်မွေးလာတဲ့ကျနော်ဟာ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးသမားတယောက်ဖြစ်လာခဲ့ပါတယ်။ (ခုလည်း လက်နက်ကိုင်တော်လှန်ရေးသမားဘဝကို မစွန့်လွှတ်သေးပါ။ ခု ရေးနေတာကလည်း ရန်သူ့ဆီမှာ လက်နက်ချအညံ့ခံသူတွေရဲ့ သဘောထားမျိုးနဲ့ရေးနေခြင်းမဟုတ်ကြောင်းကိုလည်း ကြိုတင်ပြောထားပါရစေ) သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်ရေး ဖြစ်စဉ်ကို ကျနော်ဖြတ်သန်းလိုက်ရပါပြီ။
ပထမတော့ ပန်းခင်းကိုမြင်းစီး၍ လျှောက်ကြည့်ခြင်း ဆိုသလိုပါဘဲ၊၊ တော်လှန်ရေး သမားတွေရဲ့ အပြစ်အနာအဆာတွေကို မမြင်တတ်ခဲ့ပါဘူး။ မမြင်ရက်လို့ ရဲရဲမကြည့်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ နှစ်တချို့ကြာလာလို့
အတွေ့အကြုံတွေ ဘက်ပေါင်းအတော်စုံလာတာကလည်း တကြောင်း၊ တော်လှန်ရေးရဲ့ သိသိသာသာယိုယွင်းလာတာကြောင့်လည်းတကြောင်း
ကြောင့် အမြင်မတော်တာတွေကို မမြင်ချင်အဆုံး ဖြစ်ခဲ့ပါတယ်။
ပတမအနေနဲ့ သိသိသာသာတွေ့ရတာကတော့ အကျင့်ပျက်မှုတွေပါ။ မြို့ပေါ်တော်လှန်ရေးသမားဘဝမှာ ကျနော်တို့ဟာ ကိုယ် ကျင့်တရားဖြူစင်နေရပါတယ်။ နဂိုမူလက ဘယ်လိုအကျင့်ဆိုးတွေဘဲ ရှိခဲ့ရှိခဲ့၊ တော်လှန်ရေးသမားအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ သံမဏိစည်းကမ်းတွေကို ချွင်းချက်မရှိလိုက်နာခဲ့ရပါတယ်။ တော်လှန်ရေးဆိုတာ လောကမှာ လူသားတွေရဲ့ တိုးတက်ဖြစ်ပေါ် မှုအတွက် အစစအရာရာ စွန့်လွှတ်ပြီး လုံးပမ်းတိုက်ခိုက်ရတဲ့ အခက်ခဲဆုံး၊ အနက်နဲဆုံး၊ အရှုပ်ထွေးဆုံး၊ အကြီးမြတ်ဆုံး လုပ်ငန်း ကြီးဖြစ်တယ်လို့ ကျနော်တို့ ခံယူထားခဲ့ကြတာပါ။ ဒီလိုလုပ်ငန်းကြီးမျိုးကို အကျင့်ပျက်သူတွေက အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်ဖို့ ဝေလာဝေး၊ တော်လှန်ရေးထဲမှာ အရောရောအနှောနှော ပါဝင်နေဖို့တောင် မသင့်တော်ပါဘူး။ အကြောင်းကတော့ ရှင်းပါတယ်။ တော်လှန်ရေးရဲ့ တွန်းအားအဖြစ်နဲ့ အားထားရတဲ့ ပြည်သူလူထုက အဲဒီလိုလူစားမျိုးကို မလေးစားကြလို့ပါဘဲ။
အကျင့်ပျက်မှုဟာ လူထုအပေါ် မောက်မာမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ ရမ်းကားရက်စက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ မိန်းမ လိုက်စားသူဟာ လက်နက်အားကိုယ်းနဲ့ သူတပါးသမီးပျို၊ သူတပါးသားမယားကို အနိုင်ကျင့်စော်ကားပါတယ်။ ဥစ္စာဓန မက် မောသူဟာ အများပြည်သူတဦးချင်းရဲ့ဥစ္စာဓနနဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ ဥစ္စာပစ္စည်း (အများပြည်သူပိုင်ပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်) ကို ခိုးဝှက်ခြင်း၊ လုယူခြင်းပြုပါတယ်။
တချို့ဆိုရင် အဖွဲ့အစည်းရဲ့နာမည် သို့မဟုတ် အာဏာကို အလွဲသုံးစား လုပ်ပြီး ဓါးမြတိုက်သလိုမျိုး လုပ်ပါတယ်။ တချို့ကတော့ မိမိရဲ့အဆင့်နေရာကြောင့် စီးပွားရေးမှာ အထူးအခွင့်အရေးရပုဂ္ဂိုလ် အနေနဲ့ ကြီးပွားချမ်းသာနေကြပါတယ်။ အရက်သေစာကို မဆင်မခြင်သောက်စားမူးယစ်သူ (ဗမာပြည်တော်လှန်ရေးအဖွဲ့အစည်း တိုင်းလိုလိုမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း မပြုရလို့ စည်းကမ်းသတ်မှတ်ထားတယ်လို့ ယူဆရပါတယ်) များဟာ အကြောင်းမဲ့ သေနတ်ပစ်ဖေါက်ခြင်း၊ လက်လွန်ခြေလွန် လူသတ်မိခြင်း၊ စစ်တိုက်ရာမှာ အရမ်းကာရော အမိန့်ပေးခြင်းအစရှိတဲ့ ပြစ်မှုတွေကျူးလွန်တတ်ကြပါတယ်။
ကျနော် တော်လှန်ရေးထဲရောက်စမှာဘဲ၊ တချို့သော တော်လှန်ရေးသမားတွေရဲ့ သားမယားတွေမှာ ရွှေတွေဆင်ထားတာ တွေ့ရပါတယ်။ တချို့ငယ်ငယ်ရွယ်ရွယ် တပ်မှူးလေးတွေမှာ ရွှေဆွဲကြိုး ဆွဲထားတာတောင်တွေ့ရပါတယ်။ သူတို့ချမ်းသာ နေတယ်ဆိုတာကို ဝင့်ဝါပြတဲ့သဘောပါ။ တချို့အဖွဲ့အစည်းက ခေါင်းဆောင်တွေဆိုရင် ကားကြီး ကားငယ်တွေတောင်ပိုင် ထားကြတယ်လို့ တိုးတိုးတိတ်တိတ်ရော အတိအလင်းပါကြားရပါတယ်။ တချို့ဆိုရင်လည်း တောထဲတောင်ထဲမှာတောင် အိမ်ကြီးရခိုင်တွေနဲ့ ရှေးခေတ် နယ်စားပယ်စားကြီးတွေလို ခန်းနားကြီးကျယ်နေတာကိုတွေ့ရပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ပုံ ပိုင် ဆိုင်နည်း သဏ္ဌာန်တွေကတော့ “စုံလို့ပါဘဲ။ ပြောလည်းမပြောတတ်ပါပြီ” လို့ဆိုရလောက်အောင် ထွေပြားလှပါတယ်။
ဒီပိုင်ဆိုင်ပစ္စည်းတွေကို တရားသဖြင့် ရထားတယ်ဆိုဦးတော့၊ မိမိတို့တော်လှန်ရေးသမားတွေဟာ အာဏာရ (တောအာဏာ) အုပ်စိုးသူ (တောတွင်း) တွေလို့ ကျနော်တို့ရဲ့ ပြည်သူတွေ၊ တော်လှန်ရေးထဲမှာ မကုန်ခန်းနိုင်တဲ့အင်အားတွေ၊ အရင်းအမြစ် တွေနဲ့တက်တက်ကြွကြွပါဝင်လာအောင် ကျနော်တို့စည်းရုံး သိမ်းသွင်းရမယ့် ပြည်သူတွေ မြင်မိမှာ သေချာပါတယ်။ စစ်အစိုးရ ပြုတ်ကျသွားခဲ့ရင်လဲ ဒီလူတွေဘဲ ကောင်းစားကြမှာလို့ မြင်သွားနိုင်ပါတယ်။
အာဏာလည်းရှိ ဥစ္စာပစ္စည်းလည်းရှိလာသူတွေဟာ ပြည်သူတွေနဲ့တသားတည်းမဖြစ်ဘဲ၊ လူတန်းစားတရပ်ဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေနဲ့ဆက်ဆံရာမှာ ရာထူးအဆင့်အလိုက် အပေါ်စီးနဲ့ဆက်ဆံတာကို တွေ့ရပါတယ်။ထင်းရှားတဲ့ သာဓကတခုကို ပြပါမယ်။ ကော်မီတီအဆင့်ဆင့်ရှိတယ်ဆိုပေမယ့် အများအားဖြင့် ဥက္ကဌတွေဟာ ဘယ်အဆင့် (မြို့နယ်ကော်မီတီ၊ ခရိုင် ကော်မီတီစသည်) မှာမဆို အဓိကဆုံးဖြတ်သူဖြစ်နေတာကို တွေ့ရပါတယ်။ ဥက္ကဌက ဟန့်လိုက်ရင်ငြိမ်ကျသွားတာတို့၊ ဥက္ကဌ မျက်နှာနီလာရင် ပြောမယ့်စကားကို ဆက်မပြောရဲတော့တာတို့ဟာ ကော်မီတီဝင်တွေအတွက် မဆန်းတော့တဲ့အတွေ့အကြုံတခု ပါဘဲ၊ မဟာမိတ်တပ်ပေါင်းစုမှာတောင် အလားတူမျိုးကြုံရလေ့ရှိပါတယ်။
မဆလ၊ နဝတ၊ နအဖ စစ်တပ်တွေဟာ လူ့အခွင့်အရေးကို နှစ်ဆယ်စုပေါင်းများစွာ အတားအဆီးမဲ့ချိုးဖေါက်ခဲ့လို့ လူမျိုးစုတွေရော မြန်မာလူမျိုးများပါ အလူးအလဲခံစားခဲ့ရတာ ခုဆိုရင် နေမြင့်လေအရူးရင့်လေ ဆိုသလို တနေ့တခြား ပိုပိုဆိုးလာနေလျက်ရှိပါ တယ်။ ဒီကြားထဲ တော်လှန်ရေးအဖွဲ့အစည်းတွေက ချိုးဖေါက်ပြန်တော့ လူထုမှာ (တောနေဆင်းရဲသားများ) နေစရာနေရာမရှိ တော့ပါ။ ချိုးဖေါက်သူကို အရေးယူတယ်လို့ဆိုတာတောင် နီရာဓါးကြောက်နေရလို့ မတိုင်ရဲ၊ ထုတ်မပြောရဲတာတွေ တပုံကြီးပါ)
မီဒီယာတွေမှာ မဖေါ်ပြလို့သာပါ၊ ဖေါ်သာဖေါ်ပြမယ်ဆိုရင် “သူကလည်း အလာကြီးပါလား” လို့ ပြောရလောက်အောင်ဖြစ်သွားပါ လိမ့်မယ်။ ခုကျနော်တင်ပြတဲ့ အကျင့်ပျက်မှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ ပြည်သူလူထုအပေါ် အာဏာပြ၊ လက်နက်ပြဆက်ဆံတာ တွေ၊ လူ့အခွင့်အရေးချိုးဖေါက်တာတွေဟာ ချွင်းချက်သဘောမဟုတ်ပါ၊၊ အနှံ့အပြား မဟုတ်တာတောင် သိသိသာသာ ဖြစ်နေတာ တွေပါ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဒါတွေဟာ ချွင်းချက်သဘောထက် လွန်ကျွံမသွားသင့်ပါဘူး။
တချို့ရွာသားတွေက တခါတလေ သူတို့ကြုံတွေ့ဖူးတဲ့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တချို့ရဲ့ကောင်းကြောင်းတွေကို ပြောပြတတ်ပါ တယ်။ အဲဒီစစ်ဗိုလ်တယောက် ကောင်းကြောင်းကို တဦးတယောက်ကသာ ပြောတာ မဟုတ်ဘဲ၊ အတော်များကပြောကြတော့၊ ဘက်အတော်များများကနေ စဉ်းစားကြည့်လိုက်တဲ့အခါ တကယ့်လူကောင်းဘဲလို့ ယုံကြည်လောက်ပါတယ်။ ကျနော်ကိုယ်တိုင် လည်း ရန်သူ့ထောက်လှမ်းရေးတွေကို အင်မတန်မုန်းတီးနာကျည်းပေမယ့်၊ သူတို့ထဲမှာ ကောင်းတဲ့လူ တယောက်တလေကို ကြုံ တွေ့ဖူးပါတယ်။ “ကြိုးစင်ပေါ်က မှတ်တမ်းများ” ကို ရေးသားခဲ့တဲ့ ချက်လူမျိုးသူရဲကောင်း ဂျူးလိယက်ဖူးချစ်ဟာ ဂက်စတာပို စစ်ပုလိပ်ထဲက အဲဒီလိုလူကောင်းတယောက်တလေကြောင့် သူ့မှတ်တမ်းတွေ အကျဉ်းစခန်းအပြင်ကို ရောက်သွားခဲ့ရတာပါ။ ဒါပေမယ့် ရန်သူ့တပ်ထဲမှာ ပြည်သူလူထုအပေါ်ကောင်းကောင်းမွန်မွန်ရိုးရိုးသားသား ဆက်ဆံသူဦးရေဟာ ချွင်းချက်သဘော လောက်ပဲရှိပါတယ်၊၊ ဘာကြောင့်လဲဆိုတော့ သူတို့အလုပ်ရဲ့သဘာဝကိုက ဖိနှိပ်ရေးအလုပ်ဖြစ်နေလို့ပါဘဲ။ ဒီအလုပ်မျိုး လုပ်နေရ သူတွေဟာ ပင်ကိုယ်က မဆိုးသူတွေတောင် ဆိုးတဲ့အလုပ်ကိုလုပ်ရင်း လူဆိုးတွေလုံးလုံးဖြစ်သွားကြတာပါ။
The NEJ မှကူးယူဖော်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
ရန်သူ့အကြောင်း ကိုယ့်အကြောင်း ကျနော်တို့တော်လှန်ရေးအကြောင်း
Friday, November 7, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment