စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင် တော်လှန်ရေး သက်တမ်း နှစ် ၆၀ ပြည့်ခဲ့

Monday, February 2, 2009

Monday, 02 February 2009 19:58 အေးချမ်းမြေ့
နှစ် ၆၀ ပြည့် ကရင် တော်လှန်းရေးနေ့ အခမ်းအနားက ကရင် တော်လှန်ရေး အဆက်ဆက်တွင် ပါဝင်ခဲ့သော မျိုးဆက်ဟောင်း တော်လှန်ရေး သမားကြီးများနှင့် မျိုးဆက်သစ် ကရင် လူငယ်များ အတွက် ပေါင်းကူးတံတား ထိုးပေးလိုက်သလို မြင်တွေ့ခဲ့ရသည်။


ဇန်နဝါရီ ၃၁ ရက်နေ့က နှစ် ၆၀ တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော ကရင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား ကို ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၇ နယ်မြေအတွင်း ကျင်းပခဲ့ရာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်သားများ၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဧည့်သည်စုစုပေါင်း ၅ ထောင်ကျော် တက်ရောက်ခဲ့သည်ဟု တာဝန်ရှိသူ များက ပြောကြားသည်။




အခမ်းအနားမကျင်းပမီ ညကတည်းက ဧည့်ပရိသတ် ၅၀၀၀ ခန့် ကြိုတင် ရောက်ရှိနေရာ ချက်ထားသည့် ထမင်းဟင်းများပင် ပြတ်လပ်သွားပြီး တဲခိုဆောင်များ မလောက်သဖြင့် မြက်ခင်းပေါ်တွင် ကောက်ရိုးများခင်းကာ အိပ်ခဲ့ရသည်ဟု အခမ်းအနားတက်ရောက်သည့် ဧည့်သည်တဦးက ပြောပြသည်။

အခန်းအနားစင်မြင့်ဘေးတွင် လုံခြုံရေး တာဝန်ယူထားကာ သေနတ်ကိုင်၍ ငြိမ်သက်စွာရပ်နေသော ကေအန်ယူ တပ်သားလေးကို လာသမျှပရိသတ် အတော်များများက ဓာတ်ပုံ တဖြတ်ဖြတ် ရိုက်ယူနေကြသည်။ ဓာတ်ပုံရိုက်သူများ များပြားကာ အခမ်းအနားစင်မြင့်ကို ကွယ်ကြသဖြင့် အခမ်းအနားမှူးက မကြာခဏ သတိပေး နေရသည်။

ထိုနေ့ အခမ်းအနားတွင် လွန်ခဲ့သည့် နှစ် ၆၀၊ ကရင်တော်လှန်ရေး စတင်ချိန်ကတည်းက ပါဝင်ဆင်နွှဲခဲ့သော ကရင်တော်လှန်ရေး ရဲဘော်ဟောင်းကြီး ၁၆ ဦးကို ဂုဏ်ပြုခြင်း အစီအစဉ်တရပ် ပါဝင်သည်။ ထို ၁၆ ဦးထဲတွင် ဗိုလ်ချုပ် တာမလာဘော၊ ဗိုလ်ချုပ်မူတူးတို့ ကဲ့သို့သော ကေအန်ယူ ခေါင်းဆောင်များ ပါဝင်ပြီး ဗိုလ်ချုပ် တာမလာ ဘောကတော့ အခန်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိပေ။


မြန်မာပြည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နောက်ပိုင်းတွင် တိုင်းပြည်တွင်း၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့ရာ ကေအန်ယူက တခြားသော တိုင်းရင်းသားများ၊ တခြားသော နိုင်ငံရေးခေါင်းဆောင် များနှင့် လက်တွဲကာ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်း - မြန်မာ နယ်စပ်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

“အဲဒီကတည်းက တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေအတွက် ဒီနေရာကနေ ဂါရဝ ပြုပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်တော်လှန်ရေး စတင်ချိန်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်တွင် ဖြစ်ပြီး ထိုနေ့က ဂုဏ်ပြုခံရသည့် တော်လှန်ရေးရဲဘော်ဟောင်းများမှာ ထိုစဉ်ကတည်းက တိုက်ပွဲတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။

“ကရင်တိုင်းရင်းသားတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဆက်ဝင်နေဦးမှာပဲ။ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း ဆက်သွားနေမှာပါ” ဟု ဂုဏ်ပြုခံ ရဲဘော်ဟောင်းများထဲမှ တဦးဖြစ်သူ ဗိုလ်ချုပ်မူတူးက ပြောသည်။

ကရင်တော်လှန်းရေးနေ့ အခမ်းအနားကို အဖွဲ့အစည်း အသီးသီးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး မြန်မာ စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းတချို့က ဂုဏ်ပြုစကား ပြောကြားရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်း သားများတပ်ဦး၏ ဥက္ကဌ ကိုသံခဲက “ကရင့်တော်လှန်ရေးက သမိုင်းရှိပါတယ်၊ ရှင်းပါတယ်၊ သန့်ပါတယ်၊ တရား ပါတယ်၊ မှန်ပါတယ်။ ဒီသမိုင်းဟာ ဒီမိုကရေစီရဲ့သမိုင်း၊ အနှိပ်စက်ခံ ပြည်သူတွေရဲ့ သမိုင်းဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

ဆက်လက်၍ ၎င်းက ယခုခေတ်သည် လူသားအားလုံး တန်းတူ အခွင့်အရေး အညီအမျှရရှိပြီး လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းသာယာစွာ အတူလက်တွဲ တည်ဆောက်ရမည့် ခေတ်၊ ရင်ပေါင်တန်းကာ ချီတက်ရမည့် ခေတ်ဖြစ်သော ကြောင့် ကရင့်ခေါင်းဆောင်ကြီးများ ချမှတ်ကျင့်သုံးခဲ့သည့် ကရင်တကျပ်၊ ဗမာတကျပ် ဆိုသည်မှာ တရားပြီး တော်လှန်ရေး ခေါင်းဆောင်ကြီးများ၏ ခုခံစစ်၊ တော်လှန်စစ်နှင့် ပတ်သက်၍ ကျောင်းသားများက ထောက်ခံသည်ဟု ဆိုသည်။

“ဒါ့အပြင် ကျနော်တို့ ကျောင်းသားများရဲ့ ပေးဆပ်မှု အများစုဟာ ကရင့်နယ်မြေထဲမှာ အခြေပြုခဲ့ပါတယ်။ ဆက်လက် လက်တွဲ တိုက်ပွဲဝင်မယ်လို့ ဒီနေရာကနေ သစ္စာ အဓိဌာန်ပြုပါတယ်” ဟုလည်း ကိုသံခဲက ပြောကြား သွားသည်။

ကရင်တော်လှန်ရေးကို ကရင်တော်လှန်ရေး အမျိုးသားခေါင်းဆောင် စောဘဦးကြီး ဦးဆောင်ခဲ့သည်။
သို့ရာတွင် ၁၉၉၅ ခုနှစ်က စတင်၍ ကရင်တော်လှန်ရေးမှာ ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုရပေမည်။ ဌာနချုပ်တည်ရှိရာ မာနယ်ပလောဒေသ ကျဆုံးခဲ့သည်။ ထို့ပြင် ထိုစဉ်က မြန်မာစစ်အစိုးရ၏ သပ်လျှိုသွေး ခွဲမှုကြောင့် ကရင်တိုင်းရင်းသားအချင်းချင်း ဗုဓ္ဒဘာသာနှင့် ခရစ်ယာန်ကွဲခဲ့ရပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) ပေါ်ပေါက်ခဲ့ရသည်။


“ကရင်တော်လှန်ရေးဟာ ဟိုးတုန်းက အင်အားကြီးမားခဲ့ပေမယ့် နောက်ပိုင်း စစ်ရေးကိုအခြေပြုလွန်းတာကြောင့် နိုင်ငံရေးဘက်မှာ အာနည်းခဲ့တယ်။ မဖြစ်သင့်တာဖြစ်ခဲ့ရတယ်။ ဥပမာ ဒီကေဘီအေ ပေါ်ပေါက်လာတာမျိုး၊ အချိန်မဟုတ်ဘဲ အစိုးရဖွဲ့တာမျိုးပေါ့” ဟု ရခိုင်ကျောင်းသားတပ်မတော်၏ တာဝန်ရှိသူတဦးဖြစ်သည့် ကိုခိုင်လင်းအောင်က သုံးသပ်ပြောဆိုသည်။ ရခိုင်ကျောင်းသားတပ်မတော်အနေနှင့် ယခုအခါ စနစ်တကျ မဖွဲ့စည်း ရသေးသော်လည်း ကေအန်ယူနှင့် ပေါင်းစည်းကာ မြန်မာစစ်အစိုးရကို တော်လှန်သွားမည်ဟု သူက ဆိုသည်။

မနှစ်က လုပ်ကြံခံခဲ့ရသည့် ဖဒိုမန်းရှာလားဖန် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူသည့် ကာလတွင်တော့ နိုင်ငံရေးက စစ်ရေးကို ဦးဆောင်မှုပေးလာနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကေအန်ယူဆိုပေမယ့် ကျနော့်အမြင်ပြောရရင် မြန်မာနိုင်ငံတော်လှန်ရေး တခုလုံးကို ကိုယ်စားပြုတယ်။ ကေအန်ယူရဲ့ အရိပ်အာဝါသအောက်မှာ တပ်ပေါင်းစုတွေ၊ တပ်ဖွဲ့တွေ၊ အစိုးရတွေက စနစ်တကျ သွားနိုင်တယ်။ အဲလို သွားနိုင်ဖို့လည်း ကေအန်ယူက အများကြီးပံ့ပိုးပေးတယ်” ဟု ကိုခိုင်လင်းအောင်က သုံးသပ်သည်။

ကရင်တော်လှန်ရေး နှစ် ၆၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေးအခမ်းအနားတခုသာမဟုတ်ဘဲ ကွဲကွာနေသည့် ကရင် တိုင်းရင်းသားများ ပြန်လည်ဆုံဆည်းသည့် ပွဲတခုအဖြစ်လည်း မြင်တွေ့ရသည်။ ဒေသတွင်းရှိ ကရင် တိုင်းရင်းသားများသာမက နိုင်ငံခြားရောက်နေသူများပါ ယခုအခမ်းအနားကို လာရောက် ဆင်နွှဲတာ တွေ့ရသည်။

ယမန်နှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျဆုံးခဲ့သော ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း၏ သမီးငယ် ဇိုရာဖန်းသည်လည်း အင်္ဂလန်နိုင်ငံမှ နေ၍ ကေအန်ယူတော်လှန်ရေးနှစ် ၆၀ ပြည့်အခမ်းအနား တက်ရောက်ရန် ပြန်လာခဲ့သည်။ ဖဒိုမန်းရှာကို ကရင်တိုင်းရင်းသားများသာမက တခြားသော အတိုက်အခံ အဖွဲ့အစည်းအသီးသီးကပါ လေးစားကြရာ ယခုပွဲတွင် ၎င်းမရှိခြင်းက ကွက်လပ်ကြီးတခုသဖွယ် ဖြစ်ခဲ့သည်ဟု အများက ခံစားကြရကြောင်း သိရသည်။

“မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားတွေနဲ့ ခေါင်းဆောင်တွေကို ခြေမှုန်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ ဒီလို လုပ်လို့ လုံးဝမရဘူးဆိုတာ ဒီအခမ်းအနားက သက်သေပြနေပါတယ်” ဟု ဇိုရာဖန်းက ၎င်းအခန်းအနားတွင် ကြွေးကြော်ခဲ့သည်။ ဆက်လက်၍သူက အခမ်းအနားကို ထောင်ပေါင်းများစွာသော ပရိသတ် တက်ရောက် လာသည့်အပေါ် အထူးပင် အံ့သြဝမ်းမြောက်သည်ဟု ပြောသည်။

ဖဒိုမန်းရှာ၏ မိသားစုက ယခုအခါ ဖန်းဖောင်ဒေးရှင်းဟူ၍ တည်ထောင်ကာ မိမိဒေသအတွင်း မိမိ၏ပြည်သူလူထု အတွက် အကျိုးရှိမည့် အလုပ်များကို လုပ်ဆောင်သော ကရင်မျိုးဆက်သစ် လူငယ်များကို ဆုပေးသွားမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ကြေးရှိသည့် ၎င်းဆုကို “ဖဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု” ဟု အမည် ပေးထားသည်။ ကရင်မျိုးဆက်သစ်လူငယ်များထဲမှ ဒေသတွင်း ခေါင်းဆောင်မှုပြုနိုင်သူ၊ ဆင်းရဲမှုပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေးအစီအစဉ် မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေးအစီအစဉ်များ မြှင့်တင် ပေးနိုင်သူနှင့် ကရင် ယဉ်ကျေးမှုကို ထိန်းသိမ်းဆောင်ရွက်နိုင်သူများအား ၎င်းဆုကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ် ၆၀ ပြည့် ကရင်တော်လှန်ရေးနေ့တွင် ဖန်းဖောင်ဒေးရှင်း၏ ပထမဆုံးသော ဆုကို ချီးမြှင့်ခဲ့ရာ နယ်စပ်ဒေသ တွင် ကရင်တိုင်းရင်းသားများ အသိဥာဏ်မြင့်မားအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မျိုးဆက်သစ် လူငယ်တဦး ဖြစ်သော နော်ဖောကဘလာထူး က ဆွတ်ခူးရရှိခဲ့သည်။

“ကျမ သိပ်ကိုဝမ်းသာပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ဘဝမြှင့်တင်ပေးရေး လုပ်ငန်းတွေကို တစိုက် မတ်မတ် ဆက်လက် ဆောင်ရွက်သွားပါ့မယ်” ဟု နော်ဖောကဘလာထူးက ဆိုသည်။

အခမ်းအနားတွင် ကေအန်ယူ ဒုဥက္ကဌ စောဒေးဗစ်တာကပေါက စစ်အစိုးရကို ဆက်လက်တော်လှန်သွားမည်ဟု ပြောကြားခဲ့သည်။

“စစ်တိုက်တယ်ဆိုတာ တခါတလေ ရှေ့ကိုတိုးတိုက်ရပေမယ့် တခါတလေ နောက်ဆုတ်ရတာရှိတယ်။ ဒါကြောင့် ကျနော်တို့လည်း တခါတလေမှာ ရှေ့ကိုတိုးနိုင်ဖို့ နောက်ဆုတ်ရတဲ့ အခါမျိုးတွေ ရှိနိုင်ပါတယ်” ဟုသူက သတင်း ထောက်များကို ပြောသည်။

ထိုနေ့က ကျင်းပသည့် အခမ်းအနားမှာ ကရင်လူထုအတွက် မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းများကို ပေါင်းကူးပေးသည့်ပွဲ၊ မျိုးဆက်သစ် လူငယ်၏ စွမ်း ဆောင်ရည်ကို တက်နိုင်သလောက် မြှင့်တင်ပေးသလို တော်လှန်ရေးစတင် ဆင်နွှဲခဲ့သည့် မျိုးဆက်ဟောင်း ရဲဘော်ကြီးများကို ဂုဏ်ပြုကာ သမိုင်းကို ပြန်လည် ဖော်ထုတ်ပေးသည့် ပွဲဖြစ်သည်။

နယ်စပ်ဒေသ တလျှောက်တွင် ပြည်သူလူထုက ကစဥ့်ကလျားနေထိုင်နေရသည့် ဘဝ၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန် နည်းမျိုးစုံနှင့် ကြိုးစားနေရသဖြင့် နိုင်ငံရေးအရဖြစ်စေ၊ မိမိ အသက်ရှင်နေထိုင်ရေးနှင့် ဘဝလုံခြုံရေးအတွက် ဖြစ်စေ လက်နက်ကိုင်စွဲကာ တော်လှန်နေရဦးမည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောခဲ့သည်။

“ပြင်းထန်တဲ့ ထိုးစစ်တွေ၊ ဖြိုခွဲမှုတွေကြားမှာ ဆိုတော့ အားနည်းလာတဲ့ အပိုင်းတွေ ရှိတယ်။ ကိုယ့်နိုင်ငံ ငြိမ်းချမ်း ရေးအတွက် လူငယ်တွေက ပိုမိုတာဝန်ယူ ထမ်းဆောင်သင့်ပါတယ်” ဟု သူက ဆိုသည်။

ကေအန်ယူ ဂုဏ်ပြုစစ်ရေးပြတပ်တွင် တပ်သား အယောက် ၉၀ ကျော်မြင်တွေ့ရသည်။ ပွဲကို ကရင်ရိုးရာ ဒုံးယိမ်း အကဖြင့် အဆုံးသတ်သည်။ ဒုံးယိမ်းအဖွဲ့ဝင် ၃၀၀ ထက်မနည်း ပါဝင်ကပြခဲ့ကြသည်။

0 comments: