စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

န်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း ၁၂

Wednesday, March 25, 2009

မိုးမခ

မှတ်စုမှတ်တမ်း

မတ် ၂၄၊ ၂၀၀၉

အင်္ဂလိပ်ခေတ်က ဝါအကောက်ခွန်ဌာနမှာ ကာကွယ်ရေးအရာရှိအဖြစ်

တစ်လကြာမျှ အမှုထမ်းဆောင်စဉ် သင်္ဘောကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိပ်ကမ်း အလုပ်သမားများသည် လုပ်ငန်း ပြီးဆုံးပါက၊ ကမ်းနားရှိ အရက်ဆိုင်၊ သို့မဟုတ် လက်ဖက်ရည်ဆိုင်သို့ သွားရောက် စားသောက်တတ်ကြောင်း သိရှိ နားလည် ထားပါတယ်။ ဤအကျင့်ဓလေ့သည် ဆိပ်ကမ်းမြို့တိုင်းလိုပင် ရှိကြောင်းလည်း သိရှိ နားလည်ထားပါတယ်။ ကာလကတ္တား ဆိပ်ကမ်းလည်း ဤအတိုင်းပင် ဖြစ်မည်ဟု ယုံကြည်သည့် အားလျော်စွာ ဆိပ်ကမ်းရှိ အရက်ဆိုင်တစ်ဆိုင်သို့ ပါပါတို့ ဝင်သွားပါတယ်။

ဗိုလ်မှူးချစ်ကောင်းက အရက်မသောက်တတ်ပါသဖြင့် ပါပါတစ်ယောက်အတွက်ပဲ မှာပါတယ်။ အရက်ဆိုင်တွင် ဆိပ်ကမ်းမှာ ဆိုက်ကပ်သော သင်္ဘော အရေအတွက်နှင့် ပါလာသော ကုန်များကို သိရပါတယ်။ စစ်ပစ္စည်း တင်ဆောင်လာသော သင်္ဘောမပါရှိပါ။ ချိန်းဆိုထားသည့်အတိုင်း ညနေ (၆)နာရီမှာ စတိတ်(စ)မင်း သတင်းစာတိုက်သို့ ပါပါတို့ အရောက်ပြန်သွားကြပါတယ်။

ဟူကလီမြစ်ကမ်းပါး စစ်သင်တန်းကျောင်းမှာ လိုအပ်သော စစ်ပညာများကို သင်ကြားပြီးသောအခါ လက်တွေ့ ဆက်လက် သင်ကြားရန် ၁၉၄၅ ခု၊ ဇန်နဝါရီလ (၁၄) ရက်တွင် သခန်ဗိုလ်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီး ဦးအုန်းမောင်တို့ အပါအဝင် ပါပါတို့ကို လေယာဉ်ပျံဖြင့် သီဟိုကျွန်း (သီရိလင်္ကာ) သို့ ပို့ပါတယ်။ လေယာဉ်ပျံသည် ကာလကတ္တားမြို့မှ နံနက်ပိုင်းတွင် ထွက်ပြီး မဒရပ်မြို့မှာ တထောက်နားကာ ကိုလံဘိုမြို့သို့ ညနေပိုင်းတွင် ရောက်ရှိသွားပါတယ်။ ကိုလံဘိုလေဆိပ်မှ ပါပါတို့ကို နှစ်ဆယ့်ငါးမိုင် ဝေးသော ဟိုရိုးနာ စစ်စခန်းကို ပို့ပါတယ်။

ဟိုရိုးနာ စစ်စခန်း၏ တပ်ရင်းမှူးသည် ဒုတိယဗိုလ်မှူးကြီး မာ့(စ်)ဂရွှေ ဖြစ်ပြီး၊ ဒုတိယတပ်ရင်းမှူးမှာ ဗိုလ်မှူး ဘရောင်း ဖြစ်ပါတယ်။ တပ်ရင်းမှူး မာ့(စ်)ဂရွှေသည် ဘုံဘေဘားမား ကုမ္ပဏီမှာ အမှုထမ်းဆောင်ခဲ့သော လူတစ်ယောက် ဖြစ်ပါတယ်။ နောက်တစ်နေ့ ပါပါတို့ တပ်ရင်းမှူးနှင့် သွားရောက် တွေ့ဆုံပြီး ပါပါတို့ သင်ကြားလေ့ကျင့်ရမည့် စစ်ပညာရပ်များကို ဒုတပ်ရင်းမှူးအား ပြောကြား တာဝန်ပေးလိုက်ပါတယ်။

ပါပါတို့သင်ကြားရမည့် ဘာသာရပ်များမှာ အချက်ပြဆက်သွယ်နည်း လက်နက်ကိုင်တွယ် ပစ်ခတ်နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း မြေပုံဖတ်နည်း၊ ဆေးပညာ၊ တောထဲ သွားလာနေထိုင်နည်း၊ မြေပြင်မှနေ လေယာဉ်ပျံနှင့် ချက်ပြ ဆက်သွယ်နည်း စသည်တို့ ဖြစ်ပါတယ်။

ပါပါတို့ကို ပထမ မော့(စ်)ကုတ် ကို သင်ကြားပြီး မော့(စ်)ကုတ်ဖြင့် သတင်းပို့နည်းကိုပါ သင်ကြား ပေးပါတယ်။ ဤဘာသာရပ် သင်ကြားရသည်မှာ အလွန်မှ ပျင်းစရာ ကောင်းပါတယ်။ ၎င်းနောက် လက်နက်ကိုင်တွယ် ပစ်ခတ်နည်းပါ သင်ကြား ပေးပါတယ်။ ကိုင်တွယ် ပစ်ခတ်ရသော လက်နက်များမှာ ရိုင်ဖယ်နှင့် ဘရင်းစက်သေနတ်အပြင် တင့်ကားပစ်သော သေနတ်နှင့် ဘဇူကာတို့ပါ ပါဝင်ပါတယ်။ ခြောက်လုံးပြုးနှင့် ပစ္စတိုသေနတ် ပစ်နည်းကို ခပ်များများ လေ့ကျင့်ပေးပါတယ်။ ရုတ်တရက် ပေါ်ထွက်လာသော ပစ်မှတ်ကို မျက်စိတမှိတ် လျှပ်တပြက် အတွင်း ပစ်ခတ်နိုင်ရန် လေ့ကျင့်ပေးတယ်။ လေ့ကျင့်ပုံက ပါပါတို့ကို တစ်လှည့်စီ လမ်းကြားထဲ သွားခိုင်းပြီး လမ်းဘေးနားမှာ ပစ်နေရာမှ ဆွဲလိုက်သဖြင့် သေနတ်ကိုင်ထားသော လူအရွယ်ရှိ ဂျပန်စစ်သားရုပ် ရုတ်တရက် ထွက်ပေါ်လာပါတယ်။ ပါပါ့အနေနှင့် အံ့အားသင့်ပြီး ငေးကြည့်နေမိသဖြင့် နောက်နား အင်္ဂလိပ် ကျောင်းဆရာက ပစ်ပါ၊ ပစ်ပါ၊ ပြောမှ ပစ်ပါတယ်။ လမ်းကြားအတိုင်း ဆက်လက် လျှောက်ရာ ဂျပန်စစ်သားအရုပ်ပုံစံ အမျိုးမျိုးဖြင့် လမ်းဘယ်ဘက်မှာရော ညာဘက်ပါ ပေါ်လာပါတယ်။ အရုပ်ပေါင်း အားလုံး ခြောက်ခု ပါရှိတယ်။

ဖောက်ခွဲဖျက်ဆီးနည်း သင်ကြားပြသပေးသူမှာ ဗိုလ်ကြီး ဂေး(လ)မိုး ဖြစ်ပါတယ် ဗိုလ်ကြီးဂေး(လ) မိုးသည် ပါပါတို့ကို သင်ကြားပေးသောအခါ အင်္ကျီ မဝတ်ပါသဖြင့် လက်နက်ကိုင်တွယ် နည်းသင်ကြားပေးသော အင်္ဂလိပ်ဆာဂျင် တပ်ကြပ်ကဲ့သို့ပင် အဆင့်အတန်း ရှိမည်ထင်၍ သူ့ကို ပါပါက ဆာဂျင်လို့ ပဲခေါ်ပါတယ်။ ယမ်းဘီလူးနှင့် စနက်တံကို ဖောက်ခွဲမည့်နေရာ၌ မည်သို့ မည်ပုံ ထားရှိရန်နည်း၊ မီးရထား သွားလာခုတ်မောင်းစဉ် ဖောက်ခွဲရန်နည်း၊ တံတားများကို ဖောက်ခွဲရန်နည်း၊ ရေယာဉ်သင်္ဘောများ ဖောက်ခွဲရန်နည်း၊ အစရှိသည်များ ဖြစ်ပါတယ်။ ရေယာဉ် သင်္ဘောများ ဖောက်ခွဲရန်နည်းသည် ရေထဲ မိုင်းဗုံးထောင်နည်း ဖြစ်ပါတယ်။

ဤကဲ့သို့ သင်ကြားပြသပြီး နောက်လက်တွေ့အဖြစ် တစ်နေ့ ပါပါတို့ကို တောထဲ ခေါ်သွားပါတယ်။ ပါပါတို့ကို ခေါ်သွားသည့်နေရာမှာ တကယ့်မီးရထားလမ်းနှင့် မီးရထားတွဲများ ရှိပါတယ်။ မီးရထားခုတ်မောင်းနေစဉ် ဖောက်ခွဲဖျက်ဆီးနည်း နှစ်မျိုး ရှိပါတယ်။ တစ်နည်းမှာ ဖောက်ခွဲမည့် သံလမ်းအောက်တွင် ယမ်းဘီလူးမြှုပ်ထားပြီး စနက်တံကို ထောင်ထားရပါတယ်။ မီးရထားအလေးချိန်ဖြင့် သံလမ်းပိကျသောအခါအ စနက်တံကို နှိပ်ပြီးသားဖြစ်၍ ဗုံးပေါက်ကွဲသော နည်းပင် ဖြစ်ပါတယ်။ တခြားနည်းတစ်နည်းမှာ ဝိုင်ယာကြိုးဖြင့် ဆက်သွယ်ထားပြီး ဘက်ထရီအားဖြင့် ဖောက်ခွဲသောနည်းပင် ဖြစ်ပါတယ်။ တောင်ပေါ်သွား မီးရထားလမ်းကို ဖောက်ခွဲဖျက်ဆီးသောအခါ တောင်ကမ်း မီးရထားလမ်း အကွေ့မှာ အပြင်သံလမ်းကို ဖောက်ခွဲဖျက်ဆီးခြင်းအားဖြင့် မီးရထားတစ်စင်းလုံး ချောက်ထဲသို့ ကျဆင်းသွားမည် ဖြစ်ပါတယ်။ မီးရထားတံတား ဖျက်ဆီးရာ၌ တံတားပေါ် မီးရထားသွားစဉ် ဖောက်ခွဲပစ်နည်းသည် အထိရောက်ဆုံး ဖြစ်ပါတယ်။ အကြောင်းမှာ တံတားပျက်စီးသွားသည့်အပြင် မီးရထားတွဲများ တံတားပေါ်တွင် တင်ရှိနေသဖြင့် တွဲဖယ်ရှားပြီးမှ ပြင်ဆင်ရမည်ဖြစ်၍ နှောင့်နှေး ကြန့်ကြာမည် ဖြစ်ပါတယ်။ မီးရထားတွဲနှင့် သံလမ်းရှိသော နေရာမှာ လက်တွေ့ဖောက်ခွဲဖျက်ဆီးသောအခါ ယမ်းဘီလူးသုံးတဲ့ စနက်တံသာ အသုံးပြုရပါတယ်။ စနက်တံ အထားမှန်လျှင် ဗုံးသည် ပေါက်ကွဲမည်သာ ဖြစ်ပါတယ်။

မြေပုံဖတ်နည်း သင်ကြားသောအခါ မေမြို့ဗိုလ်လောင်း သင်တန်းကျောင်းမှာ သင်ကြားခြင်းနှင့် ကွာခြားခြင်း မရှိပါ။ ဆေးပညာ သင်ကြားရာ၌ ရှေးဦးသူနာပြုနည်း အပြင် ထပ်ဆင့်ဆေးထိုးနည်းပါ သင်ကြား ပြသပါတယ်။ မြေပြင်မှနေ၍ လေယာဉ်ပျံနှင့် အချက်ပြ အဆက်အသွယ်ပြုလုပ်နည်း သင်ကြားသောအခါ လေယာဉ်ပျံမှ ပစ္စည်းဖြစ်စေ၊ လူဖြစ်စေ ချလိုသောနေရာတွင် ဖြစ်စေ အင်္ဂလိပ်စာတီ အမှတ်အသား ပြရမည် ဖြစ်ပါတယ်။ ညအချိန်တွင် 'တီ' ပုံသဏ္ဍာန်လူတန်းစီပြီး လက်နှိပ်ဓာတ်မီးထိုး ပြရန် ဖြစ်ပါတယ်။

ဟိုရိုးနားတပ်စခန်းမှာ နေစဉ်စနေ၊ တနင်္ဂနွေနေ့များမှာ ကိုလံဘိုမြို့သို့ သွားလည်ခွင့် ရပါတယ်။ စနေနေ့ နေ့လယ်စာစားပြီးချိန်မှာ 'ဘိုင်တိုးတာ' ပင်လယ်ကမ်းခြေ ရေကူးစခန်းသို့ သွားလိုသူများအတွက် ကားတစ်စင်းထွက်ပေးပါသဖြင့် ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ လိုက်သွားပါတယ်။ ဘိုင်တိုးတာရေကူးစခန်းသို့ ရောက်သောအခါ ရေချိုး ရေကူးလာသူ အမျိုးသား၊ အမျိုးသမီးတို့မှာ ရေကူးဝတ်စုံ ကိုယ်စီဖြင့် ကမ်းခြေသို့ ဆင်းသွားကြပါတယ်။ အင်္ဂလိပ်လူမျိုးများဖြစ်ပြီး တချို့လဲ အတွဲနှင့် လာကြပါတယ်။ ပါပါတို့ဖြင့် ရေကူးဝတ်စုံအစား ဘောင်းဘီတိုနှင့် ပဲဆင်းသွားကြပါတယ်။ ကမ်းခြေမှာ ရေကူးပြီး အမောဖြေ အပန်းဖြေရန် ရောင်စုံထီးများ စိုက်ထူထားပါတယ်။ ပါပါတို့လဲ ထီးတစ်လက်အောက်မှာ ရေကူးပြီးတိုင်း ပြန်လာပြီး အပန်းဖြေပါတယ်။ ထီးအောက်မှာ အပန်းဖြေရင်း ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရာ မိုးရိပ်လေရိပ်လင်း စင်ကြည်လင်၍ တိုက်ခတ်လာသည့် လေညှင်းမှာ ပင်လယ်ပြင်ကို နိုးဆွသည့်အလား ပင်လယ်ကြီးမှာ လှိုင်းလုံးတစ်များ တဖျပ်ဖျပ် ရိုက်ခတ်လျက် နေပါတယ်။

တောနက်ထဲမှာ ဖြစ်သလို နေထိုင်သွားလာနိုင်ရေးကို လေ့ကျင့်ရန် လိုပါသဖြင့် တောထဲသွားရန် အစီအစဉ် လုပ်ရပါတယ်။ တပ်စခန်းမှ လူများသည် လေးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ လူစုခွဲပြီးတွဲကာ၊ အတွဲဆယ်တွဲ တောထဲ သွားလာ နေထိုင်ပြီး သွားလာရမည် ဖြစ်ပါတယ်။ တောထဲသွားသောအခါ လူတစ်ယောက်ကို စားစရာ ဆယ်ရက်စာပဲ ပေးပြီး ဆယ်ရက်ကျော်လွန်သောအခါ တောထဲမှာ ဖြစ်သလို ရှာဖွေ စားသောက်ရမည် ဖြစ်တယ်။

ဂျပန်တော်လှန်ရေးအတွက် ဗမာပြည်သို့ လေထီးဖြင့် ပြန်လည် ခုန်ဆင်းသောအခါ ပါပါတို့နှင့် အတူလိုက်ပါသွားရမည့် အင်္ဂလိပ်စစ်ဗိုလ်များကို ပါပါတို့နှင့် တွဲပေးထားပါတယ်။ ပါပါနှင့် တွဲပေးသော စစ်ဗိုလ်များသည် ဗိုလ်ကြီး ဝီ(လ်)ဆင် နှင့် ဗိုလ်ကြီး စကီး တို့ဖြစ်ပြီး အင်္ဂလိပ်ဝိုင်ယာလက် ခေါ် အော်ပရေတာ တစ်ယောက် ပါပါတယ်။ တောထဲမှာ တောက်ကို မယ်ရခိုင်းစေရန် ဂဒူးလူမျိုး နှစ်ယောက်ပါ ထည့်ပေးတယ်။ ဂဒူးလူမျိုးနှစ်ယောက်သည် ဝင်းဂိတ်စစ်ဝယ် ကသာခရိုင် ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းပြီး ကုလားပြည်သို့ ပြန်အဆုတ်မှာ ခေါ်ဆောင်လာသောသူများ ဖြစ်ပါတယ်။

အစီအစဉ်အားလုံးပြီးစီးသောအခါ နံနက်ပိုင်းအချိန် ကိုလံဘိုမှ ကန်ဒီမြို့သွား မော်တော်ကားလမ်းအတိုင်း ထွက်ခွာသွားကြတယ်။ စစ်စခန်းရှိသော လမ်းခုလတ်တစ်နေရာမှာ အားလုံးဆင်းပြီး တောနက်ထဲ မသွားမီ စစ်တပ်မှ ဖွင့်လှစ်သော စားသောက်ဆိုင်တွင် စားစရာများ သွားစားကြတယ်။ စားစရာများကို သင်ပုန်းပေါ်မှာ နံပတ်နှင့် ယှဉ်ရေးထားပြီး လူအများ မြင်နိုင်ရန် နံရံမှာ ချိတ်ဆွဲ ထားပါတယ်။ စားစရာများကို နံပါတ်ပြောပြီး မှာစားရပါတယ်။ စားစရာ ပေါင်းအားလုံး (၁၂) မျိုး ရှိပြီး ပါပါ သုံးလေးမျိုး မှာစားပါတယ်။

စားသောက်ကြပြီး ကားလမ်းဘေးနားရှိ တောနက်ထဲသို့ ကိုယ့်ကျောပိုးအိတ် ကိုယ်ထမ်းကာ ဝင်သွားကြပါတယ်။ ဌာနချုပ်မှ ကြိုတင်စီစဉ်ထားချက်အရ အတွဲငါးတွဲသည် ဘယ်ဘက်တောထဲ ဝင်ပြီး ကျန်ငါးတွဲသည် ညာဘက်တောထဲသို့ ဝင်သွားပါတယ်။ ပါပါတို့အတွဲသည် ဘယ်ဘက်ဝင်သွားသောအတွဲ ဖြစ်ပါတယ်။ အတွဲတိုင်းသည် ၎င်းညနေတွင် မိမိအတွက် ခွဲခြား သတ်မှတ်ထားသော နေရာသို့ အရောက်သွားရမည်ဖြစ်ပြီး ရောက်ခြင်း ရောက်ဌာနချုပ်သို့ အကြောင်းကြားရမည် ဖြစ်ပါတယ်။ အမှန်မှာ ပါပါတို့တောထဲ နေထိုင်စဉ် ပါပါတို့ အတွဲသည် ဌာနချုပ်သို့ တစ်နေ့နှစ်ကြိမ် နံနက် (၈)နာရီနှင့် ညနေ (၈) နာရီ နှင့် ညရောက်သောအနေရာမှာ မြေပုံအမှတ်အသားဖြင့် ဌာနချုပ်သို့ သတင်းပို့ရန် မထွက်လာမီ ညွှန်ကြားချက် ရရှိထားပါတယ်။ ၎င်းပြင် နေ့စဉ် ညနေ (၆ နာရီအချိန်မှာ ဌာနချုပ်မှ ညွှန်ကြားချက်များ ပို့မည် ဖြစ်၍ ဖမ်းယူ နားထောင်ရန်လည်း ညွှန်ကြားထားပါတယ်။ ပါပါတို့ အတွဲသည် သတ်မှတ်ထားသော နေရာသို့ ညနေ နေမဝင်မီ ရောက်ရှိပြီး ည(၈) နာရီအချိန် ဌာနချုပ်သို့ သတင်းပြန်ပို့ ပါတယ်။ ရောက်ရာ နေရာမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို အိပ်ရမည်ဖြစ်သဖြင့် ၎င်းညအတွက် ပါပါ သစ်ပင်အောက်မှာပင် အိပ်ပါတယ်။)

နောက်တစ်နေ့ ပါပါတို့ စတင်ခရီးထွက်ကြပါတယ်။ နံနက် (၈)နာရီ အချိန်မှာ ခရီးတထောက်နားပြီး သတ်မှတ်ထားသည့်အတိုင်း ဌာနချုပ်သို့ အဆက်အသွယ် ပြုလုပ်ပါတယ်။ ၎င်းနောက် ဆက်လက်ခရီးထွက်ပါတယ်။ (၁၁)နာရီ အချိန်မှာ ရပ်နားပြီး ဆယ်ရက်စာ အတွက် ပါလာသော ဘီစကွက်မုန့်ခြောက်နှင့် အသားဘူးကို ဖောက်စားပါတယ်။ ထရေးပင် မောနေပြီး ဆက်လက် ခရီးထွက်ပါတယ်။ ဤကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ၌ မျက်ကန်းတောတိုး သဘောမျိုးမဟုတ်ဘဲ မြေပုံကြည့်ပြီး တစ်နေ့တာသွားမည့် ခရီးနှင့် စခန်းချမည့် နေရာကို ဌာနချုပ်သို့ ကြိုတင်အကြောင်းကြား ထားပါတယ်။

ဤကဲ့သို့နေ့စဉ် ခရီးသွားရာ သုံးရက်မြောက်သောနေ့မှာ ဗိုလ်ကြီး စတီးသည် သမင်တစ်ကောင် ပစ်၍ရပါသဖြင့် ၎င်းးနေ့အဘို့ ပါပါတို့ ဟင်းကောင်းစားရပါတယ်။ ပိုသော အသားများကို အတုံးခပ် ရွယ်ရွယ် တုံးပြီး ကျပ်ကင်လိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ ခရီးသွားရင်း မွန်းလွဲ အချိန်တွင် တောင်သုံးတောင်ကြားမှာ ရှိသော ရေကန်တစ်ကန်သို့ ရောက်ရှိသွားပါတယ်။ ရေကန်ထဲကြည့်ရာ ငါးများ ပြည့်နှက်နေပြီး စား၍အလွန်ကောင်းသော 'ထရော့' ငါးမျိုး ဖြစ်ကြောင်း ဗိုလ်ကြီး ဝီ(လ)ဆင်က ပြောပါတယ်။ ငါးများကို ဖမ်းရန် ဗုံးဖောက်ခွဲပြီး ဖမ်းရန်သာ ရှိသဖြင့် ဌာနချုပ်မှာ နေ့စဉ်သင်ကြားထားသော ရေထဲဗုံးဖောက်ခွဲနည်း ပညာကို အသုံးပြုကာ ရေကန်ထဲသို့ ဗုံးဖောက်ခွဲလိုက်ပါတယ်။ ခဏချင်း ငါးများပေါ်လာပြီး တချို့မှာ သေသော်လည်း တချို့မှာ မသေတသေ ဖြစ်နေပါတယ်။ ငါးများကို ဆယ်ယူရန် ပါပါတို့နှင့် ပါလာသော ဂဒူးလူမျိုးနှစ်ယောက်သည် ရေမကူးတတ်သဖြင့် ပါပါပဲ ရေကန်ထဲ ဆင်းပြီး ဆယ်ယူရပါတယ်။ ပါပါ ရေကန်ထဲ ခုန်ဆင်းပြီး နောက်ဖွတ်ကြီးတစ်ကောင်သည် ကုန်းပေါ်သို့ ထွက်ပြေးသွားသည်ကို တွေ့ရသဖြင့် ပါပါ့ကို မိမွေးဖမွေးအတိုင်း တွေ့ရ၍ ထွက်များပြေး လေသလားဟု ပါပါထင်မိပါတယ်။ ၎င်းနေ့အဖို့ ပါပါတို့ ငါးဟင်း မစားချင် အဆုံး ဖြစ်ပါတယ်။

သီဟိုကျွန်း (သီရိလင်္ကာ) တောနက်ထဲမှာ လိပ်နှင့် မျောက် အလွန်မှ ပေါများပါတယ်။ လိပ်များသည် အကောင်ကြီးပြီး ကျောမှာ အဝါရောင်မျဉ်းလေးကွက်ကြား ရှိပါတယ်။ မျောက်မှာ မျောက်ကွင်းဖြူ ဖြစ်ပြီး ပါပါ အလွန်ကြိုက်သော မျောက်မျိုး ဖြစ်ပါတယ်။ ပါပါ ပစ်စားချင်သော်လည်း မချက်တတ်သဖြင့် မပစ်တော့ပါ။ ဗိုလ်ကြီး သမင် တစ်ကောင်ရစဉ်ကလည်း ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်ပဲ ဖျက်ပြီး ယူပါတယ်။ သွားရင်းလာရင်း တောဝက် ခပ်ရွယ်ရွယ်တွေ့သော်လည်း မဖျက်တတ်သဖြင့် မပစ်ဘဲ နေပါတယ်။

တောထဲမှာ ဆယ်ရက်မြောက်သောအခါ ဌာနချုပ်မှ ပေးလိုက်သော စားစရာ များလည်း ကုန်သွားပါတယ်။ ဆယ်ရက်အတွင်း စားသောက်ရသည်မှာလည်း ဟန်ကျပန်ကျ မရှိလှပါ။ ဒါနဲ့ ပါပါက ဗိုလ်ကြီး ဝီ(လ)ဆင်နှင့် ဗိုလ်ကြီး စတီးတို့ကို ဘယ်လိုပြောသလဲဆိုရင် အပြန်ကျရင် မော်တော်ကားလမ်းဘေး စစ်တပ်စားသောက်ဆိုင်မှာ စားစရာများ (၁) မှ (၁၂) အထိ အားလုံးမှာစား မယ်လို့ ပြောသောအခါ သူတို့က ရယ်ကြပါတယ်။

ရိက္ခာကုန်ဆုံးသောနေ့မှာ ဌာနချုပ်မှ ညွှန်ကြားချက်လာပါတယ်။ ပါပါတို့အတွက် နောက်တစ်နေ့ ည (၁၂) နာရီအချိန်မှာ ရိက္ခာ လာချပေးမယ်၊ နေရာရှာပြီး သတင်းပြန်ပို့ရန် ဖြစ်တယ်။ နေရာရှာပြီး မြေပုံ အမှတ်အသားဖြင့် သတင်းပြန်ပို့ပါတယ်။ နောက်တစ်နေ့ည လေယာဉ်ပျံအလာကို ပါပါတို့ သတ်မှတ်ထားသောနေရာမှာ စောင့်မျှော်နေကြပါတယ်။ ပါပါတို့အဖော် ငါးယောက်ရှိသဖြင့် 'တီ' ပုံသဏ္ဍာန်အနေအထားအတွက် အတော်ပင် ဖြစ်ပါတယ်။ လေယာဉ်ပျံ သံကြားရသဖြင့် ပါပါတို့ကို ကိုယ်စီလက်နှိပ်ဓာတ်မီးကို အပေါ်ထောင်ပြီး မီးပြပါတယ်။ ချိန်းဆိုထားသော အချိန်မှာ လေယာဉ်ပျံသည် ပါပါတို့ခေါင်း ပေါ်တည့်တည့် ရောက်ရှိပြီး ဗိုလ်မှ တံခါးဖွင့်ကာ ရိက္ခာများကို လေထီးဖြင့် ချပေးပါတယ်။ ပါပါတို့အတွက် လေ့ကျင့်ခန်းဖြစ်သလို လေယာဉ်မောင်းသမားအတွက်လည်း လေ့ကျင့်ခန်း ဖြစ်သွားပါတယ်။

သီဟိုကျွန်း တောနက်ထဲမှာ တစ်လကြာမျှ နေထိုင်သွားရန်ဖြစ်သော်လည်း ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့မှာ ပါပါတို့အတွဲ ဌာနချုပ်သို့ ပြန်ရန် ညွှန်ကြားချက် ရောက်ရှိလာပါတယ်။ ဟိုရိုးနားတပ်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ကာလကတ္တားသို့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ပါပါပြန်သွားရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ သခင်ဗိုလ်နှင့် ပါပါကို လေယာဉ်ပျံဖြင့် ပို့မည် ဖြစ်၍ ကျန်လူများကို ကာလကတ္တားသို့ သွားရန် စစ်သင်္ဘော ကြုံပါသဖြင့် စစ်သင်္ဘောဖြင့် လိုက်သွားရန် ဖြစ်တယ်။

ကာလကတ္တားသို့ ပြန်သွားရန် သခင်ဗိုလ်နှင့် ပါပါတို့ စီးနင်းလိုက်ပါ သွားသော လေယာဉ်ပျံသည် ကိုလံဘိုမြို့မှ နံနက်ပိုင်းတွင် ထွက်ပြီး အလာမှာ ကဲ့သို့ပင် မဒရပ်မြို့မှာ တစ်ထောက် ဝင်နားပါတယ်။ (မဒရပ်မြို့သို့ ပါပါနောက်ထပ် လူမမာအဖြစ် စစ်တကောင်းမြို့မှ စကန်းဒရဘတ်စစ်ဆေးရုံသို့ အသွား ဖြတ်သန်းသွားရသည့်ပြင် ဝန်ကြီးအဖြစ် ကာလကတ္တားမှ မိုင်ဆိုသို့ လေယာဉ်ဖြင့် အသွားဖြတ်သန်းသွားခဲ့ ရပါသေးတယ်) မဒရပ်မြို့မှ ခရီးဆက်လက် ထွက်ခွာသွားရာ ကာလကတ္တားသို့ ညနေတွင် ချောမောစွာ ရောက်ရှိ သွားပါတယ်။



ဂျက်ဆို မှ တောင်ငူ

ကာလကတ္တားရောက်ရှိပြီး သုံးလေးရက်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ သုံးယောက်ကို လေထီး လေ့ကျင့်ခုန်ဆင်းရန် ကာလကတ္တား အရှေ့မြောက်ဘက်ရှိ ဂျက်ဆို (ယခု ဘင်္ဂလားဒေ့ရှ် ရှိ ပြည်မှာ) သို့ ပို့ပါတယ်။ ဂျက်ဆိုလေထီး လေ့ကျင့်ရေး ကျောင်းမှာ ပထမ မြေပြင် လေ့ကျင့်နည်းကို သင်ကြားပြသပါတယ်။ ခုန်ဆင်း၍ မြေပေါ်ရောက်ရှိသောအခါ ခြေနှစ်ဖက်တားရှိရန် အနေအထား၊ ကိုယ်လုံးထားရှိရန် အနေအထားနှင့် လှိမ့်ပတ်နည်းကို သင်ကြားပြသတယ်။ လျောချခုန်ဆင်းပြီး အောက်အရောက်မှာ သင်ကြားပြသထားသည့်အတိုင်း လှိမ့်ပတ်ရတယ်။ ဆယ်ကြိမ် တက် ဆင်း လှိမ့်ပတ်ရတယ်။ အကျမနာရန် အောက်မှာ ခြေသုတ်အုန်းဆံ အထူစား ခင်းထားတယ်။ ၎င်းနောက် ဒန်းပေါ်တက်ထိုင်ရပြီး ဆရာဖြစ်သူက ကြိုက်သလို လွှဲပါတယ်။

ဆင်းပုံဆင်းနည်း လေ့ကျင့်ပြီးသောအခါ လေထီးထားသော အခန်းသို့ ခေါ်သွားပါတယ်။ လေထီးထားသော အခန်းသည် အအေးဓာတ် သွင်းထားပြီး ကြွက်နှင့် ဖျက်ဆီးတတ်သော ပိုးမွှားများ မဝင်နိုင်ရန် အထူး ဂရုပြု စောင့်ကြပ်ရပါတယ်။ လေထီးဆရာက လေထီးဝတ်ဆင်ရန် နှင့် ချွတ်ရန် နည်းတို့ကို ပြသသင်ကြားပေးတယ်။

လေထီးဝတ်ဆင်ပြီးသောအခါ ရှေ့မှာ ပိတ်ထားသော ခလုတ် ငြိ၊ မငြိ စမ်းသပ်ကြည့်ရန် လိုကြောင်းကို ဆရာက အလေးထား ပြောဆိုသွားပါတယ်။ အကယ်၍ ခုန်ဆင်းပြီး သစ်ပင်နှင့် ငြိတွယ်သည်ဖြစ်စေ၊ တစ်ခုခုနှင့် ငြိတွယ်ပြီး လေထဲမှာ တွဲလောင်း တွဲလောင်းဖြစ်နေလျှင် ရှေ့မှာ ပိတ်ထားသော ခလုတ်ကို မဖြုတ်ရန် အရေးကြီးကြောင်းကိုလဲ ထည့်သွင်း ပြောဆိုသွားပါတယ်။

လေထီး ဝတ်ဆင်ပြီး ခလုတ်မငြိလျှင် ခုန်ဆင်းသောအခါ လေထီး ချွတ်ပြီးသား ဖြစ်၍ လေထီး မပါဘဲ အောက်သို့ ရောက်သွားမည် ဖြစ်ပါတယ်။ တွဲလောင်းဖြစ်သောအခါ ခလုတ်ကိုဖြုတ်လျှင် ကြိုးများ လည်ပင်းကို ပတ်တတ်တယ်။ ခလုတ်လဲ မေးစေ့ခေါင်းကို ရိုက်တတ်သဖြင့် သေနိုင်တယ်။ တွဲလောင်း ဖြစ်ပြီး ခလုတ်ကို ဖြုတ်မိသောကြောင့် ဝင်းဂိတ်စစ်သား သုံးလေးယောက် မသေသင့်ဘဲ သေတဲ့အကြောင်း ပါ ထည့်ပြောတယ်။

လေယာဉ်ပျံပေါ်မှ လေ့ကျင့်မဆင့်မီ ကျန်းမာရေး စစ်ဆေးရန် အတွက် ဆရာဝန် ထံသွားရပါတယ်။ ဆရာဝန်က နှလုံးကို အဓိကထား စစ်ဆေးပြီး ခန္ဓာကိုယ် အရိုးများ ကျိုးခဲ့ခြင်း ရှိမရှိ၊ အဆစ်များ လွဲခဲ့ခြင်း ရှိမရှိ၊ စစ်ဆေးမေးမြန်း ပါတယ်။ အကယ်၍ နှစ်လုံးမကောင်းသော် အရိုးကျိုးခဲ့ခြင်း ရှိသော်၊ အဆစ်လွဲခဲ့ခြင်း ရှိခဲ့သော် လေထီးဖြင့် ခုန်ဆင်းရန် ခွင့်မပြုပါ။ ပါပါ့တို့အဖော်သုံးယောက် စလုံး ကျန်းမာရေး စစ်ဆေးခြင်းကို အောင်ကြပါတယ်။

ကျန်းမာရေး စစ်ဆေးခြင်း အောက်ကြပါသဖြင့် လေယာဉ်ပျံ ပေါ်မှ အစမ်း ကျင့်ခုန်ဆင်းရန် ညနေအချိန် သတ်မှတ်ထားပါတယ်။ သတ်မှတ်ချိန်မရောက်မီ လေဆိပ်သို့ အရောက် သွားကြပါတယ်။ လေ့ကျင့်ရမည့် လေယာဉ် ပျံသည် စက်ခေါင်းနှစ်လုံးတပ် 'ဒါကိုတာ' အမျိုးအစား လေယာဉ်ပျံဖြစ်သဖြင့် နောက်ဘက်တံခါးပေါက်မှ ဆင်းရမည် ဖြစ်၍ ဆင်းသောအခါ ညာခြေထောက်ကို အရင်ထုတ်ပြီး ဆင်းရမည် ဖြစ်ကြောင်း လေထီး ကျောင်းဆရာက ညွှန်ကြားပါတယ်။ မဆင်းမီတံခါးပေါက်မှာ မီးနီလင်းလာသောအခါ အသင့် အနေအထားမှာ နေပြီး မီးစိမ်းလင်းလာသောအခါ တစ်ယောက်စီ ဆင်းရန် ဖြစ်တယ်။ တစ်ယောက်စီ ဆင်းသောအခါမှာ လေးယောက် တစ်အုတ်စီ ဆင်းရန် ဖြစ်တယ်။ ပါပါတို့အပါအဝင် အစမ်းကျင့်ခုန်ဆင်းရန် လေယာဉ်ပျံပေါ်မှာ လူ (၂ဝ) ပါရှိပါတယ်။ ခုန်ဆင်းရမည့် နေရာ ရောက်ခါနီး အောက်သို့ ငုံ့ကြည့်ရာ လူနာတင်မော်တော်ကားကို ကောင်းကောင်းမြင်ရပါတယ်။

လေထီးဖြင့် ဆင်းသောအခါ ကိုယ့်အလှည့်ရောက်လျှင် ဆင်းသာဆင်း၊ ကြောက်ဆုတ် ကြောက်ဆုတ် မလုပ်နဲ့ လွန်ခဲ့တဲ့တစ်လခန့်တုံးက လေထီးသမားတစ်ယောက် ကြောက်ဆုတ်ကြောက်ဆုတ် လုပ်တော့ နောက်ဆင်းမယ့်လူနဲ့ ပူးပြီး ဆင်းမိသားဖြစ်သွားသည့်အတွက် လေထီး မဖွင့်ဘဲ အောက်ရောက်သွားတယ် လို့ လေထီးဆရာ ပြောပြချက်ကို သတိရတယ်။

ပါပါ ပထမဆုံးဆင်းရမည့် လူဖြစ်သည့်အတွက် မီးနီလင်းပြီးနောက် မီးစိမ်းလင်းလာသောအခါ ခုန်ဆင်းပါတယ်။ မကြာမီလေထီး ပွင့်လာသောအခါ အထက်သို့ ဆွဲတင်သည့် ခံစားချက်မျိုးခံစားရပြီး လေနတ်သားဟာ ဒါမျိုးပဲလား လို့ ထင်မိပါတယ်။ လေထီးဟာ တဖြည်းဖြည်း ဆင်းသက်ကာ အောက်အရောက်မှာ ဆရာသင်ထားပေးသည့်အတိုင်း လှိမ့်ပတ်သဖြင့် လေ့ကျင့်ခန်း ချောမောစွာပြီးဆုံး သွားပါတယ်။ နောက်နှစ်ရက်အကြာမှာ နောက်တစ်ကြိမ် ထပ်မံ လေ့ကျင့်ရပါတယ်။ နောက်တစ်ကြိမ် လေ့ကျင့်သောအခါ လေးယောက်တစ်သုတ်မှာ ပါပါက နောက်ဆုံးလူ ဖြစ်ပါတယ်။ လေယာဉ်ပျံပေါ် ပါပါ့ဘေးနားမှာ ထိုင်သော ဗမာတိုင်းရင်းသား တစ်ယောက်က ရှင်သီဝလိ ရုပ်ကို သူ့နဖူးနှင့်ထပ်ခါထပ်ခါ တို့နေသည်ကို တွေ့ရသောအခါ၊ ဒါလဲ ရဲဆေးတစ်မျိုးပဲ လို့ ထင်မိပါတယ်။ ခုန်ဆင်းရန် နေရာသို့ ရောက်ရှိ၍ ပါပါတို့ အသုတ် ဆင်းသောအခါ ပါပါနောက်ဆုံးမှ ဆင်းသော်လည်း ပါပါကိုယ်အလေးချိန်ကြောင့် မြေပေါ်သို့ အရင် ရောက်သွားပါတယ်။

(ဆက်လက် ဖော်ပြပါမည်။)

0 comments: