သမိုငိးံငြ့်အစဉ်အလာ - မတ်ြစုမတ်ြတမ်း
Thursday, 05 March 2009
မှတ်စုမှတ်တမ်း
မတ် ၅၊ ၂၀၀၉
မြစ်ကြီးနားမှ ဘီဟားလား
မြစ်ကြီးနားလေဆိပ်မှ ပါပါကို အမေရိကန် ထောက်လှမ်းရေးတပ် အမှတ် (၁ဝ၁) သို့ ခေါ်ဆောင်သွားပါတယ်။ အမှတ် (၁ဝ၁) တပ်သည် မြစ်ကြီးနား မြောက်ဘက် စီတာပိုသင်္ချိုင်းဟောင်း နေရာနားမှာ တပ်စွဲထား ပါတယ်။ ပါပါစစ်ပြေးအဖြစ် မြစ်ကြီးနားမှာ ရှိစဉ် စီတာပိုသင်္ချိုင်းဟာ ပကတိ အကောင်းပင် ရှိသေးသော်လည်း ယခု ဗုံးဒဏ်ကြောင့် ပျက်စီး နေပါတယ်။ မြစ်ကြီးနား တမြို့လုံးလဲ ပျက်စီးနေပါတယ်။ လေယာဉ်ပျံပေါ်မှ တွေ့ရသော မြင်ကွင်းမှာ တမြို့လုံး စစ်သားများ နေထိုင်တဲ့ ဖြူဖွေးသော ရွက်ထည်တဲများသာ ဖြစ်တယ်။
အမေရိကန်ထောက်လှမ်းရေးတပ်အမှတ် (၁ဝ၁) သို့ ရောက်ရှိသောအခါ တပ်ရင်းမှူးထံသို့ ပါပါကို ခေါ်သွားပါတယ်။ တပ်ရင်းမှူးဟာ ဒုဗိုလ်မှူးကြီး ပီးယား (စ) (?) ဖြစ်ပါတယ်။ (ယခု အမေရိကန် 'ပင်တဂွန်' စစ်ဌာနချုပ်မှာ ဒုဗိုလ်ချုပ်ကြီး) တပ်ရင်းမှူးဟာ ပါပါ့ကို ကောင်းမွန်စွာ လက်ခံ စကားပြောပါတယ်။ “ချက်စကာဖဲ” အမေရိကန် စီးကရက် ထုတ်တည်သည့်ပြင် ပါပါကို တကာတွန်း ပေးပါတယ်။ ချက်စတာဖီး စီးကရက်ကို ဖွာရှိုက်ရင်း မဲဇာ မြစ်တလျှောက်မှာ ဆေးရွက်ကြီး လိပ်သောက်ရတာကို ပြေးပြီး သတိရမိတယ်။ လျှို့ဝှက်ဂျပန်တော်လှန်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ပါပါသိသမျှ တပ်ရင်းမှူးအား ပြောပြတယ်။ ပါပါတို့ ရန်ကုန်မှ ထွက်လာမီ မဟာမိတ်တပ်နဲ့ တွေ့သောအခါ ပြောပြရန်၊ သခင် သန်းထွန်းပေးလိုက်သော အမှတ်အသား စကားဝှက်ကိုလည်း ပြောပြတယ်။
စကားဝှက်ဟာ မြေအောက်ဂျပန်တော်လှန်ရေး အဖွဲ့မှ ဦးသိန်းဖေထံ ပို့သောလူများ ဖြစ်ကြောင်း သိရှိရန် စကားဝှက်ဖြစ်ပြီး၊ အင်္ဂလိပ် စစ်အာဏာပိုင်ရဲ့ ခွင့်ပြုချက်နဲ့ သခင်သန်းထွန်း၊ ဦးသိန်းဖေတို့ ကြိုတင် သင်ကြားသော စကားဝှက် ဖြစ်ပါတယ်။ နောက် တပ်ရင်းမှူးက သူသိချင်သော အကြောင်းအရာများကို မေးမြန်းပြီး သူ့ဒုတပ်ရင်းမှူးဆီကို ခေါ်ကာ ပါပါနှင့် မိတ်ဆက်ပေးပါတယ်။ ဒုတပ်ရင်းမှူးဟာ ဗိုလ်မှူးအမိန့် ဖြစ်ပါတယ်။ ဒုရင်းဗိုလ်မှူး “အမိန့်”ဟာ အင်္ဂလိပ်လက်ထက်က ဆရာကြီး “တမ်မိန်”သား ဖြစ်သည်။ မြန်မာပြည်ဖွား ဖြစ်သောကြောင့် မြန်မာစကားကို ကောင်းမွန်စွာ တတ်ကျွမ်း ပြောတတ်ပါတယ်။ စစ်ပြီးနောက်ပိုင်းတွင် ဗိုလ်မှူး (အမိန့်?) ကမ်မိန်သည် ကုလသမဂ္ဂ လက်အောက်ရှိ စားနပ်ရိက္ခာ အဖွဲ့တွင် အမှုထမ်းဆောင်ရင်း ရန်ကုန်သို့ ရောက်လာကာ ရန်ကုန်မှာပင် ရုံးထိုင်ပါတယ်။ ပါပါဝန်ကြီး အဖြစ်နှင့် သော်လည်းကောင်း၊ သမ္မတအဖြစ်နှင့် သော်လည်းကောင်း သူနှင့် ပြန်လည်တွေ့ဆုံကြပါတယ်။
တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့နှင့် တွေ့ဆုံပြီး ပါပါနေထိုင်ရန် ရွက်ဖျင်တဲသို့ စစ်ဗိုလ် တယောက်က လိုက်ပို့ပါတယ်။ အိပ်ရန် သံခုတင် သုံးလုံး ရှိပြီး ပါပါတို့သုံးယောက် အတွက် သီးသန့် ရွက်ဖျင်တဲ ဖြစ်ပါတယ်။ နောက် အဝတ်အထည်ပေးသည့် စတိုထဲသို့ ခေါ်သွားပြီး ပါပါကို စတ်ဝတ်စစ်ထည်များ ထုတ်ယူပြီး နောက်ထမင်းစားသော တဲကို ခေါ်ဆောင် နေရာပြထားပါတယ်။
စစ်ဗိုလ်ပြောပြချက်အရ နံနက် (၇း၃ဝ) အချိန်မှာ နံနက်စာ (၁ဝ) နာရီ အချိန် လက်ဖက်ရည်နှင့် ဘီစကွတ်မုန့်၊ နေ့လယ် (၁၂) နာရီအချိန်မှာ နေ့လယ်စာ၊ မွန်းလွဲ (၄) နာရီအချိန်မှာ လက်ဖက်ရည်နှင့် ဘီစကွတ်မုန့်၊ ည (၇) နာရီ အချိန်မှာ ညစာ ဖြစ်ပါတယ်။ အစားအစာကို ကောင်တာ စားပွဲမှာ သွားယူပြီး ထမင်းစားခန်းမှာ ရှိသော စားပွဲပေါ်မှာ ပြန်စားရပါတယ်။ အစားအစာ ယူတဲ့အခါ တန်းစီယူရပြီး ရာထူးကြီးငယ်မရွေး နောက်လာတဲ့လူ နောက်မှာ တန်းစီယူရပါတယ်။ တပ်ရင်းမှူး တယောက်အတွက်သာ သူနေတဲ့ တဲကို စားစရာများ ပို့ပေးပြီး ကျန်လူများအားလုံး ထမင်းစားတဲမှာ စားရပါတယ်။
ပါပါရောက်သည့်နေ့မှာ နောက်ထပ် စစ်ဆေး မေးမြန်းခြင်း မပြုတော့ပါ။ ညနေဘက် ရေချိုးရန် မြစ်ဆိပ်သို့ သွားရာ ကမ်းပါးမှာ ယူနီဖောင်းဝတ်လျက် ပြားပြီး ခြောက်ကပ်နေသော ဂျပန်အလောင်း နှစ်လောင်းကို တွေ့ရပါတယ်။ တချိန်က ဂျပန်များ ကြီးစိုးစဉ် ဤမြစ်ကမ်းပါးမှာ အင်္ဂလိပ်စစ်သား တယောက်ကို လည်ပင်းဖြတ်ပြီး သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ ဤ ဂျပန်အလောင်းများကို တွေ့ရသောအခါ လူတို့၏ဘဝ ပတ်ဝန်းကျင်သည် နေပူ၍ချည်း မနေပါ။ မိုးရွာ၍ချည်း မနေပါ။ ဆီးနှင်းကျ၍ချည်း မနေပါ။ နေပူသည့်အခါ ပူ၍ မိုးရွာသည့်အခါ ရွာပြီးလျှင် ဆီးနှင်းကျသည့်အခါ ကျပေသည် ဟူသော လောကဓံများကို ပြေး၍ သတိရမိပါတယ်။ ပါပါရေ ချိုးစဉ် မြစ်ကမ်းဖက်ကမ်း ဓားလွယ်ခုတ်ဆီမှာ စစ်ပြေးဘဝ ဦးစက်တင် - ဒေါ်ရီဘယ်ခါတို့နှင့် အတူ တိမ်းရှောင် နေထိုင်ခဲ့သော မိုင်းနားရွာကို လှမ်းမြင်ရပါတယ်။
နောက်တနေ့ နံနက်စာ စားပြီးချိန်မှာ ဗိုလ်ကြီးတယောက် ပါပါကို လာခေါ်ပြီး ကတည်းက အသေးစိတ် စစ်ဆေး မေးမြန်းပါတယ်။ နေ့လယ်စာ စားချိန်မှာ ခဏရပ်ပြီး တနေကုန် မေးမြန်းရာ ညနေ (၄) နာရီမှ ပြီးဆုံးပါတယ်။ မေးမြန်းသမျှကို ပါပါသိသမျှ ဖြေကြားပါတယ်။ ညနေ (၅) နာရီအချိန် မြစ်ဆိပ်သို့ ရေသွားချိုးရာ မြစ်ဆိပ်ရောက်ပြီး မကြာမီ တိုက်လေယာဉ် ပျံတစင်းသည် အရှိန်ပြင်းစွာဖြင့် မြစ်ကြောင်းအတိုင်း တောင်မှ မြောက်သို့ မောင်းလာပြီး ပါပါ ရေချိုးသည့် နေရာနှင့် ကိုက်နှစ်ရာ ခန့် အကွာမှာ ရေထဲသို့ ထိုးကျသွားကာ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး တခဏချင်း နှစ်မြုပ်သွားပါတယ်။ လေယာဉ်မောင်းသမားလည်း သေဆုံးသွားပါတယ်။ ဤမြင်ကွင်းကို တွေ့ရသောအခါ မြို့လှ ရေနံမှာ အရှင်လတ်လတ် မီးလောင်ခံရသောလူကို ပြေးသတိရ မိပါတယ်။
ပါပါ မြစ်ကြီးနားရောက်ပြီး သုံးရက်အကြာမှာ ဗိုလ်မှူး ချစ်ကောင်းနှင့် လေထီးဦးအုန်းမောင်တို့ ရောက်ရှိလာကြပါတယ်။ မန်းကလေးမှ ရွှေဂူသို့ ပါပါ တရက်နှင့်လာခဲ့သော ခရီးကို သူတို့ တညအိပ်လာခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ရောက်လာခြင်းဖြင့် ပါပါ ညအိပ်အဖော် ရပါတယ်။ နောက်တနေ့ သူတို့ကို ဗိုလ်ကြီးက ခေါ်ယူစစ်ဆေး မေးမြန်းရာ ပါပါကဲ့သို့ပင် တနေကုန်သွားပါတယ်။ သူတို့ကို စစ်ဆေး မေးမြန်း ပြီးဆုံးသောအခါ ပါပါတို့ မြို့ထဲကို လွတ်လပ်စွာ လည်ပတ်နိုင်ကြောင်း ခွင့်ပြုပါတယ်။
ပါပါ မြစ်ကြီးနား ရောက်စကပင် စစ်ပြေးဘဝမှာ အတူနေထိုင်ခဲ့သော ဦးစက်တင်၊ ဒေါ်ရီဘယ်ခါတို့ အကြောင်းကို စုံစမ်း မေးမြန်းလိုသော်လည်း အပြင်သို့ ထွက်ခွင့်မရသည့်အပြင် တပ်ထဲမှာလည်း အသိမရှိသောကြောင့် စုံစမ်း မေးမြန်းခြင်း မပြုနိုင်ပါ။ ဘေအိဘမ် ကချင်ကျောင်းမှာ အရပ်သားများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထုတ်ပေးပြီး အမှုထမ်းများသည် ယခင် အင်္ဂလိပ် လက်ထက် အမှုထမ်း၊ ရာထမ်း တချို့ရှိကြောင်း ကြားသိရပါသဖြင့် တပ်မှ ထွက်လည်ခွင့်ရသောနေ့မှာ ပါပါ ကချင်ကျောင်းသို့ သွားပါတယ်။
ကချင်ကျောင်းမှာ ပါပါနှင့်အတူ စစ်ပြေးဘဝအဖြစ် မိုင်းနားရွာမှာ နေခဲ့သော ဦးမောင်မောင်တင်၏ ဇနီးဒေါ်ကိုင်ကို တွေ့ရာ ဦးစက်တင်၊ ဒေါ်ရီဘယ်ခါ တို့ အကြောင်းကို မေးမြန်းပါတယ်။ ဒေါ်ကိုင်ပြောပြ၍ သိရသောအခါ ပါပါ ဝမ်းနည်းမဆုံး ဖြစ်သွားပါတယ်။ ဗိုလ်လှဖေ နှင့် တွေ့သည့်အခါမှာ သော်လည်းကောင်း၊ တကောင်း ဦးအေး၊ ဒေါ်ဧမိတို့နှင့် တွေ့သည့်အခါမှာ သော်လည်းကောင်း ဦးစက်တင်တို့ အကြောင်း ဘာမျှ မသိခဲ့ရပါ။ ဒေါ်ကိုင်ထံမှ ကြားသိရသည်မှာ ပါပါ မြစ်ကြီးနားမှ ထွက်ခွာသွားပြီး တနှစ်ခန့် အကြာမှာ ဦးစက်တင်သည် အူရောင်ရောဂါဖြင့် သေဆုံးသွားပြီးနောက် များမကြာမီ ကာလအတွင်းမှာ ဒေါ်ရီဘယ်ခါသည်လည်း သူနေသည့် အိမ်တည့်တည့်မှာ ဗုံးကျသဖြင့် သေဆုံးသွားကြောင်းပင် ဖြစ်ပါတယ်။
အမှတ် (၁ဝ၁) အမေရိကန် ထောက်လှမ်းရေးတပ်မှာ အမှုထမ်းဆေင်နေသူများသည် အမေရိကန်များ အပြင် တရုတ်၊ ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ အင်္ဂလိပ် မြန်မာ ကပြားများကို တွေ့ရှိရပါတယ်။ တိုင်းရင်းသား လူမျိုးများကို ဂျပန်နောက်ကြောင်းမှာ သတင်း ထောက်လှမ်းရန်အတွက် အသုံးပြုသည်ဟု ယူဆရပါတယ်။ ပါပါတို့လည်း သူတို့နှင့် ကူးလူး ဆက်ဆံမှုမရှိသဖြင့် သူတို့၏ အလုပ် ဝတ္တရားများကို မသိရှိပါ။ ကူးလူး ဆက်ဆံရန်လည်း မသင့်လျော်ပါသဖြင့် ပါပါတို့ဘာသာ ပါပါတို့ နေထိုင်သွားပါတယ်။
အမှတ် (၁ဝ၁) တပ်သို့ရောက်ရှိပြီး လေးငါးရက်အကြာမှာ တနေ့ညနေ (၆) နာရီအချိန်တွင် တပ်ရင်းမှူးက ပါပါကို တွေ့လိုပါသဖြင့် သူ့ဆီကို သွားပါတယ်။ သူ့ဆီ ရောက်သောအခါ ပါပါကို သံဘူးဘီယာဖြင့် ဧည့်ခံပါတယ်။ (သံဘူး ဘီယာ ဆိုသည်မှာ ပုလင်းအစား သံဘူးထဲမှာ ထည့်ထားသော ဘီယာဖြစ်ပါတယ်) ဂျပန် ခေတ်တခေတ်လုံး ဘီယာအစား ထန်းရည်၊ ဓနိရည်နှင့်သာ စခန်းသွားရသည့်အတွက် ဘီယာအရသာသည် ပိုထူးခြားသလို ဖြစ်နေပါတယ်။ ဘီယာသောက်ရင်း တပ်ရင်းမှူးနှင့် စကားပြောရာ တပ်ရင်းမှူးက သူပြောလိုသော ကိစ္စကို ပါပါ့အား ဖွင့်ပြောပါတယ်။ ပါပါ သူတို့တပ်မှာ အမှုထမ်းရန်ပင် ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုသော် အမှတ် (၁ဝ၁) အမေရိကန် ထောက်လှမ်းရေးတပ်အတွက် သတင်းထောက်လှမ်းပေးရန် ဖြစ်ပါတယ်။ တပ်ရင်းမှူးပြောသော စကားကို ကြားရသောအခါ သခင်သန်းထွန်းမျက်နှာကို မြင်ယောင်မိပါတယ်။ ရန်ကုန်လျှို့ဝှက် ဂျပန် တော်လှန်ရေးအဖွဲ့မှ ကာလကတ္တားမြို့ရှိ ဦးသိန်းဖေဆီ သွားရန် ပါပါကို စေလွှတ်ပါသဖြင့် သူ့တပ်ဖွဲ့မှာ အမှုထမ်းရန် မဖြစ်နိုင်ကြောင်း ပါပါ ပြန်ပြောပြတယ်။ ပြန်စဉ်းစားပါဦး၊ အမှုထမ်းနိုင်ရင် ထမ်းပါဟု ပြောပြီး ပါပါကို ပြန်ခွင့်ပြုပါတယ်။
တပ်ရင်းမှူးနှင့် တွေ့ပြီး နှစ်ရက်သုံးရက်အကြာမှာ တနေ့ည၊ ညစာစားရင်း စစ်ဗိုလ်တယောက် ညလေယာဉ်ပျံ လိုက်စီးမလားလို့ ပါပါ့ကို မေးတယ်။ ပါပါ့အနေနှင့် ရွှေဂူမှ မြစ်ကြီးနားအလာ နေ့ဘက်မှာ စီးဖူးပြီး ညဘက်စီးသည့် အတွေ့အကြုံကို ခံစားလိုပါသဖြင့် လိုက်မယ်လို့ ပြန်ပြောတယ်။ ညစာ စားပြီး လေဆိပ်သို့ သွားကြတယ်။ လေဆိပ်ရောက်ပြီး မကြာမီ အချက်ပေးဥသြသံ ထွက်ပေါ်လာသဖြင့် မီးပန်းများ ပစ်လွှတ်သည့် ပမာ ကောင်းကင်တခွင်မှာ ရောင်စုံမီးများ ပြည့်နှက်လျက် နေပါတယ်။ နာရီဝက်ကျော်ကျော် ပစ်ခတ်ပြီး ရန်သူလေယာဉ်ပျံ လာသောကြောင့် ပစ်ခတ်ရသည်ဟု သိရှိရပါတယ်။ ပါပါတို့ လိုက်ပါစီးနင်းမည့် လေယာဉ်ပျံလည်း မထွက်သဖြင့် ပါပါတို့ ပြန်လာကြတယ်။ ၎င်းးလေယာဉ်ပျံသည် ရန်ကုန်ဘက်သို့ ဗုံးကြဲသွားမည့် လေယာဉ်ပျံ ဖြစ်ကြောင်း နောက်တနေ့မှ သိရပါတယ်။
ပါပါတို့တဲနှင့် သုံးတဲအကွာမှာ ထောက်လှမ်းရေးအတွက် မွေးမြူထားသော ခိုတအုပ်ရှိပါတယ်။ ထိန်းကျောင်းသောလူက အမေရိကန်လူမျိုးတယောက် ဖြစ်ပါတယ်။ ပါပါတို့က နေရင်း၊ နားရင်း ခိုအုပ်ကို သွားကြည့်သည့်အတွက် ခိုထိန်းကျောင်းသော အမေရိကန်နှင့် အပေါင်းအသင်း ဖြစ်သွားတယ်။ ပါပါလည်း ခိုအကြောင်း သိကောင်းစရာတွေ မေးသောအခါ အမေရိကန်က ဖြေကြားပါတယ်။ ခိုများကို အသွားရော အပြန်ပါ လိုရာအရပ်သို့ သတင်းပို့ခိုင်းနိုင်သည်ဟု ပါပါ ပထမ ထင်မိပါတယ်။ ထိုအမေရိကန် ပြောပြမှ ခိုဆိုသည်မှာ အပြန် အတွက်သာ သတင်း ယူဆောင်နိုင်ကြောင်း သိရှိရတယ်။ စာရွက်ထည့်ထားသော သံဘူးကို ခိုခြေထောက်မှာ ချည်ပုံ ချည်နည်း ပါပါတို့ကို ပြသတယ်။ ခိုကို ကြွေးသော ပြောင်းဖူးစေ့များကို ပါပါတို့ကို ပြပြီး စားကြည့်ရန် ပြောသည့်အတွက် စားကြည့်ရာ အပျင်းပြေ ဝါးစားရန် အလွန်မှ ကောင်းကြောင်း သိရှိရပါတယ်။ အမေရိကန်မှ လာသော ပြောင်းဖူးစေ့များ ဖြစ်ကြောင်း ထိုအမေရိကန်က ပြောပြပါတယ်။ ထိုအမေရိကန်ထံတွင် ကျောက်စိမ်းတုံး သုံး လေးတုံး ရှိပါတယ်။ ပါပါတို့သွားတိုင်း သူ့ကျောက်စိမ်းတုံးများကို ထုတ်ပြပြီး ကျောက်စိမ်းနှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းပါတယ်။ ပါပါတို့လည်း နောက်ပိုင်း သူ့ကို မစ္စတာကျောက်စိမ်းလို့ နာမည်ပေးလိုက်ပါတယ်။
အမှတ် (၁ဝ၁) တပ်မှာ နှစ်ပတ်ခန့် ကြာသောအခါ ပါပါတို့ လျှို့ဝှက်ဂျပန်တော်လှန်ရေးလုပ်ငန်းသည် အင်္ဂလိပ်စစ်တပ်နှင့် သက်ဆိုင်ပါသဖြင့် ပါပါတို့ကို အင်္ဂလိပ်စစ်တပ်သို့ လွှဲပြောင်း ပေးလိုက်ပါတယ်။ ပါပါတို့ကို ကုလားပြည်ပို့ရန် အင်္ဂလိပ်စစ်တပ်မှ ဗိုလ်မှူးဗွိုက် စီစဉ်နေစဉ် သခင်ဗိုလ် ရောက်လာပါတယ်။ သခင်ဗိုလ်ကို အင်္ဂလိပ်စစ်တပ်မှာ ထားပါတယ်။ သခင်ဗိုလ်ရှိသော နေရာသို့ ပါပါတို့ လိုက်သွားရာ သူနေရသောတဲသည် ပါပါတို့ တဲနှင့် စာလျှင် အလွန်မှ စုတ်ချာပါတယ်။ ပါပါတို့မှာ သံခုတင်ပေါ် အိပ်ရပြီး သခင်ဗိုလ်မှာ ခုတင်မရှိပါ။ အင်္ဂလိပ်စစ်တပ်မှ ထုတ်ပေးသော 'ငုတ်ဘိုင်း' စီးကရက်ကို ခဲနေရသဖြင့် ပါပါ သူ့ကို 'ချက်စကာဖီး' စီးကရက် ထုတ်ပေးလိုက်တယ်။ သခင်ဗိုလ်သည် တယောက်တည်း ရောက်လာပြီး သူ့အဖွဲ့ဝင်များသည် စီကော တရုတ်တပ်မှာ ကျန်ရစ်ခဲ့ကြောင်း သိရှိရပါတယ်။ သခင်ဗိုလ်နှင့် အဖွဲ့ဝင်များသည် ဘီဒီအေ ယူနီဖောင်းဝတ်လျက် တရုတ်နှင့် တွေ့ဆုံသဖြင့် တရုတ်တပ်က သူတို့ကို ရန်သူထင်ကာ ချုပ်နှောင်ထားပါတယ်။ အမေရိကန် စစ်ဗိုလ်တယောက် ဝင်ရောက်ဖြေရှင်းပေးသဖြင့် ပြဿနာ ပြေလည်သွားသောကြောင့် သခင်ဗိုလ်ကို ပထမဆုံး မြစ်ကြီးနားသို့ ပို့လိုက်ခြင်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၇) ရက် နံနက်တွင် ကုလားပြည်သွားရန်၊ ဗိုလ်မှူးဗွိုက်က ပါပါတို့ကို လာခေါ်ပါတယ်။ အမှတ် (၁ဝ၁) တပ်မှ မထွက်ခွာမီ တပ်ရင်းမှူးကို ပါပါ ဝင်ရောက် နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောပါတယ်။ မြစ်ကြီးနားမြို့မှ လေယာဉ်ပျံထွက်ခွာပြီး မကြာမီ 'လီဒို' လမ်းမကြီးကို အပေါ်မှ နေမြင်ရပါတယ်။ မော်တော်ကားများ၏ သွားလာနေသည်မှာ အဆက်မပြတ်ပါ။ တနာရီခွဲ အကြာမှာ 'ဒီမာပို' မြို့ကို ရောက်ရှိသွားပါတယ်။ ပါပါတို့ စီးလာသည့် လေယာဉ်ပျံသည် ဒီမာပိုမြို့အထိသာ သွားပါသဖြင့် ကာလကတ္တားမြို့ကို သွားမည့် နောက်ထပ် လေယာဉ်ပျံကို စောင့်နေရပါတယ်။ လေယာဉ်ပျံရောက်ရှိပြီး ဆက်လက် ခရီးထွက်ခွာရာ ကာလကတ္တားသို့ ညနေမှာ ရောက်ရှိသွားပါတယ်။ ပါပါတို့ စီးလာရသည့် လေယာဉ်ပျံနှစ်စင်း စလုံးသည် ကုန်တင်လေယာဉ်ပျံများ ဖြစ်ပါတယ်။
လေဆိပ်မှာ ဗိုလ်မှူး တက်တက်စဘီ လာရောက် ကြိုဆိုပါတယ်။ ဗိုလ်မှူးတက်တက်စဘီသည် အင်္ဂလိပ်လက်ထက် ဘုရင်ခံ ဆာဒေါ်မန်စမစ်၏ ကိုယ်ရံတော် အဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ လေဆိပ်မှ နေ၍ 'လမ်းစဒေါင်း' လမ်းရှိ အိမ်တအိမ်သို့ ပါပါတို့ကို ခေါ်သွားပြီး၊ နေရန် အခန်းတခန်း ပေးထားပါတယ်။ လိုလေသေးမရှိ ကျွေးမွေးပြုစုရန် အိမ်တာဝန်ခံအား ပြောကြားပြီး ပါပါ ဘာများ အလိုရှိသေးသလဲဟု မေးရာ ပါပါက စကော့ဝီစကီတလုံး ရနိုင်လျှင် လိုချင်ကြောင်း ပြန်ပြောပါတယ်။ ဗိုလ်မှူး ပြန်သွားပြီး မကြာမီ ဂျော်နီဝါကား စကော့ဝီစကီ တလုံး ရောက်လာပါတယ်။ ဂျော်နီဝါကာဝီစကီ အရသာကို ခံစားရင်း တကောင်းချက်အရက်နှင့် အုန်းရည်ကို ပြေးသတိရမိပါတယ်။
လင်းစဒေါင်းအိမ်သည် အင်္ဂလိပ်ထောက်လှမ်းရေးတပ်တွင် အမှုထမ်းဆောင်သော ဗမာ တိုင်းရင်းသားများကိုထားသော အိမ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံကို တွေ့ရပြီး အစား အစာမှာလည်း ဗမာဆန်ဆန် ကျွေးမွေးပါတယ်။ ပါပါတို့ကို ယင်းအိမ်မှာပင် ထားပြီး သူတို့ သိလိုသော အကြောင်းအရာများကို စစ်ဆေး မေးမြန်းပါတယ်။ အမေရိကန် ထောက်လှမ်းရေးတပ် အမှတ် (၁ဝ၁) မှာ နေစဉ် အစစ်ဆေးခံပြီးကြောင်း အင်္ဂလိပ်စစ်ဗိုလ်များကို ပြောပြရာ သူတို့နှင့် ဆက်သွယ်ထားသောလူများကို အမေရိကန်က ကြားဖြတ် စစ်ဆေး သတင်း ယူသဖြင့် အင်္ဂလိပ်စစ်ဗိုလ်များက အမေရိကန်ကို တော်တော် မကျေနပ်ဖြစ်ကြတယ်။ ပါပါတို့ကိုလည်း မီးရထားလမ်းအတိုင်း လာလျှင် အင်္ဂလိပ်စစ်တပ်နှင့် တွေ့မည်ဖြစ်၍ မီးရထားလမ်းအတိုင်း မလာရကောင်းလားဟု ပါပါတို့ကိုတောင် အပြစ်တင်ချင်တယ်။
လင်းစဒေါင်းအိမ်မှာ သုံးလေးရက် နေပြီးနောက်၊ ကာလကတ္တားမြို့စွန် ဘီလားဟား ရပ်ကွက်မှာ နေထိုင်သော ဦးသိန်းဖေထံသို့ ပါပါတို့ကို ပို့ပါတယ်။
ကုလားပြည်နှင့် သီဟို(သီိရိလင်္ကာ)
ဦးသိန်းဖေဆီကို မနက်ပိုင်းမှာ ရောက်ရှိသွားပါတယ်။ အင်္ဂလိပ်ခေတ်မှာ သိက္ခာပျက်ပြားသော ဘုန်းကြီးများ အကြောင်းကို 'တက်ဘုန်းကြီး' အမည်ဖြင့် ဝတ္ထု ရေးသား ထုတ်ဝေသောကြောင့် ဦးသိန်းဖေသည် နာမည်ကြီး လူသိများပြီး သူ့ကို 'တက်ဘုန်းကြီး' သိန်းဖေလို့ ခေါ်ဝေါ်ကြပါတယ်။ ဂျပန်ဝင်စ အချိန်မှာ ဂျပန်ကို မကျေနပ်သော နိုင်ငံရေးသမားများက အင်္ဂလိပ်နှင့် အဆက်အသွယ် ရရန် ဦးသိန်းဖေကို ကုလားပြည်သွားရန် တာဝန်ပေးချက်အရ ဦးသိန်းဖေ ကုလားပြည်သို့ ရောက်သွားခြင်း ဖြစ်ပါတယ်။ ကုလားပြည်သို့ ဦးသိန်းဖေ ရောက်စ အချိန်မှာ အင်္ဂလိပ်က ဦးသိန်းဖေကို မယုံသဖြင့် အသိအမှတ်မပြုပါ။ ပါပါတို့ ရောက်ရှိသွားသောအချိန်မှာ ဦးသိန်းဖေအား အသိအမှတ်ပြုပြီးဖြစ်၍ သူ့ကို အိမ်တဆောင်မီးတပြောင်နှင့် ထားပါတယ်။
ဦးသိန်းဖေကို ထားသော အိမ်သည် ကာလကတ္တားမြို့စွန် ဘီဟားလား ရပ်ကွက်မှာ ဖြစ်ပါတယ်။ မြေဧက ဝက်ပေါ်တည်ဆောက်ထားသော နှစ်ထပ်တိုက် အိမ်ဖြစ်ပြီး အစေခံတန်းလျား ပါရှိပါတယ်။ ဗမာပြည်မှ ဂျပန်တော်လှန်ရေးသမား ကုလားပြည်ရောက်စဉ်က တယောက်တည်းခိုသော စခန်း ဖြစ်ပါတယ်။ ပါပါတို့ ရောက်ရှိသော အချိန်မှာ ဦးသိန်းဖေသည် ကျောက်ကပ်ရောဂါကြောင့် သရွတ်ကိုင်အင်္ကျီကို ဝတ်ထားရပြီး အိပ်ရာပေါ်တွင် လဲနေပါတယ်။ အိမ်ပေါ်ထပ်အခန်းကျယ်တခန်းမှာ သူနေပါတယ်။ ပါပါရောက်သွားသောအခါ သူနှင့်အတူ တခန်းထဲမှာ ထားပါတယ်။ ပါပါတို့ ဘီဟားလားအိမ်တွင် လုံချည်ဝတ်နိုင်သော်လည်း မြို့ထဲသွားသောအခါ ဗမာမှန်းမသိအောင် ဘောင်းဘီ ဝတ်သွားရပါတယ်။ ကာလကတ္တားမြို့သည် ရန်ကုန်နည်းတူ တရုတ်တန်းရှိပြီး တရုတ်စာများကို ရောင်းရပါတယ်။ မြို့ထဲသွားသောအခါ ပါပါတို့ ရထားစီးသွားပြီး တရုတ်တန်း သွားလိုပါက လန်ချားစီးရုံဖြင့် လန်ချားကုလားက ပါပါကို တရုတ်စင်တာ တရုတ်တန်းသို့ တချိုးတည်း ခေါ်ဆောင်သွားပါတယ်။
စစ်သင်တန်းကျောင်းသို့ လိုအပ်သောစစ်ပညာများ သွားရောက် သင်ကြားခြင်း မပြုမီ ဘီဟားလား အိမ်တွင် နေထိုင်ရပါတယ်။ ဗမာပြည်မှ တော်လှန်ရေး ရဲဘော်များ အပြင် ရခိုင်ပြည်မှ ရဲဘော်များလဲ ရှိကြပါတယ်။ ဦးညိုထွန်း (ယခုသံအမတ်ကြီး) အစရှိသော ရခိုင်ရဲဘော်များနှင့် ပါပါသည် အကြိုက်ချင်း တူကြသဖြင့် ခင်မင်ရင်းနှီးကြပါတယ်။ သူတို့နှင့် မကြာခဏ ဝိုင်းဖြစ်ပြီး အရှိန်ရလာသောအခါ ဆူပူအော်ဟစ်သည့် အခါလည်း ရှိပါတယ်။
ဦးသိန်းဖေသည် ညစဉ် သူ့အခန်းမှာ စနေနှင့် တနင်္ဂနွေနေ့များမှလွဲ၍ ရဲဘော်များအား နိုင်ငံရေး သင်တန်း ပေးပါတယ်။ ပါပါလည်း သူနှင့် တခန်းထဲ နေသည့်အတွက် သူ ဟောပြောသည်များကို ကြားရပါတယ်။ အမေရိကန် ကွန်မြူနစ်စာရေးဆရာ “အဲ(လ်)ဘရောင်ဒါ” ရေးသော စာအုပ်ကို အခြေခံပြီး သင်တန်းပေးပါတယ်။ အဲ(လ်)ဘရောင်ဒါ ရေးသောစာအုပ်ကို ပါပါ အစ အဆုံး ဖတ်ပါတယ်။ သူ၏ ယူဆချက်အရ လွတ်လပ်ရေးသည် လက်နက်စွဲကိုင် တော်လှန်ရန် မလို။ လူထုအုံကြွမှုဖြင့် ရရှိနိုင်ကြောင်း ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဝင်များသည် အစပိုင်းကို “ဘရောင်ဒါဝါဒ”ကို လက်ခံပြီး နောက်ပိုင်း၌ ယင်းဝါဒသည် ဒူးမထောက်ရေးဝါဒ ဖြစ်ကြောင်း ပြောဆို ရှုတ်ချကြပါတယ်။
နေ့ခင်းနေ့လယ် အချိန်များတွင် အင်္ဂလိပ်စာ ဖတ်တတ်သော ရဲဘော်များက အင်္ဂလိပ်ဖြင့် ရေးသားသော နိုင်ငံရေးစာအုပ်များကို ဖတ်ကြား ဘာသာပြန်ကာ အင်္ဂလိပ်စာ မတတ်သော ရဲဘော်များအား ပို့ချသင်ကြားပေးပါတယ်။ သခင်ဗိုလ်နှင့် ဦးကျော်ရင်တို့လည်း ရောက်ရှိလာပြီးဖြစ်၍ သူတို့လည်း ဆရာလုပ်နေရပါတယ်။
ဘီဟားလားအိမ်တွင် နှစ်ပတ်ခန့်နေပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့မှ သခင်ဗိုလ်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်၊ ကိုစောဟန် (ဖြူးကို စောဟန်၊ ထောင်ထဲ သေဆုံး) ကိုသန်း၊ ကိုဘသောင်းနှင့် ပါပါတို့သည် စစ်ပညာသင်ကြားရန် အတွက် စစ်သင်တန်းကျောင်းသို့ သွားရပါတယ်။ စစ်သင်တန်းကျောင်းများ အဖြစ် ဖွင့်လှစ်ထားသော အိမ်သည် ခမ်းနားပြီး ဟူကလီ မြစ်ကမ်းမှာ တည်ရှိပါတယ်။ မဟာရာဂျာတဦးပိုင် အိမ်ဖြစ်ပြီး အင်္ဂလိပ်စစ်တပ် သုံးရန် ပေးထားခြင်းဖြစ်သည်ဟု သိရှိရပါတယ်။ ခြံဝင်းထဲမှ အိမ်ကြီးတအိမ်အပြင် အိမ်ငယ်နှစ်အိမ်၊ သုံးအိမ်ရှိပါတယ်။ အိမ်ကြီးမှာ မဟာရာဂျာ နေထိုင်ပြီး အိမ်ငယ်များမှာ သူ့မယားများ ထားသည်ဟု သိရှိရပါတယ်။ အိမ်ကြီးမှာ သင်တန်းကျောင်းဖွင့်ပြီး အိမ်ငယ်တအိမ်မှာ ပါပါတို့ နေထိုင်ရပါတယ်။ အိမ်ငယ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး တထပ်မှာ အိမ်သာ တွဲလျက် အခန်းတခန်း ရှိပါတယ်။ ပါပါတို့ကို အပေါ်ထပ်မှာ တခန်း နှစ်ယောက် ထားပါတယ်။ ပါပါတို့အချင်းချင်း “တို့တော့ မဟာရာဂျာမယားဖြစ်နေပြီ” လို့ ရယ်စရာ ပြောကြပါတယ်။ သင်တန်းကျောင်းနှင့် ခပ်လှမ်းလှမ်းမှာ ဟူဂလီမြစ်ကို ဖြတ်ကျော်ပြီး ဆောက်လုပ်ထားသော မီးရထားတံတား ရှိပါတယ်။ ယင်း မီးရထားတံတားနှင့် မဝေးသော နေရာမှာ ဗြိတိသျှ ဘီအိုအေစီ ရေယာဉ်ပျံ ဆင်းသက်သော နေရာ ရှိပါတယ်။ (၁၉၄၇ ခုနှစ် ပါပါဝန်ကြီးဖြစ်ပြီး နောက် စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ဆောင်ရွက်သော ဦးတင်ထွတ်ပြီးနောက် ဘဏ္ဍာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ် ဘိလပ်သို့ လိုက်သွားရာ ပါပါတို့ စီးနင်းလိုက်သွားသော ဘီအိုအေစီရေယာဉ်ပျံသည် ကာလကတ္တား အရောက်မှာ ဟူဂလီမြစ်ထဲသို့ ဆင်းသက်စဉ် ပါပါနေခဲ့သော ကျောင်းကို လှမ်းမြင်ရပါတယ်။)
စစ်သင်တန်းကျောင်းနှင့် ဆရာအဖြစ် အင်္ဂလိပ်စစ်ဗိုလ် လေးယောက်နှင့် ကုလား စစ်ဗိုလ် တယောက်ရှိ ပါတယ်။ (ကုလား စစ်ဗိုလ်ကို ပါပါ ဝန်ကြီး အဖြစ် ကုလားပြည်ရောက်ရှိ သောအခါ ထပ်မံတွေ့ဆုံကြပါတယ်။ ပါပါ ကုလားပြည်ရောက်ကြောင်း သတင်းစာထဲမှာ ဓာတ်ပုံပါရှိသဖြင့် ပါပါ တည်းခိုသော နေရာသို့ ပါပါကို လာရောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်) ယင်းကျောင်းတွင် သင်ရသောဘာသာရပ်များမှာ ရုပ်ဖျက်နည်း၊ သတင်း ထောက်လှမ်းနည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း၊ မြေပုံဖတ်နည်း၊ လက်နက်အသေးစား ကိုင်တွယ်နည်း အစရှိသည်တို့ ဖြစ်ပါတယ်။ ဘာသာရပ်များကို သင်ကြားစဉ် တနေ့ ဗြိတိသျှ လေတပ်မှူးအရာရှိ တယောက်လာပြီး လေယာဉ်ကွင်း ဆောက်လုပ်နည်းကို သင်ကြား ပြသပါတယ်။ လေယာဉ်ပျံသည် အရွယ်အစားလိုက်ပြီး ဆောက်လုပ်ရမည့် လေယာဉ် အတက် အဆင်း လမ်းအရွယ်ကို ဖော်ပြကာ လေတိုက်ခတ်သော လမ်းကြောင်းအတိုင်း ဆောက်လုပ်နိုင်လျှင် ကောင်းကြောင်း ပြောပြပါတယ်။ လေယာဉ်လမ်းကြောင်း အဆုံးတဖက် တချက်မှာ သစ်ပင်ဝါးပင် မရှိရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ပြောသွားပါတယ်။
စစ်သင်တန်းကျောင်းမှာ နေ့စဉ်ရုပ်ဖျက်နည်းနှင့် သတင်းထောက်နည်းကို ကွင်းဆင်းလုပ်ကိုင် ရပါတယ်။ တနေ့ နေ့လယ်စာစားပြီးမှာ ပါပါတို့ လူစုခွဲပြီး မြို့ထဲသို့ သတင်းထောက်လှမ်းရန် သွားရပါတယ်။ ဗိုလ်မှူးချစ်ကောင်း နှင့် ပါပါတို့နှစ်ယောက်သည် တတွဲဖြစ်ပြီး ကာလကတ္တား ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသော ပင်လယ်ကူးသင်္ဘောကြီးနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို သတင်းထောက်လှမ်းရန် ဖြစ်ပါတယ်။ သတင်းထောက်လှမ်းရင်း မသင်္ကာ၍ ဖမ်းဆီးခြင်း ခံရပါက စစ်တပ်ကို အကြောင်းကြားနိုင်ရန် တယ်လီဖုန်းနံပါတ်ပါ ပေးထားပါတယ်။ ညနေ (၉) နာရီအချိန် စတိတ်မင်း (State Man) သတင်းစာတိုက်ရှေ့ အရောက် ပြန်လာရန် မှာကြားပါတယ်။ ။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁၁)
Friday, March 6, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment