စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင်ငြိမ်းချမ်းရေးကောင်စီအုပ်စုများ၏ သဘောထားအမြင်ကို ပစ်စာပြန့်၍ ရှင်းလင်း

Monday, April 20, 2009

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
Mon 20 Apr 2009, ကွန်းဟဒေ့
ဒီကေဘီအေနှင့် အခြားကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့အချို့၏ လွဲမှားသော အမြင်ဝါဒ ဖြန့်ချီမှုနှင့် ပတ်သက်၍ အမည်နာမဖော်ပြထားခြင်း မရှိသော ပစ်စာများ ဘုရားသုံးဆူဒေသတဝိုက်တွင် ပျံ့နှံ့နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အစိုးရနှင့် ပူးပေါင်းလျှင် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်လမ်းကောင်းများကို ရရှိစေသဖြင့် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရရှိရေး၊ ကရင်လက်နက် ကရင့်လက်ထဲ မှာရှိရေး ဟူသော ဥက္ကဌကြီး၏မူ (၄) ရပ်နှင့် ကိုက်ညီသည်ဟု ဒီကေဘီအေနှင့် အခြားကရင်ငြိမ်းချမ်းရေးကောင်စီများ၏ ပြောဆိုဝါဒဖြန့်ချီမှုမှာ ဥက္ကဌစောဘဦးကြီး၏ မူ(၄) ရပ်ကို လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသာဖြစ်ကြောင်း “ဌာနဆိုင်ရာ ရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုများအား ရှင်းလင်းချက်” ခေါင်းစဉ်ဖြင့် ပစ်စာတွင် ရှင်းလင်းထားသည်။

ယခုကဲ့သို့ ဝါဒဖြန့်ချီခြင်းမှာ ၄င်းတို့၏(ကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့များ) နိုင်ငံရေးအမြင်တိမ်မှုကို ဖော်ပြရာရောက်ပြီး နအဖ၏ နည်းပရိယာယ်လှည့်ကွက်အတွင်းသို့ လုံးလုံးကျရောက်နေရမှုကို ဖုံးကွယ်ရာ ရောက်ပေသည်ဟု ရှင်းလင်းထားသည်။

ဤပစ်စာများသည် KNU မှ ထုတ်ပြန်ထားခြင်း ဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူများနှင့် စာစောင်ရရှိထားသောသူများ သုံးသပ်ကြသည်။
သို့သော် ကေအင်ယူအတွင်းရေးမှူးရုံးကို မေးမြန်းရာတွင် “ကျနော်တို့ ဒီစာကိုမတွေ့ရ၊ အကုန်လုံး မဖတ်ကြည့်ရသေးတော့ ကျနော်တို့အဖွဲ့က ထုတ်ထားပါတယ်လို့ ပြောလို့ မရသေးဘူး “ ဟု ဖြေကြားခဲ့သည်။ တပ်မဟာ (၆) ဗိုလ်ကြီးတစ်ဦးကို မေးမြန်းရာတွင် ၄င်းအနေဖြင့် ကိုယ်တိုင်မမြင်တွေ့ရသေး၍လည်းကောင်း ယင်းပစ်စာတွင် ၄င်းတို့အဖွဲ့အစည်း အမည်နာမလည်း ထည့်သွင်းထားခြင်းလည်း မရှိသည့်အတွက် ၄င်းတို့မှ ထုတ်ဝေထားသည်ဟု အတိအကျပြော၍ မရနိုင်သေးဟု ဆိုသည်။

ယင်းပစ်စာတွင် ဆက်လက်၍ ရှင်းလင်းထားသည်မှာ နအဖစစ်အစိုးရမှ ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့အား တပ်တည်ရှိခွင့်နှင့် လက်နက်ကိုင်ခွင့် ပြုရခြင်းအကြောင်းရင်းမှာ - KNU ကိုတိုက်ခိုက်ချေမှုန်းရန်၊ ဟန်ပြအခွင့်အရေးပေးပြီး KNU/KNLA အား ၄င်းတို့အားပူးပေါင်းလာအောင် မြူဆွယ်ရေး၊ အဓမ္မလက်နက်သိမ်းလျှင် DKBA/KNU/KNLA ငြိမ်းချမ်းရေးကောင်စီများ KNU နှင့် ပြန်လည်ပူးပေါင်းသွားမည်ကိုစိုးရိမ်ခြင်းနှင့် အခြားအချက် ၆ ချက်များအပြင် နအဖသည် DKBA တပ်ဖွဲ့အား မူးယစ်ဆေး ထုတ်ခွင့်ပေးရခြင်း အကြောင်းအရင်းများ ခေါင်းစဉ်ခွဲတွင် ဒီကေဘီအေသည် နိုင်ငံတကာ၏ ရန်သူဖြစ်လာစေရေး (ကရင်အမျိုးသားဖြစ်ခြင်းကြောင့်) နှင့် ဒီကေဘီအေအား လက်နက်ကိုင်ခွင့်ပေးခြင်းသည် ငါးကြင်းဆီနှင့်သာ ငါးကြင်းပြန်ကြော်သည့် နအဖ၏ နည်းဗျူဟာတစ်ခုဖြစ်သည်ကို အလေးအနက်သတိပြုကြရန် နှင့်အခြားအချက် ၆ ချက်များကို ရှင်းလင်းဖော်ပြထားသည်။

တော်လှန်ရေးရဲဘော်ရဲဖက်အဖွဲ့ဝင်များ ပြည်သူလူထုများ သတိကြီးကြရန်နှင့် နအဖ၏ နည်းပရိယာယ်ပေါင်းစုံးများကို ကာကွယ်တားဆီးကြရန် နိဂုံးပိုင်းတွင် သတိပေးဖော်ပြထားသည်။