စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၆)

Friday, April 24, 2009

မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 14:31 - မြန်မာစံတော်ချိန်
(၃၁)
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပြီး နဝတ၏ သဘောထား ၆ ရပ်ကို ဆွေးနွေးကြ၏။ ပြီးလျှင် …. KNU ၏ သဘောထားကို နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ KNU ဥက္ကဋ္ဌ အနေဖြင့် သူ စာရေး၍ အကြောင်းပြန်ကြားရန် ဆုံးဖြတ်ကြသည်။

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရက်စွဲ ….. ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ဥက္ကဋ္ဌ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့

နဝတမှ တင်ပြသည့် အချက် (၁) သည် အနှစ်သာရအားဖြင့် အညံ့ခံရေး ဖြစ်သည့်အတွက် ကြိုတင်စည်းကမ်းချက်အဖြစ် ထားရမည့် အချက်မဟုတ်ပါ။ အချက် (၅) နှင့် ပတ်သက်ပြီး အမျိုးသားညီလာခံမှ ချမှတ်ထားသည့် …. ​အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည် … ဟူသော ဦးတည်ချက်သည် နဝတ ကိုယ်တိုင် အကောင်အထည် ဖော်ပေးရန် လူထုကို ကတိပေးထားသည့် ပါတီစုံဒီမိုကရေစီ အခြေခံမူများနှင့် ဆန့်ကျင်နေပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်နေခဲ့သည့်အပြင်၊ ပြည်သူလူထုကလည်း ညီလာခံအပေါ် ယုံကြည်မှုမရှိတော့သည့်အတွက် KNU အနေနှင့် အမျိုးသားညီလာခံသို့ တက်ရောက်လေ့လာရန်မှာ မဖြစ်နိုင်ပါ။

အချက် (၆) ဖြစ်သည့် အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရမည်ဟူသည့် အချက်သည် ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံကို ပြည်သူလူထုအားလုံး၊ တိုင်းရင်းသားအားလုံးမှ လက်ခံနိုင်သည်၊ လက်မခံနိုင်သည်ကို မသိရသေးဘဲ ဥပဒေပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရေးအတွက် ကြိုတင်ကတိပေးထားရေးသည် အကြောင်းအကျိုး ယုတ္တိမရှိသည့်အတွက် KNU မှ လက်မခံနိုင်ပါ။

စောဘိုမြ

ဥက္ကဋ္ဌ

ကရင့်အမျိုးသား အစည်းအရုံး

မိတ္တူ …

ဗိုလ်ချုပ်ကြီး မောင်အေး

(ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ဒု-ဗိုလ်ချုပ်ကြီး ခင်ညွှန့်

(အတွင်းရေးမှူး - ၁ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ဒု-ဗိုလ်ချုပ်ကြီး တင်ဦး

(အတွင်းရေးမှူး - ၂ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံး

(၃၂)

သူက နဝတ ဥက္ကဋ္ဌထံ KNU ၏ သဘောထားကို စာရေးအကြောင်းပြန်ကြားခဲ့ပြီး နောက်တလအကြာတွင် ခွန်မြတ်တို့အဖွဲ့သည် သူနှင့် လာတွေ့၏။ နဝတမှ ပါးလိုက်သည့် စကားများကို ခွန်မြတ်က သူ့ကို ပြောသည် ……

- KNU အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ပါက (ကက လှမ်း) တပ်မတော် ထောက်လှမ်းရေးအဖွဲ့မှ KNU နှင့် ဆက်လက်ဆွေးနွေးနိုင်တော့မည် မဟုတ်ကြောင်း …။

- နှစ်ဦးနှစ်ဖက် ဆက်လက်မဆွေးနွေးနိုင်သော်လည်း နှစ်ဦးနှစ်ဖက်ကြား ဆက်သွယ်မှုများကို ယခင်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း …။

- (ကက လှမ်း) က KNU နှင့် ဆက်လက်မဆွေးနွေးနိုင်ပါက (ကက ကြည်း) အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို (ကက လှမ်း) က မသိကြောင်း …။

ထို … မသိကြောင်း အဖြေက နောက် ၁ဝ ရက်အကြာတွင်ပင် သိလာရ၏။ KNU ၏ အခြေခံဒေသများ အားလုံးသို့ နဝတ ၏ စစ်ကြောင်းများ အလုံးအရင်းနှင့် ဝင်လာပြီး စစ်ပွဲဆင်နွှဲတော့၏။ စစ်ပွဲက ပြင်းထန်၏။ ခုခံစစ်ကလည်း ပြင်းပြင်းထန်ထန်ပင် …..။ မုန်တိုင်းအတွင်း ရော်ရွက်ဝါတို့ ကြွေ၏။ မထူးဆန်း ….။ KNLA တပ်ရင်း ၁၆ မှ တပ်ရင်းမှူး စောသမူဟဲသည် နဝတ ထံတွင် လက်နက်ချ၏။ လက်နက်ချပွဲသို့ နဝတ ဗိုလ်ချုပ်မောင်အေး လာ၏။ လက်နက်ချသူ သမူဟဲကို မောင်အေးသည် သူ့အရှေ့၌ ဒူးတုတ်စေ၏။ ဖက်ဆစ် စစ်ဖိနပ်ဖြင့် ကရင့်အမျိုးသား အလံတော်ကို နင်း၏။

(၃၃)

၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူကား … KNU ၏ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနကြီးမှူး ….. တာဝန်များကို ကွယ်လွန်သည်အထိ ထမ်းဆောင်လျက်ရှိနေဆဲ ……။ နောက်ဆုံးထွက်သက်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွင်း၌ ရှိနေခဲ့သည်။ သူ့ဘဝက ရှည်၏။ သူ့သမိုင်းက ကြီး၏။ သူ့ဘဝ၊ သူ့သမိုင်းသည်ပင် ကရင့်အမျိုးသား လွတ်မြောက်ရေးသမိုင်း ဖြစ်နေခဲ့၏။

၁၄ နှစ်သား ဘဝမှပင် သူသည် မောင်းပြန်ရိုင်ဖယ် သေနတ်ကို ကိုင်ခဲ့ရသည်။ ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍ တော်လှန်ခဲ့၏။ ယမ်းငွေ့များအတွင်း သူသည် ကြီးရင့်ခဲ့၏၊ ရင့်ကျက်ခဲ့ရ၏။

သူသည် လက်နက်ကိုင် တော်လှန်ရေးသမား …. စစ်သားတဦး ဖြစ်၏။ သူသည်ပင် …. ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးသမားတဦး ဖြစ်နေပြန်သည်။ စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ ….။ သူ့တွင် …. လက်ဝဲ၊ လက်ယာ အယူဝါဒစွဲ မရှိ ….။ ပစ္စုပန်တည့်တည့်တွင် ရပ်ပြီး လက်တွေ့ကျကျ တွေးခေါ်မြော်မြင်၍ နိုင်ငံရေးကို လုပ်၏။ ဦးဆောင်မှုကို ပေးခဲ့၏။

သူက …. မြင်သည့်အတိုင်း တွေး၏။ တွေးသည့်အတိုင်း ပြော၏။ ပြောသည့်အတိုင်း လုပ်၏။ အမြင်ရှင်း …. အတွေးရှင်း ….. အပြောရှင်း ….. အလုပ်ရှင်းသဖြင့် သူ့ကို … ပွင့်လင်းသည်ဟု ဆိုကြ၏။ ပွင့်လင်းမှုက ဟန်ဆောင်ယူ၍ မရ။ ဤသည်ပင်လျှင် …. သူ့ကို သံလွင်တပ်ရင်း တပ်သားလေးမှသည် KNU ၏ ဥက္ကဋ္ဌ ……။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူ၍ ဖြစ်လာစေခဲ့ခြင်း ဖြစ်မည်။ သူ မကွယ်လွန်မီ ဆယ်စုနှစ် အတွင်း၌မူ ….. သူ့ဘဝက အလင်း၊ အမှောင်တို့နှင့် ထွေးယှက်၍ နေခဲ့သည်ဟု ဆိုရမည်။

သူကား ….. ကွယ်လွန်ခဲ့လေပြီ။ သူ ကွယ်လွန်ခြင်းကား KNU အတွက် ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် ကြယ်ကြွေခြင်းလား ….။ မိုးပြိုခြင်းလား …..။ တံတားကျိုးခြင်းလား …..။

သူကား ….. သူ့သမိုင်းကို ရေးထိုး၍ သွားခဲ့လေပြီ …..။

မည်သို့ …. ကဗ္ဗည်းတင်ကြမည်နည်း ….။

ဝိဂြိုဟ်ပြုရေးက …. ကျန်နေသူတို့၏ တာဝန်ပင် ……။


ကိုးကား …

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း

0 comments: