စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မယ်လဒုက္ခသည်စခန်း ကလေး(၅)ဦး အစာအဆိပ်သင့်၍ တစ်ဦးသေဆုံး

Sunday, April 12, 2009

ကရင်သတင်းစဉ် (KIC)
ဧပြီ ၁၂၊ ၂၀၀၉

ယမန်နှစ်က မယ်လစခန်း (ဘဲကလော်စခန်း) တွင် တွေ့ရသော ကလေးငယ်တဦး (ဓာတ်ပုံ-မိုးမခ)

မဲဆောက်မြို့မြောက်ဘက်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်း ဇုံဘီ ရပ်ကွက်(၂)နေ ကလေးငယ်(၅)ဦးနှင့် အမျိုးသမီးကြီးတဦး ဧပြီလ (၁ဝ)ရက် နေ့တွင် အစာအဆိပ်သင့်၍ ကလေးငယ်တဦးမှာ သေဆုံးသွားပြီး ကျန်သူများမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

ထိုနေ့ မွန်းလွဲ ၁နာရီအချိန်တွင် အဆိုပါကလေးငါးဦးနှင့် အသက် ၅ဝကျော် အရွယ်ရှိ နော်ခင်ဖိုးသည် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်နှင့် ပဲတို့ ရော စပ်ထားသည့် ပဲကပ်ကြော်ကို ကြော်စားခဲ့ကြပြီးနောက် အချိန်တနာရီကျော်ခန့်အကြာတွင် အန်ချင်သလိုဖြစ်လာပြီး တကိုယ်လုံး တဆတ်ဆတ် တုန်လာကာ မယ်လဒုက္ခသည် ဆေးရုံမှတဆင့် မဲဆောက်ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရသည်ဟု စခန်းအတွင်းရေးမှူးက ကရင်သတင်းစဉ်ကို ပြောသည်။

သူက “အခုဖြစ်တဲ့သူတွေက ပဲကပ်ကြော် ကြော်စားမိပြီး တနာရီကျော် အတောအတွင်းမှာပဲ စားမိတဲ့ အဲဒီအကြော်ကြော်တဲ့ အမျိုးသမီးရော သူ့ကလေးသုံးယောက်၊ မြေးတယောက်နဲ့ အိမ်နီးချင်း ကလေးတယောက်လည်း တက်ပြီး တကိုယ်လုံး တဆတ်ဆတ် တုန်တော့တာပဲ။ ကလေးတွေ ဆို တုန်လည်းတုန်၊ အော်လည်းအော်တယ်။ အိပ်ဆေး ဘယ်လိုပဲထိုးထိုး ဘာမှမဖြစ်ဘဲ အော်ပြီး အဆက်မပြတ် တုန်တက်နေတာပဲ။ ဒါနဲ့ ည ၉နာရီ ကျော်လောက်မှာ မဲဆောက်ကို ပို့လိုက်ရတယ်”ဟု ဆိုသည်။

မဲဆောက်ဆေးရုံသို့ရောက်ပြီး နောက်တနေ့မနက်တွင် (၅)နှစ်အရွယ် စောရင်အေးမှာ သေဆုံးသွားပြီး ကျန်ရှိသူများဖြစ်သော စောအေး ၅နှစ်၊ နော်အိအိစိုး ၅နှစ်နှင့် အခြား ကလေးငယ်နှစ်ဦးမှာ လက်ရှိအချိန်ထိ ၄င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသေးကြောင်းနှင့် မည်သို့ အဆိပ်သင့်သည်ကိုလည်း အတိအကျ မသိရှိရသေးကြောင်း ဆရာဝန်များက ပြောသည်။

“အခုသေသွားတဲ့ တယောက်ကိုတော့ ရေခဲတိုက်မှာ ထည့်ထားတယ်။ ကျမသားလေး အပါအဝင် နောက်တယောက်က အရေးပေါ် အခန်းမှာ ရှိနေတယ်။ ဆရာဝန်က ကယ်လို့ မရတော့ဘူး လို့ ပြောတယ်။ ကျန်နှစ်ယောက်ကတော့ နည်းနည်း သက်သာလာပေမဲ့ ပြန်ကောင်းလာနိုင်တယ် လို့တော့ အတိအကျ မပြောနိုင်သေးဘူး”ဟု နော်ခင်ဖိုး၏ ချွေးမဖြစ်သူက ပြောသည်။

ထိုကိစ္စသည် စခန်းတွင်း ဝေငှပေးနေသည့် ဂျုံမှုန့်ကြောင့်ဖြစ်သည် ဟု အစောပိုင်းတွင် ခန့်မှန်းကြသော်လည်း ယခုလို အန္တရာယ် တကြိမ်မျှ မဖြစ်ခဲ့ဘူးဘဲ ယခုမှသာ အန္တရာယ်ကြုံရသည့်အတွက် စခန်းတာဝန်ရှိသူများက စခန်းရှိ မှုန့်ကြိတ်စက်ရုံအားလုံးကို ဧပြီလ ၁၁ ရက်နေ့မှ စ၍ ခေတ္တရပ်နား ခိုင်းထားသည်ဟု စခန်းအတွင်းရေးမှူး စောအန်းကူးက ပြောသည်။

၎င်းက “ကျနော်တို့ အဲဒီအမျိုးသမီးကို ဆေးရုံမှာ သွားမေးတော့ သူမုန့်စပ်တာ ဆော်ဒါမှုန့်တောင် မပါဘူးလို့ ပြောတယ်။ သူက အမြဲတမ်း မုန့်ကြော်ရောင်းနေကျပဲ။ တခါမှ အန္တရာယ် မရှိခဲ့ဘူး။ အခုလို အိမ်နေရင်း ကြော်စားမှသာ ဒီလိုအဆိပ်သင့်တာ။ နောက်တခုရှိတာက ဆန်မှုန့်သွားကြိတ် တဲ့အခါမှာ စောင့်စရာမလိုဘဲ မြန်မြန်ရအောင်လို့ ပိုင်ရှင်က ကြိတ်ပြီးသား ဆန်မှုန့်ကိုပဲ ပေးလိုက်တယ်။ အဲလို ဆန်ထုပ်တွေကိုတော့ အစားထိုး ပေးတာ မျိုးရှိဖူးတော့ ပြဿနာထပ်မဖြစ်အောင် ဆန်ကြိတ်စက်ရုံတွေကို ခဏ ရပ်ဆိုင်းထားခိုင်းတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဒုက္ခသည်ဦးရေ (၅ဝ,ဝဝဝ)နီးပါး ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုလို အစာအဆိပ်သင့် ဖြစ်ပွားမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရှိရသည်။

0 comments: