မိုးမခ
(ဇာတ်သိမ်းပိုင်း)
မှတ်စုမှတ်တမ်း
ဧပြီ ၃၀၊ ၂၀၀၉
၁၉၆၀ ပြည့်နှစ်က မြန်မာပြည်သို့ အလည်အပတ်ရောက်ခဲ့သော ထိုင်းဘုရင်၊ မိဖုရား တို့နှင့် အတူတွေ့ရသည့် သမ္မတ မန်းဝင်းမောင်
ဝန်ကြီးနှင့် သမ္မတ
ပါပါရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသောအချိန်မှာ ဘကြီးထွန်းရှိန်နှင့် မိုမိုတို့ရန်ကုန်၊ အလုံဌာနလမ်း အမှတ် (၈၁) မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး ဆယ်ရက်ခန့်အကြာမှာ မန်းပေါအေးငြိမ်းနှင့် တွေ့ရန် ပါပါ ပန်းတနော်မြို့နယ်၊ ကျောင်းတောကလေးရွာသို့ လိုက်သွား ပါတယ်။ မန်းပေါအေးငြိမ်းကို တွေ့သောအခါ နေထိုင်မကောင်းသည်ကို တွေ့၍ သည့်ပြင်နိုင်ငံရေး ဆက်လုပ်လိုသော စိတ်မရှိတော့ကြောင်း ပြောသဖြင့် ပါပါအလွန်မှ စိတ်အားငယ်ခဲ့ပါတယ်။ သူ့ဆီမှာ နှစ်ရက်နေပြီး ပါပါရန်ကုန်ပြန်လာပါတယ်။
ရန်ကုန်မှာ စောထွန်းစိန်အမှူးပြုသော ဘီအိုင်အေ ဘီဒီအေ အမှုထမ်းဆောင်ခဲ့သည့် ကရင်လူငယ်များက၊ ကရင်လူငယ်များ အစည်းအရုံးကို တည်ထောင်ဖွဲ့စည်းထားပါတယ်။ ရည်ရွယ်ချက်မှာ ကရင်-ဗမာ သွေးစည်းရေးလုပ်ငန်းကို ဆောင်ရွက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ဖဆပလ အဖွဲ့ချုပ်နှင့် လက်တွဲကာ လွတ်လပ်ရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ အင်္ဂလိပ်ပြန်ဝင်လာပြီး ပြန်လည်ဖွဲ့စည်းသော တပ်မတော်တွင် စောထွန်းစိန် ဝင်ရောက်အမှုထမ်းဆောင်သဖြင့် အစည်းအရုံးတွင် မန်းဘခိုင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပြီး ပါပါကို ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ပါတယ်။ မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူကျဆုံးသော ကရင်အမျိုးသား ခေါင်းဆောင် ဖြစ်ပါတယ်။
ကရင်လူငယ်များ အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် စောကျော်စိန် ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ စောမြင့်သိန်း ဖြစ်ပါတယ်။ ကရင်လူငယ်များ အစည်းအရုံး၏ လုပ်ငန်းများတွင် ကျယ်စေရန် ကြွေးကြော်သံအဖြစ် စာစောင်ထုတ်ဝေရန် လိုအပ်ကြောင်း၊ အမှုဆောင်များက ယူဆပါသဖြင့် 'တိုင်းရင်းသား' အမည်ဖြင့် စာစောင်ထုတ်ဝေပြီး ပါပါကို အယ်ဒီတာအဖြစ် 'ဆောင်ရွက်ရန် တာဝန်ပေးဆုံးဖြတ်ကြပါတယ်။' တိုင်းရင်းသားဂျာနယ်ကို ပထမတွင် တစ်လ တစ်ကြိမ် ထုတ်ဝေပြီးနောက်ပိုင်းတွင် ဆယ့်ငါးရက် တစ်ကြိမ်မှ တစ်ပတ် တစ်ကြိမ် ထုတ်ဝေသွားရန် ဖြစ်ပါတယ်။
တိုင်းရင်းသားဂျာနယ်၊ တစ်လတစ်ကြိမ်မှန်မှန် ထွက်နိုင်ရန် ပါပါပဲတာဝန်ယူ ဆောင်ရွက်ပြီး ကွန်မြူနစ်ပါတီပိုင် ပြည်သူ့အာထာ စာပုံနှိပ်တိုက်မှာ ပုံနှိပ်ပါတယ်။ တစ်ခါတလေ ပုံနှိပ်ဖိုးပေးရန် ငွေမရှိသဖြင့် အကြွေးဖြင့် ရိုက်ရသောအခါလဲ ရှိပါတယ်။ တိုင်းရင်းသားဂျာနယ် ထုတ်ဝေခြင်းအားဖြင့် စားလုံး၏ ပုံစီနည်း၊ ဖောင်သွင်းနည်း စာလုံးအကြီးအသေး ဖော်နည်း အစရှိသည်တို့ကို နားလည်သွားပါတယ်။
၁၉၄၆ ခု၊ မတ်လတွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂမှကြီးမှူး၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ပြည်လုံးကျွတ် တောင်သူလယ်သမားများ ညီလာခံအစည်းအဝေး ပြုလုပ်ကျင်းပပါတယ်။ ဂျပန်ခေတ်တွင် အိမ်မဲမြို့နယ်၌ ကရင်ဗမာအဓိကရိုဏ်း ဖြစ်ခဲ့ခြင်းကြောင့် အိမ်မဲမြို့မီးလောင် ပြာကျသဖြင့် ကရင်ဗမာချစ်ကြည်ရေး၊ သွေးစည်းရေးကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် အိမ်မဲမြို့တွင် ပြည်လုံးကျွတ်တောင်သူ လယ်သမားများ အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါတယ်။ ယင်းအစည်းအဝေးသို့ ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ဖိတ်ကြားချက်အရ မြောင်းမြမှ စောအောင်ဒင်နှင့် တက်ရောက်ပြီး ပါပါစကား ပြောပါတယ်။ အစည်းအဝေးသို့ တက်ရောက်သော တောင်သူ လယ်သမားများမှာ ဗမာလူမျိုးနှင့် ကရင်လူမျိုးများ ဖြစ်ကြပြီး လူပေါင်း တစ်သိန်းကျော် ပါတယ်။
ညီလာခံပြီးဆုံးသောအခါ မြောင်းမြမြို့သို့သွားပြီး စောအောင်ဒင် ဦးကြီးဖြစ်သော ကရင်အမျိုးသားခေါင်းဆောင်ကြီး ဦးစန်းစောဘူနှင့် တွေ့ဆုံရန် ရည်ရွယ်ချက်ရှိသော်လည်း ညီလာခံ တက်ရောက်သော အိမ်မဲနှင့် မြောင်းမြမြို့နယ်မှ ကရင်တောင်သူလယ်သမားများက ၎င်းတို့ရပ်ရွာသို့ သွားရောက်ပြီး တရားဟောပြောရန် ဖိတ်ခေါ်သဖြင့် စောအောင်ဒင်နှင့်အတူ ၎င်းတို့ရပ်ရွာသို့ သွားရောက်ရသောကြောင့် ဆယ်ရက်ခန့်ကြာပြီးမှ မြောင်းမြမြို့သို့ ရောက်သွားပါတယ်။
ခေါင်းဆောင်ကြီး ဦးမန်းစောဘူ နေထိုင်ရာ မြောင်းမြအနီးတုံးလဲရွာသို့ ရောက်သွားသောအခါ ခေါင်းဆောင်ကြီးက ၎င်းအိမ်ဝင်းထဲမှ ပေါက်တူးဖြင့် မြက်ပေါက်နေသည်ကို တွေ့ရပါတယ်။ ခေါင်းဆောင်ကြီးသည် ရိုးသားပြီး ကိုယ်ကျိုးမဖက်ဘဲ၊ ကရင် - ဗမာချစ်ကြည်ရေးကို တကယ်လိုလားသည့် အလျောက် စိတ်ရော ကိုယ်ပါ ဆောင်ရွက်လုပ်ကိုင်သော ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်သဖြင့် ကရင်အမျိုးသားများသာမက ဗမာအမျိုးသားများ၏ ချစ်ခင်လေးစားခြင်းကိုပါ ခံယူရရှိပါတယ်။ ရပ်ရွာကိစ္စ။ လူမျိုးရေးကိစ္စ ဆောင်ရွက်ရာ၌ စိတ်အေးလက်အေးထားပြီး သဘက်ကိုယ့်ဘက်ကြည့်ကာ မျှမျှတတ ဆောင်ရွက်ကြောင်း၊ သူနှင့် နီးနီးကပ်ကပ် ပေါင်းသင်းသောအခါ သိရှိရပါတယ်။
(ခေါင်းဆောင်ကြီး ဦးမန်းစောဘူသည် စောဘဦးကြီး ခေါင်းဆောင်သော ကရင်အမျိုးသားများ ၁၉၄၉ ခု၊ ဖေဖော်ဝါရီလဆန်းတွင် နိုင်ငံတော်အစိုးရကို တော်လှန်ပုန်ကန်သောအခါ အားပေးထောက်ခံခြင်း မပြုဘဲ အေးချမ်းသာယာသောနည်းဖြင့် ကရင်ပြည်နယ်ရရှိရန် ဆောင်ရွက်သော ကရင်လူငယ်များ အစည်းအရုံးနှင့် လက်တွဲလုပ်ကိုင်ပါတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း၊ ဗိုက်နာသောရောဂါ ဝေဒနာဖြင့် ရန်ကုန်ဆေးရုံကြီးမှာ ၁၉၅၄ ခု၊ စက်တင်ဘာလတွင် ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ဦးမန်းစောဘူ၏ ရုပ်ကလာပ်ကို သင်္ဘောဖြင့် ပါပါမြောင်းမြသို့ လိုက်ပို့ပါတယ်။ ၎င်း၏သင်္ချိုင်းဂူသည် မြောင်းမြရေတွင်း ရေကန်ရပ်ကွက်မှာ ရှိပါတယ်။)
၁၉၄၆ ခု၊ ဇွန်လမှာ တက္ကသိုလ်ကျောင်းများဖွင့်သောအချိန်တွင် ဘီအယ်(လ်)ခေါ် ဥပဒေသင်တန်းသို့ ပါပါတက်ရောက်သင်ကြားပါတယ်။ သင်တန်းကို ဘီအိုစီကောလိပ် အဆောက်အအုံမှာ ဖွင့်ထားပြီး ကျောင်းဆရာများမှာ ဦးမြင့်(ကွယ်လွန်) နှင့် ဦးချန်ထွန်းအောင် (တရားလွှတ်တော် တရားဝန်ကြီးချုပ်ဟောင်း) တို့ ဖြစ်ပါတယ်။ ဦးမြင့်သည် ရာဇဝတ်မှု ဥပဒေနှင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဓလေ့ထုံးစံနှင့် အမွေဆက်ခံနည်း ဥပဒေကို သင်ကြားပို့ချပြီး ဦးချန်ထွန်းအောင်မူ တရားမမှု ဥပဒေများကို သင်ကြားပို့ချပါတယ်။ ဆရာနှစ်ယောက်စလုံးမှာ လူတော်များဖြစ်ကြပြီး စာပေပို့ချရာ၌ ဦးမြင့်သည် ရယ်စရာ၊ မောစရာ ထည့်သွင်း ပြောတတ်ပါတယ်။
တစ်ခါက ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဓလေ့ထုံးစံသင်ကြားရာ၌ ရယ်စရာအဖြစ် ဦးမြင့်ထည့်သွင်း ပြောကြားသည်မှာ စာမေးပွဲတစ်ခုတွင် ဗုဒ္ဓဘာသာ မြန်မာယောက်ျား တစ်ယောက်က မည်သည့်အကြောင်းကြောင့် နောက်မိန်းမတစ်ယောက်ကို ယူနိုင်ကြောင်း မေးရာတွင် ကျောင်းသားတစ်ယောက်က၊ နောက်မိန်းမသည် ပထမမိန်းမထက် ချောသောအခါ ယူနိုင်ကြောင်း ဖြေဆိုထားချက်ကို သင့်တင့်လျော်ကန် သောကြောင့် လည်းကောင်း၊ ကျောင်းသားကို အအောင်ပေးလိုက်ကြောင်း ပြောသောအခါ တစ်တန်းလုံးက ရယ်မောကြပါတယ်။
ဥပဒေသင်တန်းကျောင်းသို့ ပါပါတက်နေစဉ်အတွင်း ဗမာပြည်အခြေအနေ လေ့လာရန် ဘိလပ်မှာ ဗမာပြည်ဆိုင်ရာ အတွင်းဝန် လော့လစ်(စ)တိုင် ရန်ကုန်ရောက်လာသောအခါ တခြားအဖွဲ့အစည်းများ နှင့် တွေ့ဆုံသည့်ပြင် ကရင်အမျိုးသား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံပါတယ်။ ထိုစဉ်အခါ၌ စောဘဦးကြီး ခေါင်းဆောင်သော ကရင်အမျိုးသား အဖွဲ့ချုပ်နှင့် ကရင်လူငယ်များ အစည်းအရုံးအပြင် ဘုန်းတော်ကြီး ဦးပန္ဒာဝသကြီးမှူးသော ဗမာပြည်လုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ဟူ၍ ရှိပါတယ်။ အဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင်များကို လောဒ်လစ်(စ)တိုပဲ က ဘုရင်ခံအိမ် (သမ္မတအိမ်) မှာ ခေါ်ယူတွေ့ဆုံသောအခါ ကရင်လူငယ်များ အစည်းအရုံး၏ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် ပါပါတက်ရောက်ခဲ့ပါတယ်။ ဗမာပြည်အပေါ် ဗြိတိသျှအစိုးရ၏ သဘောထားများကို အကျယ်တဝင့် ရှင်းလင်း ပြောပြပါတယ်။
အစည်းအဝေးပြီးသောအခါ ဘုရင်ခံ ဆာဟူးဘရန့်(စ)က ပါပါကို ခဏနေခဲ့ရန် ပြောသဖြင့် ပါပါနေခဲ့ရာ၊ လေထီးဖြင့်ဆင်းစဉ် ပေါင်ကျိုးသော အကြောင်းကို မေးမြန်းပြီး လမ်းလျှောက်ရန် ပြောသဖြင့် လမ်းလျှောက်သည်ကို တွေ့ရသောအခါ ကိုယ်အင်္ဂါရာခိုင်နှုန်း မည်မျှချို့ယွင်းသည်ကို ဆရာဝန်ထံ လက်မှတ်ယူပြီး နယ်ခြားအုပ်ချုပ်ရေး ညွှန်ကြားရေးဝန်ထံ သွားရောက် တင်ပြရန် ပါပါကို ပြောသည့်အတိုင်း ကွယ်လွန်သူ ဒေါက်တာ ဦးဘသန်းထံမှ လိုအပ်သော လက်မှတ်ကို သွားယူပြီး နယ်ခြား အုပ်ချုပ်ရေး ညွှန်ကြားရေးဝန်ထံ သွားရောက်တင်ပြပါတယ်။ နှစ်ပတ်ကြာပြီးနောက် ညွှန်ကြားဝန်က ပါပါနှင့် တွေ့လိုကြောင်း အကြောင်းကြားသဖြင့် သူ့ဆီကို သွားသောအခါ ပါပါကို လျှော်ကြေးအဖြစ် ငွေကျပ်နှစ်ထောင် ထုတ်ပေးပါတယ်။
၁၉၄၆ ခု၊ စက်တင်ဘာလမှာ ဘုရင်ခံက သဘာပတိအဖြစ် ဆောင်ရွက်မည့် အစိုးရအဖွဲ့တွင် ဖဆပလ အဖွဲ့ချုပ်က ပါဝင်ရန် သဘောတူလက်ခံပြီး ဖြစ်သဖြင့် ဆဖပလအတွက် ရှိထားသော ဝန်ကြီးရာထူး ခြောက်နေရာကို မည်သို့ မည်ပုံခွဲဝေရန် အမှုဆောင်လူကြီးများ စဉ်းစား၊ ဆွေးနွေးသောအခါ ကရင်ဗမာသွေးစည်းရေးကို ရှေ့ရှုပြီး ခြောက်နေရာအနက် တစ်နေရာကို ကရင်အမျိုးသားအား ပေးရန် သဘောတူ ဆုံးဖြတ်ကြတယ်။ ဘုရင်ခံအနေနှင့် သူ့သဘောအတိုင်း ကရင်အမျိုးသား တစ်ယောက်ခန့်ဦးမည် ဖြစ်ကြောင်း ဖဆပလ က သိရှိထားသော်လည်း ကရင်အမျိုးသား အပေါ် ထားရှိသော စေတနာကို ပြလိုသော ဆန္ဒဖြင့် ရရှိထားသော ခြောက်နေရာအနက် တစ်နေရာကို ကရင်အမျိုးသားအား ပေးရန် ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။
တစ်နေ့ည (၉) နာရီ အချိန်ခန့်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှက ပါပါ နေထိုင်သောအလုံ (၈၁)ဌာနလမ်း၊ နေအိမ်သို့ လာရောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းက တွေ့လိုကြောင်း ပြောပြသဖြင့် သူ့နောက်လိုက်သွားရတယ်။ တာဝါလိန်းလမ်း ရှိဗိုလ်ချုပ်အိမ် အပေါ်ထပ်လှေကား ထိပ်ညာဘက်အခန်းထဲသို့ လိုက်ပို့သောအခါ ဖဆပလ အမှုဆောင်လူကြီးများ စည်းဝေးနေကြသည်ကို တွေ့ရှိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ပါပါ့ကို တွေ့ခြင်း တွေ ဖဆပလ ရမည့်ဝန်ကြီးရာထူး ခြောက်နေရာအနက် ကရင်အမျိုးသားအား တစ်နေရာပေးရန် ဖဆပလ ဆုံးဖြတ်ချက်ကို ပြောပြပြီး 'ဤရာထူးတစ်နေရာအတွက် ကျွန်တော် ကိုဝင်းမောင်ကို အဆိုတင်ပါတယ်' လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောပြီး သောအခါ ဒုတိယဥက္ကဋ္ဌ ဖြစ်သော သခင်နု (ဦးနု)က 'ကျွန်တော် ထောက်ခံပါတယ်' ပြောပါတယ်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌက တင်သွင်းထောက်ခံသော အဆိုကို အမှုဆောင်လူကြီးများ တညီတညွတ်တည်း သဘောတူလက်ခံ ကြပါတယ်။
ဘုရင်ခံကခန့်မည့် ကရင်အမျိုးသားဝန်ကြီးနေရာအတွက် ဘုရင်ခံက၊ ကရင်အမျိုးသားအဖွဲ့သုံးဖွဲ့ကို ခေါ်ယူတိုင်ပင်ပါတယ်။ ကရင်လူငယ်များ အစည်းအရုံးကိုယ်စားလှယ်အဖြစ် ပါပါ တက်ရောက်ခွင့်ရသဖြင့် ဤကိစ္စကို ကရင်အမျိုးသားအဖွဲ့များ အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီး ဘုရင်ခံထံ နာမည်တင် သွင်းလျှင် ကောင်းမည်ဖြစ်ကြောင်း ပါပါပြောသောအခါ၊ အခြားကရင်အမျိုးသားနှစ်ဖွဲ့က လက်မခံဘဲ၊ ဘုရင်ခံသဘောအတိုင်း ခန့်ရန် ပြောကြသဖြင့် ကရင်အမျိုးသားအရေးကို အင်္ဂလိပ်ဘုရင်ခံ လက်သို့ ၀ကွက် အပ်လိုက်ခြင်း ဖြစ်ပါတယ်။
လဆန်းမှာ ထွက်လာသော တိုင်းရင်းသား ဂျာနယ်မှာသတင်းခေါင်းစဉ်အဖြစ် စကားလုံးပဲဖြင့် 'ကရင်လူကြီးတွေ ကရင်အရေးကို အင်္ဂလိပ်ဘုရင်ခံ လက်သို့ ၀ကွက်အပ်လိုက်ပြီ' ဟူ၍ ဖြစ်လာပါတယ်။
ဖဆပလ အဖွဲ့ချုပ်က ပါပါကို ဝန်ကြီးခန့်ရန် ဆုံးဖြတ်ပြီး နှစ်ရက်အကြာမှာ ပါပါ သခင်သန်းထွန်းဆီသို့ သွားသောအခါ သခင်သန်းထွန်းက ပါပါ့ကို ကွန်မြူနစ်ထင်သည့်အတွက် ပါပါ့ကို ဝန်ကြီးရာထူး မပေးတော့ဘဲ မန်းဘခိုင်ကို ပေးရန် ဖဆပလ အမှုဆောင်က ပြန်လည်ဆုံးဖြတ်ကြောင်း ပြောပြပါတယ်။ ကွန်မြူနစ်အထင် ခံရခြင်းသည် ပါပါ့အတွက် ကောင်းဖို့ဖြစ်သွားပါတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟူ၍ ပါပါပြောလေ့ပြောထရှိသော စကားနှင့်လဲ ကိုက်ညီပါတယ်။
အဲဒီအချိန်တွင် ပါပါသာ ဝန်ကြီးဖြစ်လျှင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပါသွားမှာ သေချာပါတယ် (ဦးဘဆွေ-ဦးကျော်ငြိမ်းတို့နှင့်အတူ အချုပ်ခံရစဉ် စကားစပ်သဖြင့် ပါပါက သူတို့ဤကိစ္စပြောပြသောအခါ ပါပါ့ကို ကွန်မြူနစ်ထင်သည့် အတွက် ဝန်ကြီးမခန့်ရန် သူတို့နှစ်ယောက်အများဆုံး ကန့်ကွက်ခဲ့ကြောင်း ပြောပါတယ်။ သူတို့အများဆုံး ကန့်ကွက်၍သာ ပါပါ အဲဒီအချိန်မှာ ဝန်ကြီးမဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ ပါမသွားသောကြောင့် သူတို့နှစ်ယောက်ကို များစွာ ကျေးဇူးတင်ပါကြောင်း ပြန်ပြောပါတယ်။)
တနေ့ ပါပါ ဥပဒေသင်တန်းကျောင်းတက်ပြီး အိမ်သို့ ပြန်သောအခါ မိုမိုနှင့် အစ်ကို ဝမ်းကွဲတော်စပ်သော မအူပင်မြို့နယ်၊ လေးအိမ်စုရွာ နေ ဦးစောရွှေဗျိုင်းနှင့် တွေ့ပါတယ်။ သူ့ရွာမှ လူတစ်ယောက် ဓားပြမှုနှင့် မသင်္ကာသဖြင့် ရန်ကုန်တွင် အဖမ်းခံရသောကြောင့် လာရောက် ဆောင်ရွက်နေကြောင်း ပြောပါတယ်။ မိုမိုနှင့်အမျိုး တော်စပ်သဖြင့် လာရောက်လည်ပတ်ခြင်းသာ ဖြစ်ပြီး ပါပါ့ဆီအကူအညီ တောင်းရန်လာခြင်း မဟုတ်ပါ။ သို့သော် ရန်ကုန်သို့ လာရောက်သောကိစ္စကို သိရသဖြင့် ပါပါနှင့် ကာလကတ္တားမြို့မှာ သိခဲ့သော ပုသိမ်မင်းကြီး မစ္စတာဝင်း(မ)(စ) အား သွားရောက်ပြောပေးရာ အဖမ်းခံရသောလူငယ် လွတ်လာပါတယ်။
ဤဆောင်ရွက်ပေးခြင်းကို အကြောင်းပြု၍ ဦးစောရွှေဗျိုင်းနှင့် ခင်မင်ရင်းနှီးသွားပြီး၊ သူမှတဆင့် မအူပင်မြို့နယ် ကာတပေါရွာနေ ဘုရားဒါယိကာ၊ ဒါယိကာမ ဦးဘိုးထေ ဒေါ်မယ်ရင်တို့နှင့် သိရှိပြီး မိဘသဘွယ် ခင်မင်ရင်းနှီးသွားပါတယ်။ ၁၉၅၂ - ခု ဇွန်လတွင် တာတပေါရွာ ဘုန်းကြီးကျောင်းမှာ ပါပါဒုလ္လဘရဟန်း ခံသောအခါ အဘိုးဦးဘိုးထေနှင့် အဘွားဒေးမယ်ရင်သည် ပါပါရဲ့ ဒါယကာ ဖြစ်ပါတယ်။
ပါပါဝန်ကြီးဘဝနှင့် သမ္မတဘဝမှာ အားလပ်သောအခါများ ၌ အိမ်သူအိမ်သားများအပြင် အပေါင်းအသင်းများပါခေါ်ပြီး ကာတပေါရွာသို့ အလည်သွားသောအခါ အဘိုးဦးဘိုး ထေတို့မိသားစုသည် ပါပါတို့ကို လိုလေသေးမရှိ ဧည့်ခံပြုစု ကျွေးမွေးကြပါတယ်။
(ပြီးပါပြီ)
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၅
Friday, May 1, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment