စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကရင်နှစ်သစ်ကူးတားဆီးခံရ

Thursday, November 6, 2008

November 2008

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေ အရှေ့ဘက် ခလောက်နို့ရွာဘက်ခြမ်းတွင် တိုး တက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖွဲ့ (ဒီကေဘီအေ) မှ ကမကထပြုကျင်းပမည့် ကရင်မျိုးနွယ်စုအားလုံးနှင့် နိုင်ငံတကာရောက် ကရင်များ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းများပါဝင်နိုင်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပခွင့်ကို စစ်အစိုးရက ပိတ်ပင်လိုက်သည်။

ပွဲတော်ကျင်းပရေးကော်မတီဝင် တဦးက “ဒီပွဲလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်။ ပြီးခဲ့တဲ့လလယ်လောက်က အကြောင်းပြချက်မရှိဘဲ ပွဲကျင်းပခွင့်ကို ပိတ်လိုက်တယ်။ ဒီနှစ် ကျင်းပမယ့်ပွဲဟာ မြန်မာပြည် ကရင့်သမိုင်းမှာ အတော့်ကို ထူးထူးခြားခြား ဖြစ်ဖို့အတွက် စီစဉ်ထားတဲ့ပွဲ ဖြစ်တယ်။ မြန်မာပြည်အနှံ့မှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား မျိုးနွယ်စုတွေအပြင် နိုင်ငံတကာရောက် ကရင်တွေကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုလည်း ဖိတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေဘက်က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာကိုစိုးရိမ်တာရယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ ဖိတ်မှာဆိုတော့ ကရင်တွေ ရင်းနှီးစည်းလုံးသွားမှာကို မလိုလားလို့ ပိတ်တယ်လို့ပဲထင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးကလည်း “ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို မြန်မာအာဏာပိုင်တွေဘက်က ကျင်းပခွင့်မပြုတာကတော့ သေချာသွားပြီ။ အကြောင်းပြန်တာ ရက်ပိုင်းလောက်ပဲရှိ သေးတယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ဘက်က ဖြစ်အောင်လုပ်မှာပါ။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ပွဲကိုကျင်းပမယ်၊ အားလုံးကိုလည်း ဖိတ်မယ်။ နေရာကိုတော့ ဇွဲကပင်တောင်ခြေမှာ မဟုတ်တော့ဘူး ဒီကေဘီအေ (၉၉၉) တပ်မဟာ ဌာနချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ်က ကွမ်ဘီရွာမှာပဲ ကျင်းပမှာဖြစ်တယ်။ ကရင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်မယ်၊ အကုန်လုံးလာလို့ရတယ်။ လက်နက်တွေ ဘာတွေတော့ ယူဆောင်ခွင့်မပေးဘူး” ဟု ပြောသည်။

ဒီကေဘီအေမှကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “အခုလို ဇွဲကပင်တောင်ခြေမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတာကတော့ နအဖဟာ ဒီကေဘီအေကို တပည့်ပီပီ လက်အောက်ခံအဖြစ်ပဲ နေစေချင်တယ်။ နအဖက ဖက်ဆစ်ဆိုတော့ ဖက်ဆစ်ဝါဒအတိုင်း လူတွေနဲ့ လူတွေရဲ့အတွေးအခေါ်ကို ထိန်းချုပ်မယ်။ ဒီကေဘီအေက တမူဆန်းပြီး ဟိုလူဖိတ်မယ်၊ ဒီလူဖိတ်မယ် ကြီးကြီးကျယ်ကျယ်တွေလုပ်တော့ သိကြတဲ့အတိုင်းပဲ နအဖဆိုတာက ကရင်တွေကို မျိုးဖြုတ်ဖို့ပဲရှိတယ်။ ဒီပွဲကို ဒီကေဘီအေနဲ့ နအဖလိုလားသူတစုကနေ ကျင်းပမှာဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က နအဖကို လူထုထောက်ခံမှု ပိုရအောင်လုပ်ပေးတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဇွဲကပင်တောင်ခြေ အရှေ့ဘက်ခြမ်းတွင် ဒီကေဘီအေမှ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကျင်းပမည့်သတင်းများကို ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်သည့် Bi Weekly Eleven သတင်းဂျာနယ်နှင့် အခြားပြည်တွင်း ဂျာနယ်အချို့တွင် ဖော်ပြထားပြီးဖြစ်သည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့သည် ကရင်သက္ကရာဇ် ၂၇၄၈ ခုနှစ် သလေထိုင်ခေါင်ဖိုး၊ လဆန်း (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

The NEJ

0 comments: