မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၉၊ ၂၀၀၈
ပါပါ့အဖေ ဆုံးပြီးနောက်
ဘဝလမ်း ခရီးဟူသည်မှာ ပန်းခင်းထားသောလမ်းချည်း မဟုတ်ပါ။ ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသော လမ်းလည်း ရှိပါတယ်။ ပါပါသည် အဖေဆုံးပြီးနောက် ပန်းခင်းသောလမ်းပေါ်မှာ လျှောက်ရာမှ ရုတ်ချည်း ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသောလမ်းပေါ်သို့ ရောက်ရှိသွားပါတယ်။
ပါပါ့အဖေဆုံးပြီးနောက် တပတ်အကြာ ဇွန်လ ပထမပတ်မှာ ကျောင်းများ အသီးသီး ဖွင့်ပါတယ်။ ကျောင်းများဖွင့်သော်လည်း ပါပါ့ကို ကျောင်းထားမည့်သူမရှိသဖြင့် ပါပါ့ကျောင်းမသွားနိုင်တော့ပါ။ ပါပါ့ အစ်မကြီးလည်း ကျောင်းဆက်မနေနိုင်သဖြင့် မော်လမြိုင် 'အမေရိကန်ဆေးရုံမှာ သူနာပြုဆရာမ သင်တန်း လျှောက်ထားရာ ရသဖြင့် မော်လမြိုင်သို့ ထွက်ခွာသွားပါတယ်။ ပါပါ့ညီမကလေးက ရွာကျောင်းမှာပဲ ကျောင်းနေပါတယ်။ ညီလေးကတော့ ကျောင်းမနေတတ်သေးပါ။
တနေ့ မနက် မီးဖိုချောင်မှာ ပါပါထမင်းချက်နေတုန်း ပါပါ့အမေက ပါပါ့ကိုလာပြောပါတယ်။ သားကြီး မြို့ကျောင်းမှာ တနှစ်ဆက်နေလိုရင် အမေကြိုးစားထားပေးမယ်လို့ ပြောပါတယ်။ ဒီတော့ ပါပါက တနှစ်ထဲနဲ့ အကြောင်းထူးမှာ မဟုတ်ဘူး၊ တောမှာပဲဖြစ်သလို နေထိုင်လုပ်ကိုင်စားသောက်မယ့် အကြောင်း ပြန်ပြောပါတယ်။ ပါပါ့အဖေ သုံးလေးလဖျားတော့ ဆေးဖိုးဝါးခ ပေးရန် အိမ်မှာရှိတာတွေ ရောင်းချရတဲ့အကြောင်း လူကြီးတွေအချင်းချင်း ပြောသံကြားတော့ ပါပါ့အနေနဲ့ ပါပါ့အမေကို ဒုက္ခ မပေးချင်တော့ပါ။
ပါပါသည် အိမ်မှာပဲနေပြီး တတ်နိုင်သည့်ဘက်မှ အိမ်အလုပ်ကို ဝိုင်းကူလုပ်ပါတယ်။ မီးဖိုချောင် အလုပ် ဆိုလျှင် မီးမွှေးပြီး ထမင်းချက်ပါတယ်။ ငါးပိရည်ကျိုအိုး တည်ပါတယ်။ ဟင်းတော့ မချက်တတ်သဖြင့် ပါပါ့အမေပဲ ချက်ပါတယ်။ မနက် ညနေ အမေ မွေးထားတဲ့ဝက်တွေကို အစာကျွေးရပါတယ်။
အိမ်အလုပ်ဝိုင်းလုပ်ရင်း အိမ်မှာနေရင်းနဲ့ ဇူလိုင်လကုန်ခါနီးမှာ ပါပါ့နေခဲ့တဲ့ ပုသိမ်က မွန် ကရင် အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးထံမှ စာလာတယ်။ စာကတော့ ပါပါ့အတွက် အစိုးရထံမှ ထောက်ပံ့ကြေးရရှိတဲ့အတွက် ကျောင်းပြန်လာနေဖို့ပဲ ဖြစ်တယ်။ ဒီစာရတော့ ပထမ ပါပါ နားမလည်ဘူး၊ အံ့အားလည်း သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပြန်နေဖို့ အစိုးရထံမှာ ပါပါ တခါမှ လျှောက်လွှာမတင်ခြင်းကြောင့်ပဲ ဖြစ်တယ်။
နောက်မှ ပါပါသိရတာကတော့ ပါပါ့အမေဟာ ကျောင်း အုပ်ကြီးထံစာရေးပြီး ပါပါ့အတွက် အစိုးရထံမှ ထောက်ပံ့ကြေးရရန် ဆောင်ရွက်ပေးဖို့ မှာကြားတယ်ဆိုတာ သိရတယ်။ ပါပါ့အဖေဆုံးစ ကျောင်းဖွင့် ချိန်မှာ ပါပါ့အမေက ပါပါ့ကို ကျောင်းတနှစ် ကြိုးစားထားပေးမယ်ဆိုတာ ပြောတယ်။ နောက် ပါပါ့ အမေက ပါပါ့ကို ကျောင်းဆက်နေနိုင်ရန် ကျောင်းအုပ်ကြီးထံ စာရေးပန်ကြားတယ်ဆိုတော့ မိဘများ ဟာ သားသမီးကို ဘယ်လောက် ချစ်တယ်၊ မိဘကျေးဇူး ဘယ်လောက် ကြီးမားတယ်ဆိုတာ ပါပါ မကြာမကြာ ပြောပါတယ်။
ပါပါကျောင်းပြန်သွားတော့ ၅ တန်းအောင်ထားတဲ့အတွက် ၆ တန်းမှာ နေရတယ်။ ကျောင်း ၂ လနီးပါး မျှနောက်ကျတော့ အချိန်ပိုယူပြီး မသင်ရသေးတဲ့သင်ခန်းစာတွေကို လိုက်လံ မေးရတယ်။ ပုသိမ် မွန် ကရင် အထက်တန်းကျောင်းမှာ ပါပါ ဆယ်တန်းအောင်တဲ့ ၁၉၃၃ ခုနှစ်အထိ နေခဲ့တယ်။
ပါပါကျောင်းမှာနေတုန်း အစိုးရထံမှရတဲ့ အထောက်အပံ့ဟာ ကျောင်းလခနှင့် ထမင်းစရိတ်အတွက်သာ လုံလောက်ပါသဖြင့် ပါပါ့အမေက ပါပါ့ကို မုန့်ဖိုးအဖြစ် တလ ၄ ကျပ် ပို့ပေးတယ်။ ပါပါနေတဲ့ ဘော်ဒါ ဆောင်ဟာ နံနက်တိုင်း နာရီဝက်ခန့် ဘော်ဒါကျောင်းသားတွေဟာ အလုပ်လုပ်ရတယ်။ ဘော်ဒါဆောင် အခန်းများ အမှိုက်လှဲတဲ့ အလုပ်၊ မြက်ခုတ်မြက်ပေါက် အလုပ်၊ ရေခပ်တဲ့ အလုပ်၊ ထမင်းစားရုံမှာ ထမင်းဟင်း ပြင်ဆင်တဲ့ အလုပ် အစရှိသည်များ ဖြစ်ပါတယ်။
အလုပ်ကို တလတခါ ဘော်ဒါအုပ်က လှည့်ပေးပါတယ်။ ဘော်ဒါဆောင်အခန်းများ အမှိုက်လှဲတဲ့အလုပ် ကိုလုပ်ရသော ကျောင်းသားများက ပါပါ့ကို လာငှားလုပ်ခိုင်းပါတယ်။ စနေ၊ တနင်္ဂနွေနေ့များမှာ ကျောင်းပိတ်တော့ ကျောင်းသားကြီးများက သူတို့ အင်္ကျီလျှော်ဖွတ်ပေးဖို့ ပါပါ့ကို လာပေးတယ်။ လျှော်ဖွတ်ခ တထည် နှစ်ပြား ပေးပါတယ်။ ဆပ်ပြာလည်း ပေးပါတယ်။ သူတို့ပေးတဲ့ဆပ်ပြာနဲ့ပဲ ပါပါ့အင်္ကျီတွေ ပါပါ လျှော်ဖွတ်နိုင်ပါတယ်။
ပါပါတို့ကျောင်းနေတဲ့ ခေတ်တုန်းက လက်ဖက်ရည်တခွက် ၃ ပြားပါ။ ခေါက်ဆွဲကြော်တခွက် တမူး (ဆယ်ပြားခန့်) အကောင်းစား စပါယ်ရှည်တခွက် တမတ် (၂၅ ပြားခန့်)၊ ဆံပင်ညှပ်ခ တမူး ဖြစ်ပါတယ်။ ဟိုတုန်းက ပိုက်ဆံတန်ဖိုးနဲ့ ယခုခေတ် ပိုက်ဆံတန်ဖိုး ဘယ်လောက်ကွာခြား တယ်ဆိုတာ သိနိုင်ပါတယ်။
ပုသိမ်မြို့ ဟိုတစ်ဖက်ကမ်းလောက်မှာ တောင်သူကုန်းဆိုတာ ရှိတယ်။ ကားရားသီး (မအူပင်ဘက် ကွင်း ကနစိုးသီး ဟုခေါ်သည်) ခေါ်တဲ့ သစ်သီးတော ရှိတယ်။ ကားရားသီးဆိုတာ အသီး လက်ညှိုး ပုံသဏ္ဍာန်ဖြစ်ပြီး အတွဲလိုက်၊ အဆုပ်လိုက် သီးပါတယ်။ မှည့်တော့ အရောင်ညိုလာပါတယ်။ အရသာ က ချဉ်ပြုံး ဖြစ်ပါတယ်။ တချို့လည်း ချိုချဉ်ဖြစ်ပါတယ်။ သကြားနှင့်စားလျှင် အရသာ ပိုရှိပါတယ်။ တောင်ကုန်းမှာ ကားရားသီးပေါ်ချိန်မှာ ပါပါနဲ့ကျောင်းနေဖက် အပေါင်းအဖော်တွေဟာ အားတဲ့ စနေနေ့မှာ ကားရားသီး သွားခူးစားကြပါတယ်။ အပျော်သွားတဲ့ သဘောမျိုးပါပဲ။
ပုသိမ်မြို့ကို ဖိလစ်ပိုင်နိုင်ငံက မနီလာဆပ်ကပ် လာရောက် ကပြပါတယ်။ ပါပါတို့ကျောင်းနဲ့ သိပ်မဝေး တဲ့ မိုင်ဒါကွင်းမှာ ကပြပါတယ်။ တလခန့်ကြာပါတယ်။ ကပြပြီး နှစ်ပတ်အကြာမှာ ကျောင်းသူ ကျောင်းသားတွေကို ရုံဝင်ခ တဝက်ခနှင့် ကပြပါတယ်။ ပါပါတို့ကျောင်းက ကျောင်းသူကျောင်းသား များ သွားကြပါတယ်။ ပါပါက ပိုက်ဆံမရှိလို့ မသွားနိုင်ပါ။ သွားကြည့်ပြီး ပြန်လာတဲ့ ကျောင်းသားတွေ ပြောပြတာကိုပဲ နားအရသာခံပြီး နှစ်သိမ့်နေရတယ်။
ကျောင်းပိတ်တဲ့အခါ ပါပါ အိမ်ပြန်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်များဆိုလျှင် ပါပါက အိမ်အလုပ် ခြံအလုပ်လုပ်ရတဲ့အပြင် ပါပါ့ဦးလေး နွားများကိုပါ ထိန်းကျောင်းပေးရပါတယ်။ အိမ်အလုပ်ကတော့ သုံးရေခပ်ရတာ သက်သာသလောက်၊ သောက်ရေကျတော့ မိုင်ဝက်လောက်ဝေးတဲ့ ရေတွင်းမှာ သွား ခပ်ရတော့ သိပ်မသက်သာလှပါ။
ခြံအလုပ်နဲ့ပတ်သက်လို့ ရွာနဲ့မိုင်ဝက်ကျော်နေရာမှာ ပါပါ့အမေက ခြံလုပ်ပါတယ်။ ငါး ဧကခန့် ကျယ်ဝန်းပါတယ်။ အဓိကစိုက်တဲ့အပင်များကတော့ ငှက်ပျောပင် နဲ့ ခရမ်း၊ ပြောင်း၊ တိုင်ထောင်ပဲ အစရှိတဲ့ သီးနှံပင်များ ဖြစ်တယ်။ အမေစိုက်တဲ့သီးနှံတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်တော့ မုဆိုးမခြံ ဘယ်လောက်အောင်မလဲလို့ အပြောခံရတယ်။
အဲဒီခြံမှာ စိုက်ထားတဲ့ သီးနှံပင်တွေ ပါပါကျောင်းပိတ်ပြန်လာတော့ ရေထမ်းလောင်းရတယ်။ ရေကိုသောက်ရေတွင်းကနေ ခပ်လောင်းရင် နီးပေမယ့် ခြံရေလောင်းဖို့ သောက်ရေတွင်းကို မသုံးရ ဘူးဆိုတာနဲ့ ခြံရဲ့မိုင်ဝက်ကျော်ဝေးတဲ့ ဓားကချောင်း (လှည်းဆိပ်ရွာကို ဖြတ်ဆင်းသွားသော ခဲပေါင်ချောင်း)မှာ ရေသွားခပ်ရတယ်။ သိပ်မသက်သာလှဘူး။ စိုက်ထားတဲ့ ငှက်ပျောတွေဟာ ဖီးကြမ်းတွေဖြစ်တယ်။ တခါတခါကျောင်းပိတ်ပြန်တာနဲ့ ငှက်ပျောခုတ် ရောင်းတာနဲ့ကြုံရင် ခြံကနေ ကမ်းနားထိ (မိုင်ဝက်)ကို ငှက်ပျောခိုင်တွေ ထမ်းပို့ရသေးတယ်။
ပြောခဲ့တဲ့အိမ်အလုပ်တို့ ခြံအလုပ်တွေကို ညနေပိုင်းမှ လုပ်တာများတာပဲ။ မနက်ပိုင်းမှာ ဦးလေးရဲ့ နွားတွေကို ကျောင်းပေးရတယ်။ ရွာက တခြားနွားတွေကို ကျောင်းပေးတဲ့ နွားကျောင်းသားတွေလည်း ရှိကြတယ်။ သူ့နွား ကိုယ့်နွား စသည်ဖြင့်ပေါ့ ကျောင်းကြတဲ့ နွားကျောင်းသားတွေပါ။ နွားတွေကို ရွာက နေ တမိုင်ကွာခန့်မှာရှိတဲ့ စားကျက်လိုနေရာမှာ ကျောင်းကြတယ်။ စုပေါင်းပြီး ကျောင်းကြတာပေါ့။ စားကျက်ရယ်လို့တော့ အတိအကျ မဟုတ်ပါဘူး။ ရိတ်သိမ်းပြီး လယ်ကွင်းတွေထဲမှာ ဒါမှမဟုတ် လျှိုမြောင်တွေထဲမှာ ဖြစ်ပါတယ်။
နွားကျောင်းသားဘဝကို ပြန်တွေးကြည့်တော့ တမျိုးပျော်စရာ ကောင်းတယ်။ နွားကျောင်းသားတွေမှာ ကိုယ်စီ သားရေကြိုးလေးခွတွေရှိတယ်။ လေးခွကလောက်လေး သဘောမျိုးပါပဲ။ ဒါပေမယ့် သူက ခွ ပုံသဏ္ဍာန်ရှိတဲ့ သစ်ကိုင်းပြတ် ဒါမှမဟုတ် သစ်သားကို ခွပုံလုပ်ပြီး သားရေကြိုးကို သစ်သားကိုင်းမှာ ချည်နှောင်ပြီး လောက်စလုံးနဲ့ ပစ်ရတဲ့ လောက်လေးပဲ။ သူ့ကို လေးခွလို့ ခေါ်တာထက် 'ခွ'လို့ပဲ အလွယ်တကူ ခေါ်ကြတယ်။
နွားတွေကို လွှတ်ကျောင်းတဲ့ လျှိုနား၊ ကမ်းနား ရောက်တဲ့အခါ ပါပါတို့က မြေစေးကို ယူတယ်။ ကော် တယ်၊ ဒါမှမဟုတ် တူးတယ်။ နောက်ပြီး လောက်စာလုံးတွေ လုံးတယ်။ လောက်စာလုံးတွေရကြပြီ ဆိုရင် တခါတလေ ခေါင်ပုံပစ်တန်း ကစားကြတယ်။ ခေါင်ပုံဆိုတာက လောက်လုံးကို သုံးလုံး ဖိုခနောက်ဆိုင်ထားပြီး အဲဒီပေါ်မှာတလုံး တင်တယ်။ ၄ လုံးကို တပုံပေါ့။ ကစားသူ တယောက်ကို ဘယ်နှစ်ပုံကြေးဆိုပြီး သတ်မှတ်တယ်။
ဥပမာ- လူ ၃ ယောက် တယောက်ကို ၃ ပုံသတ်မှတ်ရင် ၉ ပုံကို အတန်းလိုက် စီလိုက်တယ်။ စီပြီးတော့ ပေ ၅ဝ အကွာလောက်ကနေ တယောက်တလှည့်စီ လောက်စာလုံးနဲ့ လှမ်းပစ်ရတယ်။ ဒီလို လှမ်းပစ်တဲ့အခါမှာ ရှေ့ဆုံးကပုံကိုထိလို့ စီထားတာတွေပြိုသွားရင် ကျန်အပုံတွေအားလုံးကို ရတယ်။ အကယ်၍ စီထားတဲ့အပုံကို မထိလို့ ဒါမှမဟုတ် ပွတ်သီပြီး ထိပေမယ့် အပုံမပြိုရင် မရဘူး။ အကယ်၍ အလယ်ကအပုံကို ထိပြီး ပြိုတယ်ထား အဲဒီအပုံက နေစပြီးနောက်ပိုင်း အပုံတွေအားလုံးကို ရတယ်။ စားရတယ်ပေါ့။
ဒါပေမယ့် ထိတဲ့အပုံကနေ အရှေ့ပိုင်းဘက် အပုံတွေကိုတော့ မစားရဘူး။ ဒါက မကစားမီ ကြိုတင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ဖြစ်တယ်။ နောက်ပြီး ဘယ်သူကစ ပစ်ရမယ် ဆိုတာကို စီစဉ် ရသေးတယ်။ စီစဉ်ပုံကတော့ ကစားမယ့်လူသုံးယောက်ဟာ သတ်မှတ်တဲ့ တနေရာကို လောက်စာ လုံးနဲ့ လှမ်းပစ်ရတယ်။ လောက်စာလုံး အနီးဆုံး ရောက်တဲ့လူက ပထမစကစားရပြီး နောက် ဒုတိယ တတိယ စသည်ဖြင့် အနီးဆုံးလူက အစဉ်လိုက် ကစားသွားရတယ်။ ထွေခင်းတဲ့ သဘောလိုပါပဲ။
နွားကျောင်းသားတွေအနေနဲ့ ခေါင်းပုံပစ်တန်း မကစားလျှင် တာပြေးတန်း ကစားကြတယ်။ ဒါလည်း လောက်စလုံးတန်း ကစားကြတယ်။ တာပြေးမယ့် လူနှစ်ယောက်က လောက်စာလုံး ဘယ်နှစ်လုံး ကြေးလောင်းမယ်ဆိုပြီး ပြေးကြတယ်။ ဘေးကြည့် နွားကျောင်းသားတွေလည်း ကိုယ်ကြိုက်ရာ ဘက်ကို ကိုယ်လောင်းကြတယ်။
နွေရာသီဖြစ်လို့ တခါတလေ ပါပါတို့ နွားကျောင်းတဲ့နေရာနဲ့ မနီးမဝေးအရပ်မှာ ဟိုရွာ - ဒီရွာ ချိန်းပြီး တာပြေးပွဲပြုလုပ်ကျင်းပတာလည်း ရှိတယ်။ ဒီလိုအခါမှာ ပါပါတို့ နွားကျောင်းသားတွေ သွားကြည့်ကြ တယ်။ တာပြေးပွဲမှာ တခါတလေ ပန်းဆိုတာကို အသုံးပြုပြီး တစ်ခါတလေ လွက်ခုတ်တာကို အသုံးပြု တာကို တွေ့ရတယ်။ လွက်ခုတ်ကိုအသုံးပြုပြီး တာပြေးပွဲတခုမှာ ပြေးတဲ့လူတယောက်က ပန်းဝင်ခါနီး အလျားခုန်ပြီး ဂျက်ကိုဝင်ခုတ်တာ ရှေ့အလျား မှောက်သွားပြီး လက်မောင်းတွေ စုတ်ပြတ်ကုန်တာ ပါပါ တွေ့ခဲ့ရတယ်။ အဲဒီပွဲမှာ လက်စုတ်သွားတဲ့ လူက နိုင်သွားတယ်။
တခါတလေ ပါပါတို့ နွားကျောင်းသားတွေ နွားကျောင်းတုန်း ရွာနီးချပ်စပ်မှာ ဗုံသံ၊ ဆိုင်းသံကြားလျှင် ယင်းရွာမှာ အလှူအတန်းရှိမှာပဲဆိုပြီး နွားအုပ်ကြီး နွားကျောင်းသားနှစ်ယောက် သုံးယောက်နဲ့ ထားခဲ့ပြီး ကျန်နွားကျောင်းသားတွေက ရွာထဲမှာသွားပြီး အကျွေးအမွေး အရင် ဝင်စားကြတယ်။ ပြန်လာတော့လည်း နွားကျောင်းကျန်ရစ်တဲ့လူတွေအတွက် စားစရာ ယူလာခဲ့ပေးကြတယ်။
ပါပါတို့ ရွာတဖက်ကမ်းမှာ ဆန်စက်ရှိသော်လည်း ပါပါတို့ရွာကလူတွေဟာ များသောအားဖြင့် စပါး ကြိတ်မောင်းထောင်း စားကြပါတယ်။ ပါပါလည်း စပါးကြိတ်မောင်းထောင်းရတဲ့နေ့များဆိုလျှင် ဦးလေး နွားတွေကို သွားမကျောင်းပေးနိုင်ဘူး။
ပါပါ့အမေက နှစ်စာဝမ်းစာ စပါးကို အိမ်အောက်ရှိ ပုတ်ထဲမှာ လှောင်ထားပါတယ်။ ပုတ်ဆိုတာ ဝါးနဲ့ရက်ထားတဲ့ တောင်းအကြီးစားပါပဲ။ လေလူအောင် ပုတ်ပတ်ပတ် လည် နွားချေးတွေနဲ့ ကျံထားပါတယ်။ ကြိတ်မယ့် စပါးတွေကို ပုတ်ထဲမှာ ဝင်ကျုံးရပြီး ဖျာကြမ်းပေါ်မှာ နေပူလှမ်းရပါတယ်။ ပုတ်ထဲမှာ စပါးကျုံးတဲ့အခါ စပါးမှုန့် ဝင်လို့ သိမ်မသက်သာဘူး။
တနေကုန်နေပူ လှမ်းပြီး နောက်တနေ့ ကြိတ်ဆုံနဲ့ ကြိတ်ရပါတယ်။ ကြိတ်ဆုံကိုမသုံးမီ တနေ့ ကြိုတင်ပြီး ကြိတ်ဆုံ 'သွား' တွေကို ပြုပြင်ထားရပါတယ်။ ကြိတ်ဆုံ 'သွား' တွေကို မပြုပြင်ထားလျှင် စပါးကြိတ်တဲ့အခါ စပါးလုံး ကောင်းကောင်း မကွဲပါ။ ပါပါ စပါးကြိတ်ခါစ ကောင်းကောင်း မကြိတ်တတ် ပါ။ နောက်ပိုင်း ကျတော့ ကျင်လည်သွားပါတယ်။ ပါပါ့အမေက ကြိတ်ပြီးသား စပါးတွေကို ပြာတယ်။ အခွံမကျွတ်သေးတဲ့ စပါးတွေကို ထပ်မံကြိတ်ရတယ်။ နောက် ဆန်တွေကို ခြေနင်းမောင်းနှင့်ထောင်းပြီး ဖွတ်ရပါတယ်။ ကြိတ်ဆုံနဲ့ကြိတ်ပြီးထွက်လာတဲ့ဖွဲဟာ ဖွဲကြမ်းဖြစ်ပြီး မောင်းထောင်းပြီး ထွက်လာတဲ့ ဖွဲဟာ ဖွဲနုဖြစ်ပါတယ်။
နွေရာသီကုန်လို့ မိုးတပြိုက် နှစ်ပြိုက်ရွာလာတော့ ကျောင်းပြန်ဖွင့်ရက်နီးပြီဆိုတာကို သတိပေးတာနဲ့ တူတယ်။ ပါပါတို့နေတဲ့ကျောင်းဟာ ရေအခက်အခဲရှိလို့ မိုးကောင်းကောင်းရွာမှ ကျောင်းပြန်ဖွင့်တယ်။ ဖွင့်နေတဲ့အချိန်ကတော့ မေလကုန်ခါနီး (သို့မဟုတ်) ဇွန်လ ပထမပတ်ဖြစ်ပါတယ်။ တခါတလေ မေလ ကုန်ခါနီးမှ ကျောင်းပြန်ဖွင့်မယ်လို့ ကြေညာထားသော်လည်း မိုးခေါင်လို့ ဇွန်လ ဒုတိယအပတ်ကျမှ ဖွင့်ရတဲ့အဖြစ်လည်း ရှိခဲ့တယ်။
ဒီလို မိုးရွာပြန်တော့ ကျောင်းသွားဖို့ အစီအစဉ် လုပ်ရပြန်တယ်။ အစီအစဉ်လို့သာ ပြောရတယ်။ တကယ်ဆိုတော့ မည်မည်ရရ အစီအစဉ် မဟုတ်ပါဘူး။ တခြား ဝတ်နိုင်တဲ့ကျောင်းသားတွေတော့ သူတို့မိဘများဟာ သူတို့အတွက် ဝတ်ကောင်းထည်ကောင်းတွေ ချုပ်ပေးကြတယ်။ ပါပါကတော့ ပါပါဝတ်ဖို့လုံချည်ဆိုရင် ပါပါ့အဖေဆုံးပြီး ကျန်တဲ့လုံချည်တွေကို ပြင်ချုပ်ပြီး ပါပါ ဝတ်ရတယ်။ ကွက်လုံချည်တွေ၊ အဆင်ရင့်ရင့်တွေပေါ့။
ကျောင်းရောက်တော့ ပါပါ ဒီ လုံချည်တွေ ဝတ်တော့ 'မင်းအဖေလုံချည် မင်းဝတ်လာပါလား' လို့ ပြောဆို နောက်ပြောင်ခြင်း ခံရပါတယ်။ အင်္ကျီကျပြန်တော့ ပါပါ့အဖေအင်္ကျီတွေကို ပြင်ချုပ်လို့မရတော့ ပါပါ့အတွက် အင်္ကျီချုပ် ရန်ဖျင်စတွေကို ရွာမှာ ဈေးဆိုင်လာဖွင့်တဲ့ တရုတ်ဆိုင်မှာ အမေက မျက်နှာငယ်နဲ့ အကြွေး သွားဝယ်ရတယ်။ ဟိုတုန်းက ဈေးပေါပြီး အလုပ်ကြမ်းသမားတွေဝတ်တဲ့ လှသိင်္ဂီ အမည်ရှိတဲ့ ဖျင်ကြမ်း နှင့် ကွက်ကြီး ကွက်ကြား ဖျင်တွေပဲရလို့ ဒါတွေပဲ ဝယ်ချုပ်ရတယ်။ ပါပါတို့ခေတ်တုန်းက ကွက်ကြီး ကွက်ကြား ဖျင်တွေဟာ ခေတ်မစားပါဘူး။ ပါပါ့အနေနဲ့ အကြွေးဝယ်လို့ရတဲ့ ဖျင်တွေကိုပဲ ချုပ်ဝတ်ရပါတယ်။
မိုးတဖြိုက်နှစ်ဖြိုက်ရွာပြီး လယ်ထဲမှာ ရေတွေဝင်လာတော့ ဖားတွေ ဆူဆူညံညံနဲ့ အော်နေတာပဲ။ ဒီတော့ ပါပါဟာ သူ့နွားကျောင်းသားအဖော်တွေနဲ့ မီးအုပ်ကိုယ်စီကိုင်ပြီး ဖားရိုက်ကြတယ်။ ပျော်စရာ လည်း ကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်လို့ ပါပါက ပြောပါတယ်။ ပျော်စရာကောင်း တာက အပေါင်းအဖော်များနဲ့ ဖားထွက်ရိုက်လို့ပဲ။ ကြောက်စရာကောင်းတာက မြွေတွေ ကင်းတွေပါပဲ။
ဖားရိုက်တဲ့အခါ တခါတလေ ဖားကို မြွေကိုက်ထားတာတွေတော့ ဖားရော မြွေပါရိုက်ရတဲ့အခါလည်း ရှိတယ်။ ရေနံဆီမီးအုပ်နဲ့ ထွက်ရိုက်ရတော့ လေတိုက်လို့ မီး ရုတ်တရက် သေသွားတဲ့အခါလည်း ရှိတယ်။ ဖားခုန်တဲ့အရှိန်ကြောင့် ရေဝင်လို့ မီးသေရတဲ့အခါလည်း ရှိတယ်။ မီးခြစ် အမြဲဆောင်ရတယ်။ မီးခြစ်က သစ်သားမီးခြစ်ပါ။ မိုးရွာတဲ့အခါနဲ့ ကြုံရင် မီးခြစ်ကို ခြစ်လို့မရတော့ဘူး။ ရေမစိုအောင် မီးခြစ် ထားဖို့ ဟိုတုန်းက ခုလို ပလတ်စတစ်အိတ်တွေ မပေါ်သေးပါဘူး။
အခုဖော်ပြသွားတဲ့ အဖြစ်အပျက်တွေဟာ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်လာတဲ့အခါ ပါပါ လုပ်ကိုင်ဆောင်ရွက်ရပြီး တွေ့ကြုံရတဲ့ ဘဝဖြစ်ပါတယ်။ သီတင်းကျွတ်ကျောင်းပိတ်လို့ အိမ်ပြန်ရောက် တဲ့အခါမှာတော့ နွေရာသီကျောင်းပိတ်ရက်များနှင့်မတူဘူး၊ ကျောင်းပိတ်ရက်လည်း နည်းတယ်။ ၁၅ ရက်ခန့်သာ ပိတ်တယ်။ အမေလုပ်ကိုင်ထားတဲ့ ခြံမှာ မနက်ခင်း ပေါင်းထိုးပေးတယ်။ ပေါင်းထိုးတယ် ဆိုတာ စိုက်ထားတဲ့သီးနှံပင်ကြားမှာ ပေါက်တဲ့မြက်ပင်တွေကို တူရွင်းနှင့်ထိုးပေး၊ ရှင်းပေးတာဖြစ် တယ်။ အပေါင်းအသင်း နွားကျောင်းသားတွေ နွားစာအတွက်မြက်ရိတ်တာတွေ့တော့ ပါပါလည်း မြက်ရိတ်တတ်အောင် မြက်ရိတ်တယ်။ စပါးပေါ်တဲ့အခါလည်း ပါပါ စပါးဝင်ရိတ်တာပဲ။ သိပ်အတတ် ကြီးတော့ မဟုတ်ပါဘူး။ သဘောတရား နားလည်ထားဖို့ပဲဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်းမှာ လယ်တောထဲမှာ ရေတွေရှိနေသေးတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်းမှာ လယ်တောထဲမှာ ရေတွေရှိနေသေးတယ်။ နွားကျောင်းသား အပေါင်း အသင်းတွေနဲ့ ပါပါ ငါးတွေ လိုက်ထောင်တယ်။ 'ယှက်သက်' ခေါ်တဲ့ ငါးဖမ်းကိရိယာနဲ့လည်း ငါးတွေ ကို လိုက်ဖမ်းတယ်။ 'မြှုံး' ခေါ်တဲ့ကိရိယာနဲ့လည်း ငါးတွေကို ထောင်ဖမ်းတယ်။
ပါပါ စိတ်အဝင်စားဆုံး ကတော့ လယ်နား ကန်သင်း (ကဇင်း) ပေါ်မှာ တွေ့တတ်တဲ့ ပုဇွန်လုံးတွင်း၊ ဂဏန်းတွင်းတွေနှိုက်တဲ့ အခါပဲ။ ပါပါ တခါ နှစ်ခါ နှိုက်ဖူးပါတယ်။ ကံဆိုးချင်တဲ့သူတွေကျတော့ မြွေတွေ နှိုက်မိတဲ့အခါလည်း ရှိတယ်။
ညဘက်ကျ ကျောင်းသင်ခန်းစာများဖတ်ရန် ပါပါ ကြိုးစားပါတယ်။ ခြင်ကိုက်လွန်းတဲ့အတွက် မဖတ် နိုင်ပါ။ ညအိပ်တဲ့အခါ ထောင်စရာ ခြင်ထောင်မရှိလို့ ခြင်မကိုက်အောင် အိမ်အောက်မှာ မီးမွှေးပြီး အိပ်ရပါတယ်။ တက်လာတဲ့ မီးခိုးအရှိန်ကြောင့် ခြင်များ လွင့်စင်ကုန်ပါတယ်။ မီးခိုးကို ရှူရှိုက်ရင်း ပါပါတို့မိသားစုတွေ အိပ်ကြရပါတယ်။
မအိပ်မီ တခါတလေ ပါပါ့အမေက ပါပါ့ကို တောမှာနေပြီး နေထိုင်စားသောက်ရတဲ့အကြောင်းကို ပြောပြပါတယ်။ ပါပါ့ အဖေဆုံးပြီးနောက် လူမလေး ခွေးမခန့် ခံရတဲ့အကြောင်းတွေလည်း ပြောပြပါ တယ်။ အိမ်အောက်မှာ မွေးထားတဲ့ ကြက်ဘဲတွေလည်း ရွာက ဘိန်းစားသူခိုးတွေ ပြောင်လာခိုးတဲ့ အကြောင်း၊ ပါပါ့အမေ နိုးရက်နဲ့ ပြောင်ယူသွားတဲ့အကြောင်း ပါပါ့ အမေက ပါပါ့ကို ပြောပြတယ်။ ပါပါ့အမေက ဝမ်းနည်းစကားတွေပြောတော့ ဘဝဆိုတာ ဒီလိုချည်း ဆင်းရဲနေမှာ မဟုတ်ဘူး။ ပြန်ကောင်းစားတဲ့အခါလည်းရှိမှာပဲဆိုပြီး ပါပါက ပါပါ့အမေကို အားပေး စကားပြောရပါတယ်။ (ပါပါဝန်ကြီး ဖြစ်တယ်။ သမ္မတဖြစ်စဉ် ပါပါ့အမေကို ပါပါ ခေါ်ထားပါတယ်။)
၁၉၃၃ ခု မတ်လ ဖြစ်ပါတယ်။ ပါပါတို့ ဆယ်တန်း အစိုးရစာမေးပွဲ ဝင်ဖြေရမယ့်လ ဖြစ်ပါတယ်။ ပါပါ ဆယ်တန်း စာမေးပွဲဝင်မဖြေမီ သုံးလေးလအလိုမှာပင် ပါပါကျောင်းနေဘက် သူငယ်ချင်း ဦးဝီ(လ) ဆင်သိန်းအိမ်မှာ စာသွားဖတ်ပါတယ်။ (ယခု အကောက်တော်ဌာန လက်ထောက်မင်းကြီး အငြိမ်းစား ဦးဝီ(လ) ဆင်သိန်းတို့အဖေ) အမေဟာ ကျောင်းဝင်းထဲမှာရှိတဲ့ အိမ်တအိမ်မှာ နေကြတယ်။
စာမေးပွဲ ဖြေဆိုတဲ့ရက်များအတွင်း ဆယ်တန်းအောင် ကျောင်းသူကျောင်းသားတွေကို ထမင်းကောင်း၊ ဟင်းကောင်း ကျွေးရမယ်ဆိုပြီး ကျောင်းအုပ်ကြီးက ဘော်ဒါအုပ်ကို ညွှန်ကြားပါတယ်။ စားနေကြ မနက်ဘက် ထမင်း၊ ငါးပိရည်နှင့်တို့စရာ၊ ညနေဘက် ထမင်းနဲ့ ပဲဟင်းနဲ့စာလျှင် စာမေးပွဲအတွင်း စာသောက်ရတဲ့ ထမင်း ဟင်းတွေဟာ ပိုကောင်းပါတယ်။
စာမေးပွဲလည်းဖြေဆိုပြီးပြီ၊ ကျောင်းလည်ဲးပိတ်ပြီ၊ သို့သော် ပါပါ ရွာမပြန်ဘဲ ကျောင်းအုပ်ကြီးအိမ်မှာပဲ နေရစ်ခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက ဦးရွှေတော ဖြစ်ပါတယ်။ (ယခု ရာထူး ဝန်အငြိမ်းစား) ပါပါတို့ အင်္ဂလိပ်ခေတ်တုန်းက 'ချက်ထိုး၊ မောင်း၊ နင်း အလုပ်' ဆိုတဲ့ ဝေါဟာရ စကားပေါ်ခဲ့ပါတယ်။
အင်္ဂလိပ် အရာရှိများအိမ်မှာ ထမင်းချက် သပ်သပ်တယောက်၊ စားပွဲထိုး သပ်သပ်တယောက်၊ ကားမောင်းတဲ့ လူသပ်သပ်တယောက်၊ ငှားရမ်းပြီး ခိုင်းပါတယ်။ မြန်မာအရာရှိများအိမ်နှင့် အထက်တန်းလွှာအိမ်များမှာတော့ ငှားရမ်းထားတဲ့ လူတယောက်ကိုပဲ ထမင်းချက်ခိုင်းတယ်၊ စားပွဲထိုးခိုင်းတယ်၊ ကားမောင်း ခိုင်းတယ်။ ညဆိုလည်း အညောင်းအညာ ဖြေနင်းခိုင်းနယ်။ ဒါကြောင့် 'ချက်ထိုး၊ မောင်း၊ နင်း အလုပ်' ဆိုတဲ့ ဝေါဟာရစကား ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီး အိမ်မှာ ပါပါနေတာ ချက်ထိုး အလုပ်ပဲ လုပ်ရပါတယ်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မန်းဝင်းမောင်အထ္ထုပတ္တိ အပိုင်း(၂)
Sunday, January 11, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment