စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မန်းဝင်းမောင်အထ္ထုပတ္တိ အပိုင်း(၃)

Sunday, January 11, 2009

မှတ်စုမှတ်တမ်း

ဇန်န၀ါရီ ၁၁၊ ၂၀၀၈

ကောလိပ်မှာနေစဉ်


၁၉၃၃ ခု၊ ဧပြီလမှာ ဆယ်တန်းစာမေးပွဲအောင်စာရင်း ထွက်လာပါတယ်။ ပါပါ အောင်ပါတယ်။ ပါပါ့ သူငယ်ချင်း ဦးဝီ(လ) ဆင်သိန်းလည်း အောင်ပါတယ်။ ဦးဝီ(လ)ဆင်သိန်းကို သူ့မိဘများက သူ့ကို ကောလိပ် ဆက်ထားမယ်ဖြစ်လို့ ရန်ကုန်မြို့၊ ဂျပ်ဆင်ကောလိပ်ကို သူက ကောလိပ်ဝင်ခွင့်လျှောက် လွှာ လှမ်းရေးတောင်းတယ်။

ပါပါခေတ်တုန်းက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရအထိသင်တဲ့ ကောလိပ်ဟာ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်၊ သွားတာလည်း နီးစပ်ရာသဘောမျိုးလည်းရှိတယ်။ စရိတ်စကပေါ်မှာလည်း တည်ပါတယ်။ ဂျပ်ဆင် ကော်လိပ်ဟာ အမေရိကန်သာသနာပြုအဖွဲ့က ဖွင့်လှစ်ထားတဲ့ ကောလိပ်ဖြစ်လို့ အမေရိကန် သာသနာပြုကျောင်းမှာ ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေဟာ များသောအားဖြင့် ဂျပ်ဆင်ကောလိပ်ကို သွားကြပါတယ်။

စရိတ်စကအနေနဲ့ ကြည့်မယ်ဆိုလျှင် ယူနီဗာစီတီမှာ ဘော်ဒါဆောင်ခ တလ ၂၅ ကျပ်ပေး ရပါတယ်။ ဂျပ်ဆင်မှာတော့ တလ ၂ဝ ကျပ်ပဲ ပေးရတယ်။ အထွေထွေစရိတ်ကျတော့ ယူနီဗာစီတီက ပိုကုန်ပါ တယ်။ ဥပမာပြောရလျှင် တန်ဆောင်တိုင်မီးထွန်းပွဲမှာ ယူနီဗာစီတီကောလိပ်အဆောင်တွေမှာ မီးထွန်းပွဲ တခမ်းတနားလုပ်တဲ့အပြင် အငြိမ့်တွေသွင်းပြီး တခြိမ့်ခြိမ့် ကတယ်။

အဲဒီအချိန်မှာ ယူနီဗာစီတီကောလိပ်ဟာ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ဘော်လုံးကွင်းမှာ ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ ဘောလုံးပွဲနိုင်တဲ့အခါ အောင်ပွဲခံ အငြိမ့်သွင်းနဲ့ ဆူနေတာပဲ။ အဲဒီလို ကုန်ကျတဲ့စရိတ်တွေဟာ ကျောင်းသားတွေစုခံရတာပါ။ ဂျပ်ဆင်ကောလိပ်မှာတော့ ဒါမျိုးမရှိဘူး။ ယူနီဗာစီတီကောလိပ်မှာ အစိုးရအရာရှိကြီးများ အနေများပါတယ်။

ဦးဝီ(လ)ဆင်သိန်း ရေးတောင်းတဲ့ ကောလိပ်ဝင်ခွင့် လျှောက်လွှာဟာ မကြာမီ ရောက်လာပါတယ်။ ပါပါလည်း ဆယ်တန်းသာ အောင်တယ်။ ဘာလုပ်ရမှန်း မသိဘူး။ ဆယ်တန်း အောင်တဲ့လူတွေ ကောလိပ်သွားဖို့ ပြင်ဆင်ကျတော့ ပါပါလည်း သွားချင်တာပဲ။ အဲဒီအချိန်မှာ ကျောင်းအုပ်ကြီး ဦးရွှေတောက ပါပါကို ဘာပြောသလဲဆိုတော့ ဂျပ်ဆင်ကောလိပ်မှာ မရှိဆင်းရဲတဲ့ကျောင်းသားတွေကို တလ ၂ဝ ကျပ် ထောက်ပံ့တဲ့စနစ်ရှိတယ်။ အဲဒီထောက်ပံ့ကြေးနဲ့ရတဲ့ ကောလိပ်ကျောင်းသားတွေဟာ ကျောင်းအုပ်ကြီးခိုင်းတဲ့အလုပ်တွေကို လုပ်ရတယ်။ အဲဒီထောက်ပံ့ကြေးကို ပါပါလိုချင်လျှင် သူလျှောက်ပေးမယ့်အကြောင်း၊ ကျောင်းအုပ်ကြီး ဦးရွှေတောက ပါပါ့ကို ပြောပါတယ်။

ဂျပ်ဆင်ကောလိပ်မှ တလထောက်ပံ့ကြေး ၂ဝ ကျော်ရရင် ပါပါ့အတွက် ဘော်ဒါစရိတ်တော့ ကျေမှာပဲ။ ကျောင်းလခ၊ စာအုပ်ဖိုး၊ မုန့်ပဲသွားရည်စာဖိုး အစရှိသည်တို့လည်း လိုဦးမယ်။ အဲဒီတုန်းက ကျောင်း လခ တလ ၁၂ ကျပ် ဖြစ်ပါတယ်။ ပါပါဆယ်တန်းအောင်တဲ့နှစ်မှာ ပါပါ့ အစ်မကြီးလည်း မော်လမြိုင် အမေရိကန်ဆေးရုံမှာ သူနာပြုဆရာမသင်တန်း အောင်မြင်ပြီး ယင်းဆေးရုံမှာပင် သူနာပြုဆရာမ အလုပ်ပြန်ရပါတယ်။ ပါပါ့အစ်မကြီးက ပါပါ့ကို တလ ကျပ် ၂၀ ထောက်ပံ့နိုင်မယ်ဖြစ်တော့ ကျောင်း အုပ်ကြီး ဦးရွှေတောပြောတဲ့ ဂျပ်ဆင်ကောလိပ်မှ တလ ၂၀ ကျပ်ထောက်ပံ့ကြေးကို လျှောက်ပေးဖို့ ကျောင်းအုပ်ကြီးကို ပါပါက မေတ္တာာရပ်ခံပါတယ်။

ကျောင်းအုပ်ကြီး ဦးရွှေတောလျှောက်ပေးလို့ ဂျပ်ဆင်ကောလိပ်မှ ပါပါ ထောက်ပံ့ကြေး တလ ၂၀် ရတယ်။ ပါပါ့အစ်မကြီးကလည်း ပါပါ့ကို တလ ၂၀ ထောက်မယ်ဖြစ်တော့ ပါပါလည်း ကောလိပ် သွားမယ့် တခြားကျောင်းသားများနည်းတူ ကောလိပ်ဖွင့်ရက်ကို စောင့်မျှော်နေတယ်။

ဂျပ်ဆင်ကောလိပ်ဟာ ကျောင်းသူ၊ ကျောင်းသား သစ်လွင်များအတွက် ဇွန်လ ပထမပတ်မှာ ဖွင့်လှစ် မယ်ဖြစ်ပါတယ်။ ကောလိပ်ကျောင်းမသွားမီ ပါပါရွာပြန်ပြီး ပါပါ့အမေကို ကန်တော့နှုတ်ဆက်ပါတယ်။

ကောလိပ်ကျောင်းဖွင့်တော့ အပေါင်းအဖော်များနှင့်အတူ ပုသိမ်မှနေ ရန်ကုန်သို့ မီးသင်္ဘောနှင့် သွားကြတယ်။ ပါပါအနေနဲ့ တခါမှ ရန်ကုန်မရောက်ဖူးဘူး။ ယခု ကောလိပ်သွားမှပဲ ရန်ကုန်ကို ရောက်သွားတယ်။ ဧရာဝတီ မီးသင်္ဘောဟာ ပုသိမ်မှ မွန်းလွဲ ၂း၃ဝ အချိန်မှာ ထွက်တယ်။ တညလုံး မောင်းပြီး တွံတေးတူးမြောင်းထဲကို မိုးလင်းတော့ ရောက်လာတယ်။ တူးမြောင်းထဲမှာ သင်္ဘောဖြည်းဖြည်းပဲ ခုတ်မောင်းတယ်။ ရန်ကုန် မော်တင်ဆိပ်ကမ်းကို နံနက် ၈ နာရီအချိန်မှာ ဆိုက်ကပ်တယ်။

မော်တင်ဆိပ်ကမ်းကနေပြီး ဂျပ်ဆင်ကောလိပ်သို့ အဖော်များနှင့်အတူ သွားကြတယ်။ လမ်းမှာ တိုက်တာ အဆောက်အအုံတွေ၊ မော်တော်ကားကြီး ဓာတ်ရထားတွေကို ပါပါတွေ့ရတော့ ပါပါ့အတွက် အသစ်အဆန်းတွေချည်း ဖြစ်နေတယ်။

ဂျပ်ဆင်ကောလိပ်ရောက်တော့ ပါပါနေရမယ့်အဆောင်ကို သွားတယ်။ အဆောင်ကတော့ တပ်လိန်တာဆောင် ဖြစ်ပါတယ်။ (ယခု ?) ဂျပ်ဆင်ကောလိပ်မှာ ယောက်ျားနေဖို့ အဆောင် ၂ ဆောင်နဲ့ မိန်းမနေဖို့ အဆောင် တဆောင်ပဲရှိတယ်။ ယောက်ျား အဆောင်က 'တယ်လိန်တာ' အပြင် နော့ဆောင် (ယခု ?) ဖြစ်ပါတယ်။ တယ်လိန်တာဆောင်မှာ ပါပါနေရတဲ့အခန်း နံပါတ်က ၃၆ ဖြစ်ပါ တယ်။ ဟိုတုန်းက ဘော်ဒါဆောင်မှာ တယောက်ခန်း၊ နှစ်ယောက်ခန်း လို့ ရှိတယ်။ ပါပါနေတဲ့အခန်းက တယောက်ခန်းပဲ။

နောက်နေ့ မောင်မယ်သစ်လွင်တွေဟာ ဂျပ်ဆင်ကောလိပ်ခန်းမဆောင်ကို သွားကြရတယ်။ ကောလိပ်ကျောင်းအုပ်ကြီးက မောင်မယ်သစ်လွင်တွေကို နှုတ်ဆက်သြဝါဒစကား ပြောတယ်။ ကောလိပ်ကျောင်းအုပ်ကြီးဟာ အမေရိကန်လူမျိုးဖြစ်ပြီး နာမည်က မစ္စတာ ဂျူရီဖြစ်ပါတယ်။ နောက် ကျောင်းဆရာတယောက်က ကောလိပ်မှာသင်ကြားတဲ့ ဘာသာရပ်များနဲ့ ဘာသာတွဲအကြောင်းများကို ရှင်းပြတယ်။ ၎င်းနောက် စာသင်ခန်းများကို လိုက်လံ ပြသတယ်။ မောင်မယ်သစ်လွင်တွေဟာ များသောအားဖြင့် ကောလိပ်မရောက်မီကပင် မည်သည့်ဘာသာတွဲယူမယ်ဆိုတာ စိတ်ကူးဆုံးဖြတ် လာကြပါတယ်။ ပါပါကတော့ ရာဇဝင် ဘာသာ၊ ဘောဂဗေဒဘာသာနှင့် စိတ္တဗေဒဘာသာတွဲကို ယူတယ်။ ပါပါတို့ခေတ်တုန်းက ကောလိပ်ပညာရေးစနစ်ဟာ ပထမနှစ်နှစ်မှာ ဥပစာတန်းမှာသင်ပြီး အောင်ပြီးမှ ဝိဇ္ဇာ သို့မဟုတ် သိပ္ပံတန်းသို့ တက်သင်ရတယ်။ ဝိဇ္ဇာ/သိပ္ပံတန်းလည်း နှစ်နှစ်ပဲ။

မောင်မောင်သစ်လွင်တွေကို မနက်ပိုင်းမှာ ကောလိပ်ကျောင်းမှာ ပြောစရာတွေ၊ ညွှန်ကြားစရာတွေ ပြောပြီး နေ့လယ်ထမင်းစားပြီးချိန်မှာ မြို့ထဲကို အာ(ရ်)အီတီ ဘတ်(စ)ကားကြီးတွေနဲ့ လိုက်လံပြ တယ်။ တမြို့လုံး နှံ့လို့ပဲ။ ပါပါအတွက်တော့ အကုန် အသစ်အဆန်းပဲ။ တောသားမြို့ရောက်တဲ့ သဘောပဲ။

လမ်းမတော်သစ်ဈေးရောက်တော့ သံဈေးနဲ့မျက်နှာချင်းဆိုင်နေရာတနေရာမှာ တရုတ် အပေါင်ဆိုင်ရှိတယ်။ တရုတ်စာနဲ့ ခံ့ခံ့ညားညား ရေးထားတယ်။ ပါပါတို့နဲ့အတူပါလာတဲ့ ရှမ်းပြည်က ကျောင်းသားတယောက်က ဒီ အပေါင်ဆိုင်ကိုတွေ့တော့ လက်ညှိုးထိုးပြီး 'ဟိုမှာ ကြည့်ထားကြ၊ ကြည့်ထားကြ၊ ဒါတို့နောက် အဖော်လုပ်ရမယ့် ဆိုင်' ဆိုပြီးပြောတော့ ကျန်ကျောင်းသားတွေက ပြုံးကြတယ်။

မောင်မယ်သစ်လွင်နေ့များဟာ တပတ်ထဲကြာပါတယ်။ နောက်ကျောင်းသားကြီးတွေ ပြန်ရောက်ပြီး ကောလိပ်ကျောင်း ဖွင့်ပါတယ်။ ပါပါတို့ခေတ်တုန်းက ကျောင်းတက်တဲ့အခါ တိုက်ပုံအပေါ်ခံအင်္ကျီ ဝတ်ဆင်တက်ရပါတယ်။ ရှပ်အင်္ကျီက အင်္ဂလိပ် ကော်လာအင်္ကျီ မဟုတ်ပါ။ ဗမာကော်လာပါ။ ထမင်းစားခန်းမှာ ထမင်းစားသွားတော့ အပေါ်အင်္ကျီဝတ်သွား ရပါတယ်။ မြို့ထဲသွားတဲ့အခါလည်း အပေါ်အင်္ကျီဝတ်သွားတယ်။ ဒါကြောင့် ပါပါတို့ခေတ်တုန်းက ပြောစမှတ်ရှိတာက ကောလိပ်ကျောင်းသားတွေ မြို့ထဲလာရင် ကောလိပ်ကျောင်းသားမှန်း သိတယ်လို့ ပြောကြတယ်။


ဂျပ်ဆင်ကောလိပ်မှာ ပါပါလို ထောက်ပံ့ကြေးယူပြီး ကျောင်းနေတဲ့ကျောင်းသားတွေ ရှိတယ်။ ထောက်ပံ့ကြေးယူတဲ့ ကျောင်းသားတွေ လုပ်ရတဲ့အလုပ်တွေဟာ စာကြည့်တိုက်မှာ စာအုပ်လာငှား တဲ့ကျောင်းသားတွေကို စာအုပ် ထုတ်ပေးရတယ်။ ကျောင်းခေါ်ကြိမ်ပေါင်းစာရင်း စာအုပ်များကို တလတခါ ကြည့်ရှုစစ်ဆေးပြီး ကျောင်းခေါ်ကြိမ်ပေါင်း မပြည့်တဲ့ကျောင်းသားနာမည်တွေကို ကျောင်းအုပ်ကြီးထံ တင်ပြရတယ်။ ကျောင်းသားများအတွက် စာတိုက်မှ ရောက်လာတဲ့စာများကို ဝေငှပေးရတယ်။ ထမင်းစားရုံကို ကြည့်ရှုစီမံခန့်ခွဲရတယ်။ စားပွဲထိုးပေးတဲ့ အလုပ်လည်း ပါဝင်ပါတယ်။ ဒီအလုပ်တွေကို ကျောင်းအုပ်ကြီးက ထောက်ပံ့ကြေးယူတဲ့ ကျောင်းသားတွေကို ခွဲဝေပေးတယ်။

ပါပါတို့ကျောင်းနေတဲ့ခေတ်တုန်းကဆိုလျှင် မြို့ထဲမှာ ပြေးဆွဲနေတဲ့ကားတွေဟာ အာ(ရ်)အီတီ ကုမ္ပဏီ ပိုင် ဘတ်(စ)ကားနှင့် အရပ်သားပိုင် ဘတ်(စ) ကားရှိတယ်။ အာ(ရ်)အီတီ ပိုင် ကားတွေပြေးဆွဲတဲ့ ကားလိုင်းဆိုရင် လိုင်းအလိုက် ခွဲခြားသိနိုင်ရန် ကားရှေ့အပေါ်မှာ တံဆိပ် တပ်ပေးတယ်။ သိမ်ကြီးဈေးမှာဂိတ်ထိုးပြီး အင်းစိန်ပြေးဆွဲတဲ့ကားဆိုရင် မြင်းခေါင်းတံဆိပ်၊ မင်္ဂလာဒုံဆိုလျှင် လေယာဉ်ပျံတံဆိပ်၊ ကောလိပ်ကျောင်းဆိုလျှင် နဂါးတံဆိပ် အစရှိသည်တို့ဖြစ်တယ်။ နဂါးတံဆိပ် ဘတ်(စ)ကား စီးတဲ့ခရီးသည်ဆိုလျှင် ကောလိပ်ကျောင်းသား များပါတယ်။

ပိုက်ဆံတတ်နိုင်တဲ့ကျောင်းသားတွေက တပတ်တခါလောက် အနည်းဆုံး မြို့ထဲသွားကြတယ်။ ပါပါကျတော့ တလမှတခါ သွားနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တော့တမတ်တန်းမှာပဲ ကြည့်နိုင်ပါတယ်။ ပါပါတို့ခေတ်တုန်းက တမတ် ၂၅ ပြားတန်းဟာ ရှေ့ဆုံးကဖြစ်ပြီး အဖိုးအနည်းဆုံးအတန်း ဖြစ်တယ်။

ပါပါဥပစာတန်းမှာ ဘောဂဗေဒဘာသာယူထားလို့ လက်တွေ့လေ့လာရေး ခရီးထွက်ရတာရှိတယ်။ အဲဒီတုန်းက ကမာရွတ်မှာ ထီးလုပ်ငန်းနှင့် ဆပ်ပြာချက်လုပ်ငန်းလုပ်တဲ့ အီစီမဒါး ကုမ္ပဏီ အလုပ်ရုံရှိတယ်။ (ယခု ပြည်သူပိုင်သိမ်း) ဆပ်ပြာချက်တဲ့ လုပ်ငန်းနှင့် ထီးလုပ်ငန်းတွေ လေ့လာရန် ပါပါတို့ ဘောဂဗေဒဘာသာယူတဲ့ ကျောင်းသားတွေ သွားကြတယ်။

စက်ရုံမန်နေဂျာက ဆပ်ပြာချက် ပုံချက်နည်း အစက အဆုံး လိုက်လံပြသတယ်။ နောက်ထီးလုပ်ငန်းကို လည်း လိုက်လံပြသတယ်။ အဲဒီလိုလေ့လာကြည့်ရှုပြီး ကောလိပ်ကျောင်းပြန်ရောက်တော့ အစီရင်ခံ စာရေးပြီး ဆရာ့ဆီ တင်ပြရတယ်။ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။


မှော်ဘီအစိုးရ စိုက်ပျိုးရေးဥယျာဉ်ကိုလည်း သွားပြီး လေ့လာရပါတယ်။ စမ်းသပ်စပါးပင်များဖြစ်လို့ မျိုးမတူတဲ့စပါးပင်မှ ဝတ်ဆံမကူးအောင် အိတ်စွပ်ထားရခြင်းဖြစ်ကြောင်း၊ အကယ်၍ ဝတ်ဆံကူးလျှင် မျိုးသန့်မဖြစ်နိုင်တော့ကြောင်း စိုက်ပျိုးရေး အရာရှိက ပြောပြပါတယ်။ ၎င်းပြင် ဘဏ်နှင့်ပတ်သက်တဲ့လုပ်ငန်းတွေလည်း သွား ရောက်လေ့လာရပါတယ်။ မွန်းလွဲပိုင်းအချိန်မှာ သွားရပါတယ်။

မွန်းလွဲပိုင်းသွားရခြင်းအကြောင်းမှာ ထိုစဉ်က ဘဏ်တွေ လေး ငါး ဘဏ်ထက် မနည်းရှိပါတယ်။ တဘဏ်နှင့် တဘဏ်စာရင်း အပြောင်းအလွှဲကို မွန်းလွဲပိုင်းမှာ လုပ်ကြပါတယ်။ စာရင်းအပြောင်း အလွှဲလုပ်စဉ် ပါပါတို့သွားရောက်ကြည့်ရှုလေ့လာခြင်း ဖြစ်ပါတယ်။

စာရင်းအပြောင်းအလွှဲလုပ်တဲ့နေရာကို ( ) လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ စာရင်းအပြောင်းအလွှဲ လုပ်ငန်းကြည့်ရှုလေ့လာပြီး ပါပါတို့ အစိုးရဘဏ်ကို သွားကြတယ်။ အင်္ဂလိပ်လို () လို့ ခေါ်ပါတယ်။ တိုင်းပြည်မှာအသုံးပြုတဲ့ငွေ စက္ကူကိုထုတ်ပေးတဲ့ ဘဏ်ဖြစ်ပါတယ်။ ငွေစက္ကူသစ်မထုတ်ပေးမီ ငွေ စက္ကူဟောင်းများကို မီးရှို့ပစ်ပါတယ်။

ပါပါတို့ရောက်တဲ့အချိန်မှာ ငွေစက္ကူဟောင်းတွေ မီးစတင်ရှို့ပစ်တဲ့ အချိန်ဖြစ်ပါတယ်။ ငွေစက္ကူဟောင်းတွေကို မီးမရှို့မီ နံပါတ်ရှိတဲ့နေရာကို စက္ကူဖောက်ကိရိယာနှင့် ဖောက်ပစ်ပါတယ်။ မီးလောင်နေတဲ့စက္ကူတွေကို ဘဏ်မန်နေဂျာက ပါပါတို့ကိုပြရင်း ဘာပြောသလဲ ဆိုတော့ 'မင်းတို့လာမယ်မှန်း ငါ မသိဘူး၊ သိရင် ဘယ်ဒီငွေစက္ကူတွေ မီးရှို့ပစ်မှာလဲ မင်းတို့ကို ပေး မှာပေါ့' ဆိုပြီး ရယ်စရာ ပြောပါတယ်။


ဂျပ်ဆင်ကောလိပ်မှာ ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ဆိုတာ ရှိတယ်။ အစိုးရနှင့် မပတ်သက်ပါဘူး။ စေတနာ့ ဝန်ထမ်း အလုပ်သက်သက်ဖြစ်ပြီး ကျောင်းဆရာတချို့က ဦးစီးခေါင်းဆောင်တဲ့ အလုပ်ဖြစ်တယ်။ ကျေးရွာသွားပြီး ကျေးရွာသန့်ရှင်းရေး၊ ရွာသူရွာသားများ ကျန်းမာရေး အစရှိတဲ့ လူမှုဝန်ထမ်းလုပ်ငန်း တွေကို ဆောင်ရွက်ရပါတယ်။ အားတဲ့နေ့ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ သွားရပါတယ်။ ရွာများကတော့ ရန်ကုန်နှင့် အင်းစိန်အနီးအနား ရွာများဖြစ်ပါတယ်။ ပါပါလည်း အဖော်ကောင်းလို့ သုံးလေးခါ သွားဖူးပါ တယ်။

ပါပါ ဥပစာတန်းအောင်ပြီး ဝိဇ္ဇာတန်း (ဘီအေ) ရောက်တော့ အင်္ဂလိပ်စာပေ ခေတ်ရာဇဝင်နှင့် နိုင်ငံရေး သိပ္ပံဘာသာတွဲ ယူပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာကို ဂျပ်ဆင်ကောလိပ်မှာ သင်ကြားမယ့် ဆရာ မရှိတော့ ဆရာက အင်္ဂလိပ်လူမျိုး ပါမောက္ခဘရွတ် ဖြစ်ပါတယ်။

ပါပါတက္ကသိုလ်ကောလိပ်ဘက်မှာသွားရောက်ပြီး စာသင်ကြားရတဲ့အတွက် တက္ကသိုလ်ကျောင်းသား တချို့နဲ့သိကျွမ်းခဲ့ရပါတယ်။ သိကျွမ်းခဲ့တဲ့ ကျောင်းသားတချို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ခဲ့ပါ တယ်။ တက္ကသိုလ်ကျောင်းသားတချို့နဲ့သိလို့ တန်ဆောင်တိုင်မီးထွန်းပွဲလုပ်ပြီး အငြိမ့်သွင်းတဲ့အခါ၊ ဘောလုံးပွဲ ဖလားရလို့ အောင်ပွဲခံပြီး အငြိမ့်သွင်းတဲ့အခါ ပါပါ့ကို အမြဲဖိတ်ပါတယ်။ ပါပါလည်း အလကားကြည့်ရတဲ့ပွဲတွေဖြစ်လို့ မလွတ်တန်း သွားပါတယ်။

တက္ကသိုလ်ကောလိပ်မှာ အရှေ့ပိုင်းဆိုင်ရာ၊ ရာဇဝင်ပါမောက္ခ မစ္စုလူး(စ) ဆိုတာရှိပါတယ်။ သူက ဗမာပြည်မှာရှိတဲ့ လူမျိုးစုတွေရဲ့ဘာသာစကားတွေကို လေ့လာသုတေသန လုပ်ပါတယ်။ အဲဒီလို လေ့လာသုတေသနလုပ်တဲ့အခါ တယောက်က မော်လမြိုင်ဘက်မှ မွန်ကရင်ဖြစ်ပြီး တယောက်က မြစ်ဝကျွန်းပေါ်ဘက်မှ မွန် ကရင် ကို အလိုရှိကြောင်း ပါမောက္ခလူး(စ)က ဂျပ်ဆင်ကောလိပ် ကရင် အမျိုးသား ဆရာ ဂျွန်ဆင်ခန့်ကြီး အား ပြောပါတယ်။


ဆရာ ဂျွန်ဆင်ခန့်ကြီးက မော်လမြိုင်ဘက်က စောဂစ်(ပ)ဆင်နှင့် မြစ်ဝကျွန်းပေါ်ဘက်မှ ပါပါ့ကို တာဝန်ပေးပါတယ်။ (ပါပါဟာ ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်းမှာနေစဉ် မွန် ကရင်ဘာသာ စကားကို ကောင်းမွန်စွာ ရေးပြောဖတ်တတ်ပါ တယ်။ ၎င်းပြင် ပါပါ့အဖေဟာ မွန်ကရင်လူမျိုးဖြစ်ပြီး ပါပါနေထိုင်ကြီးပြင်းလာတဲ့ လှဲဆိပ်ရွာ ကရင်ပိုင် ဟာ မွန် ကရင် လူမျိုး တွေနေထိုင်ကြပါတယ်။)

စောဂစ်(ပ)ဆင်နှင့် ပါပါ စနေနေ့ မွန်းလွဲပိုင်းမှာ ပါမောက္ခလူး(စ) ထံသွားပြီး သူသိချင်တဲ့ ဝတ္ထုပစ္စည်း အမည်၊ သစ်ပင် သစ်သီး၊ သီးနှံအမည် အစရှိ သည်တို့ကို မွန် ကရင်ဘာသာနှင့် ဘယ်လိုခေါ်ကြောင်း အသံနေအသံထားနဲ့ ပါပါတို့က ခေါ်ပြပါတယ်။ စကားလုံးများရဲ့အသံကို သူရေးမှတ်သားတဲ့အပြင် ခြားနားချက်အသံများကိုလည်း ရေးမှတ်သားပါတယ်။ ဒီလိုနဲ့ စနေနေ့ မွန်းလွဲတိုင်း ၂ လကြာ မစ္စတာလူး(စ)ထံ သွားရပါတယ်။

ပါမောက္ခလူး(စ)နှင့်လုပ်ပြီးတော့ သူက စောဂစ်(ပ)ဆင်နှင့် ပါပါတို့ကို တယောက် ငွေ ၂၀ ပေး သုံးပါ တယ်။ ပါပါအတွက် ငွေ ၂၀ ရတော့ ထီပေါက်သလိုဖြစ်သွားတယ်။ ပါပါ့အနေနဲ့ ကောလိပ်မှာနေတာ တလကို ၈ ကျပ်ပဲ သုံးရပါတယ်။ အဲဒီ ၈ ကျပ်ထဲမှာ လက်ဖက်ရည်ဖိုး၊ ဒိုဘီဖိုး၊ ဆံပင်ညှပ်ခ၊ ဆပ်ပြာ ခေါင်းလိမ်းဆီ အစရှိသည်တို့ အဖိုး ပါဝင်ပါတယ်။

ဒါကြောင့် ငွေ ၂၀ ရတော့ ထီပေါက်သလိုဖြစ်ပါတယ်။ ပါပါ ဒီငွေ ၂၀ ရတော့ ရှပ်အင်္ကျီဝယ်ဝတ်တယ်။ ပလေကပ်လုံချည် ဝယ်ဝတ်တယ်။ ဟိုတုန်းက ရှပ်အင်္ကျီအကောင်းစားတထည်မှ လေး ငါး ကျပ် ပေးရ တယ်။ ပလေကပ်လုံချည် အကောင်းစား ခရုတံဆိပ်၊ ကုလားအုပ်တံဆိပ်ဟာ တထည်မှ ငါးမတ် တကျပ်ခွဲပေးရပါတယ်။ ပါပါတို့ခေတ်တုန်းက တတ်နိုင်တဲ့ကျောင်းသားတွေကျတော့ အပေါ်ခံအင်္ကျီ ဆိုလျှင် ငါးရာ ငါးဆယ်၊ ရှစ်ရာ ရှစ်ဆယ် ခေါ်တဲ့ ဂျပန်ပိုးဖျင်နဲ့ ချုပ်ဝတ်တာများပါတယ်။

အာလပတ်ကား ခေါ် အရောင်နည်းနည်းတောက်တဲ့ ဖျင်နက်နဲပလဲ ချုပ်ဝတ်တာ များပါတယ်။ အစီး များတဲ့ ဖိနပ်ကတော့ နောက်ပိတ်သားရေပြောင်တဝက် ဖိနပ်များ ဖြစ်ပါတယ်။ ဒီဝတ်စား ဆင်ယင်မှု ဟာ ကောလိပ်ကျောင်းသားရဲ့ အမှတ်အသားလို ဖြစ်နေတယ်။ ပါပါ့အနေနဲ့ ဒီလိုအမှတ်အသား ဝတ်စားဆင်ယင်မှုကို မဝတ်ခဲ့ရပါဘူး။

ပါပါ ဝိဇ္ဇာတန်းမှာ စာသင်နေတုန်း ဂျပ်ဆင်ကောလိပ်ကို ကျောင်းသားကြီး တယောက်ရောက်လာပါ တယ်။ ဘီအေ (ဝိဇ္ဇာ)အထက်တန်း ကျောင်းသားအဖြစ် ရောက်လာပါတယ်။ ဂျပ်ဆင်ကောလိပ်မှာ နေခဲ့ဖူးတဲ့ ကျောင်းသားလား၊ ဒါမှမဟုတ် တက္ကသိုလ် ကောလိပ်မှ ပြောင်းလာတဲ့ ကျောင်းသားလား ဆိုတာ ပါပါ ကောင်းကောင်း မမှတ်မိပါ။ ပင်နီ၊ ပင်ဖြူအင်္ကျီ အမြဲဝတ်တာကိုတော့ ပါပါကောင်းကောင်း မှတ်မိပါတယ်။

အဲဒီလူဟာ တခြားလူ မဟုတ်ပါဘူး။ နောက်ပိုင်း ဗမာပြည်နိုင်ငံရေးလောကမှာ ပေါ်လွင် ထင်ရှားလာ တဲ့ သခင်ဗစိန် ဖြစ်ပါတယ်။ ဂျပ်ဆင်ကောလိပ်မှာ ကျောင်းသားများ အဆောင်နှစ်ဆောင် ပေါင်းပြီး အဆောင်နေရာများကို ကျောင်းသားကြီးများက လုပ်လိုကြတယ်။ အသင်းဥက္ကဋ္ဌနေရာနှင့် အမှုဆောင်နေရာ ရွေးကောက်ပွဲပြုလုပ်တဲ့အခါ အကြိတ်အနယ်မဲ ဆွယ်ကြပါတယ်။ သခင်ဗစိန်ရောက် လာတဲ့နှစ်မှာ သူ နော့ဆောင်မှာ နေပါတယ်။ အဲဒီနှစ်မှာပဲ သူ အဆောင်သားများအသင်း ဥက္ကဋ္ဌ ဖြစ်ပါ တယ်။

ရန်ကုန်တက္ကသိုလ်နယ်မြေမှာ တက္ကသိုလ်ကောလိပ်ကျောင်းသားများ သမဂ္ဂအဆောင်အအုံဆိုတာ ရှိပါတယ်။ အဲဒီသမဂ္ဂအဆောက်အအုံမှာ အခါအခွင့်သင့်သလို အမှုဆောင်လူကြီးများ စီစဉ်ချက်အရ နိုင်ငံရေးတရားဟောပြောပွဲများ ပြုလုပ်ပါတယ်။ အဲဒီခေတ်တုန်းက နိုင်ငံရေးဇာတ်ခုံမှာ ထင်ပေါ် ကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လာရောက်တရား ဟောပြပါတယ်။ ဒေါက်တာ ဘမော်၊ ဦးဘဖေ (ဘကြီးဘဖေ) ဦးသတ္တမ အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်။

သူတို့တရားဟောပြောပွဲများကို ပါပါ တက်ရောက်နားထောင်ခဲ့ပါတယ်။ ဒေါက်တာဘမော်နဲ့ ဦးဘဖေ တို့က အင်္ဂလိပ်စာကို ရေလိုကျိုသောက်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဦးဥတ္တမ တရားပွဲမှာ ဘာပြောသလဲဆိုတော့ “မင်းတို့ကောလိပ်ကျောင်းသားတွေဆိုပြီး ကျွန်အလုပ်ကလွဲလို့ မင်းတို့ ဘာလုပ်တတ်သလဲ၊ မင်းတို့ မီးခြစ်ဆံ တဆံ လုပ်တတ်သလား၊ အပ်တချောင်းလုပ်တတ်သလား” လို့ ပြောတော့ ခန်းလုံးပြည့် လာရောက်နားထောင်တဲ့ ကျောင်းသားတွေဟာ လက်ခုပ် တဖြောင်းဖြောင်း တီးကြပါတယ်။ ဦးဥတ္တမပြောတဲ့စကားတွေဟာ ပါပါ့နားထဲမှာ စွဲကျန်ရစ်ခဲ့ပါတယ်။

၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ပါပါ ဘီအေ(ဝိဇ္ဇာ) စာမေးပွဲနောက်ဆုံးနှစ် ဝင်ရောက်ဖြေဆိုပါတယ်။ ပါပါ့အစ်မကြီးလည်း မော်လမြိုင်အမေရိကန်ဆေးရုံမှ ပခုက္ကူမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှာ ကျန်းမာရေးဆရာမအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ပါတယ်။ ပါပါ ဘီအေစာမေးပွဲဖြေဆိုပြီး ပါပါ့ အစ်မကြီးရှိရာ ပခုက္ကူမြို့သို့ ပါပါ လိုက်သွားပါတယ်။

0 comments: