စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ဒီကေဘီအေ အဖွဲ့မှ ကေအဲန်ယူ လမ်းစဉ် ပြန်လည်ရပ်တည်နိုင် ပဒိုဒေးဗစ်တာကပေါ်ပြော

Tuesday, March 31, 2009

Wednesday, April 1, 2009

နှောင်းလှိုင်၊ မတ်လ ၃၁ ရက်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) အဖွဲ့နှင့် ပြန်ပေါင်းရန် မဖြစ်နိုင်ဟု ဒီကေဘီအေ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး ပြောသည့်အပေါ်တွင် ကေအဲန်ယူ လမ်းစဉ်သို့ ပြန်လည် ရပ်တည်နိုင်သည်ဟု ပဒိုစောဒေးဗစ်တာကပေါက ဆိုပါသည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်တာကပေါက “ကျနော်တို့ မပေါင်းနိုင်တာ ဟို အထက်ပိုင်းက မပေါင်းနိုင်ဘူး၊ အောက်ပိုင်းက အများအားဖြင့် ပေါင်းချင်ပါတယ်၊ သူတို့ အချိန်မရွေး ပြန်လာနိုင်တယ် အဲဒီအခြေနေမှာ ရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအထက်ပိုင်း ကတော့ သူတို့ စီးပွားရေး မိုင်းမိပြီးတော့ စီးပွားရေးလုပ်စားဖို့ပဲ အဲလိုပဲစဉ်းစားတယ် အောက်ပိုင်းကတော့ဟို နအဖက သူတို့ကိုလိမ်သွားတယ်ဆိုတာ သူတို့ သိပါတယ်၊” ဟု ပြောပါသည်။
ဒီကေဘီအေသည် စစ်အစိုးရ ကြိုးကိုင်သည့်အတိုင်း အလုပ်လုပ်ပြီး စစ်အစိုးရ လက်အောက်ခံ ဖြစ်သည့်အတွက် ကေအဲန်ယူနှင့် မပေါင်းနိုင်ခြင်း ဖြစ်ပါသည်။ သို့သော်လည်း တပ်မှူးငယ်များက ကေအဲန်ယူနှင့် ပြန်ပေါင်းနိုင်ဖွယ်ရှိပြီး ကေအဲန်ယူ လမ်းစဉ်အတိုင်း ပြန်ရပ်တည်ဖို့ သဘောထားရှိသည်ဟု ဒေးဗစ်တာကပေါ်က ဆိုသည်။
ကရင်ခွဲထွက်ရေးအဖွဲ့များက မြန်မာစစ်အစိုးရများ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရကို အပြည့်အဝ ထောက်ခံအားပေး သွားမည်ဟု မတ်လ ၂၁ ရက်နေ့က ကတိပေးလိုက်သည်ဟု သိရပါသည်။
ဒီကေဘီအေ၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ အဖွဲ့တို့၏ အခြေချရာ နေရာများသို့ မြန်မာစစ်အစိုးရ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ လာရောက်စဉ် အဆိုပါ အဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက် ခြင်းဖြစ်သည်။
သို့သော် ကေအဲန်ယူ ဒုဥက္ကဌ က“၂၀၁၀ကို ကေအဲန်ယူက မထောက်ခံဘူး ဟိုးအစကတည်းက ဒီဟိုအမျိုးသားညီလာခံလုပ်ကတည်းက မထောက်ခံဘူး သူတို့ရဲ့ လမ်းပြမြေပုံ တခုလုံးကို မထောက်ခံဘူး အခု သူတို့ ရွေးကောက်ပွဲလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲလည်း ကျနော်တို့ မထောက်ခံဘူး လက်မခံနိုင်ဘူး ” ဟု ပြောသည်။
“ကေအဲန်ယူကတော့ ဒီ ဟုတ်လား ငြိမ်းချမ်းတဲ့နည်းနဲ့ ပြသာနာဖြေရှင်းရေး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး နောက်ပြီးတော့ ကျနော်တို့ ဒီစစ်မှန်တဲ့ ဒီမိုကရေစီဖော်ထုတ်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ အဲဒီဟာအတွက် လုပ်သွားမှာပါ” ဟုလည်း ပြောကြားသွား ပါသည်။
ကေအဲန်ယူသည် ဒီမိုကရေစီ အင်အားစုနှင့် အခြားတိုင်းရင်းသားအင်အားစုများနှင့် လက်တွဲပြီး နိုင်ငံရေး ရည်မှန်းချက် အောင်မြင် သည့်အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်သည်။

www.karenumited.blogspot.com မှကူးယူဖေါ်ပြသည်။

နအဖကျားနဲ့  အန်အယ်ဒီဆင်လယ်ပြင်မှာတွေ့ ကြမည်လော

ဒေါက်တာလွမ်းဆွေ
မတ်လ(၃၀) ရက်၊ ၂၀၀၉


နအဖကျွေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲမုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ၊ အတိုက်အခံတွေနှင့် နိုင်ငံတကာ လူကြီးမင်းများဆီကတော့ နှုတ်ခမ်းနာနှင့် တည့်ပါ့မလားဆိုသည် မျိုး စိတ်ကူးယဉ် မှန်းဆချက် မျိုးစုံ၊ အသံဗလံမျိုးစုံ ကြွက်ကြွက် ညံလို့နေသည်။


ကုလသမဂ္ဂ၊ အီးယူအပါအ၀င် နိုင်ငံတကာလူကြီးမင်းများက တမတ်သား အနုတ်ခံထားရသည့် အတုအယောင် အခြေခံဥပဒေကို အလေးမထားတော့ဘဲ (မေ့ချင်ယောင်ဆောင်နေသည်လားမသိ) ၂၀၁၀ ရွေးကောက်ပွဲ တွင် အားလုံးပါဝင်နိုင်ရေးကိုသာ လုပ်ဆောင်ဖို့ နအဖကို တိုက်တွန်းနေတော့သည်။

မသာအိမ် ဖဲတက်ရိုက်ရသည်ကို အရသာတွေ့နေသည့် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ ငို့ဘများကလည်း နအဖလုပ်သမျှ ဆန့်ကျင်ပြောဆိုခြင်း အလျဉ်းမရှိဘဲ နအဖဖြစ်ချင်သည့်ပုံစံ ရှောရှောရှူရှူ ဖြစ်မြောက်ရေးကိုသာ အသံတိတ် ဆုတောင်းပေးနေပုံပေါ်သည်။

နအဖဘက်က သွားချင်သည့် ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အာဏာကို အရပ်သားအစိုးရ စစ်စစ်ထံ လွှဲအပ်ပြီး စစ်တန်းလျားကိုပြန်ရန် လုံးဝစိတ်ကူးမရှိ။ မြန်မာ့နိုင်ငံရေးတွင် ဦးစီးဦးဆောင်အခန်းကဏ္ဍမှ ဆက်လက်ဗိုလ်ကျ ပါဝင်လိုသည့်အတွက် ပါလီမန်၏ ကိုယ်စားလှယ်တမတ်သားကို ၂၀၀၈ ညောင်နှစ်ပင် အခြေခံဥပဒေအား မျက်နှာပြောင်တိုက် ဇွတ်အတင်း အတည်ပြုခြင်းဖြင့် ကြိုတင်ရယူထားသည်။

ထို့အပြင် စစ်တပ်မှ အရပ်ဘက်ပြောင်းကာ ကိုယ်စားလှယ်အရွေးခံမည့် ဘောင်းဘီချွတ်များ၊ နအဖအကြိုက် ခေါင်းညိတ်ခေါင်းခါလုပ်မည့် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက်အတု၊ အန်အယ်လ်ဒီခွဲထွက် အမတ်တွေလို ပုတ်သင်ညိုများနှင့်လည်း ကျန် (၇၅) ရာခိုင်နှုန်းကို ရာနှုန်းပြည့်နီးပါးရရှိအောင် နအဖက အကွက်ချ လုပ်ဆောင်နေသည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေမှုအား နိုင်ငံတကာက တရားဝင် အသိအမှတ်ပြု လက်ခံလာရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြီး မျက်လှည့်ပြ လိုခြင်းဖြစ်သည်။

လွှတ်တော်ထဲတွင် ရာခိုင်နှုန်းအနည်းငယ်သော အတိုက်အခံများ အဖြစ် တချိန်က နအဖနှင့် မဟာမိတ်ဟောင်းဖြစ်ခဲ့သည့် တစညပါတီ၊ လက်နက်ချငြိမ်းအဖွဲ့များ၊ ရွေးစရာလမ်းမရှိ ထွက်ပေါက်ပိတ် နေသည်ဟု ယူဆ၍ အကြံကုန်ဂဠုန်ဆားချက် မည့် ပြည်တွင်းမှ ဆရာမောင်စူးစမ်း၊ ပြည်ပမှ ဦးအောင်သူငြိမ်းတို့ လိုင်းဝင် ရသလောက်ယူရေးသမားများနှင့် နအဖစစ်ဘောင်းဘီ အောက် ခေါင်းဝင်လျှိုကာ ကိုယ်ကျိုးစီးပွားရှာမည့် သိုက်သမား အချို့လောက်ကိုသာ မြင်ရကောင်းမြင်ရနိုင်သည်။

နအဖကတော့ ဖြစ်နိုင်လျှင် ကျန်သည့် (၇၅) ရာခိုင်နှုန်းကိုလည်း သူတို့လျာထားသည့် ကိုယ်စားလှယ်တွေ ချည်း အကုန်နီးပါး အနိုင်ရရှိအောင် ဇာတ်ကြမ်းတိုက် လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဆန္ဒခံယူပွဲနမူနာကို ကြည့်ခြင်းအားဖြင့် နအဖတွင် လုပ်ဆောင်နိုင်သည့် အနေအထား၊ အင်အားရှိနေသည်ကို တွက်ဆနိုင်သည်။

နအဖအတွက် အသက်တမျှ အရေးပါသည့် လမ်းပြမြေပုံအဆင့်ဖြစ်၍လည်း ဆန္ဒခံယူပွဲထက် ပိုလိမ်၊ ပိုညစ်၊ ပိုဇာတ်ကြမ်းတိုက်မည်မှာ ဗေဒင်မေးစရာလိုမည်မထင်။ ပါလီမန်တွင် နေရာအနည်းငယ် ရလိုရငြား ၀င်ရောက် ယှဉ်ပြိုင်မည့် ရသလောက်ယူရေးသမားများ၊ သိုက်တူးမည့်သူများ၊ တစညများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နအဖ၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက်ယှဉ်ပြိုင်သည်ဆိုသည့် သမိုင်းအမည်းစက်ကြီးသာ အဖတ်တင်ကျန်ဖို့များပြီး အနိုင်ရဖို့ မသေချာ။

၂၀၁၀ ရွေးကောက်ပွဲကျင်းပဖြစ်လျှင် အထက်တွင်ပြောခဲ့သလို နအဖအနေဖြင့် ဆန္ဒခံယူပွဲတုန်းကကဲ့သို့ သူထင်ရာ စိတ်ကြိုက်ကြဲနိုင်သည့် အခင်းအကျင်းမျိုးရအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသော်လည်း နအဖ အခက်တွေ့နေသည့် အကျပ်အတည်းတွေလည်း ရှိနေသည်။ ထိုသို့အကျပ်အတည်းတွေ ရှိနေသည့်အတွက် နအဖအနေဖြင့် အခုအချိန်အထိ ပါတီများတည်ထောင်ခွင့်နှင့် ရွေးကောက်ပွဲဥပဒေကို မထုတ်ပြန်ရဲသေးတာ ဖြစ်နိုင်သည်။

နအဖအတွက် နံပါတ် (၁) အကျပ်အတည်းသည် နိုင်ငံတကာက ပြောဆိုနေသော အားလုံးပါဝင်ဖို့ လိုသည်ဆိုသည့် အခင်းအကျင်း (အတုဖြစ်ဖြစ်) မျိုးရရှိအောင် သူတို့ပါဝင်ယှဉ်ပြိုင်စေချင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဖိအားပေး သိမ်းသွင်းနိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးသည့် အကျပ်အတည်းဖြစ်သည်။

ဥပမာအားဖြင့်ဆိုရလျှင် နအဖအနေဖြင့် သူတို့လုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာစေရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီနှင့် အခြားတိုင်းရင်းသားပါတီများ၊ ကေအန်ယူ၊ မွန်၊ အက်စ်အက်စ်အေ၊ ၀ အဖွဲ့တို့လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ဖို့လိုသည်ဟု ခံယူထားပုံပေါ်သည်။ ထို့အတွက်လည်း နည်းအမျိုးမျိုးနှင့် လိုက်လံစည်းရုံး သိမ်းသွင်း ဖိအားပေးလုပ်ဆောင် နေသည်။

သို့သော် ယခုအချိန်အထိ အန်အယ်လ်ဒီပါတီအပါအ၀င် မြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များ အားလုံးက နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲဥပေဒေကို ပြန်လည်သုံးသပ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ကိုသာ တညီတညွတ်တည်း ရပ်ခံတောင်းဆိုနေကြသည်။ နအဖအနေဖြင့် သူတို့လည်ပင်းကြိုးကွင်းစွပ်မည်ဟု ယူဆသည့် ထိုတောင်းဆိုမှုများကို လိုက်လျောနိုင်ခြင်းမရှိသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းမျိုး ဆိုက်နေခြင်းဖြစ်နိုင်သည်။

နအဖအတွက် ကြီးမားသည့် နံပါတ် (၂) အကျပ်အတည်းမှာ သူတို့အချင်းချင်း အဝေမတည့်သေးသည့် အတွင်းစည်း အကျပ်အတည်း ဖြစ်နိုင်သည်။ စစ်တပ်အရာရှိများအနေဖြင့် အထက်အမိန့်အရ စစ်တပ်မှ ထွက်ပြီး အရပ်သားအဖြစ် ကူးပြောင်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်မှုများ၊ စိတ်မပါလက်မပါ ဖြစ်နေမှုများ ရှိနိုင်သည်။

အရာရှိအများစုက သူတို့အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် တပ်ရာထူးတွင်သာ နေမြဲဆက်နေလိုမှုများကြောင့် အမိန့်မနာခံမှု၊ အာခံမှုများ ရှိလာနိုင်သည်ကို နအဖ အစိုးရိမ်ကြီးနေပုံပေါ်သည်။ တပ်တွင်းမတည်ငြိမ်မှုဖြစ်လျှင် အဆိုးဆုံးအနေအထားနှင့် အလျင်အမြန် ရင်ဆိုင်သွားရနိုင်သည်ကို နအဖစစ်အုပ်စု သဘောပေါက်သည့်အတွက် လည်း ထိုပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ယူနေရသည့် အကျပ်အတည်းဆိုက်နေခြင်း ဖြစ်နိုင်သည်။

နံပါတ် (၃) အကျပ်အတည်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပသင့် မသင့် နအဖ ခေါင်းခဲနေပုံပေါ်သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကို ဇွတ်ကျင်းပလျှင် လက်နက်အားကိုးဖြင့် ဖိနှိပ်ကျင်းပမှုကြောင့် ပြီးမြောက်သွားမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို နိုင်ငံတကာက လက်မခံလျှင် လုပ်မောကြီးဖြစ်သွားမည်ကို နအဖစိုးရိမ်ပုံ ပေါ်သည်။ နိုင်ငံတကာက လက်ခံယုံကြည်အောင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ပြန်လျှင် လည်း အတိုက်အခံအင်အား ပိုမိုတောင့်တင်းလာမည်ဖြစ်သည့်အတွက် ဆုပ်လည်းစူး စားလည်းရူး အကျပ်အတည်းမျိုး နအဖဆိုက်နေနိုင် သည်။



နအဖအနေဖြင့် နံပါတ် (၂) အကျပ်အတည်းကို စစ်မိန့်စစ်သံနှင့် မီးသေသေ ကျော်လွှားနိုင်ပြီဆိုလျှင်တောင် နံပါတ် (၁) နှင့် နံပါတ် (၃) အကျပ်အတည်းကို အပြည့်အ၀ ကျော်လွှားနိုင်ရေးကတော့ နအဖအတွက် လုံးဝလွယ်ကူ နိုင်မည့် အခြေအနေမရှိပေ။ ဥပမာ - ကေအန်ယူအား ထိုင်းအစိုးရကတဆင့် ဖိအားပေး ခိုင်းနေသော်လည်း အဆင်ပြေမည့်ပုံမရှိ။ ကေအန်ယူအပါအ၀င် လက်နက်ကိုင်ထားဆဲ အဖွဲ့အစည်းများ သည် အခြားငြိမ်းအဖွဲ့များ ကဲ့သို့ လက်နက်ချကာ ပူးပေါင်းမည့်သဘောမျိုးနှင့် အညံ့ခံမည်မဟုတ်ဘဲ တန်းတူတွေ့ဆုံဆွေးနွေးရေးမှတဆင့် သာ ရွေးကောက်ပွဲကို စဉ်းစားမည်ဆိုသည့် ရပ်ခံချက်မျိုးနှင့် တိုက်ပွဲ ဆက်ဝင်နေမည်မှာ သေချာနေခြင်းကြောင့် ဖြစ်သည်။

အန်အယ်လ်ဒီပါတီအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို နအဖက မလုပ်ဆောင်သရွေ့ ရွေးကောက်ပွဲကို မစဉ်းစားဟု ဆိုထားသဖြင့် နအဖအနေဖြင့် မလွယ်ရေးချမလွယ် ဖြစ်နေသည်။

ထိုသို့သော အခက်အခဲများရှိနေသည့်အတွက် နအဖက နိုင်ငံတကာမျက်စိလည်အောင် တ၀က်တပျက် ဖဲ့ထုတ်သည့်နည်းဖြင့် ကျုံးသွင်းနေသည်။ အန်အယ်လ်ဒီထဲက နည်းနည်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများ ထဲက နည်းနည်းစီပဲ့လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းဆိုင်းဘုတ်များနှင့် ရွေးကောက်ပွဲ ၀င်ပြိုင်အောင် လုပ်ဆောင်လာနိုင်သည်။ ထိုသို့ နည်းနည်းစီပဲ့ပါလာအောင်လုပ်ကာ ပါတီထောင်ခိုင်းဖို့ အိုကေပြီဟု အထင်ရောက်လေမှ ရွေးကောက်ပွဲဥပဒေနှင့် ပါတီထောင်ခွင့် နအဖ တရားဝင်ကြေညာမည်ဟု ယူဆရသည်။

နအဖအနေဖြင့် အန်အယ်လ်ဒီအပါအ၀င် အခြားမြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ ရွေးကောက်ပွဲဥပဒေနှင့် ပါတီထောင်ခွင့်ကို ကြေညာချက် ဇွတ်အတင်း ထုတ်ပြန်လိုက်ပြီဆိုလျှင်တော့ အာဏာမစွန့်ချင်သည့် နအဖကျားငစဉ်းလဲနှင့် ပြည်သူလူထု၏ မန်းဒိတ်ရထားသည့် အန်အယ်လ်ဒီဆင်တို့ လယ်ပြင်မှာ (တွေ့ချင်ချင် မတွေ့ချင်ချင်) ထိပ်တိုက်တွေဆုံရနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။

အန်အယ်လ်ဒီပါတီထဲမှ တချို့တလေ ရွေးကောက်ပွဲဝင်မည့်ဘက် ပဲ့ပါကောင်း ပါသွားနိုင်သော်လည်း အများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၉၀ မန်းဒိတ်ကိုကိုင်ကာ လူထုတိုက်ပွဲဖော်လာနိုင်သည်။ နောက်ဆုံးအနေဖြင့် အန်အယ်လ်ဒီသမိုင်းလှစေရေးအတွက် ရထားသည့် မန်းဒိတ်နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လာနိုင်သည်။

ထိုအချိန်တွင်မှ ထိပ်တိုက်ရင်မဆိုင်လျှင်တော့ ၉၀ ရလဒ်အတွက် အဓိကတာဝန်ရှိသည့် အန်အယ်လ်ဒီ ပါတီ အနေဖြင့် သမိုင်းကွေးရုံသာမက နောင်ရွေးကောက်ပွဲအဆက်ဆက်တွင်လည်း နာလန်ထူနိုင်မည့် အခြေအနေ ရှိတော့မည်မဟုတ်ပေ။

အန်အယ်လ်ဒီ သတ္တိရှိရှိလုပ်မည်ဆိုလျှင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အခြားအတိုက်အခံအဖွဲ့ အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့်အတူ ပြည်သူလူထုကလည်း မုချလိုက်ပါလာမည်မှာ သေချာသည်။

ထိုနောက်ဆုံးထိပ်တိုက်ရင်ဆိုင်ပွဲမှတဆင့် လူထုတိုက်ပွဲဖော်ကာ အဆုံးသတ်တိုက်ပွဲအထိ တက်လှမ်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြမည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးအနေဖြင့် အဆုံးသတ်တိုက်ပွဲအတွက် အဆင်သင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြဖို့ လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကာလကတ္တား ထောင်ရောက် ရခိုင်-ကရင် ၃၄ ဦး အမူ ရုံးချိန်း ထပ်ရွှေ့

Monday, March 30, 2009

3/30/2009


ကာလကတ္တားထောင်ထဲတွင် ရောက်ရှိနေသော အကျဉ်းကျခံ ရခိုင်နှင့် ကရင်တော်လှန်ရေး သမား ၃၄ ဦး အမူကို မတ်လ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ကြားနာ စစ်ဆေးပြီးနောက် ရုံးချိန်းကို ဇွန်လ တတိယပတ်ထိ ထပ်ရွှေ့လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အမူတွင် ပါဝင်နေသော အစိုးရ သက်သေ နောက်ထပ် လူ ၃ ဦးကို ခေါ်ယူစစ်ဆေးရန် ကျန်နေပြီး အဆိုပါနေ့တွင် အဆိုပါ သက်သေများကို အပြီးသတ် ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်သည်။

ထောင်နှင့် နီးစပ်သူများ အပြောအရ တော်လှန်ရေး သမား ၃၄ ဦးအမူကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက် အတွင်း ပြန်လည် စစ်ဆေးသွားမည် ဖြစ်သည်။

ယခု ကာလကတ္တားထောင်ထဲကို ရောက်ရှိနေသူ ရခိုင်-ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရသည့် ၁၉၉၈ ခုနှစ်ကတည်းက အိန္ဒိယတွင် ဖမ်းဆီး ထိန်းသိမ်းခံနေကြရသည်။

အိန္ဒိယ စစ်တပ်သည် ဗိုလ်ရာဇာဦးဆောင်သော ရခိုင်ပြည် တပ်မတော်အား အိန္ဒိယ သမုဒ္ဒရာထဲရှိ အန်ဒမန်ကျွန်း တကျွန်းတွင် ရေတပ် အခြေစိုက် စခန်း တည်ဆောက် ပေးမည်ဟု ဆိုကာ ခေါ်ယူသွားပြီး လန်းဖို့ကျွန်းကို အရောက်တွင် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးကို လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပြီး ကျန်လူများကို သေနတ် မှောင်ခိုမူဖြင့် စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

နိရဉ္စရာ လွတ်လပ်သောသတင်းဌာနမှ ကူးယူဖေါ်ပြသည်။

စစ်အစိုးရကိုထောက်ခံဖို့  ကရင်ခွဲထွက်အဖွဲ့ ပေါင်းစုံ တွင်း(၁)ကိုဂတိပေး

NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉


နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့များက လက်ရှိ တပ်မတော်အစိုးရကို အပြည့်အ၀ထောက်ခံအားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့်အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲထွက်အဖွဲ့များဖြစ်သည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင်အဖွဲ့တို့၏ အခြေချရာ နေရာများသို့ လာရောက်စဉ် အဆိုပါအဖွဲ့များက ကတိက၀တ်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာမဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟုဆိုသော်လည်း အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များအတွက် တဖက်လှည့်ဖြင့် ချည်ပြီးတုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာဖြစ်သည်ဟု ကရင်ခွဲထွက်အဖွဲ့ဝင်အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ကူးပြောင်းသွား သည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံးသိကြပါတယ်။ ဒါပေမယ့် လွန်သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင်ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာနေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည်ပွဲစားလိုလိုဖြစ်သွားပြီး ကိုယ့်ရည်ရွယ်ချက်ကတမျိုး၊ ဖြစ်လာတာကတမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ သည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထုဆန္ဒနှင့်အညီမဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ယခုရက်ပိုင်းအတွင်း ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေအဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။

NEJ မှကူးယူဖေါ်ပြသည်။

Season of Fear

Saturday, March 28, 2009

Civil War

လုံးချော(ကရင်)နှင့်မောင်ထောင်း(ထိုင်း) ၁

လုံးချော(ကရင်)နှင့်မောင်ထောင်း(ထိုင်း) ၂

လုံးချောနှင့်ဝမ်ချိုင်း

လုံးချောနှင့်ရွှေဝါထွန်း

လုံးချော(ညောင်တုန်း)နှင့်ကြယ်လင်းအောင်(တောင်ကလေး)

လုံးချောနဲ့ ရန်ကြီးအောင်

ဝေး တိုင့်ဖူ့ ဝဲါးသီး

Friday, March 27, 2009

ရန်ပုံငွေအတွက် DKBA နှင့်ရပ်ကွက်လူကြီး ပူးပေါင်းပြီး ကစားဝိုင်းဖွင့်

Thursday, March 26, 2009

Wed 25 Mar 2009, မင်းအာသံ
မြဝတီမြို့တွင် ဆယ်တန်းစားမေးပွဲ ဖြေပြီးသည်နှင့်တပြိုင်နက် ရပ်ကွက်လူကြီးများနှင့် DKBA တို့မှ ဦးဆောင်ကာ လောင်းကစားဝိုင်းဖွင့်ပြီး ရန်ပုံငွေရှာရန်အတွက် လွန်ခဲ့သော သောကြာနေ့ကစပြီး ဇါတ်ပွဲသဘင် (၅) ဇါတ်သွင်း၍ တစ်လတာ ဖွင့်သွားမည်ဟု အမှတ်(၃) ရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။

၎င်း၏ပြေပြချက်အရ DKBA နှင့် ရပ်ကွက်လူကြီးစုပေါင်းပြီး ရပ်ကွက်ရန်ပုံငွေအဖြစ် အကြောင်းပြုပြီး လောင်းကစားဝိုင်းများကို လှေဖြင့်နယ်စပ်ကို ကျော်ဖြတ်သည့် ဂိတ်(၅) ဂိတ်တွင် ဖွင့်နေသည်ဟု ၄င်းက ပြောသည်။

“ညတိုင်းကစားဝိုင်းရှိတယ်၊ လုံခြုံရေးကတော့ DKBA တွေချည်းပဲမဟုတ်ဘူး ရပ်ကွက်လူကြီးတွေပါ ပါနေတယ်၊ ကစားဝိုင်းမှာ ကောက်ရထားတဲ့ ပိုက်ဆံအားလုံးကို သူတို့တယောက်တဝက်ဆီ ဝေမျှနေတယ်” ဟု အမှတ် (၄) ရပ်ကွက် အတွင်းရှိ လူငယ်တဦးက ပြောသည်။

“ဒီလိုမျိုး ကစားဝိုင်းတွေ ဖွင့်နေတဲ့အတွက် သူခိုး၊ ဒမြတွေ များလာတယ်၊ ကျွန်တော်တို့ကတော့ အိပ်တဲ့အချိန်လည်း ကိုယ့်အိမ်က ပစ္စည်းပျောက်မှာကို စိုးရိမ်နေရတယ်၊ ဆိုင်ကယ်လဲ ပျောက်တာတွေ များများလာတယ်၊ ဒီလိုပွဲသွင်းတာ အပေါ်က ခွင့်ပြုချက်လည်း ပါနေတယ်၊ ခယက (ခရိုင်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကော်စီ) ကနေပြီးတော့ အပြည့်ခွင့်ပြုထားတယ်”ဟု ဒေသခံပြည်သူများက သုံးသပ် ကြသည်။

“ဒီလိုမျိုး ဇါတ်ပွဲသဘင်တွေ သွင်းနေတာ နှစ်တိုင်း လုပ်လေ့ရှိတယ်၊ ဒါပေမယ့် ခါတိုင်းနှစ်တွေကတော့ အများဆုံး (၃) နေရာလောက်ပဲရှိတယ်၊ ဒီနှစ်တော့ (၅) နေရာတောင် သွင်းထားတယ်”ဟု ဒေသခံများ က ပြောသည်။

လွန်ခဲ့သောနှစ်သည် DKBAအဖွဲ့ တဖွဲ့တည်းသာ ဦးဆောင်ပြီး ကစားဝိုင်းဖွင့်ခဲ့သည်။ ၄င်းတို့မှာ ဝါးပိုး တော၊ (၉၉၉)ဂိတ် နှင့် ဖား(၆) ကောင်တို့ဖြစ်ကြသည်။ ယခုနှစ်ဖွင့်ထားသော (၅) နေရာများမှာ ဝါးပိုး တော၊ (၉၉၉)ဂိတ်၊ ဖား(၆)ကောင်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းနှင့် ဓမ္မရန်အောင် ဘုန်းကြီးကျောင်းတို့ ဖြစ်ကြသည်။

ကစားဝိုင်ဖွင့်ထားသော DKBA များကို မြို့ခံများက မကျေနပ်၍ ပြောချင်နေကြသော်လည်း မပြောရဲ ကြပေ။

“ဒီလိုကစားဝိုင်းဖွင့်တာ ဘယ်သူမှ သဘောမတူဘူး၊ ဒါပေမယ့် သူတို့ကို တားဆီးဖို့တော့ ကိုယ့်မှာက ပြောပိုင်ခွင့်မရှိဘူး” ဟု ဓမ္မရန်အောင် အနီးအနားရှိ ပြည်သူများက ပြောသည်။

DKBA ဦးဆောင်သည့် ကစားဝိုင်းများသည် မြဝတီနယ်တခွင်သာမက ရန်ပုံငွေအတွက် အကြောင်း ပြကာ စစ်အစိုးရအထံမှ ခွင့်ပြုချက်တောင်းပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်ရွာများထဲတွင်လည်း ယနေ့အထိ ဖွင့်လှစ်နေဆဲဖြစ်ကြောင်း သိရသည်။

တဘက်သတ်တွေ့ဆုံ ဆွေးနွေးရေးမလိုလား ဟု SSA ကြေငြာချက်ထုတ်ပြန်

Wednesday, March 25, 2009

ဗုဒ္ဓဟူးနေ့၊ 25 မတ်လ 2009 သျှမ်းသံတော်ဆင့်

နအဖ ဗမာစစ်အစိုးရ နှင့်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ်တံခါးဖွင့် လက်ကမ်းကြိုဆို သော် လည်း တဘက်သတ်ဆန္ဒဖြင့် ဆွေးနွေးရေးကို မူမလိုလားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေငြာချက်ထုတ်ပြန်၏။

RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်
မတ်ခ်ျ ၂၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ ကြေငြာ ချက်အရ အဓိက အကြောင်းအရာ ၄ ချက် ပါဝင်သည်။

(၁) လက်ရှိနိုင်ငံရေးပြဿနာကို မျှတ မှန်ကန်စွာဖြေရှင်း လိုလျှင် ၁၉၄၇ ပင်လုံ သဘောတူညီချက် ဇစ်မြစ်ကိုပြန်ကောက်ရမည်၊ (၂) ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံ အခြေခံမူကို အားလုံးပါဝင် ဝေဖန် ပြင်ဆင်ခွင့်ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းရမည်။ (၃) ၁၉၉၀ ရွေးကောက်ပွဲတကယ့် အနိုင်ရပါတီများဖြစ်ကြသည့် NLD နှင့် SNLD တို့အားရွေးကောက်ပွဲ ဆိုင်ရာ ပါဝင် ဆွေးနွေးနိုင်သည့် အခွင့်ထူးများပေးရမည်၊ ၎င်းတို့အား ဘေးဖယ်ထားလျှင် အဓိပ္ပါယ်မရှိ၊။ (၄)နိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိသောကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အ၀ရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင်ဖြေရှင်းနိုင်မည်။

RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်က -“ ရွေးကောက်ပွဲကျင်းပါတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတော် အဖြစ်ပြုပြင် ပြောင်းလဲဘို့ စစ်အုပ်စုက ၀ါဒဖြန့်ကြွေးကြော်နေပေမဲ့ ဦးဆောင်လုပ်နေသူတွေရဲ့လမ်းစဉ်က မမှန်ကန်ဘူး။ တဘက် သတ် မဟုတ်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲကော်မရှင်လည်းရှိရမယ်” ဟုဆို၏။

“တွေ့ဆုံဆွေးနွေးရေးက နအဖ စစ်အစိုးရဘက် ယိမ်းယိုင်လိုက်လျောရမယ့် ဆွေးနွေးမှုမျိုးတော့ လက်မခံနိုင်ဘူး။ နှစ်ဘက် စလုံး ရဲ့လိုလားချက်အစစ်အမှန်ကို ဆွေးနွေးညှိနှိုင်း နိုင်ရင် အကောင်းဆုံးဘဲ” - ဟု ဆက်ပြောပြ၏။

သျှမ်းပြည်သည် ဗမာစစ်အစိုးရ၏ ကိုလိုနီနယ်မြေမဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခုဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင်ဗမာစစ်အစိုးရထိန်းချုပ် ခြယ်လှယ်မှုမရှိဘဲ ဘိန်း အစားထိုးသီးနှံများကို သျှမ်းပြည်သားများလွတ်လပ်စွာ စီမံဆောင်ရွက်စိုက်ပျိုးရောင်းဝယ်ခွင့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုပါသည်။

ဖိအားပေးသည်ကို အလျှော့ပေးမည် မဟုတ်ဟု KNU ပြော

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ မတ်လ 25 2009 11:09 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လမ်းပြမြေပုံတွင် အပြောင်းအလဲများ မပြုလုပ်ပါက ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မည်သည့်ပုံစံဖြင့် ဖိအားပေးသည်ဖြစ်စေ လိုက်လျောမည် မဟုတ်ဟု ကရင်တိုင်းရင်းသား လက်နက်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံးက ယနေ့ ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး - KNU က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားသော်လည်း၊ စစ်အစိုးရ၏ ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ပြင်ဆင်ရန် မိမိတို့၏ တောင်းဆိုချက်အပေါ် အခိုင်အမာ ဆက်၍ ရပ်တည်မည်ဟု KNU ၏ ဒု-ဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောဆ်ုခြင်း ဖြစ်သည်။

KNU က အားလုံး ပါဝင်သည့် ဆွေးနွေးပွဲကို အခြေခံသော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို တောင်းဆိုထားပြီး စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို သပိတ်မှောက်ခဲ့သည်။

“စစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ ပတ်သက်ရင် ကျနော်တို့ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကို လက်မခံနိုင်ပါဘူး” ဟု ဒေးဗစ်တာကပေါ က မဇ္ဈိမကို ပြောသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရက ဖြစ်ပွားဆဲ မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည်ဟု ဆိုပါက KNU က မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောသည်။

“စစ်အစိုးရကသာ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းချင်စိတ် ရှိတယ်ဆိုရင် ကျနော်တို့ကလည်း သူတို့နဲ့ ဆွေးနွေးမှာပါ” ဟု သူက ပြောသည်။

သို့သော် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အရင်ဆုံး ခေါ်ယူရန်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် KNU က စစ်အစိုးရကို ဆက်လက် တောင်းဆိုကြောင်း သူက ဆက်ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး KNU ကို ဖျောင်းဖျပေးပါရန် စစ်အစိုးရက သူ့ကို မေတ္တာ ရပ်ခံခဲ့ကြောင်းဖြင့် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (ဳေ်ငအ ၥငမသာပေ) က ယမန်နေ့က ပြောသည်။

KNU က ယခုထိ ထိုင်းအစိုးရထံမှ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ တရားဝင် ဆက်သွယ် အကြောင်းကြားမှု မရှိသေးကြောင်းဖြင့် တာကပေါက ပြောသည်။

ပြီးခဲ့သော လကတည်းက ထိုင်းအစိုးရက KNU ကို နောက်ထပ် ဖိအားများ ပေးခဲ့ပြီး သူတို့ပိုင်နက် နယ်မြေမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မြန်မာစစ်အစိုးရ၏ ဖိအားကြောင့် ဖြစ်နိုင်သည်ဟု မြန်မာအကဲခတ်များက ယုံကြည်ကြသည်။

“ကျနော်တို့ ရုံးတွေအားလုံးကို မြန်မာနိုင်ငံထဲက KNU ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ပြောင်းရွှေ့ပြီးပါပြီ” ဟု တာကပေါက ပြောသည်။

မြန်မာစစ်တပ်က မြန်မာနိုင်ငံအတွင်း တောင်ငူ၊ ညောင်လေးပင်နှင့် သထုံခရိုင်များတွင် သူတို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း သူက ပြောသည်။

သူက “သူတို့ (မြန်မာစစ်တပ်) က ကျနော်တို့ကို နေ့စဉ် တိုက်ခိုက်နေတုန်းပါပဲ” ဟု တာကပေါက ဆက်လက် ပြောကြားသည်။

KNU နှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် ၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ပွဲဝင်နေသည့် လက်နက်ကိုင် လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။

ယခင်က KNU သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရဝန်ကြီးချုပ် ခင်ညွန့်ကို ရုတ်တရက် ဖယ်ရှား ထုတ်ပယ်လိုက်ပြီးနောက် ဤကြိုးပမ်းမှုများ အားလုံး မအောင်မမြင် ဖြစ်ခဲ့ရသည်။

ဤအချိန်ကတည်းကစ၍ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။

(မုံပီး တည်းဖြတ်သည်)

မဇ္စိမမှ ကူးယူဖ်ါပြသည်။

ထိုင်းနိုင်ငံ ကြားဝင် ဆောင်ရွက်မယ့်ကိစ္စ ကေအန်ယူနဲ့ အက်စ်အက်စ်အေ ကြိုဆို

24 March 2009
စစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ စစ်အစိုးရက မေတ္တာရပ်ခံချက်ကို ထိုင်းနိုင်ငံက စေတနာနဲ့ ကူညီခဲ့မယ်ဆိုရင် လက်ခံ ကြိုဆိုကြမှာဖြစ်ကြောင်းနဲ့ ထိုင်းသတင်းမီဒီယာတွေက ရေးသလို လက်နက်ချဖို့တော့
ဖိအားပေးလိမ့်မယ်လို့တော့ မယူဆကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ အက်စ်အက်စ်အေ ရှမ်း လက်နက်ကိုင် အဖွဲ့တို့က တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာတိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ အကူအညီကိုယူပြီး လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်အပေါ် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က အခုလို ပြောဆိုပါတယ်။

“အဲဒီအပိုင်းမှာတော့ ကျနော်တွက်တာက နအဖက လုပ်ခိုင်းတိုင်း ထိုင်းက လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း စဉ်းစားစရာ အကြောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက ဒီမိုကရေစီ အဖွဲ့အစည်းတွေရော၊ ကျနော်တို့ကိုရော၊ နအဖကိုရော တလျှောက်လုံး ပေါင်းသင်းလာတဲ့အခါကျတော့ ဘယ်သူနဲ့မှ ရန်ဘက်နဲ့ မတရားသော
အားဖြင့် တဖက်သတ် ဖိနှိပ်ညှဉ်းပန်းပြီးလုပ်တဲ့ အလေ့အထမရှိဘူး။ အဲဒါကတပိုင်း။ တကယ်လို့ နအဖခိုင်းတိုင်း ဖိအားပေးလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်၊ ယုံကြည်ချက်ကနေ ရွေ့မယ့်အဖွဲ့အစည်း မဟုတ်ဘူး။”

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တာကြောင့် ထိုင်းအစိုးရက ဖိအားပေး ဆောင်ရွက်လာ မယ် ဆိုရင်ရော ဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုလည်း ထပ်မေးကြည့်ခဲ့ပါတယ်။

“ထိုင်းကနေ ကျနော်တို့ကို တကယ်ပဲ ဖြတ်တောက်ပိတ်ဆို့ပြီး နောက်ဆုံး ကျနော်တို့ရဲ့ အခြေခံ လူမှုအခွင့်အရေးဆိုင်ရာ တွေက အစ ဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့မှာတော့ အကျပ်အတည်း တွေ့နိုင်တယ်။ သို့သော်လည်း ကျနော်တို့ရဲ့ အဓိက ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခုက ထိုင်းနယ်စပ်နဲ့ ပတ်သက်နေတာချည်းပဲ မဟုတ်ပါဘူး။ ၇၀% က အတွင်းနဲ့ပဲ ပတ်သက်နေတဲ့ အပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လမ်းရှာပြီး ရပ်တည်သွားမှာပါ။”

ဒါဆိုရင် ထိုင်းက ဘာပဲပြောပြော၊ ဘယ်လိုပဲ ဖိအားပေးပေး မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်ဟာ သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါသလားလို့ မေးတော့ …

“အဲဒါကတော့ မှန်ကန်တဲ့ စေတနာ သဘောထားပေါ်မှာ ထိုင်းနိုင်ငံ တကယ်တမ်း အမှန်တကယ်လိုလားတဲ့ မှန်ကန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ စကားပြောမှုမျိုးကို ဆောင်ရွက်မယ်ဆိုရင်တော့ အကျိုးရှိနိုင်တယ်။ သူတို့ မီဒီယာထဲမှာ ဖော်သလို လက်နက်ချခိုင်းဖို့အတွက်သက်သက်၊ ရွေးကောက်ပွဲဝင်ဖို့အတွက် သက်သက်၊ တိုက်တွန်းမှု သက်သက်ပဲဆိုရင်တော့ အဲဒီကိစ္စ ဆောင်မြင်နိုင်ဖို့အကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော်ဘက်ကတော့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို တံခါးဖွင့်ထားတဲ့အတွက် လက်ခံဖို့အသင့်ရှိကြောင်းကိုတော့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ စိုင်မိန်းက အခုလို ပြောသွားပါတယ်။

“ကျနော်တို့ အက်စ်အက်စ်အေအနေနဲ့ ထိုင်းနိုင်ငံက နအဖနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံနိုင်ရေး အတွက် ထိုင်းအစိုးရ အဆက်ဆက်ကလည်း ကြိုးစားခဲ့ပါတယ်။ အဲဒီစေတနာအပေါ်မှာ ကျနော်တို့ အက်စ်အက်စ်အေ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီလိုမျိုး တွေ့ဆုံဖို့အတွက်လည်း ကျနော်တို့က အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ နအဖနဲ့ဆွေးနွေးဖို့လည်း အမြဲတမ်း ကျနော်တို့ ကမ်းလှမ်းခဲ့ဖူးပါတယ်၊ လမ်းဖွင့်ထားပါတယ်။”

အဲဒီလိုတွေ မဖြစ်လာဘဲ မြန်မာစစ်အစိုးရဘက်က လက်နက်ချရေးကိစ္စကိုသာ ဆွေးနွေးလာမယ်ဆိုရင်ရော အက်စ်အက်စ်အေ အနေနဲ့ ဘယ်လိုစဉ်းစားထားပါသလဲလို့ မေးကြည့်တဲ့အခါမှာတော့ …

“ကျနော်တို့ လက်နက်စွန့်ဖို့ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံကလည်း ဒီလိုမျိုးအတွက်တော့ စဉ်းစားမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံက တဖက်တလမ်းက ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအခြေအနေကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းအမြစ်ကို သိရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့် ဒီလိုမျိုး ဖိအားပေးလာဖို့ဆိုတာတော့ ထိုင်းအစိုးရအနေနဲ့ ပြန်လည် သုံးသပ်ရမယ်လို့ပဲ မြင်ပါတယ်။”

ဒါပေမဲ့လည်း နယ်စပ်မှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနယ်စပ်ကို အမှီပြုပြီး စားနပ် ရိက္ခာကအစ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ လုပ်ဆောင်ရတာကြောင့် ထိုင်းနိုင်ငံက မဖြစ်မနေ ဖိအားပေးလာမယ်ဆိုရင် ရော လက်ခံနိုင်မလားလို့ မေးတော့ …

“ထိုင်းနိုင်ငံက ရှမ်းပြည်နဲ့ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ဖြစ်စေ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ ဒါဟာ အတွင်းရေး နိုင်ငံရေးပိုင်းဖြစ်တဲ့အတွက်ကြောင့် သူတို့ တဘက်တလမ်းက ကူညီဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဒီလို ၀င်ရောက် စွက်ဖက်တဲ့အပိုင်းမှာ သူတို့လည်း လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ လုပ်ရင်လည်း ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။”

ထိုင်းနယ်စပ်က လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ကေအန်ယူ ငြိမ်းချမ်းရေး ပြန်ဆွေးနွေးမည်

Tuesday, 24 March 2009 19:38 အေးချမ်းမြေ့
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒုဥက္ကဌ စောဒေးဗစ် တာကပေါက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ စကားပြောရန် ထိုင်းနိုင်ငံက ကြားဝင် တိုက်တွန်းလာပါက လက်ခံမည် ဖြစ်သော်လည်း ပြင်ပ တနိုင်ငံတွင်သာ ဆွေးနွေးရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya က မြန်မာစစ်ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နောက် ကေအန်ယူကို မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် တိုက်တွန်းမည်ဟု ပြောကြား လိုက်သည်။


ထိုင်း-မြန်မာ နယ်စပ်တွင် ကေအန်ယူ စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ - Yuzo / The Irrawaddy)


စောဒေးဗစ်တာကပေါက “ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် စကားပြောဖို့ အမြဲ အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်း မှာတော့ မဆွေးနွေးနိုင်ဘူး။ တခြား တနိုင်ငံမှာဆိုရင်တော့ လက်ခံမှာပါ” ဟု ဆိုသည်။


မကြာသေးမီက ထိုင်းစစ်တပ်သည် မဲဆောက်ရှိ ကေအန်ယူ စစ်ခေါင်းဆောင်များကို မြန်မာပြည်ဘက်ခြမ်းသို့ ပြန်နေရန် စာထုတ်ခဲ့သေးသည်။

မြန်မာ့အရေးလေ့လာသူ ကိုအောင်သူငြိမ်းက ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်က မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအန်ယူအား တိုက်တွန်းမည်ဟု ပြောခြင်းမှာ အာဆီယံမူအရ ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး ကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရ ဟူသော အချက်ကို အကောင်အထည်ဖော်ခြင်းနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ကိစ္စရပ်များကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ယခုလက်ရှိ အနေအထားအရ ထိုင်းနိုင်ငံသည် စီးပွားရေးအခြေအနေ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသဖြင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးနိုင်ခြေရှိသည်ဟု ကိုအောင်သူငြိမ်းက ဆိုသည်။

“ခု မြဝတီ - မဲဆောက် တံတားတစင်းလည်း ထပ်ဆောက်နေတယ်၊ အာရှလမ်းမကြီးလည်း ဖောက်ချင် နေတယ်။ ထိုင်းက သူ့နိုင်ငံရဲ့ စီးပွားရေးဘက်ကို ရပ်မလား ကေအန်ယူဘက်ကို ရပ်မလား ဆိုတာတော့ ပြောရတာ ခက်တယ်” ဟု သူက ဆက်ပြောသည်။

စောဒေးဗစ်တာကပေါကလည်း နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးကိစ္စ အတွက် နယ်စပ် ငြိမ်းချမ်းရေးရရှိရန် ထိုင်းနိုင်ငံသည် မြန်မာစစ်အစိုးရနှင့် ပြဿနာဖြစ်လိုပုံမရဟု ဆိုသည်။

“စီးပွားရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီအချက်က ထိုင်းအနေနဲ့ ကေအန်ယူကို မြန်မာစစ်အစိုးရနဲ့ စကားပြောဖို့ ဖိအားပေးတဲ့နေရာမှာ အဓိကကျတယ်” ဟု သူက ပြောသည်။

၁၉၉၀ နောက်ပိုင်းတွင် ကေအန်ယူသည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ကေအန်ယူ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဗိုလ်မြသည် ၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

“အဲဒီတုန်းက သူတို့က လက်နက်ချပြီး ပြန်ဝင်လာဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ဘယ်ဖြစ်နိုင်ပါ့မလဲ။ စစ်အစိုးရလို တရားဝင်မဟုတ်တဲ့ အစိုးရရဲ့ လက်အောက်မှာ ဘယ်လိုလုပ် ကေအန်ယူက နေလို့ဖြစ်ပါ့မလဲ” ဟု စောဒေးဗစ်တာကပေါက ဆိုသည်။

အကယ်၍ ကေအန်ယူအနေနှင့် မြန်မာစစ်အစိုးရနှင့် နိုင်ငံတွင်း၌ တွေ့ဆုံဆွေးနွေးရန် သဘောတူညီလိုက်ပါက စစ်အစိုးရက အသာစီးယူ၍ ပြောဆိုမည်ဖြစ်ပြီး တရားမျှတသော ဆွေးနွေးမှု မဖြစ်နိုင်ဟု သူကဆက်ပြောသည်။ ၎င်း၏ အတွေ့အကြုံအရ ယခင် ပြည်တွင်းဆွေးနွေးမှုများမှာလည်း တရားမျှတမှုမရှိခဲ့ဟု ဆိုသည်။

ကေအန်ယူ ငြိမ်းချမ်းရေးယူလိုက်ပါက တခြားသော အတိုက်အခံ အဖွဲ့အစည်းများအနေနှင့် အကြပ်အတည်း တွေ့နိုင်သော်လည်း မြန်မာစစ်အစိုးရသည် ကေအန်ယူ အဖွဲ့အစည်း တခုလုံး ညီညီညွတ်ညွတ်နှင့် တစုတစည်း တည်း ငြိမ်းချမ်းရေး ယူသည့် အနေအထားကို လိုလားလိမ့်မည်မဟုတ်ဟု ကိုအောင်သူငြိမ်းက သုံးသပ်သည်။

“သူတို့ကတော့ သွေးခွဲအုပ်ချုပ်တဲ့ ပုံစံကို သုံးမှာပဲ။ တချို့နေရာတွေမှာ အကြပ်အတည်း ဖြစ်အောင် လုပ်မယ်၊ တချို့ကိုကျတော့ အခွင့်အရေးပေးမယ်ဆိုတာမျိုး လုပ်မှာပဲ။ တပ်မဟာလိုက် ခွဲပြီး စည်းရုံးမယ်လို့ ယူဆရတယ်” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာစစ်အစိုးရနှင့် ကေအန်ယူကြားတွင် ယခင်ကတည်းက ဝင်ရပ်ခဲ့ဖူးပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကလည်း အိမ်ရှင်အဖြစ် လက်ခံဆွေးနွေးခဲ့ခြင်းမျိုး လုပ်ပေးခဲ့ဖူးသည်ဟု ကိုအောင်သူငြိမ်းက ဆက်ပြောသည်။ ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံအရေးကို ပိုမိုကောင်းမွန်လာရန် ကူညီနိုင်သော အနေအထား ရှိသည်ဟုလည်း သူက သုံးသပ်သည်။

“ထိုင်းအစိုးရအနေနဲ့ တဘတ်သက် မဟုတ်ဘဲ စေတနာမှန်မှန်နဲ့ ဝင်လုပ်မယ် ဆိုရင်တော့ ကောင်းသွား နိုင်တယ်” ဟု သူက ပြောသည်။

န်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း ၁၂

မိုးမခ

မှတ်စုမှတ်တမ်း

မတ် ၂၄၊ ၂၀၀၉

အင်္ဂလိပ်ခေတ်က ဝါအကောက်ခွန်ဌာနမှာ ကာကွယ်ရေးအရာရှိအဖြစ်

တစ်လကြာမျှ အမှုထမ်းဆောင်စဉ် သင်္ဘောကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိပ်ကမ်း အလုပ်သမားများသည် လုပ်ငန်း ပြီးဆုံးပါက၊ ကမ်းနားရှိ အရက်ဆိုင်၊ သို့မဟုတ် လက်ဖက်ရည်ဆိုင်သို့ သွားရောက် စားသောက်တတ်ကြောင်း သိရှိ နားလည် ထားပါတယ်။ ဤအကျင့်ဓလေ့သည် ဆိပ်ကမ်းမြို့တိုင်းလိုပင် ရှိကြောင်းလည်း သိရှိ နားလည်ထားပါတယ်။ ကာလကတ္တား ဆိပ်ကမ်းလည်း ဤအတိုင်းပင် ဖြစ်မည်ဟု ယုံကြည်သည့် အားလျော်စွာ ဆိပ်ကမ်းရှိ အရက်ဆိုင်တစ်ဆိုင်သို့ ပါပါတို့ ဝင်သွားပါတယ်။

ဗိုလ်မှူးချစ်ကောင်းက အရက်မသောက်တတ်ပါသဖြင့် ပါပါတစ်ယောက်အတွက်ပဲ မှာပါတယ်။ အရက်ဆိုင်တွင် ဆိပ်ကမ်းမှာ ဆိုက်ကပ်သော သင်္ဘော အရေအတွက်နှင့် ပါလာသော ကုန်များကို သိရပါတယ်။ စစ်ပစ္စည်း တင်ဆောင်လာသော သင်္ဘောမပါရှိပါ။ ချိန်းဆိုထားသည့်အတိုင်း ညနေ (၆)နာရီမှာ စတိတ်(စ)မင်း သတင်းစာတိုက်သို့ ပါပါတို့ အရောက်ပြန်သွားကြပါတယ်။

ဟူကလီမြစ်ကမ်းပါး စစ်သင်တန်းကျောင်းမှာ လိုအပ်သော စစ်ပညာများကို သင်ကြားပြီးသောအခါ လက်တွေ့ ဆက်လက် သင်ကြားရန် ၁၉၄၅ ခု၊ ဇန်နဝါရီလ (၁၄) ရက်တွင် သခန်ဗိုလ်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီး ဦးအုန်းမောင်တို့ အပါအဝင် ပါပါတို့ကို လေယာဉ်ပျံဖြင့် သီဟိုကျွန်း (သီရိလင်္ကာ) သို့ ပို့ပါတယ်။ လေယာဉ်ပျံသည် ကာလကတ္တားမြို့မှ နံနက်ပိုင်းတွင် ထွက်ပြီး မဒရပ်မြို့မှာ တထောက်နားကာ ကိုလံဘိုမြို့သို့ ညနေပိုင်းတွင် ရောက်ရှိသွားပါတယ်။ ကိုလံဘိုလေဆိပ်မှ ပါပါတို့ကို နှစ်ဆယ့်ငါးမိုင် ဝေးသော ဟိုရိုးနာ စစ်စခန်းကို ပို့ပါတယ်။

ဟိုရိုးနာ စစ်စခန်း၏ တပ်ရင်းမှူးသည် ဒုတိယဗိုလ်မှူးကြီး မာ့(စ်)ဂရွှေ ဖြစ်ပြီး၊ ဒုတိယတပ်ရင်းမှူးမှာ ဗိုလ်မှူး ဘရောင်း ဖြစ်ပါတယ်။ တပ်ရင်းမှူး မာ့(စ်)ဂရွှေသည် ဘုံဘေဘားမား ကုမ္ပဏီမှာ အမှုထမ်းဆောင်ခဲ့သော လူတစ်ယောက် ဖြစ်ပါတယ်။ နောက်တစ်နေ့ ပါပါတို့ တပ်ရင်းမှူးနှင့် သွားရောက် တွေ့ဆုံပြီး ပါပါတို့ သင်ကြားလေ့ကျင့်ရမည့် စစ်ပညာရပ်များကို ဒုတပ်ရင်းမှူးအား ပြောကြား တာဝန်ပေးလိုက်ပါတယ်။

ပါပါတို့သင်ကြားရမည့် ဘာသာရပ်များမှာ အချက်ပြဆက်သွယ်နည်း လက်နက်ကိုင်တွယ် ပစ်ခတ်နည်း၊ ဖောက်ခွဲ ဖျက်ဆီးနည်း မြေပုံဖတ်နည်း၊ ဆေးပညာ၊ တောထဲ သွားလာနေထိုင်နည်း၊ မြေပြင်မှနေ လေယာဉ်ပျံနှင့် ချက်ပြ ဆက်သွယ်နည်း စသည်တို့ ဖြစ်ပါတယ်။

ပါပါတို့ကို ပထမ မော့(စ်)ကုတ် ကို သင်ကြားပြီး မော့(စ်)ကုတ်ဖြင့် သတင်းပို့နည်းကိုပါ သင်ကြား ပေးပါတယ်။ ဤဘာသာရပ် သင်ကြားရသည်မှာ အလွန်မှ ပျင်းစရာ ကောင်းပါတယ်။ ၎င်းနောက် လက်နက်ကိုင်တွယ် ပစ်ခတ်နည်းပါ သင်ကြား ပေးပါတယ်။ ကိုင်တွယ် ပစ်ခတ်ရသော လက်နက်များမှာ ရိုင်ဖယ်နှင့် ဘရင်းစက်သေနတ်အပြင် တင့်ကားပစ်သော သေနတ်နှင့် ဘဇူကာတို့ပါ ပါဝင်ပါတယ်။ ခြောက်လုံးပြုးနှင့် ပစ္စတိုသေနတ် ပစ်နည်းကို ခပ်များများ လေ့ကျင့်ပေးပါတယ်။ ရုတ်တရက် ပေါ်ထွက်လာသော ပစ်မှတ်ကို မျက်စိတမှိတ် လျှပ်တပြက် အတွင်း ပစ်ခတ်နိုင်ရန် လေ့ကျင့်ပေးတယ်။ လေ့ကျင့်ပုံက ပါပါတို့ကို တစ်လှည့်စီ လမ်းကြားထဲ သွားခိုင်းပြီး လမ်းဘေးနားမှာ ပစ်နေရာမှ ဆွဲလိုက်သဖြင့် သေနတ်ကိုင်ထားသော လူအရွယ်ရှိ ဂျပန်စစ်သားရုပ် ရုတ်တရက် ထွက်ပေါ်လာပါတယ်။ ပါပါ့အနေနှင့် အံ့အားသင့်ပြီး ငေးကြည့်နေမိသဖြင့် နောက်နား အင်္ဂလိပ် ကျောင်းဆရာက ပစ်ပါ၊ ပစ်ပါ၊ ပြောမှ ပစ်ပါတယ်။ လမ်းကြားအတိုင်း ဆက်လက် လျှောက်ရာ ဂျပန်စစ်သားအရုပ်ပုံစံ အမျိုးမျိုးဖြင့် လမ်းဘယ်ဘက်မှာရော ညာဘက်ပါ ပေါ်လာပါတယ်။ အရုပ်ပေါင်း အားလုံး ခြောက်ခု ပါရှိတယ်။

ဖောက်ခွဲဖျက်ဆီးနည်း သင်ကြားပြသပေးသူမှာ ဗိုလ်ကြီး ဂေး(လ)မိုး ဖြစ်ပါတယ် ဗိုလ်ကြီးဂေး(လ) မိုးသည် ပါပါတို့ကို သင်ကြားပေးသောအခါ အင်္ကျီ မဝတ်ပါသဖြင့် လက်နက်ကိုင်တွယ် နည်းသင်ကြားပေးသော အင်္ဂလိပ်ဆာဂျင် တပ်ကြပ်ကဲ့သို့ပင် အဆင့်အတန်း ရှိမည်ထင်၍ သူ့ကို ပါပါက ဆာဂျင်လို့ ပဲခေါ်ပါတယ်။ ယမ်းဘီလူးနှင့် စနက်တံကို ဖောက်ခွဲမည့်နေရာ၌ မည်သို့ မည်ပုံ ထားရှိရန်နည်း၊ မီးရထား သွားလာခုတ်မောင်းစဉ် ဖောက်ခွဲရန်နည်း၊ တံတားများကို ဖောက်ခွဲရန်နည်း၊ ရေယာဉ်သင်္ဘောများ ဖောက်ခွဲရန်နည်း၊ အစရှိသည်များ ဖြစ်ပါတယ်။ ရေယာဉ် သင်္ဘောများ ဖောက်ခွဲရန်နည်းသည် ရေထဲ မိုင်းဗုံးထောင်နည်း ဖြစ်ပါတယ်။

ဤကဲ့သို့ သင်ကြားပြသပြီး နောက်လက်တွေ့အဖြစ် တစ်နေ့ ပါပါတို့ကို တောထဲ ခေါ်သွားပါတယ်။ ပါပါတို့ကို ခေါ်သွားသည့်နေရာမှာ တကယ့်မီးရထားလမ်းနှင့် မီးရထားတွဲများ ရှိပါတယ်။ မီးရထားခုတ်မောင်းနေစဉ် ဖောက်ခွဲဖျက်ဆီးနည်း နှစ်မျိုး ရှိပါတယ်။ တစ်နည်းမှာ ဖောက်ခွဲမည့် သံလမ်းအောက်တွင် ယမ်းဘီလူးမြှုပ်ထားပြီး စနက်တံကို ထောင်ထားရပါတယ်။ မီးရထားအလေးချိန်ဖြင့် သံလမ်းပိကျသောအခါအ စနက်တံကို နှိပ်ပြီးသားဖြစ်၍ ဗုံးပေါက်ကွဲသော နည်းပင် ဖြစ်ပါတယ်။ တခြားနည်းတစ်နည်းမှာ ဝိုင်ယာကြိုးဖြင့် ဆက်သွယ်ထားပြီး ဘက်ထရီအားဖြင့် ဖောက်ခွဲသောနည်းပင် ဖြစ်ပါတယ်။ တောင်ပေါ်သွား မီးရထားလမ်းကို ဖောက်ခွဲဖျက်ဆီးသောအခါ တောင်ကမ်း မီးရထားလမ်း အကွေ့မှာ အပြင်သံလမ်းကို ဖောက်ခွဲဖျက်ဆီးခြင်းအားဖြင့် မီးရထားတစ်စင်းလုံး ချောက်ထဲသို့ ကျဆင်းသွားမည် ဖြစ်ပါတယ်။ မီးရထားတံတား ဖျက်ဆီးရာ၌ တံတားပေါ် မီးရထားသွားစဉ် ဖောက်ခွဲပစ်နည်းသည် အထိရောက်ဆုံး ဖြစ်ပါတယ်။ အကြောင်းမှာ တံတားပျက်စီးသွားသည့်အပြင် မီးရထားတွဲများ တံတားပေါ်တွင် တင်ရှိနေသဖြင့် တွဲဖယ်ရှားပြီးမှ ပြင်ဆင်ရမည်ဖြစ်၍ နှောင့်နှေး ကြန့်ကြာမည် ဖြစ်ပါတယ်။ မီးရထားတွဲနှင့် သံလမ်းရှိသော နေရာမှာ လက်တွေ့ဖောက်ခွဲဖျက်ဆီးသောအခါ ယမ်းဘီလူးသုံးတဲ့ စနက်တံသာ အသုံးပြုရပါတယ်။ စနက်တံ အထားမှန်လျှင် ဗုံးသည် ပေါက်ကွဲမည်သာ ဖြစ်ပါတယ်။

မြေပုံဖတ်နည်း သင်ကြားသောအခါ မေမြို့ဗိုလ်လောင်း သင်တန်းကျောင်းမှာ သင်ကြားခြင်းနှင့် ကွာခြားခြင်း မရှိပါ။ ဆေးပညာ သင်ကြားရာ၌ ရှေးဦးသူနာပြုနည်း အပြင် ထပ်ဆင့်ဆေးထိုးနည်းပါ သင်ကြား ပြသပါတယ်။ မြေပြင်မှနေ၍ လေယာဉ်ပျံနှင့် အချက်ပြ အဆက်အသွယ်ပြုလုပ်နည်း သင်ကြားသောအခါ လေယာဉ်ပျံမှ ပစ္စည်းဖြစ်စေ၊ လူဖြစ်စေ ချလိုသောနေရာတွင် ဖြစ်စေ အင်္ဂလိပ်စာတီ အမှတ်အသား ပြရမည် ဖြစ်ပါတယ်။ ညအချိန်တွင် 'တီ' ပုံသဏ္ဍာန်လူတန်းစီပြီး လက်နှိပ်ဓာတ်မီးထိုး ပြရန် ဖြစ်ပါတယ်။

ဟိုရိုးနားတပ်စခန်းမှာ နေစဉ်စနေ၊ တနင်္ဂနွေနေ့များမှာ ကိုလံဘိုမြို့သို့ သွားလည်ခွင့် ရပါတယ်။ စနေနေ့ နေ့လယ်စာစားပြီးချိန်မှာ 'ဘိုင်တိုးတာ' ပင်လယ်ကမ်းခြေ ရေကူးစခန်းသို့ သွားလိုသူများအတွက် ကားတစ်စင်းထွက်ပေးပါသဖြင့် ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ လိုက်သွားပါတယ်။ ဘိုင်တိုးတာရေကူးစခန်းသို့ ရောက်သောအခါ ရေချိုး ရေကူးလာသူ အမျိုးသား၊ အမျိုးသမီးတို့မှာ ရေကူးဝတ်စုံ ကိုယ်စီဖြင့် ကမ်းခြေသို့ ဆင်းသွားကြပါတယ်။ အင်္ဂလိပ်လူမျိုးများဖြစ်ပြီး တချို့လဲ အတွဲနှင့် လာကြပါတယ်။ ပါပါတို့ဖြင့် ရေကူးဝတ်စုံအစား ဘောင်းဘီတိုနှင့် ပဲဆင်းသွားကြပါတယ်။ ကမ်းခြေမှာ ရေကူးပြီး အမောဖြေ အပန်းဖြေရန် ရောင်စုံထီးများ စိုက်ထူထားပါတယ်။ ပါပါတို့လဲ ထီးတစ်လက်အောက်မှာ ရေကူးပြီးတိုင်း ပြန်လာပြီး အပန်းဖြေပါတယ်။ ထီးအောက်မှာ အပန်းဖြေရင်း ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရာ မိုးရိပ်လေရိပ်လင်း စင်ကြည်လင်၍ တိုက်ခတ်လာသည့် လေညှင်းမှာ ပင်လယ်ပြင်ကို နိုးဆွသည့်အလား ပင်လယ်ကြီးမှာ လှိုင်းလုံးတစ်များ တဖျပ်ဖျပ် ရိုက်ခတ်လျက် နေပါတယ်။

တောနက်ထဲမှာ ဖြစ်သလို နေထိုင်သွားလာနိုင်ရေးကို လေ့ကျင့်ရန် လိုပါသဖြင့် တောထဲသွားရန် အစီအစဉ် လုပ်ရပါတယ်။ တပ်စခန်းမှ လူများသည် လေးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ လူစုခွဲပြီးတွဲကာ၊ အတွဲဆယ်တွဲ တောထဲ သွားလာ နေထိုင်ပြီး သွားလာရမည် ဖြစ်ပါတယ်။ တောထဲသွားသောအခါ လူတစ်ယောက်ကို စားစရာ ဆယ်ရက်စာပဲ ပေးပြီး ဆယ်ရက်ကျော်လွန်သောအခါ တောထဲမှာ ဖြစ်သလို ရှာဖွေ စားသောက်ရမည် ဖြစ်တယ်။

ဂျပန်တော်လှန်ရေးအတွက် ဗမာပြည်သို့ လေထီးဖြင့် ပြန်လည် ခုန်ဆင်းသောအခါ ပါပါတို့နှင့် အတူလိုက်ပါသွားရမည့် အင်္ဂလိပ်စစ်ဗိုလ်များကို ပါပါတို့နှင့် တွဲပေးထားပါတယ်။ ပါပါနှင့် တွဲပေးသော စစ်ဗိုလ်များသည် ဗိုလ်ကြီး ဝီ(လ်)ဆင် နှင့် ဗိုလ်ကြီး စကီး တို့ဖြစ်ပြီး အင်္ဂလိပ်ဝိုင်ယာလက် ခေါ် အော်ပရေတာ တစ်ယောက် ပါပါတယ်။ တောထဲမှာ တောက်ကို မယ်ရခိုင်းစေရန် ဂဒူးလူမျိုး နှစ်ယောက်ပါ ထည့်ပေးတယ်။ ဂဒူးလူမျိုးနှစ်ယောက်သည် ဝင်းဂိတ်စစ်ဝယ် ကသာခရိုင် ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းပြီး ကုလားပြည်သို့ ပြန်အဆုတ်မှာ ခေါ်ဆောင်လာသောသူများ ဖြစ်ပါတယ်။

အစီအစဉ်အားလုံးပြီးစီးသောအခါ နံနက်ပိုင်းအချိန် ကိုလံဘိုမှ ကန်ဒီမြို့သွား မော်တော်ကားလမ်းအတိုင်း ထွက်ခွာသွားကြတယ်။ စစ်စခန်းရှိသော လမ်းခုလတ်တစ်နေရာမှာ အားလုံးဆင်းပြီး တောနက်ထဲ မသွားမီ စစ်တပ်မှ ဖွင့်လှစ်သော စားသောက်ဆိုင်တွင် စားစရာများ သွားစားကြတယ်။ စားစရာများကို သင်ပုန်းပေါ်မှာ နံပတ်နှင့် ယှဉ်ရေးထားပြီး လူအများ မြင်နိုင်ရန် နံရံမှာ ချိတ်ဆွဲ ထားပါတယ်။ စားစရာများကို နံပါတ်ပြောပြီး မှာစားရပါတယ်။ စားစရာ ပေါင်းအားလုံး (၁၂) မျိုး ရှိပြီး ပါပါ သုံးလေးမျိုး မှာစားပါတယ်။

စားသောက်ကြပြီး ကားလမ်းဘေးနားရှိ တောနက်ထဲသို့ ကိုယ့်ကျောပိုးအိတ် ကိုယ်ထမ်းကာ ဝင်သွားကြပါတယ်။ ဌာနချုပ်မှ ကြိုတင်စီစဉ်ထားချက်အရ အတွဲငါးတွဲသည် ဘယ်ဘက်တောထဲ ဝင်ပြီး ကျန်ငါးတွဲသည် ညာဘက်တောထဲသို့ ဝင်သွားပါတယ်။ ပါပါတို့အတွဲသည် ဘယ်ဘက်ဝင်သွားသောအတွဲ ဖြစ်ပါတယ်။ အတွဲတိုင်းသည် ၎င်းညနေတွင် မိမိအတွက် ခွဲခြား သတ်မှတ်ထားသော နေရာသို့ အရောက်သွားရမည်ဖြစ်ပြီး ရောက်ခြင်း ရောက်ဌာနချုပ်သို့ အကြောင်းကြားရမည် ဖြစ်ပါတယ်။ အမှန်မှာ ပါပါတို့တောထဲ နေထိုင်စဉ် ပါပါတို့ အတွဲသည် ဌာနချုပ်သို့ တစ်နေ့နှစ်ကြိမ် နံနက် (၈)နာရီနှင့် ညနေ (၈) နာရီ နှင့် ညရောက်သောအနေရာမှာ မြေပုံအမှတ်အသားဖြင့် ဌာနချုပ်သို့ သတင်းပို့ရန် မထွက်လာမီ ညွှန်ကြားချက် ရရှိထားပါတယ်။ ၎င်းပြင် နေ့စဉ် ညနေ (၆ နာရီအချိန်မှာ ဌာနချုပ်မှ ညွှန်ကြားချက်များ ပို့မည် ဖြစ်၍ ဖမ်းယူ နားထောင်ရန်လည်း ညွှန်ကြားထားပါတယ်။ ပါပါတို့ အတွဲသည် သတ်မှတ်ထားသော နေရာသို့ ညနေ နေမဝင်မီ ရောက်ရှိပြီး ည(၈) နာရီအချိန် ဌာနချုပ်သို့ သတင်းပြန်ပို့ ပါတယ်။ ရောက်ရာ နေရာမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို အိပ်ရမည်ဖြစ်သဖြင့် ၎င်းညအတွက် ပါပါ သစ်ပင်အောက်မှာပင် အိပ်ပါတယ်။)

နောက်တစ်နေ့ ပါပါတို့ စတင်ခရီးထွက်ကြပါတယ်။ နံနက် (၈)နာရီ အချိန်မှာ ခရီးတထောက်နားပြီး သတ်မှတ်ထားသည့်အတိုင်း ဌာနချုပ်သို့ အဆက်အသွယ် ပြုလုပ်ပါတယ်။ ၎င်းနောက် ဆက်လက်ခရီးထွက်ပါတယ်။ (၁၁)နာရီ အချိန်မှာ ရပ်နားပြီး ဆယ်ရက်စာ အတွက် ပါလာသော ဘီစကွက်မုန့်ခြောက်နှင့် အသားဘူးကို ဖောက်စားပါတယ်။ ထရေးပင် မောနေပြီး ဆက်လက် ခရီးထွက်ပါတယ်။ ဤကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ၌ မျက်ကန်းတောတိုး သဘောမျိုးမဟုတ်ဘဲ မြေပုံကြည့်ပြီး တစ်နေ့တာသွားမည့် ခရီးနှင့် စခန်းချမည့် နေရာကို ဌာနချုပ်သို့ ကြိုတင်အကြောင်းကြား ထားပါတယ်။

ဤကဲ့သို့နေ့စဉ် ခရီးသွားရာ သုံးရက်မြောက်သောနေ့မှာ ဗိုလ်ကြီး စတီးသည် သမင်တစ်ကောင် ပစ်၍ရပါသဖြင့် ၎င်းးနေ့အဘို့ ပါပါတို့ ဟင်းကောင်းစားရပါတယ်။ ပိုသော အသားများကို အတုံးခပ် ရွယ်ရွယ် တုံးပြီး ကျပ်ကင်လိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ ခရီးသွားရင်း မွန်းလွဲ အချိန်တွင် တောင်သုံးတောင်ကြားမှာ ရှိသော ရေကန်တစ်ကန်သို့ ရောက်ရှိသွားပါတယ်။ ရေကန်ထဲကြည့်ရာ ငါးများ ပြည့်နှက်နေပြီး စား၍အလွန်ကောင်းသော 'ထရော့' ငါးမျိုး ဖြစ်ကြောင်း ဗိုလ်ကြီး ဝီ(လ)ဆင်က ပြောပါတယ်။ ငါးများကို ဖမ်းရန် ဗုံးဖောက်ခွဲပြီး ဖမ်းရန်သာ ရှိသဖြင့် ဌာနချုပ်မှာ နေ့စဉ်သင်ကြားထားသော ရေထဲဗုံးဖောက်ခွဲနည်း ပညာကို အသုံးပြုကာ ရေကန်ထဲသို့ ဗုံးဖောက်ခွဲလိုက်ပါတယ်။ ခဏချင်း ငါးများပေါ်လာပြီး တချို့မှာ သေသော်လည်း တချို့မှာ မသေတသေ ဖြစ်နေပါတယ်။ ငါးများကို ဆယ်ယူရန် ပါပါတို့နှင့် ပါလာသော ဂဒူးလူမျိုးနှစ်ယောက်သည် ရေမကူးတတ်သဖြင့် ပါပါပဲ ရေကန်ထဲ ဆင်းပြီး ဆယ်ယူရပါတယ်။ ပါပါ ရေကန်ထဲ ခုန်ဆင်းပြီး နောက်ဖွတ်ကြီးတစ်ကောင်သည် ကုန်းပေါ်သို့ ထွက်ပြေးသွားသည်ကို တွေ့ရသဖြင့် ပါပါ့ကို မိမွေးဖမွေးအတိုင်း တွေ့ရ၍ ထွက်များပြေး လေသလားဟု ပါပါထင်မိပါတယ်။ ၎င်းနေ့အဖို့ ပါပါတို့ ငါးဟင်း မစားချင် အဆုံး ဖြစ်ပါတယ်။

သီဟိုကျွန်း (သီရိလင်္ကာ) တောနက်ထဲမှာ လိပ်နှင့် မျောက် အလွန်မှ ပေါများပါတယ်။ လိပ်များသည် အကောင်ကြီးပြီး ကျောမှာ အဝါရောင်မျဉ်းလေးကွက်ကြား ရှိပါတယ်။ မျောက်မှာ မျောက်ကွင်းဖြူ ဖြစ်ပြီး ပါပါ အလွန်ကြိုက်သော မျောက်မျိုး ဖြစ်ပါတယ်။ ပါပါ ပစ်စားချင်သော်လည်း မချက်တတ်သဖြင့် မပစ်တော့ပါ။ ဗိုလ်ကြီး သမင် တစ်ကောင်ရစဉ်ကလည်း ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်ပဲ ဖျက်ပြီး ယူပါတယ်။ သွားရင်းလာရင်း တောဝက် ခပ်ရွယ်ရွယ်တွေ့သော်လည်း မဖျက်တတ်သဖြင့် မပစ်ဘဲ နေပါတယ်။

တောထဲမှာ ဆယ်ရက်မြောက်သောအခါ ဌာနချုပ်မှ ပေးလိုက်သော စားစရာ များလည်း ကုန်သွားပါတယ်။ ဆယ်ရက်အတွင်း စားသောက်ရသည်မှာလည်း ဟန်ကျပန်ကျ မရှိလှပါ။ ဒါနဲ့ ပါပါက ဗိုလ်ကြီး ဝီ(လ)ဆင်နှင့် ဗိုလ်ကြီး စတီးတို့ကို ဘယ်လိုပြောသလဲဆိုရင် အပြန်ကျရင် မော်တော်ကားလမ်းဘေး စစ်တပ်စားသောက်ဆိုင်မှာ စားစရာများ (၁) မှ (၁၂) အထိ အားလုံးမှာစား မယ်လို့ ပြောသောအခါ သူတို့က ရယ်ကြပါတယ်။

ရိက္ခာကုန်ဆုံးသောနေ့မှာ ဌာနချုပ်မှ ညွှန်ကြားချက်လာပါတယ်။ ပါပါတို့အတွက် နောက်တစ်နေ့ ည (၁၂) နာရီအချိန်မှာ ရိက္ခာ လာချပေးမယ်၊ နေရာရှာပြီး သတင်းပြန်ပို့ရန် ဖြစ်တယ်။ နေရာရှာပြီး မြေပုံ အမှတ်အသားဖြင့် သတင်းပြန်ပို့ပါတယ်။ နောက်တစ်နေ့ည လေယာဉ်ပျံအလာကို ပါပါတို့ သတ်မှတ်ထားသောနေရာမှာ စောင့်မျှော်နေကြပါတယ်။ ပါပါတို့အဖော် ငါးယောက်ရှိသဖြင့် 'တီ' ပုံသဏ္ဍာန်အနေအထားအတွက် အတော်ပင် ဖြစ်ပါတယ်။ လေယာဉ်ပျံ သံကြားရသဖြင့် ပါပါတို့ကို ကိုယ်စီလက်နှိပ်ဓာတ်မီးကို အပေါ်ထောင်ပြီး မီးပြပါတယ်။ ချိန်းဆိုထားသော အချိန်မှာ လေယာဉ်ပျံသည် ပါပါတို့ခေါင်း ပေါ်တည့်တည့် ရောက်ရှိပြီး ဗိုလ်မှ တံခါးဖွင့်ကာ ရိက္ခာများကို လေထီးဖြင့် ချပေးပါတယ်။ ပါပါတို့အတွက် လေ့ကျင့်ခန်းဖြစ်သလို လေယာဉ်မောင်းသမားအတွက်လည်း လေ့ကျင့်ခန်း ဖြစ်သွားပါတယ်။

သီဟိုကျွန်း တောနက်ထဲမှာ တစ်လကြာမျှ နေထိုင်သွားရန်ဖြစ်သော်လည်း ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့မှာ ပါပါတို့အတွဲ ဌာနချုပ်သို့ ပြန်ရန် ညွှန်ကြားချက် ရောက်ရှိလာပါတယ်။ ဟိုရိုးနားတပ်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ကာလကတ္တားသို့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ပါပါပြန်သွားရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ သခင်ဗိုလ်နှင့် ပါပါကို လေယာဉ်ပျံဖြင့် ပို့မည် ဖြစ်၍ ကျန်လူများကို ကာလကတ္တားသို့ သွားရန် စစ်သင်္ဘော ကြုံပါသဖြင့် စစ်သင်္ဘောဖြင့် လိုက်သွားရန် ဖြစ်တယ်။

ကာလကတ္တားသို့ ပြန်သွားရန် သခင်ဗိုလ်နှင့် ပါပါတို့ စီးနင်းလိုက်ပါ သွားသော လေယာဉ်ပျံသည် ကိုလံဘိုမြို့မှ နံနက်ပိုင်းတွင် ထွက်ပြီး အလာမှာ ကဲ့သို့ပင် မဒရပ်မြို့မှာ တစ်ထောက် ဝင်နားပါတယ်။ (မဒရပ်မြို့သို့ ပါပါနောက်ထပ် လူမမာအဖြစ် စစ်တကောင်းမြို့မှ စကန်းဒရဘတ်စစ်ဆေးရုံသို့ အသွား ဖြတ်သန်းသွားရသည့်ပြင် ဝန်ကြီးအဖြစ် ကာလကတ္တားမှ မိုင်ဆိုသို့ လေယာဉ်ဖြင့် အသွားဖြတ်သန်းသွားခဲ့ ရပါသေးတယ်) မဒရပ်မြို့မှ ခရီးဆက်လက် ထွက်ခွာသွားရာ ကာလကတ္တားသို့ ညနေတွင် ချောမောစွာ ရောက်ရှိ သွားပါတယ်။



ဂျက်ဆို မှ တောင်ငူ

ကာလကတ္တားရောက်ရှိပြီး သုံးလေးရက်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ သုံးယောက်ကို လေထီး လေ့ကျင့်ခုန်ဆင်းရန် ကာလကတ္တား အရှေ့မြောက်ဘက်ရှိ ဂျက်ဆို (ယခု ဘင်္ဂလားဒေ့ရှ် ရှိ ပြည်မှာ) သို့ ပို့ပါတယ်။ ဂျက်ဆိုလေထီး လေ့ကျင့်ရေး ကျောင်းမှာ ပထမ မြေပြင် လေ့ကျင့်နည်းကို သင်ကြားပြသပါတယ်။ ခုန်ဆင်း၍ မြေပေါ်ရောက်ရှိသောအခါ ခြေနှစ်ဖက်တားရှိရန် အနေအထား၊ ကိုယ်လုံးထားရှိရန် အနေအထားနှင့် လှိမ့်ပတ်နည်းကို သင်ကြားပြသတယ်။ လျောချခုန်ဆင်းပြီး အောက်အရောက်မှာ သင်ကြားပြသထားသည့်အတိုင်း လှိမ့်ပတ်ရတယ်။ ဆယ်ကြိမ် တက် ဆင်း လှိမ့်ပတ်ရတယ်။ အကျမနာရန် အောက်မှာ ခြေသုတ်အုန်းဆံ အထူစား ခင်းထားတယ်။ ၎င်းနောက် ဒန်းပေါ်တက်ထိုင်ရပြီး ဆရာဖြစ်သူက ကြိုက်သလို လွှဲပါတယ်။

ဆင်းပုံဆင်းနည်း လေ့ကျင့်ပြီးသောအခါ လေထီးထားသော အခန်းသို့ ခေါ်သွားပါတယ်။ လေထီးထားသော အခန်းသည် အအေးဓာတ် သွင်းထားပြီး ကြွက်နှင့် ဖျက်ဆီးတတ်သော ပိုးမွှားများ မဝင်နိုင်ရန် အထူး ဂရုပြု စောင့်ကြပ်ရပါတယ်။ လေထီးဆရာက လေထီးဝတ်ဆင်ရန် နှင့် ချွတ်ရန် နည်းတို့ကို ပြသသင်ကြားပေးတယ်။

လေထီးဝတ်ဆင်ပြီးသောအခါ ရှေ့မှာ ပိတ်ထားသော ခလုတ် ငြိ၊ မငြိ စမ်းသပ်ကြည့်ရန် လိုကြောင်းကို ဆရာက အလေးထား ပြောဆိုသွားပါတယ်။ အကယ်၍ ခုန်ဆင်းပြီး သစ်ပင်နှင့် ငြိတွယ်သည်ဖြစ်စေ၊ တစ်ခုခုနှင့် ငြိတွယ်ပြီး လေထဲမှာ တွဲလောင်း တွဲလောင်းဖြစ်နေလျှင် ရှေ့မှာ ပိတ်ထားသော ခလုတ်ကို မဖြုတ်ရန် အရေးကြီးကြောင်းကိုလဲ ထည့်သွင်း ပြောဆိုသွားပါတယ်။

လေထီး ဝတ်ဆင်ပြီး ခလုတ်မငြိလျှင် ခုန်ဆင်းသောအခါ လေထီး ချွတ်ပြီးသား ဖြစ်၍ လေထီး မပါဘဲ အောက်သို့ ရောက်သွားမည် ဖြစ်ပါတယ်။ တွဲလောင်းဖြစ်သောအခါ ခလုတ်ကိုဖြုတ်လျှင် ကြိုးများ လည်ပင်းကို ပတ်တတ်တယ်။ ခလုတ်လဲ မေးစေ့ခေါင်းကို ရိုက်တတ်သဖြင့် သေနိုင်တယ်။ တွဲလောင်း ဖြစ်ပြီး ခလုတ်ကို ဖြုတ်မိသောကြောင့် ဝင်းဂိတ်စစ်သား သုံးလေးယောက် မသေသင့်ဘဲ သေတဲ့အကြောင်း ပါ ထည့်ပြောတယ်။

လေယာဉ်ပျံပေါ်မှ လေ့ကျင့်မဆင့်မီ ကျန်းမာရေး စစ်ဆေးရန် အတွက် ဆရာဝန် ထံသွားရပါတယ်။ ဆရာဝန်က နှလုံးကို အဓိကထား စစ်ဆေးပြီး ခန္ဓာကိုယ် အရိုးများ ကျိုးခဲ့ခြင်း ရှိမရှိ၊ အဆစ်များ လွဲခဲ့ခြင်း ရှိမရှိ၊ စစ်ဆေးမေးမြန်း ပါတယ်။ အကယ်၍ နှစ်လုံးမကောင်းသော် အရိုးကျိုးခဲ့ခြင်း ရှိသော်၊ အဆစ်လွဲခဲ့ခြင်း ရှိခဲ့သော် လေထီးဖြင့် ခုန်ဆင်းရန် ခွင့်မပြုပါ။ ပါပါ့တို့အဖော်သုံးယောက် စလုံး ကျန်းမာရေး စစ်ဆေးခြင်းကို အောင်ကြပါတယ်။

ကျန်းမာရေး စစ်ဆေးခြင်း အောက်ကြပါသဖြင့် လေယာဉ်ပျံ ပေါ်မှ အစမ်း ကျင့်ခုန်ဆင်းရန် ညနေအချိန် သတ်မှတ်ထားပါတယ်။ သတ်မှတ်ချိန်မရောက်မီ လေဆိပ်သို့ အရောက် သွားကြပါတယ်။ လေ့ကျင့်ရမည့် လေယာဉ် ပျံသည် စက်ခေါင်းနှစ်လုံးတပ် 'ဒါကိုတာ' အမျိုးအစား လေယာဉ်ပျံဖြစ်သဖြင့် နောက်ဘက်တံခါးပေါက်မှ ဆင်းရမည် ဖြစ်၍ ဆင်းသောအခါ ညာခြေထောက်ကို အရင်ထုတ်ပြီး ဆင်းရမည် ဖြစ်ကြောင်း လေထီး ကျောင်းဆရာက ညွှန်ကြားပါတယ်။ မဆင်းမီတံခါးပေါက်မှာ မီးနီလင်းလာသောအခါ အသင့် အနေအထားမှာ နေပြီး မီးစိမ်းလင်းလာသောအခါ တစ်ယောက်စီ ဆင်းရန် ဖြစ်တယ်။ တစ်ယောက်စီ ဆင်းသောအခါမှာ လေးယောက် တစ်အုတ်စီ ဆင်းရန် ဖြစ်တယ်။ ပါပါတို့အပါအဝင် အစမ်းကျင့်ခုန်ဆင်းရန် လေယာဉ်ပျံပေါ်မှာ လူ (၂ဝ) ပါရှိပါတယ်။ ခုန်ဆင်းရမည့် နေရာ ရောက်ခါနီး အောက်သို့ ငုံ့ကြည့်ရာ လူနာတင်မော်တော်ကားကို ကောင်းကောင်းမြင်ရပါတယ်။

လေထီးဖြင့် ဆင်းသောအခါ ကိုယ့်အလှည့်ရောက်လျှင် ဆင်းသာဆင်း၊ ကြောက်ဆုတ် ကြောက်ဆုတ် မလုပ်နဲ့ လွန်ခဲ့တဲ့တစ်လခန့်တုံးက လေထီးသမားတစ်ယောက် ကြောက်ဆုတ်ကြောက်ဆုတ် လုပ်တော့ နောက်ဆင်းမယ့်လူနဲ့ ပူးပြီး ဆင်းမိသားဖြစ်သွားသည့်အတွက် လေထီး မဖွင့်ဘဲ အောက်ရောက်သွားတယ် လို့ လေထီးဆရာ ပြောပြချက်ကို သတိရတယ်။

ပါပါ ပထမဆုံးဆင်းရမည့် လူဖြစ်သည့်အတွက် မီးနီလင်းပြီးနောက် မီးစိမ်းလင်းလာသောအခါ ခုန်ဆင်းပါတယ်။ မကြာမီလေထီး ပွင့်လာသောအခါ အထက်သို့ ဆွဲတင်သည့် ခံစားချက်မျိုးခံစားရပြီး လေနတ်သားဟာ ဒါမျိုးပဲလား လို့ ထင်မိပါတယ်။ လေထီးဟာ တဖြည်းဖြည်း ဆင်းသက်ကာ အောက်အရောက်မှာ ဆရာသင်ထားပေးသည့်အတိုင်း လှိမ့်ပတ်သဖြင့် လေ့ကျင့်ခန်း ချောမောစွာပြီးဆုံး သွားပါတယ်။ နောက်နှစ်ရက်အကြာမှာ နောက်တစ်ကြိမ် ထပ်မံ လေ့ကျင့်ရပါတယ်။ နောက်တစ်ကြိမ် လေ့ကျင့်သောအခါ လေးယောက်တစ်သုတ်မှာ ပါပါက နောက်ဆုံးလူ ဖြစ်ပါတယ်။ လေယာဉ်ပျံပေါ် ပါပါ့ဘေးနားမှာ ထိုင်သော ဗမာတိုင်းရင်းသား တစ်ယောက်က ရှင်သီဝလိ ရုပ်ကို သူ့နဖူးနှင့်ထပ်ခါထပ်ခါ တို့နေသည်ကို တွေ့ရသောအခါ၊ ဒါလဲ ရဲဆေးတစ်မျိုးပဲ လို့ ထင်မိပါတယ်။ ခုန်ဆင်းရန် နေရာသို့ ရောက်ရှိ၍ ပါပါတို့ အသုတ် ဆင်းသောအခါ ပါပါနောက်ဆုံးမှ ဆင်းသော်လည်း ပါပါကိုယ်အလေးချိန်ကြောင့် မြေပေါ်သို့ အရင် ရောက်သွားပါတယ်။

(ဆက်လက် ဖော်ပြပါမည်။)

ကေအန်ယူလက်နက်ချရေး ထိုင်းကို နအဖ ဖိအားပေး

NEJ / မတ်လ(၂၄) ရက်၊ ၂၀၀၉



ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်က အကူအညီတောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။

ပဒိုဒေးဗစ်သကဘောက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများကစိုးရိမ်နေကြတယ်။ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စံထားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်သူလိုမမြင်ဘူး။ ထိုင်းဟာဒီမိုကရေစီကို လေးစားတဲ့ နိုင်ငံဆိုတော့ အဲဒီလို မတရား မမှန်မကန် လုပ်လေ့မရှိဘူး။ မမှန်မကန်လုပ်ရင် တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ရေရှည်မှာ အကျိုးမရှိဘူးဆိုတာ သူတို့နားလည်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာစံနဲ့ အလုပ်လုပ်တဲ့ အစိုးရဖြစ်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။

ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါ တယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်က ပြောသည်။

ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။

ပဒိုဒေးဗစ်သကဘော ဆက်ပြောရာတွင် “ထိုင်းဘက်က ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့ဘက်က ငြိမ်းချမ်းတဲ့ နည်းနဲ့ စကားပြောမယ်။ ကျနော်တို့အခြေအနေ၊ တိုင်းပြည်အခြေအနေ၊ လူထုအခြေအနေတွေ ရှင်းပြပြီး အားလုံးအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တခုကို ချပြမယ်။ ကျနော်တို့ကတော့ လူထုဆန္ဒနဲ့အညီမဟုတ်ဘဲ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ၀င်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ်ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခဖြစ်နိုင်လောက်သည့် အခြေအ နေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ကရင်သူပုန်များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် ထိုင်းက ဖျောင်းဖျမည်

ဥဆာ ဖိချိုင်း
အင်္ဂါနေ့၊ မတ်လ 24 2009 13:27 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုင်းအစိုးရက ကရင်အမျိုးသား အစည်းအရုံးနှင့် တွေ့ဆုံ ဆွေးနွေးကာ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် ပါဝင်ရန်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ဖျောင်းဖျရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တနင်္လာနေ့က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ မြန်မာ အဆင့်မြင့် အရာရှိကြီးများက ထိုင်းအစိုးရကို တိုင်းရင်းသား သူပုန်တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပေးရန် မေတ္တာ ရပ်ခံခဲ့သည်ဟု ဆိုသည်။

“ကေအန်ယူသည် စစ်အစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် မပါဝင်သေးကြောင်း၊ အကယ်၍ ဆွေးနွေးပွဲ အောင်မြင်ပါက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ပြဿနာများကိုလည်း ပြေလည် သွားစေလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း” ဟု မစ္စတာ ကဆစ်က ထိုင်းနိုင်ငံ အမျိုးသား သတင်းဗျူရိုသို့ တယ်လီဖုံးမှတဆင့် အင်တာဗျူး ဖြေကြားရာတွင် ပြောကြားသွားသည်။

သို့သော် ဆွေးနွေးမည့် အစီအစဉ်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ၊ ဤကိစ္စသည် အမျိုးသား လုံခြုံရေးကိစ္စနှင့် ဆက်စပ်နေသဖြင့် ပြော၍ မဖြစ်ကြောင်း သူက ပြောသည်။

ကရင် အမျိုးသားအစည်းအရုံး - ကေအန်ယူ နှင့် ရှမ်းပြည်တပ်မတော် - အက်စ်အက်စ်အေ တို့သည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ ကူးပြောင်းရေးအဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို လက်မခံဘဲ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲလျက်ပင် ရှိသည်။

စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်၊ မြန်မာအစိုးရနှင့် အတိုက်အခံ ပါတီများသည် ယင်းတို့ အတူတကွ လက်တွဲ ဆောင်ရွက်နိုင်မည့် ဘုံဖြေရှင်းနည်း တရပ်ကို လောလောဆယ် ရှာဖွေလျက်ပင် ရှိသေးကြောင်းဖြင့် မစ္စတာ ကဆစ်က ပြောသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ပတ်သက် ဆက်နွယ်နေသူအားလုံး ရှင်းရှင်းလင်းလင်းနှင့် မျှမျှတတ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများ၏ ပြဿနာနှင့် စပ်လျဉ်း၍လည်း ဝန်ကြီးက ရှင်းလင်း ပြောကြားရာတွင် သူတို့ကို မြန်မြန်ဆန်ဆန် နိုင်ငံရင်းသို့ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ခိုလှုံခွင့် လျှောက်ထားသူများ၏ နိုင်ငံသားကိစ္စ လာရောက် စိစစ်ပါရန် မြန်မာအာဏာပိုင်များကို သူ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ၊ အဆိုပါ လှေစီး ဒုက္ခသည်များကို ထိုင်းနိုင်ငံက ကြမ်းတမ်းစွာ ပြုမူဆက်ဆံခဲ့သည် ဟူသော စွပ်စွဲချက်များကိုမူ ငြင်းဆိုသွားခဲ့သည်။ ဤကိစ္စသည် ဒေသတွင်း အရေးပါသော ပြဿနာတရပ် ဖြစ်လာခဲ့သည်။

လှေစီးဒုက္ခသည်များကို ပုံမှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံအနေဖြင့် သူတို့အား လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်ရန်ကိုသာ အာရုံစိုက် ဆောင်ရွက်နေသည်ဟု မစ္စတာ ကဆစ်က ပြောသည်။

ယခင် ရာထူးမှ ထုတ်ပယ်ခံရသော ထိုင်းဝန်ကြီးချုပ် ထပ်ဆင် ရှင်နဝတ် (Thaksin Shinawatra) လက်ထက်က ထိုင်းထုတ်ကုန်သွင်းကုန် ဘဏ်မှတဆင့် မြန်မာအစိုးရသို့ ပေးအပ်ခဲ့သည့် အငြင်းပွားဖွယ် ဘတ်ငွေ ၄ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၁၄ သန်း) ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဆက်လက် ပြောကြားရာတွင်၊ ဤချေးငွေကို ရန်ကုန်ရှိ ထိုင်းဘုရင့် သံရုံးမှတဆင့် မြန်မာအစိုးရက မှန်မှန် ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ”ဤလာဘ်စားမှုသည် ထိုင်းနိုင်ငံ၏ ပြဿနာ သက်သက်သာ ဖြစ်ကြောင်း” မစ္စတာ ဖိရူမ်းက ဆက်ပြောခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့က ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ (Abhisit Vejjajiva) ၏ တရားဝင် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် မိမိကိုယ်မိမိ မိတ်ဆက်ခြင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စများ ဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ပြီး၊ ထိုလုပ်ငန်းများတွင် ဆိုင်ကလုံးနာဂစ်ဒဏ်ခံ ဒုက္ခသည်များအား နောက်ထပ် အကူအညီပေးရေး ကိစ္စများလည်း ပါဝင်သည်။

ပြည်ထောင်စု/ပြည်နယ်အမည်ကို ပထ၀ီဝင်အမည်မှည့်ရန် SSCDC အကြံပြု

အင်္ဂါနေ့၊ 24 မတ်လ 2009 သျှမ်းသံတော်ဆင့်

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဒုတိယမူကြမ်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာရှင်းလင်းပွဲအစည်း အဝေး တစ်ရပ်ကို ပြီးခဲ့သည့်အပတ်က ထိုင်းနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပါသည်။

မတ်ခ်ျ ၁၅ မှ ၁၈ ရက်နေ့အထိကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်သား ကယန်း၊ ပအိုဝ်း၊ ၀၊ ကချင်၊ လားဟူ၊ လီဆူး နှင့် သျှမ်း လူမျိုးစု ၇ စု ကိုယ်စားလှယ် အယောက် ၂၀ တက်ရောက်ခဲ့ကြသည် ဟုဆိုပါသည်။

တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တန်းတူညီမျှရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းပါ အခန်းကြီး ၁၄ ခန်း၊ ပုဒ်မ ၁၉၉ ခု အနက် ‘နိုင်ငံ အမည် ပြည်နယ်အမည်ကို လူမျိုးအမည် မခေါ်မှသာလျှင် လူမျိုးရေးပဋိပက္ခလျော့နည်း မည်’ ဆိုသည့်အချက်ကို အကြောင်း အရာတစ်ခုအဖြစ် အကျယ်တ၀င့်ဆွေးနွေးခဲ့၏။ သျှမ်းပြည်ဖွဲ့ စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဤကဲ့သို့ပြောပြသည်။

“ပြည်နယ်အမည်ကို လူမျိုးနာမည်မှည့်ခြင်းအားဖြင့် အဲဒီလူမျိုးအစွန်းရောက်သွားတတ်တယ်။ အဲဒီလူမျိုးက တခြား လူမျိုးတွေထက်ပိုပြီးလုပ်ပိုင်ခွင့်ရှိတယ် ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ အထင်ရောက်တတ်တယ်။ အဲလိုရောက်သွားရင် ပြည်နယ်အတွင်းညီညွတ်ရေးထိခိုက်တယ်။ ( ဥပမာ- သထုံခရိုင်နဲ့မော်လမြိုင်ခရိုင် ဟာ မွန်ပြည်နယ်ထဲမှာရှိတယ်။ သထုံခရိုင်မှာက ကရင် နဲ့ ပအိုဝ်းတွေများတယ်။ ပြည်နယ်က မွန်ပြည်နယ် ပေးထားတယ်။ မွန်ပြည်နယ်က ကိုယ်စား လှယ်တွေရန်ကုန် သွားမယ်ဆိုရင်သထုံက ပအိုဝ်းကိုယ်စားလှယ် တွေက ပအိုဝ်းဝတ်စုံနဲ့ဝတ်သွားဖို့ပြင်တော့ မွန်ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ အဲပုံစံဆိုရင် ကရင် တွေ ပအိုဝ်းတွေ မွန်လိုဘဲနေ မွန်လိုဘဲစကားပြော အတင်းအကြပ် လိုဖြစ်သွားတယ်) အဲလိုမျိုးမဖြစ်အောင် ရှမ်းပြည်မှာလဲ ရှမ်းပြည်လို့ခေါ်တော့ ရှမ်းတွေက ဒီပြည်ဟာ တို့ပြည်၊ တခြားလူမျိုးတွေကဧည့်သည်၊ တကယ်ပိုင်ဆိုင်တာကတို့ဘဲ ဆိုတဲ့အစွဲရှိသွားရင် အစွန်းရောက်သွားတတ် တယ်။ အစွန်းရောက်သွားရင် ညီညွတ်ပျက်ပြီး အေးချမ်းမှုမရတော့ဘူး။”

သျှမ်းပြည်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ
လက်ရှိတိုင်းပြည်သည် လူတဦးချင်းပုဂ္ဂလိက အခွင့်အရေး ဟုခေါ်သည့် Individual right အာမခံချက်အပြည့် အ၀ မရ သောကြောင့် ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသား အသီးသီးက မိမိလူမျိုးကိုသာ ဖက်တွယ်ထားလိုကြ ကြောင်း၊ မိမိလူမျိုး နာမည်ကို ဖက်တွယ်ခြင်း အားဖြင့် လူမျိုး characteristic စရိုက်လက္ခဏာ၏ အခြေ ခံထူးခြားချက်များ မပပျောက်အောင် ထိန်းသိမ်းနိုင်မည်ဟု ယူဆကြကြောင်း၊ ထို့ကြောင့် လူမျိုးအမည် နှင့် နယ်မြေဒေသ တခုရရန် လူမျိုး၏ လက္ခဏာIdentityထိန်း သိမ်း နိုင်မည်ဟု မျှော်လင့်ချက်ထား ကြကြောင်း၊တဘက်တွင် လည်း လူမျိုးအမည်ဖြင့် ပေးလိုက် ပါက အစွန်း ရောက်သွား နိုင်ကြောင်း၊ လူမျိုးအမည်နှင့်မပေး လျှင်လူမျိုးပါပျောက်သွား မည်ကို စိုးရိမ်သည့်လူများလည်းရှိ ကြောင်း၊ အစွန်းနှစ်ဘက် ဖြစ်နေသည့်လူမျိုးစု အကြားတဖြည်းဖြည်းညှိသွားရမည်ဖြစ် ကြောင်း - ရှင်းလင်းပါသည်။

“တိုင်းပြည်တခုလုံးရဲ့ နာမည်ကို ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ်မခေါ်ဘဲနဲ့အားလုံးသဘောကျနိုင်တဲ့ တခြား geographic name ခေါ်သင့်တယ်လို့ကျနော်တို့တိုင်းရင်းသားတွေတောင်းဆိုတာကြာပြီ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ရဲ့ နာမည် ကို ဗမာ/မြန်မာ ထည့်ခြင်းအားဖြင့် ဗမာလူမျိုးက တိုင်းပြည်တပြည်ထဲမှာ ရှိတဲ့ လူမျိုးတမျိုးလို့မခံယူတော့ဘဲနဲ့ တပြည်လုံးကို ပိုင်ဆိုင်တဲ့လူမျိုးဖြစ်သွားတယ်။ ကျန်တဲ့လူမျိုးစုများ က ဗမာပြည်မှာလာပြီးပူးပေါင်းနေထိုင်တယ်၊ ပိုင်ရှင် ကဗမာဖြစ်သွားတဲ့သဘော။ ဒီတော့ငါတို့ဗမာကလူ မျိုးအများစုဖြစ်တယ်။ အသိဉာဏ်ပိုကြွယ်ဝတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက ငါတို့နဲ့တန်းတူနေရာပေး လို့မဖြစ်ဘူး။ သူတို့ကို အခွင့်အရေးပေးထားတဲ့အပေါ်မှာ ငါတို့ဗမာ ရှိရမယ်ဆိုပြီး တဘက်စွန်းရောက်တဲ့ အမြင်တွေ တယူသန်တွေဖြစ်သွားတယ်။ တကယ်လို့ပြည်နယ်တွေကို တိုင်းရင်းသား နာမည်ကနေ ပထ၀ီ ဒေသ အမည်ပြောင်းရင် တတိုင်းပြည်လုံးရဲ့ နာမည်ကိုလည်း ပြောင်းသင့်တယ်လို့ ကျနော်ကအကြံ ပြုတာပါ ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို၏။

၁၉၉၄ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီမိုကရေစီစနစ်ပြောင်းလဲရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိရန် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ အဆိုပါဆုံးဖြတ်ချက် ကို အခြေခံ၍ ကွယ်လွန်သွားပြီဖြစ်ကြသော စ၀်စန့်ယောင်ဟွေ့၊ စ၀်ဆိုင်စစ်တို့က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်း ရေး၏ အဓိကလုပ်ငန်းစဉ်တခုအဖြစ် ပြည်နယ်တိုင်း - မိမိတို့၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲကြရန် မဖြစ်မနေ လိုအပ်ကြောင်း စတင်လှုံဆော်တိုက်တွန်းလမ်းညွှန်ခဲ့၏။ နောက်ပိုင်း ချင်း၊ မွန်၊ ကရင်၊ ကရင်နီ တို့က ပြည်နယ်ဖွဲ့ စည်းပုံ မူကြမ်းရေးဆွဲရေးကော်မတီ/ကော်မရှင်များအသီး သီးဖွဲ့စည်းရေးဆွဲလာခဲ့ကြခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်၌ သျှမ်းပြည်သားများဖြစ်သည့် ကယန်း၊ ပအိုဝ်း၊ ၀၊ လားဟူ၊ ပလောင် နှင့် ရှမ်းလူမျိုးစု ကိုယ်စားလှယ် များ ကလည်း အစည်းအဝေးတရပ်ကျင်းပပြီး သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပေဒေမူကြမ်း ရေးဆွဲရေးကော်မရှင်(Shan State Constitution Drafting Commission – SSCDC) ကို ဖွဲ့စည်းထူထောင်ခဲ့ သည်။

ကရင်လူမျိုးတို့ ၏သုခုမအနုပညာ အပိုင်း(၂)

Tuesday, March 24, 2009



တိုင်းရင်းသားတပ်များနှင့်ညှိနှိုင်းရေး အနဖကထိုင်းအစိုးရကိုအကူအညီတောင်း

တနင်္သာရီတိုင်းအချို့ဒေသတွင် ဘာသာရေးဆိုင်ရာပိတ်ပင်တားမြစ်မှုများရှိနေ


Kaowao/ မတ် ၂၂၊ ၂၀၀၉။

မေတ္တမြို့နယ်ခွဲမှ ရွေ့ပြောင်းခံကရင်ရွာသားများ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြေးခံဘော် ကျေးရွာအုပ်စု၊ ညောင်တုံးကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲတခုပြုလုပ် ရန်အတွက် ဒေသခံ ခရစ်ယာန်ဘာသာရေးဆိုင် ရာ အသင်းအုပ်ဆရာများမှ လွန်ခဲ့သည့် မတ်လ (၇)ရက်နေ့တွင် မေတ္တာမြို့အခြေစိုက် ရှေ့တန်း
စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်နှင့် သွားရောက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခွင့်ပြုပေးရန် တင်ပြခဲ့ကြရာ နယ်မြေတည်ငြိမ်မှု မရှိသေးဟု အကြောင်းပြကာ ပယ်ချခဲ့သည်ဟု မကြာသေးခင်က ထိုင်းနယ်စပ် သို့ ရောက်ရှိလာကြသော ဒေသခံများပြောပြချက် အရ သိရပါသည်။

“နောက်ထပ်ဘာသာရေးကိစ္စနဲ့ ပတ်သက်လို့လာရောက်တင်ပြခြင်းမျိုး မပြုလုပ်ကြရန်နဲ့ တင်ပြလာခဲ့ရင်လည်း ခွင့်ပြု မည်မဟုတ်ဘူး” အသင်းအုပ်ဆရာများကို သတိပေးပြောဆို၍ ပြန်ခိုင်းခဲ့ပါသည်။

မြေးခံဘော်ကျေးရွာအုပ်စု ဒေသတဝိုက်တွင် ရှေ့တန်း-ခလရ (၂၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ်ကြောင်းအင်အား(၇ဝ)ဦးခန့် မြေးခံဘော်ကျေးရွာနှင့် ညောင်တုံးကျေးရွာတို့တွင် တပ်ဖြန့်လှုပ်ရှားလျှက်ရှိသည်။

ဒေသခံများကိုဂမုံးသွယ်ချောင်း အရှေ့ဘက်ကမ်းသို့ လုံးဝမသွားကြရန် အမိန့်ထုတ်ထားသည်။ ခွင့်ပြုချက်မရဘဲ ရွာပြင် ထွက်လျှင် အသေပစ်သတ်မည်ဟု ခလရ (၂၅) တပ်ရင်းမှူးက ခြိမ်းခြောက်သတိပေးထားသည်။

ဤဒေသခံများသည် တောင်ယာအလုပ်ကိုသာ အဓိကထားလုပ်ကိုင်နေရသဖြင့် နအဖတပ်များက နယ်မြေအတွင်း
မတည်ငြိမ်မှုများ ရှိနေသည်ကို အကြောင်းပြပြီး ဂမုံးသွယ်ချောင်းအရှေ့ဘက်ကမ်းဘက် ယခင်မိမိတို့လယ်ယာမြေ ဟောင်းများတွင် တောင်ယာလုပ်ကိုင်ခွင့် မပြုဘဲပိတ်ပင်ထားလိုက်မှုကြောင့် လာမည့်နှစ်အတွက်ဝမ်းစပါး အခက်အခဲ များနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသည်ဟုလည်း အဆိုပါဒေသခံများက စိုးရိမ်ကြသည်။

ဤကျေးရွာပတ်ဝန်းကျင်၌ KNU တပ်များဖြတ်သန်းသွားလာတတ်သည့် လမ်းကြောင်းများကို နအဖတပ်ဖွဲ့များက
နေရာအနှံ့ လိုက်လံမိုင်းထေါင်ထားသဖြင့် နေ့စဉ်လိုလို မိုင်းပေါက်ကွဲသံများကြားနေရသည်။ ဒေသခံများသည်လည်း
ရွာပြင်မထွက်ရဲကြပါ။

၂ဝဝ၉ခုနှစ် ဇန်နာဝါရီလမှစ၍ မတ်လအတွင်း KNU နှင့် နအဖတပ်တို့ မြေးခံဘော်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲ(၄)ကြိမ်သာဖြစ်ပွားခဲ့သော်လည်း ရှေ့တန်း-စဗဟ(၂)မှူး ကွပ်ကဲမှုအောက်တပ်ဖွဲ့များတွင် KNUနှင့် (၁၅) ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပါသည်။

“ရွာသားတွေက တပ်တွေကို ရန်သူ့သတင်းပို့တာ တာဝန်မကျေပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ထပ်ခင်ဗျားတို့
ရွာတွေမှာတိုက်ပွဲဆက်ဖြစ်နေအုံးမယ်ဆိုရင် ခင်ဗျားတို့ ရွာအားလုံးကို တရွာမကျန်ပြောင်းပစ်မယ်” ရှေ့တန်း-စဗဟ(၂) မှူးက အသင်းအုပ်ဆရာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုလည်း ဆိုပါသည်။

နယ်မြေအတွင်း နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်အစိုးရဘက်က အထိနာလာပြီးဆိုလျှင် ဒေသခံများကို
အပစ်ပုံချ၍ နည်းမျိုးစုံဖြင့်ဖိနှိပ်အနိုင်ကျင့်ကြသည်။

ဤဒေသသည် ၁၉၉၇ ခုနှစ်က ထိုင်း-မြန်မာစစ်အစိုးရတို့ စတင်ဖေါက်လုပ်ခဲ့သော ကန်ချနပူရီ-ထားဝယ် အာရှအဝေး ပြေးမော်တော်ကားလမ်းမကြီး စီမံကိန်းကြီးကြောင့် စစ်အစိုးရတပ်ဖွဲ့များက ရွာငယ်ပေါင်း (၁၇) ရွာကိုဖျက်ဆီးခဲ့ပြီး ရွာ(၁၀) ရွာကို ဤမြေးခံဘော်ကျေးရွာအုပ်စုအတွင်းသို့ အတင်းပြောင်းရွေ့ခဲ့သည်။

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းများတွင် အဆိုပါဒေသခံများ အများအပြားခိုလှုံရောက်ရှိနေပြီး အချို့မှာ တတိယနိုင်ငံသို့ ရောက်ရှိနေထိုင်နေကြပြီဖြစ်သည်။

အဆိုပါ အာရှအဝေးပြေးကားလမ်းသည် ထိုင်းဖက်တွင်ပြီးစီးသော်လည်း မြန်မာဖက်တွင်လုံခြုံရေး အကြောင်းပြချက် များကြောင့်(၁၀)မိုင်ခန့် မြေနီလမ်းကြမ်းငယ်သာ ရွာသားများလုပ်အားကို အတင်းအဓ္ဓမစေခိုင်းပြီး အကောင်အထည် ဖော်ခဲ့သည်။

ဤဒေသသည် KNU တပ်မဟာ ၄ လှုပ်ရှားရာဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးမကောင်းမွန်သဖြင့် စစ်အစိုးရတပ်ဖွဲ့ ဝင်များအတွက် အလွန်အန္တရယ်များသောဒေသတခု ဖြစ်နေသည်။

လွမ်းဌာနီ ဘားအံမြို့ 

Saturday, March 21, 2009

ခွဲကဘော ကရင်အမျိုးသားကျောင်း

ခွဲကဘော ကရင်အမျိုးသားကျောင်းသိကောင်းစရာ

တ်ုကျဲ.လ်ုဃှေဝ်ထီသိုလ်

Friday, March 20, 2009


အဝေးရောက်စ၀်ဖူ့ ဍင် အားကျေးဇူးတင်ပါသည်။

DKBA= သြဆော်=နယ်ခြားစောင့်=ဒရ၀မ်




အဝေးရောက်စ၀်ဖူ့ ဍင် အားကျေးဇူးတင်ပါသည်။

အကြပ်အတည်းကြားက ကေအန်ယူ

Friday, 20 March 2009 19:58 ဧရာဝတီ
မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ် စောဘိုမြကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။ ဧရာဝတီက KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုဒေးဗစ်ထော နှင့် တွေ့ဆုံပြီး KNU၏ လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။ ဖဒိုဒေးဗစ်ထောသည် ယခင်က KNU၏ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သည်။

ဖဒိုဒေးဗစ်ထော (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
မေး။ ။ ထိုင်းနိုင်ငံထဲက KNU စစ်ခေါင်းဆောင်တွေ မကြာသေးခင်က မြန်မာနိုင်ငံဘက်မှာ ရှိတဲ့ KNU ထိန်းချုပ်နယ်မြေထဲကို ပြန်ရတဲ့အကြောင်းတွေ ပြောပြပါဦး။

ဖြေ။ ။ ၂ဝဝ၈ ခုနှစ် KNU ညီလာခံ အပြီးမှာ အပြောင်းအလဲက ဘာလဲဆိုတော့ နအဖ က တွေ့ဆုံ ဆွေးနွေးရေးကို မသွားချင်တော့ဘူး ဆိုတော့ တချို့ ဌာနတွေ ဖျက်ပစ်လိုက်တာရှိတယ်။ ဥပမာ အရင်က နအဖနဲ့ ဆက်ဆံတဲ့ ဗိုလ်မှူးစိုးစိုးရဲ့ ဌာနမျိုးပေါ့။ အဲဒါကို ထိုင်းဘက်က အမြင်မရှင်းတာမျိုး ရှိတယ်။ နအဖက ကမ်းလှမ်းမှုတွေကို ကျနော်တို့ဘက်က စ ဖျက်တယ်လို့ ထိုင်းက မြင်တယ်။

ညီလာခံအပြီး တပ်မဟာ ၆ ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အဲဒီဘက်က တပ်ရင်း ၂ဝ၁၊ ၂ဝ၃ ရှိတယ်။ မြန်မာ စစ်အစိုးရဘက်က တောင်းဆိုမှုကြောင့် ထိုင်းက လမ်းတွေကို တတ်နိုင်သလောက် လိုက်ဖြတ်တောက်တာ တွေ့ရတယ်။ ဒါကြောင့် တချို့ နယ်မြေတွေ ရှုံးရတာ၊ ဆုတ်ပေးရတာ အဲဒါတွေ ပါတယ်။ ရိက္ခာ မပို့နိုင်သလို နောက်ကျောကနေ ဝင် အပစ်ခံရတာတွေ ရှိတယ်။

အဲဒီမှာ ဆက်ဆံရေးက ကျဲလာတဲ့ အခါကျတော့ ဖေဖော်ဝါရီမှာ ထိုင်းဘက်ကနေ ကျနော်တို့ဆီ စာဝင်လာတယ်။ သူတို့နယ်မြေထဲကနေ ကိုယ့်တပ်တွေကို လှမ်းပြီး အမိန့်မပေးဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့ ထိုင်းနယ်မြေထဲမှာ ဆက်ပြီး နေနေတယ်။ အဲဒီမှာ စာရလာတယ်။ စာအရ တော့ အမိန့်ပေးနိုင်တဲ့ တပ်မှူးတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ မှာ နောက်ဆုံး ဟိုဘက်ကမ်း ပြန်သွားပေးဖို့ပေါ့။

နောက် … ပို့ရတဲ့ အကြောင်းရင်းတချက်က ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနာ လာတဲ့ အချိန်မှာ (ကရင်ပြည်နယ်) မြဝတီမှာ ပေါက်ကွဲမှု ဖြစ်သေးတယ်၊ အဲဒါ ကျနော်တို့ လုပ်တာလို့ ပြောတယ်။ အရှေ့တောင်တိုင်း တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ ဆိုတော့ ပိုပြီး ထိုင်းဘက်က ပိုစိုးရိမ်လာတယ်၊ ဖိအား ပိုများလာတယ်။ မြန်မာ စစ်အစိုးရဘက်ကလည်း KNU, KNU ဆိုပြီး ဝါဒဖြန့်တာတွေ ပို ကြီးလာတဲ့ အခါကျတော့ ထိုင်းအနေနဲ့ ဖဒိုမန်းရှာလို နောက်တယောက် ဖြစ်မှာ စိုးရိမ်လာတယ်။

မေး။ ။ တကယ်လို့ KNU က ငြိမ်းချမ်းရေးယူမယ်ဆိုရင် ကိုယ်ပိုင်နယ်မြေ ရနိုင်မလား။

ဖြေ။ ။ နယ်မြေပေးမယ် ဆိုတာ ဘုရားသုံးဆူရဲ့ မြောက်ဘက်ပိုင်းပေါ့။ အရင် ကျနော်တို့ ၂ဝဝ၅ ခုနှစ် သွားပြီး ဆွေးနွေးတုန်းက အရှေ့တောင်တိုင်း တိုင်းမှူးက သုံးနေရာပေးတယ်။ အဲဒီ နေရာက ကရင်ပြည်နယ်ထဲမှာ ဆိုတော့ ဘယ်တပ်မဆို အဲဒီကို ပြန်လာနေဖို့ ပြောတာ။

အဲဒီမှာ DKBA (KNU၏ ခွဲထွက်အဖွဲ့တခု) လည်း ရှိတယ်၊ နောက်တခုက မွန်ပြည်သစ်ပါတီရဲ့နေရာ ဖြစ်နေတယ်။ ဘယ်သူ ပြန်ပြန် နေပြည်တော်ကတော့ ခေါင်းအေးမယ်၊ ဒါပေမယ့် အဲဒီနေရာမှာ ရှိတဲ့သူတွေကတော့ ခွက်စောင်းခုတ်မှာပဲ။ အခုကလည်း တနိုင်ငံလုံး အတိုင်းအတာကို မကြည့်ကြဘူးလေ။ အားလုံးလိုလိုက နယ်မြေလေး တခုလောက် ရပြီး ရပ်တည်နိုင်တဲ့ အနေအထားရှိရင် တော်ပြီ ဆိုတာမျိုး။

မေး။ ။ KNU ရဲ့ အောက်ခြေ တပ်တချို့က သူတို့သဘောနဲ့ သူတို့ အစိုးရနဲ့ သွားပြီး ပူးပေါင်းမယ် ဆိုရင် ခွင့်ပြုမလား၊ ဘယ်လို သဘောထားရှိလဲ။

ဖြေ။ ။ တခြားတပ်မဟာတွေကတော့ ပြဿနာ မရှိလောက်ဘူး။ ဖြစ်မယ်ဆိုရင်တော့ အထူးတပ်ရင်း ဗိုလ်ချုပ်မြရဲ့ လူတွေ ဘက်က ဖြစ်စရာ အကြောင်းရှိတယ်။ အမှန်က ကျနော်တို့က ကိုယ့်လူကိုယ်လည်း မထိန်းနိုင်ဘူး၊ ဗိုလ်ချုပ်မြ ရှိတုန်းက သူပျိုးထောင်ခဲ့တာတွေက ဗိုလ်ချုပ်မြလူ ဆိုပြီး သဘောထားကြတယ်။ တကယ်က တပ်ဆိုတာက အားလုံး တစုတစည်းတည်း တပ်ဗိုလ် တပ်မှူးရဲ့ အောက်မှာပဲ ရှိသင့်တာကို ခုလို ခွဲခြားလိုက်တော့ ပြဿနာက ဖြစ်လာရော။

တပ်မဟာ ၆ က ထုတ်ပယ်ထားတဲ့သူတွေ ဥပမာ - တဲခီး ဆိုရင် ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတယ်။ သူက DKBAနဲ့လည်း အဆက်အစပ် ရှိတယ်။ ဗိုလ်မဟာဆွေ ဆိုရင်လည်း ဗိုလ်ချုပ်မြဆီမှာ တောက်လျှောက် နေလာခဲ့တယ်။ ဒါပေမယ့် သူ့ကို ဦးစီးချုပ်က တခါမှ ပြောဆို ဆွေးနွေး တိုင်ပင်တာ မရှိခဲ့တော့ သူက လွတ်နေတယ်။ သူတို့ကို ရွာသားပြောမလား၊ ဗိုလ်ချုပ်မြလူလို့ ပြောမလား။

ဒီဟာတွေက မရှင်းမရှင်း ရှိနေတော့ ကျနော်တို့ တပ်က ဖွဲ့စည်းပုံကိုက အားနည်းတယ်။ ကျနော်တို့ကလည်း တပ်မဟာ ၃၊ ၄၊ ၅၊ ၆ စသည်ဖြင့် တပ်မဟာတွေကို အာရုံစိုက်ပေမယ့် အထူးတပ်ရင်းတွေကိုကျတော့ အာရုံမစိုက်တော့ အထူးတပ်ရင်းကို ဗိုလ်ချုပ်မြတပ် ဆိုပြီး ဘေးဖယ်သလို ဖြစ်နေတယ်။ တခါ အထူးတပ်ရင်းကလည်း ဗိုလ်ချုပ်မြက သူ့သားတွေကိုပဲ ဦးဆောင်ခိုင်းထားတယ်။ မိသားစုကနေ ပျိုးထောင် ထားတဲ့ တပ်လိုဖြစ်နေတော့ တချို့က သိပ် အမြင် မကြည်ကြဘူး။ နောက်တခါ မာနယ်ပလောတို့ တခြား တပ်ရင်းတွေ ကျတုန်းက ပြေးခဲ့တဲ့ တပ်သားတချို့ကို ဗိုလ်ချုပ်မြက ပြန်ခေါ်သုံးထားတာမျိုးလည်း ရှိတယ်။

အဝေးတပ်ရယ်၊ ဗဟိုတပ်ရယ် ဆိုတဲ့ ဇာတ်လမ်းက ရှိနေတော့ အရေးယူရမလား၊ လိုက်လျောရမလား ဘာမှန်းကို မသိဘဲ ဖြစ်နေတယ်။ အဲလိုမျိုး တခြား တပ်ရင်းတွေကပါ လုပ်မယ် ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပဲ့ ပဲ့ ပြီး ထွက်သွားဖို့က များနေတယ်။ DKBA တုန်းကတော့ ပုံစံတမျိုးနဲ့ ဖြစ်ခဲ့တာပဲ။ ဗိုလ်ထိန်မောင် ဖြစ်တော့လည်း ပုံစံတမျိုးပဲ။ ကျနော်တို့ဆီမှာ အကွဲကွဲ အပြားပြား ဖြစ်နေတယ်။

မေး။ ။ KNU မှာ စစ်တပ် အင်အားက ဘယ်လောက် ရှိသလဲ။

ဖြေ။ ။ ၃ဝဝဝ ထက် မပိုဘူး။ တပ်မဟာ ၅ ကတော့ အများဆုံးပဲ။ မြိတ်၊ ထားဝယ်ဘက်မှာလည်း လူရှိရင်တောင် လှုပ်ရှားမှုက တော်တော်နည်းတယ်။ တပ်ရင်းအရ ပြောမယ်ဆိုရင်တော့ တပ်ရင်း ၉၊ ၁ဝ၊ ၁၁ ရှိတယ်။ စာရင်းအရတော့ များတယ်။ ဒါပေမယ့် တကယ့်လူဦးရေက မပြောနိုင်ဘူး။

မေး။ ။ KNUက အင်အား အတော်နည်းနေတော့ နအဖက မဖြိုနိုင်ဘူးလား။

ဖြေ။ ။ ကျနော့်အထင်တော့ မွေးထားတယ်လို့ ထင်တယ်ဗျ။ ဒီကောင်တွေရှိနေတယ်၊ တိုင်းပြည်ကို ကမောက်ကမ လုပ်နေတဲ့ ကောင်တွေ ဆိုပြီး ပြစားလို့ ရတာပေါ့။ တဘက်ကလည်း ကျနော်တို့ လူတွေဘက်ကလည်း စိတ်ဓာတ်တော့ မကျဘူးဗျ။ ကျနော်တို့က ပြောက်ကျားပစ်တယ်၊ ဗုံးထောင်တယ်။ ကျနော်တို့လည်း ဒါပဲ တတ်နိုင်တာကိုးဗျ။

မေး။ ။ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့နဲ့ မယူတဲ့အဖွဲ့ နိုင်ငံရေးအရ ဘာကွာမလဲ။

ဖြေ။ ။ အမှန်ကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အနေနဲ့ကတော့ နိုင်ငံရေးအရ မျှော်လင့်ချက်လေး နည်းနည်း ရှိသေးတယ်ပေါ့ဗျာ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့၊ နိုင်ငံတကာရဲ့ ဖိအားနဲ့ ပေါင်းပြီး အပြောင်းအလဲကို မျှော်နေတယ်ဗျ။

ငြိမ်းချမ်းရေး အဖွဲ့တွေကျတော့ တချို့က ကျေနပ်လို့တော့ မဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ယူလိုက်တဲ့ အခါကျတော့ သူတို့နယ်မြေထဲမှာ သတ်တာတွေ အများကြီးလျော့သွားတယ်၊ နည်းနည်းလျော့တာ မဟုတ်ဘူးနော် .. အများကြီး လျော့သွားတာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိကောင်းရှိမယ်၊ ဒါပေမယ့် သတ်တာကတော့ လျော့သွားတယ်။ နောက်တခု အားသာချက်က လူတွေနဲ့ အနီးစပ်ဆုံး ထိတွေ့ခွင့် ပိုရှိတယ်။ အဲဒါကတော့ အရမ်းကို အကျိုးရှိတယ်ဗျ။ သူ့လူထုကို သူတို့ရဲ့ သဘောတရားကို ပြောပြလို့ရတယ်။

ဒီက လက်နက်ကိုင် အဖွဲ့တွေကျတော့ ဟိုဘက်က ထိုးခွဲလိုက်တဲ့အခါမှာ သွားလည်း မရှင်းနိုင်၊ မီဒီယာမှာ ရှင်းပြန်တော့လည်း သတင်းထုတ်ပြန်ချက် ဆိုတာနဲ့ပဲ ပြီးသွားရော။ ကျနော်တို့ လူတွေကို ရွာတွေမှာ ခေါ်စုပြီး စကားပြောနိုင်တာမျိုး မလုပ်နိုင်တော့ဘူး။ နေရာတိုင်းမှာ နအဖရဲ့ စခန်းတွေ တပ်တွေက ရှိနေတယ်။ ဒီတော့ ရွာတွေကလည်း မင်းတို့ ဘာလိုချင်လဲပြော လုပ်ပေးမယ်၊ ခေါ်ပြီး လူစုတာမျိုးတော့ မလုပ်ပေး နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ အရင်က ဆိုရင်တော့ ခေါ်စုပြီး ရှင်းလင်းပွဲလေး ဘာလေး လုပ်နိုင်သေးတယ်။

မေး။ ။ ပြန်ဝင်သွားတဲ့ ငြိမ်းချမ်းရေး အဖွဲ့တချို့ ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ရှိနေတာပဲ။ KNU ကရော ဘာလို့ ငြိမ်းချမ်းရေး ကိစ္စကို မစဉ်းစားတာလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ဆုံး သွားတွေ့တုန်းကဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်ရှိတုန်းက ကျနော်တို့ရဲ့ အခြေခံ လိုအပ်ချက် တွေကို ဆွေးနွေးလို့ ရသေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားပြီး နောက်လူတွေကျတော့ အဲလို ဆွေးနွေးလို့ မရတော့ဘူး။ ပြန်လာနေရင်နေ၊ မပျော်ရင်ပြန် ဆိုတာမျိုးပဲ သူတို့ဘက်က ပြောတယ်။

နောက်တခါ အဖွဲ့ငယ်လေးတွေကို ခွဲပြီး ခေါ်နိုင်ပြီ ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော် ရန်သူဆိုလည်း ဒီတိုင်းလုပ်မှာပဲလေ။ ခွဲနိုင်သမျှ ခွဲထုတ်မယ်၊ အဆောက်အအုံကြီးကိုတော့ ဒီတိုင်း ထားမယ်။ ကျနော်တို့ မပြန်နိုင်ဘူး ဆိုတာကလည်း နိုင်ငံရေး အရ ယုံကြည်ချက်တွေ ရှိကြတယ်။ ညီလာခံကလည်း ဆုံးဖြတ်ထားတာ ရှိတော့ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ် ထားတာကို အောက်ခြေက ဖောက်ပြီး မလုပ်နိုင်တာ ရှိတယ်။ တချို့အောက်ခြေကတော့ ပြန်ချင်တဲ့ စိတ်မျိုး ရှိကောင်းရှိမယ်။

နောက်တခုက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ဆုံးဖြတ်ချက် ချထားတာ ဖဒိုမန်းရှာ ရှိကတည်းကပဲ။ အဲဒါက ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြန်နေဖို့။ ကျနော်တို့ကို ကျနော်တို့ တပ်တွေနဲ့ လူထုက လေးစားမှုရှိဖို့။ အနည်းဆုံးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေ ကရင်ပြည်နယ်ဘက်ကို ပြန်နေကြဖို့ပဲ။ ဒါပေမယ့် ဖဒိုမန်းရှာသာ ဆုံးသွားရော အဲဒီ အစီအစဉ်က ဖြစ်မလာဘူး။

ခုဟာက ဗဟိုက မဲဆောက်ဆိုတော့ လူက အထင်သေးတာပေါ့။ ကရင်ပြည်နယ်မှာ ရွာသားတွေက KNU ခေါင်းဆောင်ကို တခါမှ မတွေ့ဖူးဘူး။ ပြက္ခဒိန် ရောက်လာမှ မြင်ဖူးကြတာမျိုး ဖြစ်နေတာ။ တကယ်ဖြစ်သင့်တာက ညီလာခံက ဆုံးဖြတ် ပြီးရင် ဟိုဘက်ကမ်း ပြန်ကြပေါ့၊ တပ်တွေဆီလည်း ကိုယ်သွားနိုင်သလောက် သွားပြီး အားပေးပေါ့ ..။ တပ်နဲ့ တူတူနေတဲ့ ဒုက္ခသည်တွေကို တွေ့သင့်တာပေါ့။ ဒါပေမယ့် ကျနော်တို့ကအစ ဒီဘက်ကမ်း (ထိုင်းနိုင်ငံဘက်အခြမ်း)ကနေ လုပ်နေကြတယ်။ အဲဒီတော့ အထဲက တကယ်လုပ်နေတဲ့ တပ်မှူးတွေကလည်း ကျနော်တို့ကို အားကျတာပေါ့။ အဲဒီတော့ ဒီဘက်ကို လာနေချင်ကြကော။ ဟိုထဲမှာ မလွှဲသာမရှောင်သာလို့ နေနေရတဲ့သူတွေက ဒီလူတွေကို ကြည့်ပြီး စိတ်ဓာတ်ကျတာပေါ့ဗျာ။

မေး။ ။ ကျန်တဲ့ ငြိမ်းချမ်းရေး တပ်တွေကကော လက်နက်ပြန်ကိုင်ပြီး တိုက်မယ်လို့ ထင်သလား။

ဖြေ။ ။ ရိုးရိုး ပြောရရင်တော့ ဒီလူတွေ စစ်ပြန်တိုက်ကြဖို့ မရှိဘူးဗျ။ သူတို့ လူထုနည်းအရ၊ နိုင်ငံရေး အရပဲ ဆန့်ကျင်နိုင်မယ်။ ဝ ဒေသဆိုရင်လည်း စစ်ရေးအရ တရုတ်ကသာ ပံ့ပိုးပေးနေမယ်ဆိုရင် .. ပံ့လည်း ပံ့ပိုး ပေးနေတာပဲ ဆိုတော့ နအဖက သွား တိုက်ဖို့ တော်တော် စဉ်းစားရမယ်။ ဝ ကိုက တရုတ်က တော်တော်လေး ချုပ်ကိုင်ထားနိုင်တယ်၊ ဝ ရဲ့ ထွက်ပေါက်ကလည်း တရုတ်ပဲကိုး။ ကချင် ဆိုရင်ကော အရင်က တော၊ ခြုံဆိုတဲ့ နေရာတွေ ခု လူနေအိမ်ခြေ တိုက်တာနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုတော့ စစ်ပြန်ဖြစ်ဖို့ ဘယ်သူမှ စဉ်းစားမှာ မဟုတ်တော့ဘူး။

သူတို့ထဲမှာ စစ်သားဦးရေက နည်းတာ မဟုတ်ဘူး။ ဒါက စစ်မတိုက်ရလို့ကိုး။ စစ်တိုက်ရရင် ဘယ်သူမှ စစ်ထဲ လိုက်မှာ မဟုတ်တော့ဘူးလေ။

မေး။ ။ KNU နဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုတွေ၊ တပ်ပေါင်းစုတွေအပေါ် အမြင် ပြောပြပါဦး။

ဖြေ။ ။ ခုအချိန်မှာတော့ တပ်ပေါင်းစုတွေမှာတော့ KNU ကို ဗန်းပြအနေနဲ့ နေရာပေးထားတာတော့ ရှိတယ်။ NCUB တပ်ပေါင်းစုအဖွဲ့က စင်ပြိုင်အစိုးရ ဖွဲ့မယ် ဆိုတာမျိုး ဖြစ်လာတယ်။ KNU ကလည်း ရန်သူကို တိုက်မယ် ဆိုရင် ကြိုက်တာပဲ၊ ဘယ်လိုပဲ တိုက်တိုက်လေ။

ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မစဉ်းစားတဲ့ အပိုင်းတွေ ရှိတာလည်း တွေ့လာရတယ်။ အဲလို ပုံစံဆိုတော့ အထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်ပေါ့။ ငြိမ်းချမ်းရေး အဖွဲ့တွေကော ပါနိုင်မလား။ မလွယ်ဘူး။ သူတို့ သွားချင်တဲ့ ပုံစံက တမျိုးပဲ။ အိပ်မက်ကြီးလို ဖြစ်နေတယ်။ လက်ရှိ သူတို့ ရှိတဲ့ အခွင့်အရေးကို လွှတ်ပြီး ကျနော်တို့ ပေးတဲ့ လေထဲက အခွင့်အရေးကို ယူမလားဗျ။

မေး။ ။ လုပ်ကြံခံရတဲ့ KNU ခေါင်းဆောင် ဖဒိုမန်းရှာက ရန်သူ တော်တော်များခဲ့လား။

ဖြေ။ ။ KNU တခုလုံးရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အထွေထွေ အတွင်းရေးမှူး ဆိုတော့ သူက မူပေါ်မှာ ရပ်တည်ပြီး အကောင်အထည်ဖော် ပြောဆိုတဲ့အခါမှာ သူ့ကို မကြိုက်တာမျိုးတွေ ရှိကောင်း ရှိနိုင်မယ်။ သူ့ကို မသတ်ခင်မှာ DKBAတို့၊ နအဖတို့က ဖြန့်တဲ့စာတွေ တွေ့ကြမှာပါ။ ကားဗုံးခွဲတဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေတာ မန်းရှာလက်ရာ၊ ကိုကြည်လင်း (စစ်အစိုးရနှင့်သွားရောက်ဆွေးနွေးသူ KNU ဒု ဗိုလ်မှူးကြီး) သေတာ မန်းရှာလက်ရာ အဲလိုတွေ မြှောက်ပေးတော့၊ စွပ်စွဲတော့ သူက ပိုကြီးထွားလာရော။ အဲဒီမှာ ထိုင်းဘက်က လမ်းဖောက်ဖို့တို့၊ ရေလှောင်တမန် ကိစ္စတို့မှာ သူက မူအရ ငြင်းရတော့ တချို့က မန်းရှာနဲ့ စကားပြောရတာ ခက်တယ် ဆိုတာမျိုးတွေ ဖြစ်လာတာပေါ့။ ကျနော့်အထင် သူ့မှာ ရန်သူ များတယ်လို့ ပြောရလောက်အောင်တော့ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းတခုလုံးရဲ့ဒဏ်ကို ခံလိုက်ရတာပါ။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာဖြစ်လာမယ်လို့ ထင်သလဲ။

ဖြေ။ ။ စစ်တပ်ကို သုံးပြီး အပစ်ရပ် အဖွဲ့တွေကို လက်နက် လုံးဝ ဖြုတ်ခိုင်းမလား .. ဒါမှမဟုတ် အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို အပြတ် ချခိုင်းမလား၊ ဒါကတော့ နောက်တက်မယ့် အစိုးရပေါ်မှာ မူတည်တာ။

ကျနော်တို့ကတော့ ဒီတိုင်း ဆက်နေသွားမယ် ဆိုတာ ရှင်းပေမယ့် နောက်တက်မယ့် အစိုးရ ဘာလုပ်မယ်ဆိုတာ ခုထိမရှင်းဘူး။ ၂ဝ၁ဝ ပြီးသွားလို့ ရှေ့လျှောက်မှာ နအဖလည်း အခက်အခဲ ပိုများလာမယ်။ ကျနော်တို့ကတော့ ဒီထက် ပိုခက်စရာ အကြောင်း မရှိတော့ဘူးလို့ ထင်တယ်။ ကျနော်တို့အတွက်က အခုကာလက တကယ့်အကြပ်အတည်း ဆုံးပဲ။ ဘဏ္ဍာငွေအားဖြင့် အခက်အခဲရှိတယ်၊ လူစုရတာလည်း အခက်အခဲရှိတယ်။ အခက်အခဲက မျိုးစုံတယ်။

မေး။ ။ KNU ရဲ့ တပ်တွေကို ထောက်ပံ့ဖို့ မလွယ်တော့ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဲဒါပေါ့ .. ခုလောလောဆယ် ကျနော်တို့ လူထုကလည်း အကုန်လုံး ဒုက္ခသည်ဖြစ်ကုန်ပြီ .. အရင်ကလို ကျနော်တို့ ဝန်ကို မထမ်းနိုင်တော့ဘူး။ ရုန်းကန်တဲ့နေရာမှာ မိသားစုတွေက ကိုယ့်ဘာသာ စားနိုင်ပေမယ့် တပ်တွေအနေနဲ့ က အနည်းအကျဉ်းတော့ လိုတယ်။ အဲဒီအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပံ့ပိုးတာလောက်တော့ ရှိပါတယ်။

လက်နက်ဆိုရင်လည်း ရှိရင်တောင် ဝယ်ဖို့ အတော်ခက်ခဲနေပြီ။ ကျနော်တို့ကို ထိုင်းက လက်နက် စ ဖြတ်တောက်တာ ဆိုရင် ၁၉၉ဝ လောက်က စတာပဲ။ အစောပိုင်းက ကျန်နေတာတွေ ရှိနေလို့သာ ခုနောက်ပိုင်း တော်တော်လေးခံသာတာ။

မေး။ ။ ဖိအားတွေ များနေတယ်၊ ပြဿနာ ပေါင်းစုံရှိတယ်၊ KNU ထဲက နောက်ထပ် ခွဲထွက်နိုင်မယ့်သူတွေကလည်း ရှိနေတယ် ဆိုတော့ KNUရဲ့ နိုင်ငံရေး ရပ်တည်ချက် ပြောင်းသွားနိုင်လား။

ဖြေ။ ။ ပြောင်းသွားနိုင်တယ်ဗျ။ အဲဒါတွေ ပြန်ထိန်းတဲ့အနေနဲ့ ပေါ်လစီ ပြောင်းနိုင်တယ်။ ပြောင်းမယ့် ပေါ်လစီကလည်း ပြန်မယ့်သူပြန်၊ နေမယ့်သူနေ .. ဒါပေမယ့် ရန်မဖြစ်နဲ့ ဆိုတာမျိုးဖြစ်နိုင်တယ်။ သဘောက DKBA ပြန်တယ်။ ရန်ဖြစ်တယ်။ ထိန်မောင် ပြန်တယ် ရန်ဖြစ်တယ်ဆိုတာရှိတယ်လေ .. အဲဒါက ပေါ်လစီ မကျဘဲ ပြန်ကြတာကိုး။

နောက်တခုရှိတာကတော့ ပြန်ရင်တောင် အရင်ကလို အစုလိုက် အဖွဲ့လိုက် ပြန်တာမျိုး မဖြစ်နိုင်တော့ဘူး၊ နယ်မြေတွေကလည်း ကွဲပြားကုန်ပြီကိုး။ ဒီတော့ ပြန်ရင်လည်း နီးစပ်တဲ့အဖွဲ့လေးတွေ ပြန်ကြလိမ့်မယ်။ ဒါကလည်း ထိုင်းရဲ့ ပေါ်လစီပေါ်မှာ မူတည်တယ်။ အရင်ကတော့ ထိုင်းက တစုံလုံး အစုနဲ့ အဖွဲ့နဲ့ ပြန်တာမျိုး လုပ်စေချင် တယ်။ တစစီပြန်ရင် သူတို့ မထိန်းနိုင်ဘူးလေ။ ခုတော့ သူတို့လည်း တစုံလုံးပြန် ဆိုတာမျိုး မလုပ်နိုင်တော့ဘူး။ တစစီ ပြန်ချင်လည်း ပြန်။ ပြန်ဖို့ပဲ လိုရင်း ဆိုတာမျိုး ဖြစ်နေပြီ။

မေး။ ။ အထဲပြန်ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး ဦးဒေးဗစ်ထောရဲ့ သုံးသပ်ချက် ပြောပြပေးပါ။

ဖြေ။ ။ တင်းခံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်မှာ တင်းခံနိုင်လောက်တဲ့ အနေအထားတော့ ရှိဖို့ လိုတယ်။ ဟိုအရင်ကတော့ ဖြစ်နိုင်တယ်၊ (စစ်အစိုးရနဲ့) မတွေ့လည်း ရတယ်။ အခု အခြေအနေမှာ တွေ့ချင်ပါတယ် ဆိုရင်တောင် တွေ့ဖို့လွယ်တဲ့ အနေအထား မဟုတ်ဘူး။

မေး။ ။ တကယ်လို့ KNU က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့မယ် ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ဖို့ စိတ်ကူးထားသလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ ၂ဝ၁ဝ ကတော့ ဝင်လည်း မထူးဘူး။ လူထုစည်းရုံးမှုတွေ အများကြီး ပြန်လုပ်ရဦးမယ်။ ဒီတော့ အရှိကို အရှိအတိုင်း ပြောရရင် KNU အနေနဲ့ မဲပုံး ထောင်လို့ကို မရသေးဘူး။ နိုင်ငံရေး ပြန်လုပ်ချင်ရင် အများကြီးကို ပြန်လုပ်၊ ပြန်တည်ဆောက်ရဦးမယ်။

ဒုက္ခသည်စခန်းများ ပိတ်ရန် ကရင်ခွဲထွက်အဖွဲ့ တောင်းဆို
Thursday, 19 March 2009 18:41 ဧရာဝတီ
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုက ထိုင်း-မြန်မာ နယ်စပ်ဒေသမှ ဒုက္ခသည် စခန်းများကို ဖျက်သိမ်းပြီး ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်ပို့ရန် တောင်းဆို လိုက်ကြောင်း ဧရာဝတီက ရရှိသည့် အစီရင်ခံစာ တစောင်အရ သိရသည်။


မြန်မာပြည် အရှေ့ပိုင်း ဒုက္ခသည်စခန်းများ၊ ရွာပုန်းရွာရှောင်များ၊ အပစ်ရပ်အဖွဲ့ဒေသများ (ဂရပ်ဖစ်: TBBC)
“လက်နက်ကိုင်တိုက်ပွဲများ ပြီးဆုံးပြီ ဖြစ်သောကြောင့် ကရင်တိုင်းရင်းသားများ မွေးရပ်မြေသို့ ငြိမ်းချမ်းစွာ ပြန်လည် နေထိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအ၀န်းက ၀င်ရောက် ကူညီဆောင်ရွက်ပေးသင့်သည်”ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာ သို့ ပေးပို့သည့် အစီရင်ခံစာတွင် ရေးသားထားသည်။ ပြီးခဲ့သည့်လက မစ္စတာ ကင်တာနာ ကရင်ပြည်နယ်သို့ ရောက်ရှိစဉ်က ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒုက္ခသည်များကို နေရပ်ရင်းပြန်သည့်အခါ လုံခြုံရေးအတွက် ၎င်းတို့ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာစစ်အစိုးရတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံနှင့် ကုလသမဂ္ဂတို့ကို တိုက်တွန်းကြောင်း အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂ၏ ထိုင်းမြန်မာနယ်စပ်ဒေသရှိ ဒုက္ခသည်အစီအစဉ်သည် အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်သည့် နေရာ ဖြစ်နေသည်ဟု ငြိမ်းချမ်းရေးကောင်စီက ဆိုသည်။ အဆိုပါ ဒုက္ခသည်အစီအစဉ်ကြောင့် အကြမ်းဖက်မှုများ၊ လိင်လုပ်ငန်းများ၊ လူကုန်ကူးခြင်းများ၊ မူးယစ်ဆေးကုန်သွယ်မှုများကို တိုးပွားစေသည်ဟု ဆိုသည်။

အနောက်နိုင်ငံများသို့ သွားရောက်လိုသောကြောင့် ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေသော “ဒုက္ခသည်အတုများ” အကြောင်းကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။ အကျင့်ပျက် လာဘ်စားသော စခန်းအာဏာပိုင်တို့က အဆိုပါအစီအစဉ်များကြောင့် အကျိုးအမြတ် ရနေကြသည်ဟု ဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက KNU မှ ခွဲထွက်ခဲ့သော အဖွဲ့တခု၏ အမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ် ထိန်မောင်ဖြစ်သည်။ ၎င်းသည် ကွယ်လွန်သူ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်သည်။

KNU အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လုပ်ကိုင်နေသည့် အဖွဲ့များ၊ ဒေသခံ ထိုင်းအာဏာပိုင်များကြောင့် ထိုင်းမြန်မာနယ်စပ်ဒေသတွင် မငြိမ်မသက် ဖြစ်နေရသည် ဟုလည်း ငြိမ်းချမ်းရေးကောင်စီက စွပ်စွဲထားသည်။

ငြိမ်းချမ်းရေးကောင်စီ၏ အစီရင်ခံစာ၌ အသံလွှင့်ဌာနတွင် လုပ်ကိုင်နေသူများ၊ ပြည်ပရောက် သတင်းသမားများကိုလည်း ဝေဖန် တိုက်ခိုက်ထားသည်။

“BBC, VOA, RFA အသံလွှင့်ဌာနများ၊ ဧရာဝတီမဂ္ဂဇင်း နှင့် တခြားသူများသည် ထိုင်းနယ်မြေတွင် တရားမ၀င်နေထိုင်ကာ မဟုတ်မှန်သည့် ထုတ်လွှင့်မှုများ၊ ၀ါဒဖြန့်ချိမှုများ၊ သတင်းလိမ်များ၊ မှားယွင်းသည့် စွပ်စွဲချက်များဖြင့် မငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်နေကြသည်၊ ကျွန်ုပ်တို့၏ နယ်စပ်ဒေသတလျှောက်တွင် အကြမ်းဖက်လုပ်ရပ်များကို မြှင့်တင်ပေးရန်၊ အကာအကွယ်ပေးရန် လုပ်ကိုင်နေကြသည် - - - - အပြစ်မဲ့ ကရင်တိုင်းရင်းသားများ နှင့် ထိုင်း (ပြည်သူ) များ ဒုက္ခတွေ့နေကြရသည်”ဟု ငြိမ်းချမ်းရေးကောင်စီက ဆိုသည်။

နယ်စပ်တွင် လုပ်ကိုင်နေသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသည် “အကြမ်းဖက်သမားများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထောက်ပံ့နေသည်” ဟုလည်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီက အပြစ်တင်လိုက်သည်။

အုန်းဖျံ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Dan Caspersz)
ခရစ်ယာန်အဖွဲ့အစည်းများ၊ အကူအညီပေးရေး အန်ဂျီအိုအဖွဲ့များ နှင့် ကုလသမဂ္ဂတို့သည် “ဒုက္ခသည် အခြေအနေများကို အမြတ်ထုတ်နေပြီး ငွေကြေး ရရှိရန် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်လျက်ရှိသည်” ဟု စွပ်စွဲလိုက်သည်။ အကြမ်းဖက် လုပ်ငန်းကို ထောက်ပံ့နေကြသည်ဟု ဆိုသည်။

သို့သော်လည်း KNU ခွဲထွက်အဖွဲ့က တိမ်းရှောင်နေကြရသည့် ရွာပုန်းရွာရှောင် ၄၅၀ ၀၀၀ ကျော်နှင့် ပတ်သက်ပြီး အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိပေ။ ရွာပုန်းရွာရှောင် အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာပြည် အရှေ့ဘက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ကျေးလက်ဒေသမှ ပြည်သူများ နှစ်စဉ် သိန်းနှင့်ချီပြီး ထွက်ပြေးနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ကရင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်ပြီး ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးတစောင် ပါဝင်ရာ မြန်မာအစိုးရသည် ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ကြိုးစားနေကြောင်း ရေးသားထားသည်။

“တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာသည့် အဖွဲ့များကလည်း ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး၏ အနှစ်သာရကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ Mr. Quintana ခရီးစဉ်မှ တဆင့် နိုင်ငံတကာသို့ သတင်းစကား ပါးလိုက်နိုင်ပါသည်”ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် ခရီးစဉ်အတွင်း မစ္စတာ ကင်တာနာသည် KNU ခွဲထွက်အဖွဲ့ ၃ ဖွဲ့ နှင့် တွေ့ဆုံခဲ့သည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့များကမူ စစ်အစိုးရ၏ မြန်မာပြည်အရှေ့ပိုင်း ထိုးစစ်ဆင်မှုများမှာ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ကြောင်း စွပ်စွဲ ပြောဆိုလျက်ရှိသည်။

တနင်္လာနေ့တွင် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အစီရင်ခံခဲ့သည်။ ထိုသို့ အစီရင်ခံရာတွင် ပဋိပက္ခ ဒေသများ အထူးသဖြင့် ကရင်ပြည်နယ်တွင် အရပ်သားများအား တိုက်ရိုက် တိုက်ခိုက်မှုများမှ တားမြစ်နိုင်သည့် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် မစ္စတာ ကင်တာနာက စစ်အစိုးရကို တိုက်တွန်းသွားသည်။

ဒီကေဘီအေတပ်ဖွဲ့မှ ဘုရားတည်ရန်အတွက် ရွာသားများကို အဓမ္မလုပ်အားပေးခိုင်း

Thursday, March 19, 2009

မြဝတီမြို့နယ်ရှိ ကလိုထူးဘောစစ်ဗျူဟာမှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ဖလူးစခန်းနှင့် မြဝတီမြို့နယ်ကြား မောတိုကလေးကျေးရွာအနောက်ဘက် ဘုန်းကြီး ကျောင်းအနား ကျောက်တောင် ထိပ်တွင် ပြီးခဲ့သောအပါတ်မှ ဘုရားတစ်ဆူတည်ခဲ့သည်။

အဆိုပါဘုရားတည်ဆောက်ရာတွင် အပြင်ကွင်းကလေးရွာသား (၁၀) ဦး၊ အထဲကွင်းကလေးရွာသား (၁၀) ဦး၊ မယ်က နဲ့ရွာသား (၁၀) ဦး အပါအဝင် စုစုပေါင်းရွာသား (၃၀) ကို အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခဲ့သည်။ ဘုရားတည် မပြီးမခြင်း အလှည့်ကျ (၃၀) ယောက်လဲလှယ်ပေးရသည်။

ဘုရားတည်နေရာနှင့် လုပ်အားပေးခံရသည့်ကျေးရွာမှာ (၈) မိုင်ခန့်ကွာဝေးနေပါသည်။ ထို့အပြင် အပြင်ကွင်းကလေး ရွာနှင့် အထဲကွင်းကလေးရွာသား အများစုမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများ ဖြစ်သည်။ ဘုရားတည်သော နေ ရာမှာ မြဝတီမြို့မှ (၆) မိုင်ကွာဝေးပြီး အရှေ့တောင်အရပ်တွင် တည်ရှိသည်။

အဆိုပါရွာသားများမှာ ဒီကေဘီအေတို့၏ ညွှန်ကြားချက်အတိုင်း စောဒကမတက်ရဲဘဲ ကြိတ်မှိတ်ပြီး လုပ်အား ပေးနေ ရကြောင်း ကရင်အမျိုးသားရေး လေ့လာသူ ပုဂ္ဂိုလ်တစ်ဦးမှ ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါသည်။

http://www.kaowao.org/b/mar09-18.php မှကူးယူဖေါ်ပြသည်။

နအဖစစ်ကြောင်းမှ ခရီးသည်များကို ဓါးစာခံလုပ်သည်ဟု ခရီးသည်များကဆို

Wed 18 Mar 2009, ကွန်းဟဒေ့၊ ဝီရ
လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့တွင် နအဖစစ်ကြောင်းနှင့် ကေအင်ယူတပ်ဖွဲ့တို့ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းအကြား မဲဆလီတွင် တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ နအဖစစ်ကြောင်းမှ စစ်သားတစ်ဦး ခြေထောက် ဒဏ်ရာရကာ ခရီးသွားသွားတဦးလည်း လက်တွင်ကျည်ဆံထိမှန်ကာ ဒဏ်ရာရသွားခဲ့သည်ဟု ခရီးသည်များမှ သိရသည်။

နအဖစစ်ကြောင်းသည် မဲဆလီသို့အရောက်စခန်းချ အနားယူနေစဉ် ကားများကို အကောက်အခွန်ကောက်ရန် လာရောက်သော ကေအင်ယူတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်ဟု ကေအင်ယူအရာရှိတစ်ဦးက ပြောသည်။ တိုက်ပွဲမဖြစ်ပွားမီ နအဖစစ်ကြောင်းမှ ဘုရားသုံးဆူသို့ တက်လာသမျှသော ကားများ ရှေ့ဆက်သွားခွင့်ကို အမိန့်ပေးပိတ်ပင်ခဲ့သည်ဟု ကားသမားတဦးသိရသည်။

“ကျနော်တို့ ရောက်လာတော့ ကားတွေအားလုံး သွားလို့မရတော့ဘူး၊ ဒီမှာပဲအိပ်ရမယ်လို့ စစ်ကြောင်းမှူးက ပြောတယ်၊ မှောင်လို့သူတို့ ပေးမသွားတာမဟုတ်ဘူး၊ အချိန်က လေးနာရီထိုးဖို့ ၁၅ မိနစ်တောင် လိုသေးတယ်၊ သူတို့ပေးမသွားတော့ ကျနော်တို့လည်း မသွားရဲတော့ဘူး၊ အဲဒီအချိန်မှာ ကားက ၈ စီးလောက်ရှိတယ်၊ ခရီးသည်ကတော့ တော်တော်များတယ်၊ ကျနော့ကားတစ်စီးတည်းတောင် အယောက် ၆၀ လောက်ရှိတယ်၊ ကျနော်တို့ကား နားပြီးလို့ ၁၅ မိနစ်လောက်ကြာတာနဲ့ သေနတ်သံက ထွက်လာပဲ၊ အဲဒီည ကျနော်တို့အဲဒီမဲဆလီမှာ အိပ်လိုက်ရတယ်၊ အကြောက်လွန်လို့ အိပ်တောင်မပျော်ဘူး” ဟု ကားသမားက ပြောသည်။

“ကျနော့်အထင်ပြောရရင် နအဖစစ်သားတွေက ကရင်တွေကို ကြောက်လို့ ကျနော်တို့ကို ဓါးစာခံလုပ်တဲ့အနေနဲ့ ကျနော်တို့ကို ပေးမသွားတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကလည်း အစောကြီးရှိသေးတယ်၊ မဲဆလီဆိုတာလည်း နအဖဂိတ်လည်းမဟုတ်ဘူး” ဟု တိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ခရီးသည်တစ်ဦးက ပြောသည်။


ကေအင်ယူမှ ခရီးသည်များကို စာနာထောက်ထားပြီး ချောင်းမြောင်းပစ်ခတ်လိမ့်မည် မဟုတ်သော ရည်ရွယ်ချက်ဖြင့် နအဖစစ်ကြောင်းမှ ခရီးသည်များကို မဲဇလီတွင် အိပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တစ်ဦးက ၄င်း၏အမြင်ကို ပြောပြခဲ့သည်။

တိုက်ပွဲဖြစ်ပွားသောအချိန်တွင် နအဖစစ်သားများနှင့် ခရီးသည်များမှ ရောနှောရှိနေသောကြောင့် ခရီးသည်တစ်ဦးသည် ကေအင်ယူမှ ပစ်ခတ်လိုက်သော ကျည်ဆံကို ထိမှန်ခဲ့သည်ဟု ခရီးသည်တစ်ဦးက်ပြောသည်။

ကေအင်ယူ ဗိုလ်ကြီးတစ်ဦးမှ ပြန်လည်ပြောပြရာတွင်”ကျနော်တို့အဖွဲ့က ကားအခွန်ကောက်ဖို့သွားတာ၊ ဗမာစစ်သားတွေ ရှိနေမှန်းမသိဘူး၊ ကျနော်တို့အဖွဲ့က ငါးယောက်တည်းပဲ၊ တမင်တကာရည်ရွယ်ပြီး ပစ်တာမဟုတ်တဲ့အတွက် ကျနော်တို့အဖွဲ့ကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရသွားတာ ကျနော်တို့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။ အကယ်၍ ခရီးသည်များနှင့် စစ်သားများ အတူရှိနေသည်ကို သိလျှင် ၄င်းတို့အဖွဲ့မှ သွားမည်မဟုတ်ကြောင်း ၄င်းက ဆက်ပြောပြခဲ့သည်။

နအဖစစ်ကြောင်းသည် အမှတ် ၃၅၇ ခြေမြန်တပ်ရင်းမှ စစ်ကြောင်း ၂ ဖြစ်ပြီး ဘုရားသုံးဆူတွင် ပြောင်းရွှေ့ရန် တာဝန်ကျသော လဝက ဦးကျော်ဆွေဝင်းကို လိုက်ပို့ပြီး အပြန်တွင် ဘုရားသုံးဆူမှ လဝက ဟောင်းများကို ယင်းစစ်ကြောင်းက တောင်စွန်းအထိ လိုက်ပို့ရန်ဖြစ်နိုင်သည်ဟု အထက်ပါ ဗိုလ်ကြီးမှ ဆက်ပြောပြခဲ့သည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖေါ်ပြသည်။