စာပဒေသာ - အက်ဆေး
Thursday, 12 March 2009
အတောင်ပံနဲ့ မိုးကောင်းကင်နဲ့ ကြား …
ဇွန်မှိုင်း
မတ် ၁၂၊ ၂၀၀၉
(၁)
ကျနော် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရုံးဝင်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သီချင်းသံတွေကို စ ကြားလိုက်ရတယ်။
“အပြင်ကမ္ဘာနဲ့ အဆက်ဖြတ်တဲ့ မြေ… စာအံသံတွေ သုဉ်းဆိတ်စေလည်း
ရင်မှာကိုယ်စီရှိတဲ့ အတွေ့အကြုံ… အပြန်အလှန် ဖလှယ်နေရင်း…
အချိန်တွေကို စစ်ခင်း… ပညာရှာကာ ဘဝရဲ့ ကျောင်းထဲမှာ …”
ဒါ အထဲက သီချင်းပဲ၊ ဘဝတက္ကသိုလ်လို့ နာမည်ပေးထားတဲ့ ကို - - ရေးတဲ့ သီချင်းပဲ၊ ကျနော်တို့ အထဲမှာ တောက်လျှောက် ဆိုခဲ့တဲ့ သီချင်း၊ အခု ဘယ်သူ့အသံပါလိမ့်။
သြော် … ကိုဂျွန်၊ ကိုဂျွန့် အသံပဲ။ သူ့အသံနဲ့ ဒီသီချင်းက တော်တော်လိုက်တာပဲ။
ကျနော် အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်။ ကိုဂျွန့် အသံထဲမှာ ကြေကွဲ ဆို့နင့်မှုတွေ တနင့်တပိုးနဲ့ပါလား။
“သင်ရိုးတခုနဲ့ မကန့်သတ်တဲ့ ဘဝရဲ့ တက္ကသိုလ် ... ကြုံတွေ့ရသမျှ တို့အတွက်က သိမှတ်စရာပါ
ခေါင်းလောင်းမထိုး ကျောင်းမဆင်းတဲ့ … ဘဝရဲ့ တက္ကသိုလ် စက္ကန့်မလပ် တို့အတွက်က ကျောင်းတက်ချိန်ပါ …”
အကျဉ်းထောင်ထဲက သီချင်းတွေကို AAPPက စီဒီထုတ်ပြီး နိုင်ငံတကာကို ဖြန့်ချိမလို့တဲ့။
ကောင်းလိုက်တဲ့ စိတ်ကူး။ ဒီစိတ်ကူးကို ရသွားတဲ့ AAPPကို ကျနော် ကျေးဇူးတင်တယ်။
ဒီသီချင်းတွေဟာ ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ရဲ့ ရင်ခုန်သံ၊ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ကျနော်တို့ရဲ့ အရင်း အနှီးတွေ။
(၂)
ကျနော် AAPPပြခန်းထဲကို ဝင်လိုက်တယ်။
ကင်းသံချောင်းခေါက်သံတွေ ကျနော် ကြားလိုက်ရသလိုပဲ။
အုတ်ရိုး၊ သွတ်ဆူးကြိုး၊ စစ်ခွေးတိုက်၊ ပုံစံခန်း၊ ခြေကျင်းရိုက်သံ၊ ပြီးတော့ အမေနှမ ကိုင်တုတ်နေတဲ့ မကြားဝံ့မနာသာ ဆဲသံတွေ … ကျနော့်နားထဲ၊ ကျနော့် မျက်စေ့ထဲမှာ မြင်ယောင် ကြားယောင်လာတယ်။
ဒီနေရာတွေဟာ ခဏခဏ အမှတ်ရဖို့ ကောင်းတဲ့နေရာတွေ မဟုတ်ဘူး ဆိုပေမယ့် …
ဒီနေရာတွေမှာပဲ ကျနော်တို့ ဓားတွေကို ဆေးသားတင်ခဲ့ကြတယ်။
ဒီနေရာတွေမှာပဲ ကျနော်တို့ ယုံကြည်ချက်တွေကို ပိုပြီး ခိုင်မြဲစေခဲ့ကြတယ်။
ဒီနေရာတွေမှာပဲ ကျနော်တို့ရဲ့ ရင်ခုန်သံတွေကို ထုဆစ်ခဲ့ကြတယ်။
(၃)
“နံရံအိုတွေ … အုတ်ရိုး၊ ကင်း … ဗူး၊ ကြိုးစင်တွေ … ရာဇာမင်းလက် … သားကောင်များ ညည်းတွားသံတွေ …
သော့အိမ်တွေ အလီလီ အထပ်ထပ် … ကြောက်တတ်သော အပြစ်ရှိသူတွေ …”
ကိုအီဗားရဲ့ သီချင်းသံဟာ ကျနော့်အခန်းထဲကို ရောက်လာတယ်။ သူ့အသံဟာ ခါတိုင်းထက် ပိုပြီး ကြေကွဲနေသလိုပဲ။
ရေးလက်စ ကဗျာတပိုင်းတစကို အသာချပြီး ကျနော် သံတခါးဆီ တိုးကပ်ကြည့်လိုက်တယ်။ ကိုအီဗားဟာ တိုက်(၃) အခန်း(၄)ရဲ့ သံတိုင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟိုး ခပ်ဝေးဝေးဆီကို ငေးပြီး နောက်တပိုဒ်ကို ဆက်ဆိုတယ်။
“ခြေသံလိုလို တစ္ဆေများလား … ညဝိညာဉ်တွေ … ပြိုပြီ ကျီးတသင်း
ကင်းသံချောင်း ‘ကောင်း’ဟစ်သံတွေ … အသိဉာဏ်တွေ သံခြေကျင်းခတ်
မကြောက်တတ်သော သတိရှိသူတွေ …”
မကြောက်တတ်ဘူး ဆိုတာ သေချာတာပေါ့။ ကိုအီဗားဟာ ဒီသာယာဝတီထောင်ကို ရောက်တာ နှစ်ခေါက်ရှိပြီပဲ။ လွတ်ပြီးလို့မှ ဘာမှမကြာခင် နောက်တခေါက်အတွက် သူ အဆင်သင့်ဖြစ်ခဲ့တယ်။ နည်းနည်းလေးမှ နောက်မတွန့်ခဲ့ဘူး။
ကျနော်တို့အခန်းကနေ ၅ ဗူးကို လှမ်းတွေ့ရတယ်။ (၅) ဗူးပေါ်က မီးမောင်းဟာ ကျနော်တို့ (၃/၄) တိုက်ဝင်း၊ (၁/၂) တိုက်ဝင်း၊ (၁)ဆောင်နှင့် ဖိုကြီးအစပ်ဆီကို လှမ်းထိုးလိုက်တယ်။ ဆက်တိုက်နီးပါးမှာပဲ (၈) နာရီ သံချောင်းခေါက်သံတွေ ဗူးစင်တိုင်း က ထွက်လာတယ်။ ဗာယာတွေရဲ့ တုံးခေါက်သံ၊ အဆောင်တွေဆီက “အားလုံးကောင်းပါတယ် ဆရာကြီး”ဆိုတဲ့ သတင်းပို့သံတွေ ဆက်တိုက် ထွက်လာတယ်။
ဘာတွေ အားလုံးကောင်းနေကြတာလဲ။
မနက်ပိုင်းကတင် Dictionary ထောင်ဝင်စာက သွင်းခွင့်ပြုဖို့ ထောင်ပိုင်ကြီးကို တင်ပြခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးထွန်းကို ရိုက်ချင်တိုင်းရိုက်၊ ထိုးကြိတ်ချင်တိုင်း ထိုးကြိတ်ပြီး ကြိုးတိုက်ထဲကို ပို့လိုက်သေးတာပဲ။
ကြိုးတိုက်မှာ စောင်မပါ၊ အဝတ်အပိုမပါနဲ့ တယောက်ထဲ ခွဲပြီး ပြစ်ဒဏ်အဖြစ် ချုပ်နှောင်ထားပြီးတဲ့ အထိတောင်
အားလုံး ဘာတွေ ကောင်းနေကြသေးတာလဲ။ ကျနော် စဉ်းစားမရဘူး။
အဲဒီအချိန်မှာပဲ ဘေးအခန်းက (၁ဝ)တန်းကျောင်းသားလေး ဟန်ဝင်းအောင်ရဲ့ တောက်ခေါက်သံကို ကြားလိုက်ရတယ်။
“အကောင်းဆုံးသော မျှော်လင့်ချက် … အနာဂတ်အတွက် ဖြစ်စေ …
အဆိုးဝါးဆုံး ဒဏ်ဆူးချက် လူတချို့ ပြည့်နှက်ကာ နေ … ရွှေပြည်ကို လှမ်းဆက်ခရီးမှာလေ”
ကိုအီဗားရဲ့ သီချင်းသံဟာ အုတ်ရိုးတွေကို ကျော်ပြီး
အပြင်က လယ်ကွင်းတွေကို ကျော်ပြီး ကျနော်တို့ကို ငေးကြည့်နေတဲ့ ရိုးမတွေဆီထိ ရောက်သွားပြီလား။
(၄)
ဘိုကလေး မုန်တိုင်းစစ်ဆင်ရေးမှာ အဖမ်းခံရပြီး (၁၇)နှစ် ကျခံလာရတဲ့ ကရင်လယ်သမားလေး စောတာအယ် ကို ကျနော် တောင်ယာထဲမှာ လှမ်းတွေ့ရတယ်။
ကြက်ဟင်းခါးစင်ကလေး ဘေးမှာ တလှုပ်လှုပ်နဲ့ ဝါးခြမ်းပြားတခုကို အသေအချာ အချောသတ်နေတယ်။ သူ့ဘေးမှာက တောင်ယာ တူးရင်း ဆွရင်း ကောက်ရတဲ့ သံပြားအစအနလေးတွေကို ကြံဖန်ပြီးလုပ်ထားတဲ့ ဓါးတလက်ရယ်၊ ဆူးလေး နှစ်ချောင်း ရယ်၊ ပုလင်းကွဲ သုံးလေးစရယ်။
“ဟေ့လူ … ဘာလုပ်မလို့လဲ သဲကြီးမဲကြီး”
သူက သူ့ပါးစပ်ကို လက်ညိုးလေး အသာကပ်ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့
“ရှူး … တိုးတိုး အကို၊ ဂစ်တာလုပ်မလို့”
“ဟာ ဟုတ်လှချည်လား၊ စိတ်ကူးကောင်းလှချည်လား၊ ကြိုးက ဘယ်လိုလုပ်မလဲ”
“နိုင်လွန်ကြိုးလေ အကိုရ၊ ကြည့်နေပါ၊ ညနေကျရင် အကိုတွေ့မယ်”
စောတာအယ်ရဲ့ အပြုံးက တကယ်ကို ချစ်စရာပါ။
ကလေးတယောက် ရွှံဗွက်ထဲမှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ဆော့ခွင့်ရနေတဲ့ ပုံစံမျိုး။ တကယ်ကို ကြည်ကြည်နူးနူး။
ညနေကျတော့ ကျနော် ထောင်တွင်းဖြစ် ဂစ်တာကို မြင်ရပြီ၊
ထောင်ဝင်စာက ရေထည့်ဖို့ သွင်းထားတဲ့ မိုလာပုံးကို ဂစ်တာ အိုးလုပ်၊ သူ မနက်က အချောသတ်နေတဲ့ ဝါးခြမ်းပြားက ဂစ်တာဖလက်တန်ဖြစ်၊ သူ့ သူငယ်ချင်းတွေ မနက်က အလုပ်ရှုပ်နေတဲ့ နိုင်လွန်ချည် တခင်က ဂစ်တာကြိုးတွေဖြစ်၊ ‘တစ်’ ကြိုး၊ ‘နှစ်’ ကြိုး၊ ‘သုံး’ ကြိုး …
ဂစ်တာတလုံးက လိဒ်တီးဖို့တဲ့၊ နောက်တလုံးက ရစ်သမ်တီးဖို့တဲ့၊ သူတို့ ဂစ်တာကို သူတို့ ကျေကျေနပ်နပ်ကြီး တီးခတ် နေကြပုံများ မြင်ရသူတိုင်း အပျော်မကူးပဲ မနေနိုင်ဘူး။
(၅)
အခန်းရဲ့ အလယ်မှာ စားပွဲပုပုလေးတလုံး၊
အဲဒီစားပွဲပေါ်ကို အနီရောင် စောင်တထည်နဲ့ ကျကျနန လေးဘက်လေးတန်ရော၊ အပေါ်ဘက်ရော ပတ်လိုက်တဲ့အခါ အနီရောင် လေးထောင့်အတုံးလေး တတုံးဖြစ်သွားတယ်။ အဲဒီ အနီရောင်အတုံးပေါ်မှာ အနက်ရောင် ခပ်ထူထူ အထည်စတခုကို စနစ်တကျ ခေါက်တင်လိုက်ပြီး အဲဒီအနက်ရောင်ပေါ်မှာတော့ အနီရောင် ကစ္စမီကွစ်ခ်ပန်းကလေးတွေကို ကြယ်ပုံသဏ္ဍာန် ဖော်လိုက်တယ်။ ပိန်းပိတ်နေအောင် မဲနက်နေတဲ့ အမှောင်တိုက်ထဲက ကြယ်နီတပွင့်ဖြစ်သွားတယ်။
အဲဒီကြယ်ရဲ့ ပတ်ပတ်လည်မှာက ဖယောင်းတိုင် (၁၃)တိုင်။
ဖယောင်းတိုင်တွေကို မီးထွန်းညှိပြီးတဲ့ အချိန်မှာတော့ ဒီစားပွဲလေးကို ကျနော်တို့ အားလုံး ဝိုင်းလိုက်ကြတယ်။
၁၂ ပေ ၈ ပေ အခန်းထဲမှာ လူ (၃ဝ) နီးပါး။
“ရဲဘော် ကိုဖုန်းမော်နှင့်တကွ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းတို့အား အလေးပြု”
ထောင်မှူး ဒါမှမဟုတ် တာဝန်မှူး တယောက်ယောက် လာရင် အချိန်မီ သတိပေးနိုင်ဖို့ အပြင်မှာ တယောက်၊ ဂိတ်တခါး နားမှာ တယောက် ကင်းချထားတယ်။ အလေးပြုပြီး မကြာခင်မှာ
“ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး
တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော အို သူရဲကောင်းတို့ရေ …
အာဇာနည်တွေ နေတဲ့တိုင်းပြည်…”
ကမ္ဘာမကြေ မျိုးဆက်သစ် သီချင်းကို စ ဆိုတယ်။ ရဲဘော် နှစ်ယောက်က မနေ့က စောတာအယ် လုပ်ပေးတဲ့ ဂစ်တာ နှစ်လက်ကို တီးခတ်ကြတယ်။ ပြီးတော့ လှောင်ချိုင့်ထဲက တေး၊ ၅ည သံစဉ်၊ ချယ်ရီ သို့မဟုတ် ရနံ့မဲ့ ခရီးရှည်၊ နိုင်ငံတော် ငိုချင်း၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်၊ ဒီနံရံတွေကြား နှင့် ဘဝတက္ကသိုလ် စတဲ့ သီချင်းတွေ တောက်လျှောက်ဆိုကြတယ်။
ဒီနေ့ဟာ “မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့” “ကိုဖုန်းမော်နေ့”၊ မတ်လ (၁၃)ရက်နေ့လေ။
အကျဉ်းထောင်ရဲ့ အကြပ်တည်းဆုံးနေ့ရက်များမှာတောင် အောက်မေ့ဖွယ်နေ့တွေကို ကျနော်တို့ ဖြစ်အောင် ကျင်းပခဲ့ကြတယ်။
(၆)
ကျနော် ကဗျာတပုဒ်ပြီးသွားတိုင်း ဆရာပွင့်ကို ပြကြည့်တယ်။
“ဆရာ ကျနော့်ဟာ ကဗျာရော ဖြစ်ရဲ့လား ဆရာ” အဲဒီလို ကျနော်မေးတိုင်း ဆရာက “ဖြစ်ပြီလားဗျာ၊ ဒီလောက် ဘယ်နေရာကြည့်ကြည့် လွမ်းစရာတွေ ချည်းဖြစ်နေတဲ့ နေရာမှာ ကျနော်တို့ရင်ထဲက အရာတွေကိုသာချရေး၊ ဘာရေးရေး ကဗျာ ပေါ့ဗျာ” လို့ ဆရာက အမြဲပြောတယ်။
ဆရာပြောတာလည်း ဟုတ်တာပဲလေ၊
ကျနော်တို့အထဲက ဘဝတွေကိုပဲ ကြည့်ကြည့်၊ အပြင်မှာ ကျန်ခဲ့တဲ့ ဘဝတွေကိုပဲ လှမ်းကြည့်ကြည့် အရာရာဟာ ရင်နှင့် ရင်းနှီးခဲ့ကြရတာတွေချည်းပဲ။
အုတ်နီခဲကျိုးကို ချွန်နေအောင်သွေးထားပြီး သမန်တလင်းပေါ်မှာ ရင်ထဲက ခံစားချက်တွေ တလုံးချင်း ရေးချ၊
ကဗျာ တပါဒလောက် ဖြစ်သွားပြီဆိုရင် အဲဒါကို အလွတ်ကျက်၊
ဘာကြောင့်လဲဆိုတော့ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူက (၅) ယောက်လောက်ထည့်ထားတာ ဆိုတော့ သမန်တလင်း လက်ကျန်ဆိုတာကိုက သိပ်မှ မကျန်တော့တာဘဲ။
အဲဒီလို ရေးလိုက် ကျက်လိုက် ပြန်ဖျက်လိုက် အသစ်ထပ်ရေးလိုက်နဲ့ ကဗျာတပုဒ် အပီအသ ဖြစ်သွားပြီ ဆိုတဲ့အခါကျမှ ပလပ်စတစ် အကြည်သားကို နံရံပေါ် ကပ်တင်ပြီး သံချွန်သေးသေးလေးနဲ့ ဒါမှမဟုတ် ဒုတ်အချွန် သေးသေးလေးနဲ့ ဖိပြီး ရေးကြရ တာ။
အဲဒီလိုရေးပြီးသွားတဲ့ ကဗျာကိုမှ ဟိုအခန်း ဒီအခန်း ပြကြ၊ ဖတ်ကြ၊ ဝေမျှ ခံစားကြ။
အခွင့်အလမ်းကောင်းလေး ကံကောင်းထောက်မလို့ ရကြရင်၊ ဟိုတိုက် ဒီတိုက်အထိ လှမ်းဖြန့်ကြ၊ အပြန်အလှန်ခံစား ကြ၊ အပြန်အလှန် ဝေဖန်အကြံပြုကြ။
အဲဒီ ကဗျာတွေကနေ ဂီတ သံစဉ်တွေနဲ့ တွေ့သွားကြတဲ့အခါ သီချင်းတွေ ဖြစ်လာတယ်။
စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အညွန့်အဖူးတွေကို စစ်ဖိနပ်နဲ့ နင်းချေတယ်။ သူ့ရည်ရွယ်ချက်က တစစီ ကြေမွ ပျက်သုန်း သွားစေချင်တယ်။
ကျနော်တို့ရဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေကို အမြစ်က ဆွဲနှုတ်ပစ်လိုက်သလို တစမကျန် ဖျက်သိမ်းပစ်ချင်တယ်။
ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်ပဲ။ သူက ဖျက်သိမ်းပစ်ဖို့ ကြိုးစားလေလေ ပိုပြီးရှင်သန် ခိုင်မာလာလေလေပဲ။
သံပူပူမှာ အားစိုက်ထုနှက်လိုက်သလို သံမဏိသား တနေ့တခြားတက်လာတယ်။ မီးဆေးလိုက်တဲ့ ဓါးလို ဆေးသားတွေ တထပ်ပြီး တထပ် တက်လာတယ်။ ရန်သူ့ရဲ့ အထုအနှက်ကို ခံလိုက်ရတိုင်း ကဗျာတွေ ထွက်ကျလာ၊ သံစဉ်တွေ ထွက်ကျလာ၊ အဲဒီကမှတဆင့် တော်လှန်ရေး တေးသီချင်းတွေ ထွက်ကျလာတယ်။
ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကဗျာတွေ တပုဒ်ပြီး တပုဒ်၊ သီချင်းတွေ တပုဒ်ပြီး တပုဒ် … ။
(၇)
အထဲမှာ အောက်မေ့ဖွယ် အခမ်းအနားတွေ တခု လုပ်တိုင်း လုပ်တိုင်း ကျနော့် ရင်ထဲမှာ အမြဲဖြစ်နေတဲ့ တောင့်တမှု တခုက ဗီဒီယိုမှတ်တမ်း ရိုက်ထားချင်တဲ့ ကိစ္စပဲ။
“ဆရာရယ် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီး အပြင်က ရဲဘော်တွေ၊ နိုင်ငံတကာက ရဲဘော်တွေကို ပေးပြရရင် သိပ်ကောင်းမှာပဲနော်” လို့ ကျနော်က တမ်းတမ်းတတ ပြောမိတဲ့အခါတိုင်း ဆရာပွင့်ဟာ ကျနော်ကို ငေးငေးကြီး စိုက်ကြည့်နေတတ်တယ်။
အဲဒီအချိန်မျိုးမှာ သူ့မျက်ဝန်းတွေက အလွမ်းတွေနဲ့ စိုစွတ်လို့။
ပြီးတော့ ဆရာက လေးလေးကြီးနဲ့ “ဒါတွေဟာ တကယ့် သမိုင်းတွေပါဗျာ”တဲ့၊
သူ ခပ်ဆွေးဆွေးကြီးပြောပြီး ကျနော့်လက်ကို တနွေးတထွေး ဆုပ်ကိုင်ထားတတ်တယ်။
(၈)
အခုတော့ ကျနော် အနှစ်နှစ် အလလ က မက်ခဲ့ရတဲ့ အိမ်မက်တွေကို AAPPက အကောင်အထည်ဖော်လိုက်ပါပြီ။
“အတောင်ပံနဲ့ မိုးကောင်ကင်ရဲ့ကြား
လှောင်ချိုင့်များရှိသရွေ့ … မိုးနဲ့ တို့နဲ့ မတွေ့ …
မပျံနိုင်တဲ့ ငှက်ကလေး
အာကာသ ဟင်းလင်းပြင်နဲ့ ဝေး …
အတောင်ပံရှိရက်နဲ့ လွတ်လပ်ရေးမရလို့ မပျံနိုင်တဲ့ ငှက်ကလေး …”
အဆိုရှင် လင်းလင်းရဲ့ အသံကို ကျနော် ကြားနေရတယ်။ လင်းလင်းကလည်း အဆိုကောင်းမှကောင်း။
သီချင်းနံမည်က “လှောင်ချိုင့်ထဲက တေး”တဲ့၊ ကိုနေဝန်းနီ ရဲ့ လက်ရာ။
မကြာခင် ကမ္ဘာအနှံ့ ပျံသန်းထွက်ခွာတော့မှာ ဆိုတဲ့ အသိဟာ ကျနော့် ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ဆိုတာ အထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ ကျနော့် ညီအကို မောင်နှမတွေ အသေအချာသိနိုင်ကြမှာပါ။ ။
လှောင်ချိုင့်ထဲက ငှက်ငယ်များ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
မိုးမခမှ ကူးယူဖေါ်ပြသည်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
Between the Wing and the Sky
Thursday, March 12, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment