စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကေအန်ယူမှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီး ၃ ဦး ကေအန်ယူခွဲထွက်အဖွဲ့နှင့် ပူးပေါင်း

Thursday, March 12, 2009



NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ယခင်နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအန်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။

စောနေစိုးမြသည် ယခင်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအန်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲခီးတို့ (၃) ဦးမှာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။

စောသဲခီးအား ကေအန်အယ်လ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ယခင်လကုန် ပိုင်း၌ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စောမဟာဆွေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိ ရသေးသော်လည်း ဘုန်းတော်ကြီး ဦးဝိဇယ အပါအ၀င် ၎င်းတို့ (၄) ဦးသည် ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆောက်နှင့် ထော့ကိုကိုးသို့ ပုံမှန်သွားလာလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

0 comments: