မဇ္စိမ
ဧပြီ ၁၈၊ ၂၀၀၉
မိုးလရာသီဖြစ်၍ စစ်တကောင်မြို့တွင် မိုးသည်အခါမသင့် ရွာပြီးစွေ၍ မိုးဖွဲဖွဲကလေး ရွာတတ်သလို တစ်ခါတလေ သဲကြီးမဲကြီးလည်း ရွာသည့်ပြင် လေပြင်းပါတိုက်ခတ်တတ်ပါတယ်။ မိုးကောင်းကင်သည် မိုးသားများကင်းစင်ပြီး လင်းလာသည်ဟူ၍ မရှိ။ မိုးမရွာသော အခါများ၌ အမြဲပင် အုံ့မှိုင်းမှိုင်းရှိပြီး စွတ်စွတ်စိုစို ဖြစ်နေပါသဖြင့် စစ်တကောင်းမြို့တွင် နေရစဉ် စိတ်ကြည်လင် သာယာခြင်း မရှိလှပေ။
စစ်တကောင်းစစ်ဆေးရုံမှာ နှစ်ပတ်ခန့်နေပြီးနောက်၊ မွန်းလွဲပိုင်း အချိန်တွင် တခြားလူနာများနှင့် အတူ ပါပါကို ပင်လယ်ကူးသင်္ဘောဖြင့် မဒရပ်မြို့သို့ ပို့ပါတယ်။ လူနာတင်သင်္ဘောသည် 'ဗစ်တာ'ဖြစ်ပြီး စစ်မဖြစ်မီ ရန်ကုန်နှင့်ကာလကတ္တား ခုတ်မောင်းသော ဘီအိုင်အက်(စ)အိုင်(န) ကုမ္ပဏီပိုင်သင်္ဘော ဖြစ်ပါတယ်။ ခရီးသည် တင်ဆောင်သော သင်္ဘောမှ လူနာတင်သင်္ဘော ဖြစ်သည့်အားလျော်စွာ ဘေးနှစ်ဖက်နှစ်ချက်နှင့် ခေါင်းတိုင်မှာ ကြက်ခြေနီအမှတ်အသား များ ရေးဆွဲထားပါတယ်။
ပါပါကို ထားသော အခန်းတွင် လူနာများ ခြောက်ယောက်ရှိပြီး ပါပါ့လို လမ်းမလျှောက်နိုင်၍ အိပ်ရာပေါ်မှာ နေရသောလူနာများ ဖြစ်ပါတယ်။ မိုးတွင်းဖြစ်သည့်အားလျော်စွာ ညဘက်တွင် လေလှိုင်းတန်သော ကြောင့် သင်္ဘောလူးလှိမ့်နေသဖြင့် ကောင်းမွန်စွာ အိပ်၍ မရပါ။ နံနက်မိုးလင်း၍ နေထွက်လာသောအခါ လေပြင်းလှိုင်း ငြိမ်ဖြစ်သဖြင့် လမ်းလျှောက်နိုင်သော လူနာများအား ပင်လယ်ပြင်ရှုမြှော်ခင်းကို ကြည့်ရင်း လေကောင်းလေသန့်များ ရှုရှိုက်နိုင်ရန်အတွက် ကုန်းပတ်ပေါ်သို့ တက်ခွင့်ပြုပါတယ်။ အိပ်ရာပေါ်မှာ နေရသော လူနာများအဘို့မှာ ပင်လယ်ပြင်ရှုမျှော်ခင်းကို ပြတင်းပေါက်မှ တဆင့် လှမ်းမျှော်ကြည့်ရပါတယ်။
စစ်တကောင်းနှင့် မဒရပ်ပင်လယ်ခရီးသည်သုံးည နှင့်သုံးရက်ခုတ်မောင်းရသော ခရီးဖြစ်ပြီး မဒရပ်သို့ရောက်သွားမည့် နေ့နံနက် (၁ဝ) နာရီအချိန်မှာ သင်္ဘော ဥသြဆွဲသံကို ကြားရပြီး မကြာမီ ပါပါတို့ ခုတင်ဘေးနားမှာ ဆေးရုံသုံး လက်ကိုင်ထမ်းစင်များ၊ အလုပ်သမားများက လာရောက်ချထား ပါတယ်။ အရေးအကြောင်းရှိပါက လူနာများ သယ်ဆောင်ရန် လေ့ကျင့်ခန်း ပြုလုပ်ကြောင်း ပြောပြီး တစ်ခုတင်မှာ လူနှစ်ယောက် အဆင်သင့်ရပ် စောင့်နေပါတယ်။ နေ့လယ် (၁၂) နာရီထိုးသော်လည်း ခါတိုင်းလို နေ့လယ်စာ လာမပို့သဖြင့် လူနာများ ဆာကြပါတယ်။ (၁၂) နာရီကျော်သောအခါ အနောက်ထပ် သင်္ဘောဥသြဆွဲသံကို ကြားပြီးမှ အလုပ်သမားများသည် ပြုံးနိုင်ပြီး ရေငုပ်သင်္ဘောတွေ့သဖြင့် အချက်ပေး ပထမ ဥသြဆွဲရကြောင်းနှင့် ရန်သူကင်းရှင်းသောကြောင့် နောက်ထပ်ဥသြဆွဲကြောင်း အလုပ်သမားများက ပြောပြပါတယ်။ အလုပ်သမားများ ပြောပြသည်ကို နားထောင်ရင်း 'မျက်စိကန်းတစ္ဆေမကြောက်' ဆိုတာ ဒါများပဲလား လို့ ထင်မိပါတယ်။
ညနေ (၅)နာရီအချိန်မှာ 'ဗစ်တာ' သင်္ဘောသည် ဘေးမထိရန်မခဘဲ မဒရပ်ဆိပ်ကမ်းသို့ ချောမောစွာ ရောက်ရှိသွားပါတယ်။ စခန်း မဒရပ်ဘက်သို့ သွားရန် လူနာများကို မီးရထားပေါ်သို့ ပြောင်းရွှေ့ပေးရန် အချိန်မရှိပါသဖြင့် သင်္ဘောသည် ဆိပ်ခံတံတားမှာ ဆိုက်ကပ်ခြင်း မပြုဘဲ ခပ်လှမ်းလှမ်းမှာ ကျောက်ချဆိုက်ထားပါတယ်။ မိုးတွင်းပင်ဖြစ်သော်လည်း မဒရပ်ဆိပ်ကမ်းသို့ ရောက်ရှိသော အချိန်မှာ တိမ်မိုးသားများ ကင်းစင်ပြီး၊ နေရောင်ခြည်ပင် အခန်းထဲသို့ ဝင်ရောက်နေပါတယ်။ ခုတင်ပေါ်မှနေ၍ ပြတင်း ပေါက်ဘက်ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရာ ပြာလဲ့သော ပင်လယ်ပြင်ကြီးမှာ လှိုင်းလုံးငယ်များ တဖျပ်ဖျပ်ရိုက်ခတ်လျက် ရှိနေသည့်ကြား၌ တံငါလှေဟုယူဆရသော လှေကြီးလှေငယ်များ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်ရပါတယ်။ မိုးရိပ်လေရိပ်ကင်းစင် ကြည်လင်၍ သာယာလှပနေသော ပင်လယ်ရေပြင်မှအခန်းထဲသို့ တစ်ချက်တစ်ချက် ခတ်လာသော လေကို ရှုရှိုက်ရသည်မှာ ထူးခြားလှပါတယ်။
နောက်တစ်နေ့နံနက် (၇)နာရီအချိန်မှာ အထူးမီးရထားပေါ်သို့ လူနာများအားလုံး တင်ပြီးသောအခါ မီးရထားသည် မဒရပ်မှ ထွက်ခွာသွားပါတယ်။ မီးရထားတွဲများသည် ကုလားပြည် ဘုရင်ခံချုပ် ဗိုလ်ချုပ်ကြီးဝေဗယ် က စစ်လူနာများ တင်ဆောင်ရာတွင် အသုံးပြုရန် ပေးထားသော၊ ၎င်း၏တွဲများဖြစ်သည့်အားလျော်စွာ အအေးစက် တပ်ဆင်ထားပါသဖြင့် အေးမြကြည်လင်ပြီး အိပ်ရာထိုင်ခင်းမှာလည်း နူးညံ့သိမ်မွေ့လှပါသောကြောင့် စီးနင်းရသည်မှာ သာယာငြိမ့်ညောင်းပြီး အရသာထူးခြားပါတယ်။ လူနာများတင်ဆောင် သော မီးရထားဖြစ်ခြင်းကြောင့် ခပ်မှန်မှန်ပင် မောင်းနှင်ရသဖြင့် နောက်တစ်နေ့ နေ့လယ်အချိန်ကျမှ စခန်း ဒရပ်ဘတ် သို့ ချောမောစွာ ရောက်ရှိသွားပါတယ်။
စခန်း ဒရပ်ဘတ်အခြေချ စစ်ဆေးရုံသို့ ရောက်ရှိလာသော လူနာများအား တာဝန်ကျသော စစ္စတာသူနာပြုဆရာမကြီး က 'မင်္ဂလာရှိသော မွန်းလွဲပိုင်းပါ' ဟု အပြုံးလေးဖြင့် ဆီးကြို၍ ပဋိသန္ဓေရ ပြုပါတယ်။ ပါပါ့ကို ထားသော အခန်းသည် လူနာပေါင်း နှစ်ဆယ်ရှိပြီး အရိုးနှင့် ပတ်သက်သော ဝေဒနာရှင်များ ဖြစ်ကြပါတယ်။ တရုတ်အမျိုးသားနှင့်တူသော လူနာတစ်ယောက်မှ လွဲ၍ ကျန်လူနာများသည် အင်္ဂလိပ်လူမျိုးများ ဖြစ်ကြပါတယ်။ စစ်ဆေးရုံသို့ ရောက်ရှိလာသော လူနာအသီးသီးသည် မိမိတို့ ကိုယ်ပိုင်နံပါတ်၊ ရာထူးအဆင့်အတန်း၊ စစ်တပ်အမည် အစရှိသည်တို့နှင့် ပတ်သက်သော စာရွက်စာတမ်းများ ကိုယ်စီပါလာကြသော်လည်း ပါပါအတွက် ပါမလာသဖြင့် ဆေးရုံသို့ရောက်ပြီး မကြာမီ စစ္စတာ သူနာပြုဆရာမကြီးက ပါပါ့ဆီလာပြီး သူသိလိုသော အကြောင်းအရာများကို မေးမြန်းစဉ် ဆေးရုံအဝတ်အစားဖြင့် အင်္ဂလိပ် လူနာတစ်ယောက် ပါပါ့ဆီလာနေသည် သတိထား မိပါတယ်။ ပါပါအနားသို့ ရောက်ရှိလာသောအခါ မမျှော်လင့်မထင်မှတ်သော ဗိုလ်ကြီး ဂေး(လ်)မိုး ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ သီဟိုကျွန်းမှာ စစ်ပညာသင်ကြားစဉ် ပါပါတို့ကို ဗုံးဖောက်ခွဲနည်း သင်ပေးသော ဆရာဖြစ်ပြီး ခရစ်ကတ် ဘော ကစားစဉ် ဘောထိ၍ မေးရိုးကျိုးသဖြင့် လာရောက်ကုသကြောင်း သိရှိရပါတယ်။
ဗိုလ်ကြီး ဂေး(လ်)မိုး နှင့် စစ်ဆေးရုံတွင် လာရောက်တွေ့ဆုံခြင်းသည် ပါပါ့အတွက် ဘုရားမသည်ဟု ဆိုရမည် ဖြစ်ပါတယ်။ စစ္စတာ ဆရာမကြီး မေးမြန်းသမျှ ပါပါ့ကိုယ်စား ဗိုလ်ကြီး ဂေး(လ်)မိုးကပင် ဖြေကြားပြီး ၎င်း၏ ထောက်ခံပြောဆိုချက်အရ ပါပါဆေးရုံမှာ နေစဉ် အတွင်းသုံးစွဲရန် တစ်ပတ်လျှင် ငွေကျပ်တစ်ရာ ရရှိပါတယ်။
စခန်းဒရပ်ဘတ်အခြေချ စစ်ဆေးရုံသည် အုတ်ဖြင့် အခိုင်အမာ ဆောက်လုပ်ထားပြီး ဆေးရုံဝန်းထဲမှ ရာသီအလိုက် ပန်းမျိုးစုံဖြင့် အလှ ချယ်ထားသလို ဆေးရုံခန်းများမှာ လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိပါတယ်။ တာဝန်ထမ်းဆောင်သော ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ကာယလုပ်သားများသည် မခိုမကပ်၊ မညည်းမညူ စေတနာဖြူစင်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနေသည် ကို တွေ့ရသည့်ပြင် ပါပါခုတင်ပေါ်မှာ နေရသော လူနာများကို စေတနာအပြည့်အဝဖြင့် ပြုစုပေးပါတယ်။
နံနက် (၇)နာရီ အချိန်မှာ နံနက်စာနေ့လယ် (၁၁) နာရီအချိန်မှာ နေ့လယ်စာ၊ မွန်းလွဲ (၂) နာရီအချိန်မှာ လက်ဖက်ရည်၊ ဘီစကွတ်မုန့်နှင့် ညနေ (၆)နာရီ အချိန်မှာ ညစာဟူ၍ သတ်မှတ်ပြီး ခုတင်ပေါ်မှာ နေရသော လူနာများအတွက် လာရောက်ပို့ပေးပြီး လမ်းလျှောက်နိုင်သော လူနာများမှာ ထမင်းစားခန်းသို့ သွားစား ရပါတယ်။ အစားအစာများသည် အဟာရ ပြည့်စုံသော အင်္ဂလိပ်အစားအစာ ဖြစ်ပြီး ထမင်းနှင့် ဟင်းကို တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့များမှာ ကျွေးပါတယ်။
ဆေးရုံသို့ရောက်သောနေ့တွင် နေရာသစ်၊ ခုတင်သစ်ဖြစ်သဖြင့် ညဘက်တွင် မျက်စိကြောင်ပြီး တော်တော်နှင့် အိပ်လို့မရသောကြောင့် လေထီးဖြင့် ဆင်းသက်ခဲ့သည်များကို ပြန်လည်တွေးတော မိပါတယ်။ ကသာမြို့နယ် ဂဟဲရွာတွင် ဗိုလ်လှဖေ အပြင်းဖျားနာစဉ် တကောင်းသို့ ပြန်ပို့သော ကောင်းမှုစေတနာကြောင့် ပါပါလည်း လေထီးဖြင့် ဆင်းခဲ့ပြီး ပေါင်ကျိုးသောအခါ ပါပါကို စောင့်ရှောက် ကယ်မ မည့် လူများ ပေါ်လာခြင်း ဖြစ်သည်ဟု တွေးမိပါတယ်။ တစ်နည်းအားဖြင့် ဆိုရသော် စေတနာအကျိုး ပေးခြင်း ဖြစ်ပါတယ်။
နောက်တစ်နေ့ နံနက် (၉)နာရီအချိန်မှာ ကျိုးသော ပေါင်ကို ဓာတ်မှန်သွားရိုက်ရပါတယ်။ မွန်းလွဲပိုင်းတွင် ပါပါ့ဆီသို့ အရိုးကု အထူးဆရာဝန်လာပြီး ကျိုးသောအရိုးများသည် ကျေနပ်စွာ ပြန်ဆက်နေပါသဖြင့် ဆက်လက် ကုသ၇န် မလိုသော်လည်း ကျောက်ပတ်တီးအသစ် ပြန်စည်းပေးမည့်အကြောင်း ပြောပြီး နောက်မိတ္ထီလာ စစ်ဆေးရုံမှ စည်းပေးသော ကျောက်ပတ်တီးကို ဖြုတ်ခွာကာ အသစ်ထပ်မံစည်း ပေးပါတယ်။
စခန်းဒရပ်ဘတ်အခြေချစစ်ဆေးရု့သို့ ပါပါရောက်ရှိသော အချိန်မှာ ဇူလိုင်လ၊ ဒုတိယပတ်မှာ ဖြစ်ပါတယ်။ ပေါင်ကျိုး၍ အိပ်ရာပေါ်မှာ တုံးလုံးပက်လက်နေရသည်မှာ သုံးလကျော်၊ လေးလနီးပါး ရှိသွားပါသဖြင့် အလွန်မှ ညည်းငွေ့လာပြီး အစစအရာရာမှာ တစ်ယောက်ယောက်က လုပ်ကိုင်ဆောင်ရွက်ပေးရသောကြောင့် ဒုက္ခိတ လိုဖြစ်နေပါတယ်။ ဆေးရုံရောက်စ အချိန်မှာ ဗိုလ်ကြီး ဂေး(လ်)မိုး လာရောက်စကားပြောသဖြင့် စကားပြောဖော်ရသော်လည်း နှစ်ပတ်ကြာသောအခါ သူဆေးရုံမှဆင်းသွားပါသဖြင့် စကားပြောဖော် မရှိတော့ပါ။ တနင်္ဂနွေနေ့ ညနေတိုင်းမှာ အမျိုးသမီး ခရစ်ယာန်အသင်း မှ အမျိုးသမီးများ၊ လူနာများကို လာရောက် အားပေးစကား ပြောသောအခါ စကားပြောဖော် ခဏတဖြုတ်ရပါတယ်။
ပါပါနေရသော အခန်းမှာ တရုတ်အမျိုးသားနှင့်တူသော လူနာသည် တရုတ်အမျိုးသားဖြစ်၍ ချန်ကေရှိတ်စစ်တပ်မှ စစ်ဗိုလ်ဖြစ်ပြီး လေထီးဖြင့် ဆင်းစဉ်ပေါင်ကျိုးသဖြင့် စစ်ဆေးရုံသို့လာရောက် ကုသခြင်း ဖြစ်ပါတယ်။ ပါပါဆေးရုံရောက်ပြီး သုံးပတ်အကြာမှာ ၎င်းစစ်ဗိုလ်သည် ကျောက်ပတ်တီးခွာပြီးသည့်နောက် ချိုင်းထောက်ဖြင့် လမ်းလျှောက်ခွင့်ရသောကြောင့် ပါပါ့ဆီကို လာသဖြင့် စကားပြောဖော် အသစ်ထပ်မံ ရရှိပါတယ်။ လမ်းလျှောက်နိုင်သော လူနာများ တနင်္ဂနွေနေ့မှာ အပြင်သို့ နေ့ချင်းပြန်ထွက်လည်ခွင့် ပြုသဖြင့် တရုတ်စစ်ဗိုလ်သည် ချိုင်းထောက်ဖြင့် ဟိုင်ဒရပ်ဘတ်မြို့တွင်ရှိသော သူ့အသိတရုတ်အမျိုးသား အိမ်သို့ အလည်အပတ် သွားပြီး ပြန်လာသောအခါ သူစားသောက်ခဲ့ရသော တရုတ်အစားအစာများကို ပြောပြသောကြောင့် ကြားရသူမှာ သွားရည် ယိုလျက်နေပါတယ်။
တနင်္ဂနွေနေ့မှ လွဲ၍ နေ့စဉ်နံနက် (၉)နာရီအချိန်မှာ ဆေးရုံအုပ်သည် လူနာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ ဗိုလ်မှူးကြီးအဆင့် ရှိ ညွှန်ကြားရေးဝန်သည် တနင်္လာနေ့၊ နံနက်တိုင်း လာရောက် စစ်ဆေး ကြည့်ရှုပါတယ်။ ညွှန်ကြားရေးဝန်သည် ပါပါနှင့် ပထမဆုံးတွေ့သော နေ့မှ ဆေးရုံအုပ်ထံမှ ဘုန်းကြီးကု၍ကျိုးသော အရိုးပြန်ဆက်ကြောင်း ကြိုတင်သိထားသဖြင့် ဘုန်းကြီး ကုသပုံကုသနည်း ပါပါ့ကို အသေးစိပ် မေးမြန်းပါတယ်။ ပါပါပြန်လည် ဖြေကြားပြီးသောအခါ စုတ်ထိုးတာမနာဘူးလားလို့ မေးသဖြင့် မျက်ရည်ထွက်ပါတယ်လို့ ပြန်ဖြေသောအခါ ညွှန်ကြားရေးဝန်က ရယ်မောပါတယ်။ ခုတင်ခြေရင်းမှာ ချိတ်ဆွဲထားသော ဓာတ်မှန်ကို ကြည့်ပြီး ဆရာဝန်မှတ်ချက်များ ဖတ်ရှုပြီးသောအခါ ဘုန်းကြီးဆေးသည် အလွန်မှ အစွမ်းထက်ကြောင်း ပြောဆိုချီးမွမ်းသွားပါတယ်။
ဆေးရုံမှာ တစ်လကြာသောအခါ ကျိုးသော ပေါင်ကိုထပ်မံ၍ ဓာတ်မှန်ရိုက်ကြည့်ရာ အရိုးများ ကောင်းမွန်စွာဖြင့် ပြန်လည်ဆက်နေကြောင်း တွေ့ရှိရသဖြင့် ဆရာဝန်က နောက်တစ်နေ့မှာ ကျောက်ပတ်တီးခွာပေးပြီး ချိုင်းထောက်ဖြင့် အနီးအနား သွားလာခွင့်ပြုသောကြောင့် အချုပ်ခံရပြီး လွတ်လာသော အကျဉ်းသား၏ ခံစားချက်အတိုင်း ခံစားခဲ့ရပါတယ်။
(ပါပါ ချိုင်းထောက်ဖြင့် လမ်းလျှောက်ခွင့်ရသော ခံစားချက်နှင့် အချုပ်ခံရပြီး လွတ်မြောက်လာသော ခံစားချက်နှစ်မျိုးကို ပြန်လည်နှိုင်းယှဉ်ကြည့်ရာ အတူတူပင် ဖြစ်ပါတယ်။)
ဆေးရုံမှာ တက်ရောက်ကုသရသော လူနာသည် ဆရာဝန်သူနာပြု ဆရာမ၏ စေတနာအပြည့်အဝဖြင့် ပြုစုမှု၊ ယုယမှု၊ ဖော်ရွေမှုများကို ခံစားရလျှင် ရောဂါတစ်ဝက်မက ပျောက်ကင်းသွားကြောင်း လက်တွေ့အားဖြင့် ပါပါ တွေ့ကြုံခံစားခဲ့ ရပါတယ်။
ပါပါဆေးရုံရောက်သည့်နေ့မှစ၍ နေ့စဉ်မွန်းလွဲပိုင်း (၂)နာရီ လက်ဖက်ရည်သောက်ပြီး ချိန်မှာ သူနာပြုဆရာမကြီးသည် ပါပါ့ကျောပြင်အနာ မဖြစ်ရန် ဆေးရည်လာလူး ပေးပါတယ်။ ကျောက်ပတ်တီးခွာပြီးသည့်နောက် သူနာပြုဆရာမကြီး မလာတော့ဘဲ ကာယဆေးပညာဌာန မှ အင်္ဂလိပ်ဆရာမတစ်ယောက်လာပြီး ကျိုးသော ခြေထောက်လှုပ်ရှား၇န် လေ့ကျင့်ခန်း လာပေးပါတယ်။ ခြေထောက်ကို ပေါင်ဒါ လိမ်းပေးပြီး မြှောက်လိုက်ချလိုက်၊ ကွေးလိုက်၊ ဆန့်လိုက် သူပြောဆိုလေ့ကျင့်ပေးသည့် အတိုင်း လိုက်လုပ်ရပါတယ်။ ဤနည်းအတိုင်း နေ့စဉ် မွန်းလွဲပိုင်းမှာ နာရီဝက်ခန့် လာရောက်လေ့ကျင့် ပေးပါတယ်။
ချိုင်းထောက်ဖြင့် သွားလာနိုင်ပြီးဖြစ်၍ တရုတ်စစ်ဗိုလ်နှင့် အဖော်ညှိကာ နှစ်ယောက်သား တနင်္ဂနွေဟိုက်ဒရပ်ဘတ် မြို့ကို မော်တော်ကားဖြင့် အလည်သွားကြပါတယ်။ ဟိုက်ဒရပ်ဘတ်မြို့သည် ဟိုက်ဒရပ်ဘတ်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး 'နီဇမ်' ခေါ် မဟာဂျာဂျာ က အုပ်စိုးပါတယ်။ မဟာရာဂျာက မူဆလင်ဖြစ်ပြီး ပြည်နယ်သူ၊ နယ်သားများသည် အများစု ဟိန္ဒူဖြစ်ပါတယ်။ ဟိုက်ဒရပ်ဘတ် မဟာရာဂျာသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူများထဲ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ အခန်းဒရပ်ဘတ်မြို့နှင့် ဟိုင်ဒရပ် ဘတ်မြို့သည် အလှမ်းသိပ်မဝေးလှပါသဖြင့် မော်တော်ကား တစ်နာရီခန့် မောင်းရပြီး ဟိုက်ဒရပ်ဘတ်မြို့ထဲ ရောက်သွား သောအခါ 'နီဇမ်' ခေါ် 'မဟာရာဂျာ' ၏ နန်းတော်ရှိ ရာသို့ သွားကြပါတယ်။ နန်းတော်ကို အုတ်နံရံဖြင့် ကာရံထားပြီး အဝင်ဝတံခါးမှာ အစောင့်စစ်သားများ ချထားသည်ကို တွေ့ရှိရပါတယ်။ နန်းတော်ဝန်းကို တစ်ပတ်ပတ်ပြီး မြို့ထဲသွားကြပါတယ်။
ဟိုက်ဒရပ်ဘတ်ပြည်နယ်သည် သီးခြားပြည်နယ်ဖြစ်သည့် အလျှောက် သီးခြား ငွေစက္ဗူသုံး စွဲသော်လည်း ကုလည်းပြည်မှ ငွေစက္ဗူကို၎င်းတို့၏ ငွေစက္ဗူနှင့် တန်ဖိုးတန်းတူထားပြီး လက်ခံသုံးစွဲ ပါတယ်။ ဈေးထဲမှာ ဝယ်စရာခြမ်းစရာ ဟူ၍ ပစ္စည်း ပစ္စယများများ စားစား မတွေ့ပါ။ တွေ့သောအခါမှာလည်း အဖိုးခေါင်ခိုက်၍ မဝယ်နိုင်ပါ။
ဈေးထဲလှည့်လည်ကြည့်သောအခါ တရုတ်စစ်ဗိုလ်နှင့် ပါပါသည် ချိုင်းထောက်ဖြင့် သွားလာနေပါသဖြင့် ဈေးဝယ်ဈေးလာများ ပါပါတို့ကို ဝိုင်းကြည့်ကြပါတယ်။ ဈေးထဲလှည့်လည်ကြည့်ရှုပြီး တရုတ်စစ်ဗိုလ်အသိ တရုတ်စားသောက်ဆိုင်သို့ သွားကြပါတယ်။ စစ်အတွင်း ဖြစ်သည့်အတွက် တရုတ်စာများ စုံစုံလင်လင် မရှိပါ။ တရုတ်ဆိုင်မှာ စားသောက်ပြီး ပါပါတို့ စခန်းဒရပ်ဘတ် စစ်ဆေးရုံသို့ ပြန်သွားပါတယ်။
ချိုင်းထောက်ဖြင့် သွားလာနိုင်သည့်အတွက် ဟိုအခန်း၊ ဒီအခန်းသွားသောအခါ ဗမာပြည်စစ်မြေမျက်နှာပြင်မှ ဒဏ်ရာရရှိခဲ့သော လူနာခပ်များများ တွေ့ရပါတယ်။ ပါပါကို ဗမာပြည်က မှန်းသိသည့်အတွက် သူတို့နှင့် စကားလက်ဆုံကြပြီး မိတ်ဖြစ်ခဲ့ရပါတယ်။ သူနာပြုဆရာမတချို့နှင့် လူနာတချို့ ချိတ်ဆက်ဖြစ်သည်ကို သူတို့တွေ့ရသောအခါ ဒီလိုမိန်းမမျိုးတို့ အင်္ဂလန်ပြည်မှာ စာရင်းထဲတောင် မထည့်ဘူးလို့ စပျစ်သီး ချဉ်သည့်သဘောမျိုး ပြောကြပါတယ်။
လူနာများအတွက် စနေနေ့ ညနေတိုင်း ရုပ်ရှင်ပြသ သဖြင့် ပါပါသွားကြည့်သောအခါ ရုပ်ရှင်ရုံမှာ အရာရှိနှင့် အရာရှိမဟုတ်ဘူး သူများဟူ၍ နေရာခွဲခြားထားပါတယ်။ လက်မှတ်ယူရန် မလိုပါ။ ဆေးရုံအဝတ်အစားမှာ အရာရှိနှင့် အရာရှိမဟုတ်သူများ ဟူ၍ ခွဲခြားထားသဖြင့် အဝတ်အစားကြည့်ရုံမျှနှင့် တံခါးစောင့်က သိနိုင်ပါတယ်။
ကျောက်ပတ်တီးဖြုတ်ပြီး ချိုင်းထောက်ဖြင့် သွားလာနေသည်မှာ တစ်ပတ်ကျော်နှစ်ပတ်နီးပါးမျှ ရှိသွားသဖြင့် ဆေးရုံမှဆင်းခွင့်ပြုရန် ဆေးရုံအုပ်ကြီးကို ပါပါပြောပါတယ်။ ဆေးရုံအုပ်ကရောဂါ မပျောက်မီ သူတို့ အနေနှင့် ဆင်းခွင့်မဲပြုနိုင်ကြောင်း၊ သို့သော်လည်း ဆင်းလိုလျှင် ရောဂါနှင့် ပတ်သက်၍ နောက်ပိုင်းတစ်စုံတစ်ရာဖြစ်ခဲ့သော် ဆေးရုံမှာ လုံးဝတာဝန်မရှိဘဲ မိမိသာလျှင် တာဝန်ရှိကြောင်း လက်မှတ်ရေးထိုးလျှင် ဆင်းနိုင်ကြောင်း ပြောပါတယ်။
ဆေးရုံအုပ်အလို့ရှိသော ခံဝန်ချက်ကို ပါပါလက်မှတ်ရေးထိုးပြီး နောက် ပါပါသွားလာရေးနှင့် ပတ်သက်၍ လိုအပ်သော အစီအစဉ်များ ပြုလုပ်ရဦးမည် ဖြစ်သဖြင့် နောက်နှစ်ရက်နေ့ ဆင်းနိုင်မည်ဖြစ်ကြောင်း ဆေးရုံအုပ်က ပြောပြီး ပါပါမည်သည့်အရပ် ဒေသသို့ သွားလိုကြောင်း မေးမြန်းသောအခါ ကာလကတ္တားသို့ သွားလိုကြောင်း ပြန်ဖြေပါတယ်။
ပါပါဆေးရုံမဆင်းမီ တစ်ပတ်ခန့်အလိုမှာ ဒဏ်ရာရရှိသော ဗမာ တပ်မတော်မှ အရာရှိသုံးယောက် ရောက်လာကြပါတယ်။ တစ်ယောက်မှာ ဗိုလ်ထွန်းအောင်ကျော် (တော်လှန်ရေး ကောင်စီတက်လာသောအခါ၌ စစ်ရဲတပ်မှ ဗိုလ်မှူးထွန်းအောင်ကျော်) နှင့် နောက်တစ်ယောက်မှာ ဗိုလ်ငြိမ်းမောင် (ဖဆပလ ပါလီမန်အမတ်ဟောင်း) ဖြစ်ကြပြီး ကျန်တစ်ယောက်မှာ ဗိုလ်ညွှန့်ဝင်း ဟုထင်ပါတယ်။ နောက်ပိုင်းသူနှင့် ဆုံစည်းခြင်း မရှိပါသဖြင့် မမှတ်မိတော့ပါ။
ဆေးရုံမှထွက်ခွာသွားရတော့မည့် ဖြစ်၍ ပါပါ့စိတ်ထဲမှာ ပျော်သလို လွမ်းသလိုရင်ထဲ၌ တစ်မျိုးကြီးခံစား နေရပါတယ်။ ဆေးရုံမှ ထွက်ခွာသော နံနက် (၉)နာရီအချိန် လမ်းလျှောက်နိုင်သော အပေါင်းအသင်းလူနာများ အပြင် အခန်းဆရာဝန်နှင့် သူနာပြု စစ္စတာ ဆရာမကြီးများ ပါပါ့ကို ဆင်ဝန်းအထိ လိုက်ပို့ကြပါတယ်။ ပါပါဆေးရုံတက်စဉ် ပါပါ့ကို ဂရုစိုက်ပြုစုစောင့်ရှောက်သော ဆရာဝန်နှင့် ဆရာမအား ဆင်ဝင်တွင် နောက်ဆုံးတွေ့ခြင်း ဖြစ်ပါတယ်။ ဆေးရုံမှ ကားဖြင့် ဘူတာရုံသို့ ရောက်ရှိပြီးသည့်နောက် မကြာမီ မီးရထားသည် ဘတ်(စ)ဝါး ဒါ လမ်းဆုံဘူတာသို့ ထွက်ခွာသွားရာ ညနေဘက်တွင် ရောက်ရှိသွားပါတယ်။
ဘတ်(စ) ဝါး ဒါဘူတာသည် မဒရပ်မှ ကာလတ္တားသို့ သွားသော မီးရထားလမ်းဆုံ ဖြစ်ပါတယ်။ မဒရပ်မှ ကာလကတ္တားသို့ သွားသော စာပို့မီးရထားသည် ည (၇)နာရီမှ ဘူတာသို့ ဝင်မည်ဖြစ်သဖြင့် အချိန်ရှိစဉ် ဘူတာရုံ စားသောက်ဆိုင်မှာ ညနေစာ သွားစားပါတယ်။ ခရီးသွားရသည်မှာ အဖော်မပါသည့်ပြင် ချိုင်းထောက်ဖြင့် သွားရပြီး ကျောပိုးအိတ်က ပါလာသဖြင့် အလွန်မှ ကသိလင်တ ဖြစ်ပါတယ်။
ည (၇) နာရီအချိန်မီးရထား ဆိုက်ရောက်သဖြင့် အထက်တန်းတွဲသို့ သွားသောအခါ ပါပါအတွက် သတ်မှတ်ပေးသော အိပ်ရာသည် အပေါ်မှာ ဖြစ်သောကြောင့် ပါပါအလွန်မှ စိတ်ခိုက် မိပါတယ်။ သို့သော် အောက်အိပ်နေသော ခရီးသည်တစ်ယောက်က ပါပါနှင့် နေရာလဲပေးသောကြောင့် စိတ်သက်သာရာ ရပါတယ်။ မီးရထားသည် တစ်ညလုံး ခုတ်မောင်းပြီး မိုးလင်းသောအခါ ဘူတာတစ်ဘူတာတွင် ဆိုက်ရောက်စဉ် ပါပါတို့တွဲမှ ခရီးသည်နှစ်ယောက် ဆင်းသွားပါသဖြင့် တွဲထဲမှာ ပါပါနှင့် နောက်ခရီးသည်တစ်ယောက်ပဲ ကျန်ပါတော့တယ်။
လမ်းခရီးတွင် နှစ်ဘူတာ၊ သုံးဘူတာမှာ မီးရထားဆိုက်ထားနေစဉ် ပါပါကို ဗမာပြည်က မှန်းသိသော သူတောင်းစား က ဗမာလို ပြောပြီး ပိုက်ဆံ တောင်းသောကြောင့် သူ့ကိုကြည့်ပြီး အံ့သြနေရပါတယ်။ သူပြောပြမှ ဗမာပြည်က စစ်ပြေးဖြစ်ကြောင်း သိရှိရပါတယ်။ မီးရထား ခုတ်မောင်းစဉ်လမ်းဘေးနားရှိ ရွာများမှ ဝက်များ ပြေးလွှားနေသည်ကို တွေ့ရသဖြင့် ပါပါ့အတွက် အဆန်းဖြစ်ပြီး ကုလားပြည်မှာလဲ ဝက်မွေးသည်ကို သိရှိရပါတယ်။
မီးရထားသည် ကာလကတ္တားတစ်ဖက်ကမ်း 'ဟောရာ'မြို့သို့ ညနေဘက်တွင် ရောက်ရှိသော အခါ ပါပါနှင့်အတူ ပါလာသော ခရီးသည်က ပါပါ့အတွက် မော်တော်ကား လိုက်လံငှားပေးသောကြောင့် သူငှားပေးသော မော်တော်ကားဖြင့် ဦးသိန်းဖေနေသော အိမ်ဘီဟာလာသို့ သွားပါတယ်။ ဦးသိန်းဖေအိမ် အရောက်မှ သခင်တင်ရွှေက ပါပါကို တွေ့သောအခါ အားရဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်ပြီး မရှေးမနှောင်းပင် သူ့ဇနီး ဒေါ်ခင်စီပေးလာပြီး အားရဝမ်းသာ ဖြစ်ကြပါတယ်။ သို့သော် ချိုင်းထောက်ဖြင့် ကားပေါ်မှ ဆင်းလာသည်ကို သူတို့တွေ့ရသောအခါ ပါပါအပေါ် ကရုဏာသက်ပြီး မျက်နှာမကောင်း ကြပါ။
ကျောရိုး ဒဏ်ရာကြောင့် ကျောက်ပတ်တီး စည်းထားရပြီး ပက်လက်နေရသော ဦးသိန်းဖေမှာ ဒဏ်ရာသက်သာလာပြီး ဖြစ်၍ ကျောက်ပတ်တီးကို ခွာပြီး ကျောရိုးကို ထိန်းရန် နောက်မှာ သံပြားတပ်ထားသော အထူးအင်္ကျီ ဝတ်ထားသည်ကို တွေ့ရှိရပါတယ်။ ဦးသိန်းဖေအိမ်ကို ပထမတစ်ခေါက် ရောက်စဉ်က သိုက်သိုက်မြိုက်မြိုက် ဆူဆူညံညံရှိသော်လည်း ယခုတစ်ခေါက်ပြန်လည် ရောက်ရှိလာသောအခါ ဦးသိန်းဖေနှင့် သခင်တင်ရွှေတို့ လင်မယားအပြင် တခြားရဲဘော်နှစ်ယောက် သုံးယောက်သာ ရှိပါသဖြင့် ငြိမ်သက်လျက် နေပါတယ်။
ဦးသိန်းဖေအိမ်သို့ ပါပါပြန်လည်ရောက်ရှိလာသော အချိန်မှာ စက်တင်ဘာလဆန်းမှာ ဖြစ်ပြီး များမကြာမီရက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်း အမှူးပြုသော ဖဆပလ ကိုယ်စားလှယ်အဖွဲ့သည် သီဟိုကျွန်း၊ ကန္ဒီမြို့တွင် ရုံးစိုက်သော အရှေ့တောင် အာရှတိုက်ဒေသ၊ စစ်သောနာပတိချုပ် မောင့်ဘက်တန်နှင့် တွေ့ဆုံဆွေးနွေးရန် အသွား ကာလကတ္တားတွင် ခရီးတထောက်နားနေစဉ် ဦးသိန်းဖေထံသို့ လာကြပါတယ်။ အပြန်ခရီးမှာလည်း ဦးသိန်းဖေဆီဝင်လာကြပြီး မောင့်ဘက်တန်နှင့် ဆွေးနွေး သဘောတူညီချက်များကို ပြောပြပါတယ်။ ကျန်လူများသည် တည်းခိုရာ ဟိုတယ်သို့ ပြန်အိပ်ကြသော်လည်း သခင်သန်းထွန်းမှာ ဦးသိန်းဖေဆီအပ်ကျန်ရစ်ခဲ့ပြီး ဗမာပြည်နိုင်ငံရေး အခြေအနေများကို ပြောပြပါတယ်။
စခန်းဒရပ်ဘတ်အခြေချစစ်ဆေးရုံမှ ဆေးရုံအုပ်ကြီး ညွှန်ကြား ထားချက်အရ ကာလကတ္တားမြို့သို့ရောက်ပြီး နှစ်ပတ်အကြာမှာ ကာလကတ္တား စစ်ဆေးရုံသို့ သွားပြီး ပေါင်ကို ဓာတ်မှန် ရိုက်ပါတယ်။ နောက်တစ်နေ့ဓာတ်မှန်ကို သွားယူသောအခါ ဆရာဝန်က အရိုးများ ကောင်းမွန်စွာ ဆက်နေပြီး၊ ဖြစ်၍ ချိုင်းထောက် မပါဘဲ လမ်းလျှောက်နိုင်ပြီး ဖြစ်ကြောင်း ပြောပါတယ်။ အရိုးများကောင်းမွန်စွာ ဆက်နေပြီး ဖြစ်သော်လည်း ခြေထောက်မှာ တစ်လက်မတိုသွားပါတယ်။
ချိုင်းထောက်မပါဘဲ ပါပါလမ်းလျှောက်နိုင်သောအချိန်မှာ ဦးသိန်းဖေလည်း ဗမာပြည်သို့ ပြန်ရန် အားလုံး အစီအစဉ်လုပ်ပြီးသော အချိန်ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ဦးသိန်းဖေနှင့် သခင်တင်ရွှေတို့ လင်မယားအပြင် ပါပါနှင့် တခြားရဲဘော်များ အထူးစစ်ဒါကိုတာ လေယာဉ်ပျံဖြင့် ကာလကတ္တားမှ ထွက်ခွာပြီး ရန်ကုန်သို့ မွန်းလွဲပိုင်းတွင် ချောမောစွာ ပြန်လည်ရောက်ရှိလာကြပါတယ်။
ပါပါနှင့် အတူ စခန်းဒရပ်ဘတ်အခြေချစစ်ဆေးရုံမှ ချိုင်းထောက်ကို အမှတ်တရယူလာခဲ့ပါတယ်။
စောဘဦးကြီး၏မူ(၄)ရပ်
For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၄
Saturday, April 18, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment