သတင်း နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
Saturday, 31 January 2009 21:36 ရိုးမ ၃
ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ထိန်းချုပ်ရာ တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ မဟာမိတ်အင်အားစုများ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့က တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကဘောက ၂၀၁၀ တွင် စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
တော်လှန်ရေးနေ့အခမ်းအနားမြင်ကွင်း
“ကျနော်တို့အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို မလုပ်ဖို့၊ နအဖက သူရဲ့အာဏာ ဆက်လက်တည်မြဲရေးအတွက် ပုံစံတမျိုးနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်၊ ကျနော်တို့အနေနဲ့က လုံးဝ လက်မခံပါဘူး၊ အစကတည်းကလဲ သူတို့ လမ်းပြမြေပုံတခုလုံးကို လက်ခံခဲ့တာမဟုတ်ပါဘူး၊ အဓိကက ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးရေးကို အတိုက်အခံ အင်အားစုတွေအားလုံးနဲ့ လုပ်ပြီး ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပဒိုဒေးဗစ်သာကဘောက ပြောသည်။
ကရင်တော်လှန်းရေး ဖြတ်သန်းခဲ့ရပုံနှင့်ပတ်သက်၍ အောင်မြင်မှုများကို ကြည့်မည်ဆိုပါက ယနေ့တိုင် အားကောင်းနေလျှက်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဖဆပလ လက်ထပ်ကတည်းက နှစ်နှစ်အတွင်းချေမှုန်းမယ်တို့ ဘာတို့ သူတို့ပြောလာခဲ့တာ အခုချိန်ထိ ကရင့်တော်လှန်ရေးဟာ ရှိမြဲရှိနေတုန်း အားကောင်းလျှက်ပဲ ရှိနေပါတယ်၊ နိုင်ငံရေးဟာလည်း အားကောင်းလာပါတယ်၊ ဖဆပလလည်း ပြုတ်ကျသွားပြီ၊ ပထစအစိုးရလဲ ပြုတ်ကျသွားပြီ၊ နေဝင်း မဆလအစိုးရလဲ ပြုတ်ကျသွားပြီ၊ နောက် နအဖကလဲ သူတို့အတွင်းမှာတင် ပြဿနာတက်ပြီ” ဟု သူက ပြောသည်။
ကရင့်တော်လှန်ရေးသည် ကရင်လူထုတရပ်လုံးနှင့်အတူ မြန်မာပြည်သူများအားလုံး၏ တော်လှန်ရေးဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကရင်လူထုတရပ်လုံးနှင့် မြန်မာပြည်သူအားလုံး ပူးပေါင်းပြီး နအဖစစ်အာဏာရှင် ပြုတ်ကျရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်သွားရန်ကို တောင်းဆိုကြောင်း ဇိုယာဖန်းက ပြောသည်။
“ကျမတို့တော်လှန်ရေး မအောာင်မြင်သေးတာက ကျမတို့ ညံ့လို့မဟုတ်သလို ရန်သူကတော်နေလို့လည်း မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရော ဒီမိုကရေစီအင်အားစုတွေရော ဒီထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုမယ်ထင်ပါတယ်၊ လူထုတွေကိုလဲ ထိထိရောက်ရောက် စည်းရုံးဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အစိုးရတွေကိုလဲ ဖိအားပေးဖို့ စည်းရုံးလုပ်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။
ကရင့်အမျိုးသားတပ်မတော်မှ ခွဲထွက်သွားပြီး နအဖနှင့် ငြိမ်းချမ်းရေးလုပ်ထားသည့် ဒီကေဘီအေအဖွဲ့များ ဖြစ်ပေါ်လာခြင်းကိုကြည့်လျှင် ကရင်လူမျိုးများ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းကြောင့်ဖြစ်သည်ဟု ဇိုယာဖန်းက ဆက်ပြောသည်။
ထို့အပြင် ကရင်အမျိုးသားတပ်မတော်မှ စစ်သည်တဦးက “ကရင့်တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ ဘာကြောင့် ကျနော်တို့ မျှော်လင့်ရတာလဲဆိုတော့ စစ်မှန်တဲ့တရားကို ကိုင်စွဲပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲတယ်၊ ကျနော် ကရင်စစ်သားတယောက်အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးတယ်၊ အမှန်တရားကို ကိုင်စွဲတိုက်ပွဲဝင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
ကရင့်အမျိုးသားတော်လှန်းရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး တိုင်းရင်းသားတန်းတူညီရေးအတွက် ကရင့်ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူများအတိုင်း ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
စောဘဦးကြီး၏မူ(၄)ရပ်
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။
သတင်း နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
Saturday, January 31, 2009Posted by (လင်္ကာဒီပ) at 10:11 PM 0 comments
Labels: article
ကရင်လူမျိုး ရေရှည်တည်တံ့ဖို့ လွယ်ပါ့မလား
Jan 27၊2009
ဆောင်းပါး Add comments စာရေးသူသည် နားဖြင့်သော်လည်းကောင်း၊ အချို့သော အရေးအသားများ၌ သော်လည်းကောင်း ကြားရဖတ်ရသည်မှာ ကြရင်လူမျိုးဟာ တိမ်ကော ပပျောက်ဖို့ မလွယ်တော့ဘူး။ ဗမာ စစ်အုပ်စု ပြောသလို ကရင်လူမျိုးကို ပြတိုက်ထဲ ထည့်ပစ်မယ်ဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်စရာ အကြောင်း မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကရင်လူမျိုးတွေထဲက အတော်များများ နိုင်ငံတကာကို ရောက်နေပြီး အသိပညာ အတတ်ပညာရှင်တွေ ဖြစ်လာတာနဲ့အတူ ကရင်လူမျိုးအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းအားဖြင့် သူတို့တတွေရဲ့ သားစဉ်မြေးဆက် ကရင်တွေ ဖြစ်ကြသလို သူတို့ရဲ့သွေးတွေဟာ ကရင့်သွေး ဖြစ်နေကြလို့ပဲ။ဋ္ဋ အဆိုပါ စကားရပ်များနှင့် စပ်လျဉ်း၍ စာဖတ်ပရိသတ် အနေဖြင့် မည်သို့စဉ်းစားမိပါသနည်း။
ကျွန်ုပ်တို့အနေဖြင့် လူမျိုးတမျိုးအဖြစ် ပြောဆိုနိုင်ရန်မှာ လူမျိုးတမျိုးနှင့် ကိုက်ညီသောအချက် များရှိရန် လိုအပ်၏။ အဆိုပါအချက်များမှာ
၁။ ကိုယ်ပိုင်စာပေ
၂။ ဘာသာစကား
၃။ အမျိုးသား ၀တ်စုံ
၎။ ရိုးရာဓလေ့ထုံးစံ
၅။ ကိုယ်ပိုင်အတီးအမှုတ် တူရိယာပစ္စည်း ရိုးရာအကများနှင့် တေး လင်္ကာများ
၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ (မိမိတို့ကိုယ်တိုင် ရေးဆွဲချမှတ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ)
အနည်းဆုံး ဤအချက် (၆)ချက်ဖြင့် ပြည့်စုံကုံလုံမှု မရှိပါက ကျွန်ုပ်တို့သည် မိမိကိုယ်ကို လူမျိုးတမျိုးအဖြစ် သတ်မှတ်ပြောဆိုရန် ခဲယဉ်းပေချိမ့်မည်တည်း။
ကိုယ့်မင်းကိုယ်ချင်းဖြင့် နေထိုင်ရန် မဆိုထားနှင့် အချို့ကရင်များသည် အမိအဘ ကရင်ဖြစ်ပါလျှက် အမျိုးသားရေး စိတ်ဓာတ် ကင်းမဲ့ ခေါင်းပါးခြင်း၊ မိခင်သည် ကရင်လူမျိုး ဖခင်က လူမျိုးခြား ထိုသူတို့သည် မိမိကိုယ်ကို ကရင်အမျိုးသားအဖြစ် ခံယူမှု မရှိခြင်း၊ အချို့ ဖခင်သည် ကရင်လူမျိုး မိခင်က လူမျိုးခြား ထိုသူတို့သည် မိမိကိုယ်ကို ကရင်အမျိုးသားအဖြစ် ခံယူမှု မရှိခြင်း၊ ထိုမျှမက မိမိ၏ မိခင်ဘာသာ စကားကိုပင် ပြောဆိုမှု မရှိခြင်း၊ အမျိုးသားဝတ်စုံကို ၀တ်ဆင်မှု မပြုခြင်း၊ မိမိဘာသာစာပေကို သင်ကြားလိုစိတ် မရှိခြင်း၊ မိရိုးဖလာ ဓလေ့ထုံးစံများကို မျက်ကွယ်ပြုခြင်း၊ မိမိကိုယ်ပိုင် ယဉ်ကျေးမှု တူရိယာ ပစ္စည်းများနှင့် အကများ တေးလင်္ကာများကို သီဆိုတီးမှုတ် ကခုန်လိုစိတ် ကင်းမဲ့ခြင်းတို့သည် ကရင်လူမျိုးအဖြစ် ခိုင်ခိုင်မာမာ ရေရှည်တည်တံ့ရန် လွယ်ကူနိုင်ပါ၏လော။
ယခင်ရှေးအခါများ၌ ကရင်ရွာတရွာဖြစ်သည့် ရွှေတောရွာသည် ကရင်အမျိုးသား ယဉ်ကျေးမှုအကကို ထိန်းသိမ်းမြှင့်တင်ရန် မဆိုထားနှင့် ယဉ်ကျေးမှုအကအဖွဲ့များ သယ်ယူပို့ဆောင်သည့် လှည်းယာဉ်များကိုပင် ရွာအတွင်းသို့ ဖြတ်သန်း ၀င်ရောက်ခွင့် မပြုသဖြင့် ကွေ့ပတ်ကွင်းရှောင် သွားလာခဲ့ကြရဖူးပါ၏။ ယခုအချိန်ကာလ၌မူ ပြောင်းလဲမှု ရှိမရှိကို စာရေးသူအနေဖြင့် အတတ်မဆို နိုင်ချေ။
အရွယ်ရောက်ပြီး ကရင်အမျိုးသားနှင့် ကရင်အမျိုးသမီးတို့အချို့ မည်သည့်အတွက်ကြောင့် ကရင်အချင်းချင်း လက်ထပ် ထိမ်းမြားလိုစိတ် ကင်းနေရသည်ကို စာဖတ်ပရိသတ်များ အနေဖြင့် ရံဖန်ရံခါ စဉ်းစားမိဖူးပါ၏လော။ စာရေးသူအမြင်၌မူ ကရင်အမျိုးသား အချို့သည် ဘ၀ကို အလေးအနက် ထားလိုစိတ် မရှိသည့်အပြင် အမျိုးသမီးတဦး သဘောကျ လက်ခံနိုင်လောက် သည့် ပြောဆိုနေထိုင် ကျင့်ကြံမှု အားနည်းခြင်း၊ အမျိုးသမီးတဦး အနေဖြင့် မိမိအား ယုံကြည် အားကိုးနိုင်လောက်သည့် အရည်အချင်းများ ချို့ငဲ့ခြင်းတို့သည် အခြေခံ အချက်များ ဖြစ်နေလိမ့်မည်ဟု ထင်မြင် ယူဆမိပါ၏။
အိမ်ထောင်စုတစု တည်ထောင်ရာတွင် အခရာ အကျဆုံးမှာ စီးပွားရေး (ပုံမှန်ဝင်ငွေ) ဖြစ်ပါ၏။ ပုံမှန်ဝင်ငွေ မရှိသော မိသားစုတစု၏ အိမ်ထောင်ရေး သာယာချမ်းမြေ့မှုသည် အရှည်တည်တံ့ ခိုင်မာနိုင်ပါမည်၏လော။
အခြားအချက်တချက်မှာ ကရင်အချင်းချင်း လက်ထပ်ထိမ်းမြားထားသည့် မိသားစုအတွင်း (အချို့) မိမိ၏သားငယ်သမီးငယ်များကို ပြောဆိုဆက်ဆံရာ၌ မိမိတို့ ဘာသာစကားဖြင့် ပြောဆိုဆက်ဆံခြင်း မပြုဘဲ (နီးစပ်ရာ) အခြားဘာသာစကားဖြင့်သာ ပြောဆို ဆက်ဆံနေခြင်း၊ အချို့မူကား ဤသို့ဆိုပါ၏ ကျြုပ်တို့က ခင်ဗျားတို့ အရှေ့တိုင်းကထက် ပိုဆိုးတာဗျို့ မြစ်ဝကျွန်းပေါ် မှာတုန်းကဆို လှေနဲ့လှည်းကို ဗမာလို အခေါ်ခိုင်းတာဗျ။ မပီရင် အသတ်ခံရတယ်။ အဲဒီလို ကာလကြာကြာ အမျိုးမျိုးဖိနှိပ်ခံခဲ့ရတာဆိုတော့ ကိုယ့်စကားကို ပြန်မပြောနိုင်တဲ့အထိ ဖြစ်သွားခဲ့ရတယ်ဋ္ဋ ထိုသို့ဆိုပါက ကရင်လူမျိုးသည် လူမျိုးတမျိုးအဖြစ် ရေရှည်တည်တံ့ခိုင်မာစွာ ရပ်တည်နိုင်ပါမည်၏လော။
စာရေးသူ တတိယနိုင်ငံသို့ ရောက်လာသည့်အခါ အင်္ဂလိပ်ဘာသာစကား ELL (English Learning Language) ကို သင်ကြားရသည်။ (ဒုက္ခသည်အဖြစ် ရောက်ရှိလာသူမှန်သမျှ သင်ကြားရခြင်းဖြစ်သည်)။ စာရေးသူ၏ အတန်းပိုင်ဆရာမသည် မက်စီကန် (Mexican) အမျိုးသမီးဖြစ်၏။ စာရေးသူသည် သူမအား အြကယ်၍များ ခင်များသာ ကရင်အမျိုးသား တယောက်နဲ့ တရားဝင် အကြင်လင်မယားအဖြစ် လက်ထပ်ထိမ်းမြားလို့ သားသမီးတွေ မွေးလာမယ်ဆိုရင် သူတို့တတွေကို ဘယ်ဘာသာစကား သင်ပေးမှာလဲဋ္ဋလို့ မေးခွန်းတခုကို မေးသောအခါ၌ သူမက အောက်ပါအတိုင်း ပြန်ဖြေပါ၏။
ကျြမသာ ကရင်အမျိုးသား တယောက်ယောက်နဲ့ အိမ်ထောင်ကျလို့ရှိရင် ရလာတဲ့သားသမီး တွေကို ကရင်စကားလည်း သင်ပေးမှာ ဖြစ်သလို ကျမရဲ့ မိခင်ဘာသာ စကားကိုပါ သင်ပေးမှာ ဖြစ်ပါတယ်။ဋ္ဋ
သို့ဖြစ်ပါ၍ အရွယ်ရောက်ပြီး ကရင်မောင်မယ်များ အနေဖြင့် အခြေအနေအကြောင်းအမျိုးမျိုး တို့ကြောင့် မဖြစ်မနေ မလွှဲမရှောင်သာ လူမျိုးခြားများနှင့် လက်ထပ် ထိမ်းမြား ရစေကာမူ စာရေး သူ၏ အတန်းပိုင် ဆရာမစကားအတိုင်း မိမိတို့၏ ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို သားစဉ်မြေးဆက် သင်ကြားပေးကြ စေလိုပါသည်။
စာရေးသူ နယ်စပ်တနေရာ၌ နေထိုင်ခဲ့စဉ်က သက်ကြီး စာမတတ်သူ ပပျောက်ရေးနှင့် အခြေခံ လူထုစည်းရုံးရေး သင်တန်း Adult Literacy and Grass Root Organization Training ကို တက်ရောက် သင်ကြားခဲ့ရာ၌ နိုင်ငံခြားသား သင်တန်းဆရာက စာရေးသူအား ဤသို့ဆိုခဲ့ဖူးပါ ၏။ ခြင်ဗျားအနေနဲ့ ဥပမာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျပန် ဘယ်ဘာသာ စာပေပဲဖြစ်ဖြစ် သင်ယူတဲ့အခါမှာ သူတို့ရဲ့ ဘာသာစာပေထဲမှာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သင်ကြားပေးမှာ ဖြစ်သလို တဆက်တည်းသူတို့ရဲ့နိုင်ငံသမိုင်းတွေကို ထည့်သွင်းသင်ကြားပေး မှာဖြစ်တော့ အားလုံးကို တထပ်တည်းတူအောင် လိုက်လုပ်ဖို့ မဟုတ်ဘူးနော်။ ခင်ဗျားအနေနဲ့ တီးမိခေါက်မိ ရှိရုံလေး သိထားဖို့ပဲ ဖြစ်တယ်။ တထပ်တည်း တူဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ။ လိုက်လုပ်မိပြီ ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ အမျိုးသားရေး လုပ်ငန်းတွေ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးနိုင်တဲ့ စိုးရိမ်စရာတွေ ဖြစ်သွားလိမ့်မယ်။ဋ္ဋ သို့ဖြစ်ပါ၍ စာရှုသူ အပေါင်းနှင့် မိတ်ဆွေများ၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ၊ ပြည်တွင်းပြည်ပ၌ ပညာသင်ကြား နေကြကုန်သော အသိပညာ အတတ်ပညာရှင်များ ခင်ဗျာ … စာရေးသူ အနေဖြင့် သင်တို့အား သတိတရား ရှိစေရန် အလို့ငှာ စာရေးသူ၏ နိုင်ငံခြားသား သင်တန်းဆရာ သွန်သင်ခဲ့သည့် စကားများကို ဝေငှလိုက်ပါသည်။ အကယ်၍ စာပါအချက်အလက်များသည် သင်ခန်းစာ ယူထိုက်သည် ဆိုပါက ရယူလိုက်နိုင်စေလိုပြီး ဖေါ်ပြပါ အချက်အလက်များသည် လွဲမှားသော ဒဿနများသာ ဖြစ်သည်ဆိုပါက နားလည် ခွင့်လွှတ်နိုင်ကြ ပါစေဟုသာ။
ကျန်းမာကြံ့ခိုင်ကြစေသောဝ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Minnesota, USA. January 26, 2009
ဖော်ပြပါအကြောင်းအရာများသည် စောထိုးတွိုင် (ကျုံဘိုင်း၊ ကော့ကရိတ်တောင်ပိုင်း)၏ (ဖႜုံဆိုဒ်ဟှုင်ၟခိုင့် မ်ုယ၀့်ဟှ) ကရင်ဘာသာဖြင့် ရေးသားထားသည်များကို တိုက်ရိုက် ဘာသာပြန်ဆိုထား ခြင်းဖြစ်ပါသည်။
Posted by (လင်္ကာဒီပ) at 10:07 PM 0 comments
Labels: article
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံ ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။
ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့ လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်း ကြာသွားပါတယ်။
နောက် ခရီးဆက်လက်ထွက်ခွာသွားရာ ကျောက်ဆည် မရောက်မီ မိုးလင်း၍ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက် ရပ်နားပါတယ်။ ပါပါတို့ ရန်ကုန်မှ ထွက်လာစဉ် ခရီးကြုံသဖြင့် ကျောက်ဆည်အထိ လိုက်ရန် ဂျပန်တော်လှန်ရေး ရဲမေတယောက် ပါလာပါတယ်။ သူ့ အကြံပေးချက်အရ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက် ရပ်နားခြင်း ဖြစ်တယ်။ ညနေဘက်မှာ ပါပါတို့ ဆက်လက် ခရီးထွက်ခွာသွားရာ မန္တလေးသို့ ချောမောစွာ ရောက်ရှိသွားပါတယ်။
မန္တလေးမှ မြစ်ကြီးနား
မန္တလေးရောက်သောအခါ ဗိုလ်ကြီးတင်ထွန်းက ပါပါတို့ကို အိမ်တအိမ်မှာ သွားရောက်ပို့ထားပါတယ်။ ပါပါမှတ်မိသလောက် ရုံးတော်ကြီး ရပ်ကွက်ရှိ အိမ်တအိမ်မှာ ဖြစ်တယ်။ အဲဒီအိမ်မှာ အစောင့်တယောက်ထဲ ရှိပါတယ်။ ရုံတော်ကြီးရပ်ကွက်အိမ်မှာ နေစဉ်ညတိုင်း ဗိုလ်ကြီး တင်ထွန်းလာပြီး ရှေ့ဆက်လက်သွားမည့် ခရီးစဉ်ကို ဆွေးနွေးပါတယ်။ တပေခွဲပတ်လည်ရှိ ပိုးဖျင်အဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက် ဗမာပြည် မြေပုံကိုပါ ယူလာတယ်။ ကသာဘက် အင်္ဂလိပ် တပ်မဟာမှ ဝင်းဂိတ်တပ်သားများ ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းလာစဉ် တိုက်ပွဲတခုမှ ရထားသော မြေပုံလို့ ပြောပါတယ်။ မြေပုံဟာ အသေးစိတ်ဖြစ်ပြီး ရေစိုသော်လည်း ပျက်စီးခြင်း မရှိလို့ သိရပါတယ်။ ရုံတော်ကြီးရပ်ကွက် အိမ်မှာ လေးငါးရက်ကြာ နေပြီး ဗိုလ်မှူးဗထူး အမြောက်တပ်သို့ ပြောင်းရွှေ့ နေထိုင်ကြတယ်။
ဗိုလ်မှူးဗထူးတပ်သို့ ရောက်သောအခါ ဗိုလ်မှူးကိုယ်တိုင် နေရာထိုင်ခင်း စီစဉ်ပေးတယ်။ ပါပါတို့ကို တဲတန်းလျား သပ်သပ် တလုံး ပေးထားတယ်။ စားချိန်မှာ ရဲဘော်တယောက် စားစရာတွေ လာပို့ပေးတယ်။ ရှေ့ဆက်ရမယ့်ခရီးကို စီစဉ်နေဆဲဖြစ်၍ ဗိုလ်မှူး ဗထူးတပ်မှာပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ ပါပါတို့က ဘီဒီအေ ယူနီဖောင်းဝတ်ထားသော်လည်း ဂျပန်စစ်ရေးပြနည်း မသိ နားမလည်တဲ့အတွက် ဗိုလ်မှူးချစ်ကောင်းက သင်ကြား ပြသပေးတယ်။ ချီတက် လမ်းလျှောက်နည်း၊ သေနတ်ကိုင်တွယ်နည်း၊ အလေးပြုနည်း၊ အစရှိသည်တို့ ဖြစ်ပါတယ်။ ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် တနင်္ဂနွေနေ့ ပါပါနှင့် ဦးကျော်ရင်အောင် ပင်လယ်ရွာကို အလည်သွားတယ်။ ပါပါ မြင်းမွေးမြူရေးဌာနမှာ အလုပ်လုပ်စဉ် သိကျွမ်းခဲ့သော ဦးကင်းထံ သွားရန် ဖြစ်တယ်။
အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့ ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကွင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက် ချလိုက်တယ်။
ဦးကင်းဟာ မြင်းမွေးမြူရေးနဲ့ သားစပ်ရေး စခန်းသုံးခုအနက် မန္တလေး စခန်းကို အုပ်ချုပ်တဲ့ အရာရှိဖြစ်ပါတယ်။ သူ့မြင်းမွေးမြူရေး စခန်းဟာ အောင်ပင်လယ်မှာ ရှိပါတယ်။ ဦးကင်းဟာ ပါပါ့ကို တွေ့တော့ အံ့အားသင့်တယ်။ ပါပါလည်း စစ်ထဲဝင်တဲ့ အကြောင်း ဗိုလ်ဗထူး တပ်မှာ ရောက်နေတဲ့ အကြောင်း ပြောပြတယ်။ ပါပါတို့သွားတာ အရပ်ဝတ် အရပ်စားနဲ့ ဖြစ်တဲ့အတွက် မန္တလေးရောက်လာတဲ့အကြောင်း ဦးကင်း မမေးမီ ပါပါ ကြိုတင် ပြောခြင်းဖြစ်ပါတယ်။ ပါပါတို့ သွားတာ မနက်ပိုင်းဖြစ်တော့ ထမင်းစားပြီးမှ ပြန်ဖို့ ဦးကင်းက ပြောပါတယ်။
သူ့ မြင်းမွေးမြူရေးခြံ သွားကြည့်တော့ မြင်းတွေဟာ နာမကျန်းဖြစ်ပြီး နှစ်ကောင် သုံးကောင် သေသွားတဲ့ အကြောင်း သူပြောပြတယ်။ ရန်ကုန် မြင်းမွေးမြူရေးစခန်းမှာလို မြင်းသား စားချင်တာနဲ့ မြင်း နာမကျန်းဖြစ်ပြီး သေတာလား လို့ ပါပါက သူ့ကို ရယ်စရာအဖြစ် ပြောသေးတယ်။ သူ့ဆီမှာ ထမင်းစားပြီး မွန်းလွဲပိုင်းမှာ ပါပါတို့ ပြန်လာတယ်။ ပါပါတို့ ပြန်လာတော့ လမ်းပေါ် ခပ်လှမ်းလှမ်းမှာ ဂျပန်စစ်သားတစု မန္တလေးဘက် လမ်းလျှောက် ပြန်တာ တွေ့ရတယ်။ ခဏနေ ဂျပန်တွေက 'ရှီကောကူ၊ ရှီကောကူ' လို့ အော်ရင်း လမ်းဘေး ဆင်းပြေးပြီး ဝပ်နေကြတယ်။ ပါပါတို့လည်း အံ့အားသင့်ပြီး ကြောင်တောင်တောင် ဖြစ်နေတယ်။ ဒါနဲ့ ပါပါတို့က ဟိုကြည့် ဒီကြည့်နဲ့ ကောင်းကင်မှာ ကိုယ်ထည် နှစ်ခုရှိတဲ့ မဟာမိတ် စစ်လေယာဉ်ပျံ သုံးစင်း တွေ့တော့ ဂျပန်တွေဟာ လေယာဉ်ပျံတွေ့လို့ ထွက်ပြေးတယ် ဆိုတာ သိရတယ်။ (လေယာဉ်ပျံဟာ ဂျပန်လို ရှီကောကူလို့ ခေါ်ပါတယ်။)
မန္တလေးမှ နေ၍ ဆက်ရန်ခရီးမှာ နှစ်လမ်းရှိပါတယ်။ တလမ်းက ကလေးဝဘက်ဖြစ်ပြီး တလမ်းက မြစ်ကြီးနားဘက် ဖြစ်တယ်။ မြစ်ကြီးနားဘက်လမ်းဟာ အဆင်ပိုပြေမှာ ဖြစ်တဲ့အတွက် ဗိုလ်မှူး ဗထူးတို့က မြစ်ကြီးနားလမ်းကို ရွေးချယ်လိုက်တယ်။ မြစ်ကြီးနားဘက် သွားမှာဖြစ်တဲ့အတွက် ကသာ၊ မြစ်ကြီးနား ဒေသကို ကျွမ်းကျင်တဲ့လူ လိုလာပါတယ်။
အဲဒီအချိန်မှာ ပါပါ မြစ်ကြီးနား စစ်ပြေးဘဝမှာ သိရှိခဲ့တဲ့ ကိုလှဖေဟာ ဗိုလ်မှူး ဗထူးတပ်မှာ ဗိုလ်ဖြစ်နေပါတယ်။ ကိုလှဖေဟာ ပါပါ စစ်ပြေးအဖြစ် မြစ်ကြီးနားမှာအတူ နေခဲ့တဲ့ ဦးစက်ဝမ်ရဲ့ ညီ ဖြစ်ပါတယ်။ ပါပါ မြစ်ကြီးနားဘက်ကို သွားမှာ ဖြစ်တော့ ဗိုလ်လှဖေကို ခေါ်သွားဘို့ ဗိုလ်မှူးဗထူးက သဘောတူ ခွင့်ပြုတယ်။ ၎င်းပြင် ကသာဒေသကို ကျွမ်းကျင်တဲ့ စစ်သား ရဲဘော်မောင်ကျောက်ကိုပါ လိုက်ဖို့ တာဝန် ပေးပါတယ်။
၁၉၄၄ ခု၊ အောက်တိုဘာလ (၉) ရက်နေ့ နံနက်မှာ ပါပါတို့ လူစု မန္တလေးမှ စတင် ခရီးထွက်ပါတယ်။ ရန်ကုန်မှ မူလလူစုအပြင် နောက်တိုးအဖြစ် ဖြူးမှ ကိုစောဟန် (ထောင်တွင်းကွယ်လွန်)၊ ဗိုလ်လှဖေ၊ မောင်ကျောက်တို့ ဖြစ်ပါတယ်။ (ဗိုလ်လှဖေဟာ ယခု လူထု ဦးလှနဲ့ မယား ညီအစ်ကို တော်ပါတယ်။)
ပါပါတို့ လူစုဟာ ကိုယ်စီ နာမည်ဝှက် ရှိပါတယ်။ ပါပါ့နာမည်ဝှက်ဟာ 'မောင်တင်' ဖြစ်တဲ့အတွက် တလမ်းလုံး ပါပါကို 'ကိုတင်' လို့ ခေါ်ကြပါတယ်။ မန္တလေးမှ ထွက်စဉ် ဗိုလ်မှူး ဗထူးက ပါပါတို့ကို လက်နက် ခဲယမ်း မီးကျောက် အပြည့်အစုံ ပေးပါတယ်။ ပါပါက ဒဿမ ၃၂ ပစ်စတို သေနတ်၊ ယမ်းတောင့် ခြောက်တောင့် ရပါတယ်။ စစ်ကိုင်းဘက်ကို သမ္ဗာန်ဖြင့် ကူးကြတယ်။ ညဘက်မှာ ရွာထောင်မှ နေ၍ မီးရထား စီးကြတယ်။ သန်းခေါင်ယံ အချိန်မှာ ရွှေဘိုကို ရောက်သွားတယ်။ မိုးလင်းတော့ ဖျားနာနေတဲ့ ဂျပန်တွေ မီးရထားလမ်း ဘေးနားမှာ တုံးလုံး ပက်လက်နဲ့ တော်တော်များများ တွေ့ရတယ်။ တချို့လည်း တောင်ဝှေးနဲ့ လှုပ်လီလှုပ်လဲ့ လျှောက်နေတာကို တွေ့ရတယ်။ ထူးဆန်းတဲ့ မြင်ကွင်းဟာ ကျန်းမာ သန်စွမ်းတဲ့ ဂျပန်တွေက ဖျားနာ ချိနဲ့နေတဲ့ ဂျပန်တွေကို ကူညီ စောင့်ရှောက်ခြင်း မပြုတာဘဲ ဖြစ်တယ်။ နေ့လယ်မှာ ပါပါတို့ အနားယူတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ အိမ်တအိမ်မှာ ဆူဆူညံညံ ကြားတော့ ပါပါတို့ သွားကြည့်တယ်။ ဂျပန်တယောက် မီးဖိုချောင်မှာ ခူးခပ်စားမယ် အလုပ်မှာ အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့ ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကွင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက် ချလိုက်တယ်။
ဂျပန်ခေတ် ညဘက်မှာ ယာဉ်ရထားများ သွားလာခုတ်မောင်းလို့ ညဘက်ကျ ပါပါတို့ မီးရထားနဲ့ ရွှေဘိုမှ ဆက်လက် ခရီးသွားကြတယ်။ ကန့်ဘလူသို့ မိုးလင်းခါနီးမှာ ရောက်သွားပါတယ်။ ကန့်ဘလူမှာလည်း ရွှေဘိုနည်းတူ ဂျပန်အနိဌာရုံများကို တွေ့ရှိရပါတယ်။ ကန့်ဘလူမှာ ခရီးသွား ခရီးလာများကို ဒကြောင်းပြုပြီး အိမ်တချို့မှာ ထမင်းဟင်း အစရှိသော စားသောက်ဖွယ်များကို ရောင်းချပါတယ်။ ပါပါတို့လည်း ထမင်းဟင်း ရောင်းတဲ့ အိမ်တအိမ်မှာ ဝင်ရောက် စားသောက်ပြီး အနားယူပါတယ်။
မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့ စကားပဲ ဖြစ်တယ်။
ညဘက်ကျ မီးရထားဖြင့် ဆက်လက်ခရီးထွက်ရာ တောလမ်းသို့ သန်ခေါင်ယံအချိန်မှာ ရောက်ရှိသွားပြီး မီးရထားသည် ဆက်လက်ခရီးမထွက်တော့ပါ။ အကြောင်းမှာ ကောလင်းနှင့် ဝန်းသိုကြားမှာ မီးရထားတံတားပျက်နေသောကြောင့် ဖြစ်ပါတယ်။ ပါပါတို့လည်း မီးရထား ပေါ်က ဆင်းကာ မီးရထားလမ်းအတိုင်း ဝန်းသိုသို့ လမ်းလျှောက်သွားပါတယ်။ ပျက်နေတဲ့ မီးရထားတံတား ကျတော့ လမ်းလျှောက်နိုင်ရန် ကုန်းဘောင်ပဲ ထိုးထားတဲ့အတွက် လိမ့်မကျရန် လေးဖက်တွား သွားရပါတယ်။ ဝန်းသိုဘူတာရောက်တော့ မိုးမလင်းသေးတဲ့အတွက် မီးရထားလမ်းဘေးမှာရှိ တောင်ကုန်းကလေးအောက် ကားလမ်းဘေးနားမှာ အဝတ်ခင်းပြီး ခါးဆန့်ကာ အနား ယူကြပါတယ်။ (ပါပါဝန်ကြီးဖြစ်ပြီး မီးရထားနဲ့ ဝန်းသိုသို့ ရောက်ရှိတဲ့အခါ အဲဒီနေရာကို သွားကြည့်ပါသေးတယ်။)
နံနက်လင်းတဲ့အခါ ရဲဘော်မောင်ကျောက် အသိရှိတဲ့ ကင်းရွာသို့ ဆက်လက် ခရီးထွက်ပါတယ်။ ကင်းရွာရောက်တဲ့အခါ မောင်ကျောက်အသိအိမ်မှာပဲ တည်းခိုပါတယ်။ တပ်မတော်သားများ ရောက်ရှိလာတဲ့အတွက် ရပ်ရွာလူကြီးများ လာရောက်ကြတဲ့ အပြင် အထူးအဆန်း အဖြစ် လာရောက်ကြည့်ရှုသူများလည်း ရှိပါတယ်။
ကင်းရွာမှာ သိရှိရသော သတင်းများမှာ အမေရိကန်တပ်များဟာ ပထမ မြစ်ကြီးနား လေယာဉ်ပျံကွင်းကို သိမ်းပိုက်ပြီး၊ မြစ်ကြီးနားမြို့ကို ရက်ပေါင်းများစွာ နေ့ရောညပါ ဗုံးကျဲ တိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ကြောင်း အင်္ဂလိပ်တပ်ဟာ မြစ်ကြီးနားမှ မီးရထားလမ်းအတိုင်း၊ အောက်ဘက်သို့ ထိုးစစ်ဆင်ရာ မိုးကောင်းမှာ အကြီးအကျယ် တိုက်ပွဲဖြစ်နေကြောင်း၊ အမေရိကန်တပ်က ချန်ကေရှိတ် တရုတ်တပ်များနဲ့ အတူ ဗန်းမော်ဘက်သို့ တပ်ဖြန့် စုံဆင်းသွားကြောင်း အစရှိသော သတင်းများ ဖြစ်ပါတယ်။
ဤသတင်းများကို ကြားသိရလို့ မူလက မီးရထားလမ်းအတိုင်း မြစ်ကြီးနားသို့ သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းပြီး တောလမ်းအတိုင်း ကသာဘက်သို့ သွားရန် အစီအစဉ် ထပ်မံလုပ်ရပါတယ်။ ကင်းရွာမှ ကသာသို့ တောလမ်းအတိုင်း သွားဖူးသူ ကိုချစ်မောင်ရှိကြောင်း သိရှိရ၍ လမ်းပြအဖြစ်လိုက်ရန် သူ့ကို ငှားရမ်းရာ သူက သဘောတူလက်ခံပါတယ်။
ပါပါ မန္တလေး ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် ဗိုလ်တယောက် ပြောတဲ့စကား ပါပါသွား သတိရတယ်။ 'ကိုတင် ကသာ၊ ဗန်းမော်၊ မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့ စကားပဲ ဖြစ်တယ်။ ဒီစကားကို ပါပါ မြေ၀ယ်မကျ တလမ်းလုံး နာခံသွားပါတယ်။ ပါပါတို့ အောက်ပြည် အောက်ရွာမှာတော့ စပ်တဲ့ ငရုတ်သီး တမျိုးကို 'ကုလားအော်' လို့ ခေါ်ပါတယ်။ ကသာဘက်မှာတော့ ကုလားအော် ငရုတ်သီး မရှိပါ။ စပ်တဲ့ ငရုတ်သီးဟာ 'ကရင်အော်' ပဲ ရှိတယ်လို့ ဒေသခံတွေက ပြောတော့ ပါပါ ရယ်ရပါတယ်။
ပါပါတို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံး လုပ်ပြီးသွားတဲ့အတွက် နောက်တနေ့ ကင်ရွာမှာ ခရီး ဆက်ထွက်ကြပါတယ်။ သွားရမယ့် တောလမ်း ခရီး တလျှောက်မှာ ဆန်ရှားပါးသဖြင့် ဆန် တယောက် တပြည်စီ ကင်းရွာမှာ ဝယ်သွားကြပါတယ်။
ဂျပန်ခေတ် စနစ်အရ တရွာမှ တရွာသို့ ဂျပန်များ၊ တပ်မတော်သားများ၊ မင်းမှုထမ်း၊ ရာထမ်းများ ခရီး သွားလာသောအခါ ရွာသူရွာသားများဟာ အထုပ် အပိုးတွေ ဝိုင်းကူ ထမ်းပေးရတယ်။ ပါပါတို့ကင်းရွာမှ စထွက်တဲ့ မနက် ပါပါတို့ အထုပ်အပိုးတွေကို နောက်တရွာအထိ လိုက်ပို့မယ့် လူတွေ ရောက်လာတယ်။ ချောဆင့်တဲ့စနစ် ဖြစ်လို့ ချောထမ်းတယ်လို့ ခေါ်တယ်။ ချောထမ်းမယ့် လူတွေ မိန်းမချည်းဖြစ်နေတာ တွေ့ရတော့ ပါပါတို့ အံ့အားသင့်ပြီး အားတောင့်အားနား ဖြစ်နေတယ်။ ရွာသူကြီးဟာ ပါပါတို့ အားနာနေမှန်း ရိပ်မိတော့ သူတို့ရပ်ရွာမှာ ယောက်ျားရော၊ မိန်းမပါ ဒီလိုပဲ ချောထမ်းရတဲ့အကြောင်း ပြောပြပါတယ်။ တော်ပါသေးတယ်။ ကင်းရွာမှာ မီးရထားလမ်း အရှေ့ဘက် တမိုင်ခန့်ပဲ ဝေးတဲ့ နောက်တရွာ အရောက်မှာ တာဝန် ပြီးဆုံးပါတယ်။
ဒီလိုနဲ့ တရွာဝင် တရွာထွက် သွားပြီး မဲဇာမြစ် အရှေ့ဘက်ကမ်း ဂျုံးဂျုံးကျရွာသို့ ရောက်ရှိပါတယ်။ ဂျုံးဂျုံးကျရွာဟာ ရွာကြီးတရွာ ဖြစ်ပါတယ်။ ရွာကို ရောက်တဲ့ အချိန်မှာ ဗိုလ်လှဖေ နေထိုင်မကောင်း ဖြစ်လာတယ်။ ဒီလိုေ နထိုင်မကောင်းတဲ့အတွက် သူ့အနီးဆုံး ဆွေမျိုး ဘယ်မှာ ရှိသလဲလို့ မေးတော့ တကောင်းမှာ ရှိပြီး နာမည်က ဦးအေး - ဒေါ်ဧမိ ဖြစ်ကြောင်း သူ ပြောပြပါတယ်။ ဤကဲ့သို့ မေးထားခြင်းမှာ သူ့ရောဂါ မသက်သာလျှင် သူ့ဆွေမျိုးထံ ပို့ထားရန် ဖြစ်ပါတယ်။ 'တကောင်း ဦးအေး၊ ဒေါ်ဧမိ' ဒီ စကားသုံးလုံးကို ပါပါ အသေနှုတ်ကျက်ထားတဲ့အတွက် အနှစ်သုံးဆယ် ကျော်လာသော်လည်း မမေ့ပါ။
ဂျုံးဂျုံးကျကနေပြီး ပါပါတို့ ခရီးဆက်ထွက်ရာ ဂဟဲရွာသို့ ရောက်သွားပါတယ်။ ဂဟဲရွာဟာ ကသာမြို့ အနောက်တောင်ဘက် (၁၅) မိုင်အကွာမှာ ရှိပါတယ်။ ဂဟဲရွာ ပါပါတို့ ရောက်သွားတဲ့ အချိန်မှာ ရွာသူရွာသားတွေ သိပ်မရှိတော့ပါ။ ကသာမှာ ရှိတဲ့ ဂျပန်တွေ မကြာမကြာ လာပြီး အနှောင့်အယှက် ပေးလို့ နီးစပ်ရာ ရွာမှာ တိမ်းရှောင် ထွက်ပြေး နေကြတယ်။ ဂဟဲရွာသူကြီးတော့ ရှိတယ်။ ပါပါတို့ ရောက်တဲ့အချိန်မှာ သူကြီးဟာ မိန်းရခါစဖြစ်လို့ ပါပါတို့ ထမင်း ပါပါတို့ဖာသာ ချက်စားရပါတယ်။ ဂဟဲရွာမှာ ကြားသိရတဲ့သတင်းဟာ ကသာမြို့မှာ ဂျပန်စစ်တပ်ပဲ ရှိတယ်၊ ခရိုင်အပါအဝင် အစိုးရရုံးအားလုံး ထီးချိုင့် အရှေ့ဘက်ကမ်း မြအောင်တောရမှာ ပြောင်းရွှေ့ ရုံးစိုက်ကြောင်း ကြားသိရတယ်။
ဗိုလ်လှဖေရောဂါဟာ ဂဟဲရွာရောက်ပြီး နောက်တနေ့မှာ ပိုဆိုးဝါးလာပြီး ငန်းဖမ်းလာတယ်။ တလမ်းလုံး ပါပါလျှို့ဝှက်နာမည် 'ကိုတင်' လို့ပဲ ပါပါ့ကို ခေါ်ပြီး ငန်းဖမ်းတော့ ပါပါ့ကို 'ကိုဝင်းမောင်' လို့ ခေါ်ပါတော့တယ်။ ရွာသူရွာသားများရှေ့မှာ ပါပါက 'ကိုတင်' ဖြစ်ပြီး ဗိုလ်လှဖေက ပါပါကို 'ကိုဝင်းမောင်' လို့ ခေါ်တော့ တော်တော် အနေခက်ပါတယ်။
ဗိုလ်လှဖေ ငန်းဖမ်းတော့ ပါပါတို့နောက် ဆက်လက်လိုက်မှာ မဟုတ်တော့ပါ။ ပါပါတို့ကတော့ သွားရမယ့်ခရီးကို ဆက်လက်သွားမည်သာ ဖြစ်ပါတယ်။ ဒီတော့ ဗိုလ်လှဖေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာဟာ ပေါ်လာပါတယ်။ ဂဟဲရွာပြင်မှာ စမ်းချောင်းတချောင်း ရှိပါတယ်။ ပါပါတို့ ရေသွားချိုးတဲ့ စမ်းချောင်းဖြစ်ပါတယ်။ ဗိုလ်လှဖေကိစ္စ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ရန် ပါပါတို့ အားလုံး စမ်းချောင်းကို သွားကြတယ်။ သခင်ဗိုလ်က သူ ခေါင်းဆောင်ဖြစ်တဲ့ အလျောက် သူစတင်ပြောပါတယ်။
သူ့သဘောကတော့ ဗိုလ်လှဖေကို ဂဟဲသူကြီးထံမှာ အပ်နှံထားပြီး ပါပါတို့ ဆက်လက် ခရီးထွက်ရန် ဖြစ်ပါတယ်။ သူ့အကြောင်းပြချက်က ပါပါတို့ ခုခရီးထွက်နေတာ စစ်မြေပြင်နဲ့ တူတယ်။ စစ်မြေပြင်မှာ ဒဏ်ရာ ရထားတဲ့ စစ်သားတွေဟာ သူ့ထိုက်နဲ့ သူ့ကံ စစ်မြေပြင်မှာပဲ ထားခဲ့ရတဲ့အကြောင်း သူပြောတယ်။ သခင်ဗိုလ် ပြောပြီး ပါပါပြောပါတယ်။ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ထားခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်ပွဲ မပြင်းထန်ရင် သယ်ယူကြတဲ့အကြောင်း၊ ဗိုလ်လှဖေကို ဂဟဲရွာသူကြီး လက်ထဲ အပ်ထားရင် ဗိုလ်လှဖေသေမှာ သေချာတဲ့ အကြောင်း၊ ဂဟဲရွာသူကြီးဟာ မိန်းမရခါစဖြစ်လို့ ပါပါတို့ ရောက်လာတာတောင် ဧည့်ဝတ် မကျေတဲ့အကြောင်း ဗိုလ်လှဖေ ငန်းမဖမ်းမီ သူ့ဆွေမျိုးများ တကောင်းမှာရှိကြောင်း ပါပါ့ကို ပြောထားတဲ့အတွက် ပါပါသူ့ကို တကောင်းပို့ပြီးမှ ဆက်လက် ခရီးထွက်မယ့် အကြောင်း ပါပါနောက် လိုက်ချင်တဲ့လူ ရှိရင် လိုက်နိုင်ကြောင်း ပါပါက ပြောတယ်။ ဒါနဲ့ ဗိုလ်မှူး ချစ်ကောင်း၊ ဦးအုန်းမောင် (လေထီး) တို့က ပါပါ့နောက် လိုက်မယ် လို့ ပြောကြတယ်။
သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။
'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။
သခင်ဗိုလ်နဲ့ ပါပါတို့ လူစုချင်း ခွဲကြတော့မယ် ဖြစ်တဲ့အတွက် ရန်ကုန်မှ ထွက်လာစဉ် လမ်းမှာ သုံးစွဲဖို့ ငွေနဲ့ ရွှေစများ သခင်သန်းထွန်းက ပေးလိုက်ပါတယ်။ ရွှေစထဲမှာ လက်ကောက်များ၊ ရွှေဒဂါးများ ပါရှိပါတယ်။ သခင်ဗိုလ်က ပါပါ့ကို တဝက်ခွဲ ပေးပါတယ်။ နောက် ဗိုလ်မှူး တပ်မှ ယူလာခဲ့တဲ့ ပိုးဖျင် ရွှေဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက်ဗမာပြည် မြေပုံကိုလည်း ပါပါ တောင်းယူတယ်။ ဂဟဲရွာပြင် စမ်းချောင်းမှာ စည်းဝေး ဆုံးဖြတ်တဲ့ အချိန်မှာ ညနေဘက် ဖြစ်ပါတယ်။
နောက်တနေ့နံနက် ပါပါတို့ အားလုံး နောက်ကြောင်း ပြန်လာကြပါတယ်။ ဂျုံးဂျုံးကျကို ညနေမှ ရောက်ပါတယ်။ ဗိုလ်လှဖေကိုတော့ လူငှားပြီး ထမ်းစင်နဲ့ ခေါ်လာရပါတယ်။ ဗိုလ်လှဖေကို လိုက်ပို့ရန် ပါပါရဲ့ တာဝန် ဖြစ်တဲ့အလျောက် လိုအပ်တဲ့ ကိစ္စတွေကို ပါပါ လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြစ်ဆိပ်မှာ ဗိုလ်လှဖေ အိပ်ပြီး လိုက်ပါသွားနိုင်အောင် ကြီးတဲ့ လှေ မတွေ့ပါ။ လူဆယ်ယောက် တင်နိုင်တဲ့ ခပ်ရွယ်ရွယ် ငါးဖောင်တဖောင်တော့ တွေ့တယ်။ ဖောင်ရှင်ကို တွေ့တော့ ငါးတွေ ဘယ်မှာ သွားရောင်းမလဲလို့ မေးပါတယ်။ ဖောင်ရှင်က တကောင်းလို့ ပြောပါတယ်။ တကောင်း ရောက်ရင် ဘယ်လောက်ရမလဲလို့ မေးတော့ ကျပ်ငွေ တရာ့ငါးဆယ်ခန့် ရမယ်လို့ ပြောတယ်။ ဒါနဲ့ ပါပါက ငါးဖောင်ကို သူ့တောင်းဈေးပေးပြီး ဝယ်ပါတယ်။
အဲဒီအချိန်က တကောင်းဟာ အထက်ကုန်၊ အောက်ကုန် အရောင်းအဝယ် လုပ်နေတဲ့ နေရာ ဖြစ်ပါတယ်။
ဖောင်ဝယ်ပြီးနောက် ဗိုလ်လှဖေ တနေရာစာ အိပ်နိုင်ဖို့ အင်ဖက်အမိုး လုပ်ပေးရတယ်။ လမ်းမှာ မီးလှုံဘို့ သံပြား တပြားနဲ့ ထင်းတုံးများ စုဆောင်းရပါတယ်။ နောက် လက်ဖက်ရည်ကြမ်းအိုး လက်ဖက်ခြောက်ခွက် အစရှိသည်တို့ကို ဝယ်ခြမ်း စုဆောင်းရပါတယ်။
နောက် ပါပါက သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။ 'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲ ရောက်သွားတော့ ပူနွေးသွားတဲ့အတွက် အရက်သမားများဟာ အရက်ကို 'အတွင်းစောင်' လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ လိုက်လံ စုဆောင်းပြီး ဖောင်ထိုးရန် လူနှစ်ယောက် လိုက်ရှာ ရပါတယ်။ မဲဇာချောင်းအတိုင်း စုံဆင်းရန် ဖြစ်ပြီး မဲဇာချောင်းဟာ ရေစီးသန်တဲ့အပြင် ငုတ်လည်း ပေါများတယ်။ ဖောင်ထိုးသမားနှစ်ယောက် ငှားရမ်းပြီး ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်၊ ဗိုလ်လှဖေနဲ့ ပါပါတို့ ခရီးစတင် ထွက်ကြပါတယ်။ အချိန်က မိုးချုပ်ခါစ ဖြစ်ပါတယ်။ သခင်ဗိုလ်တို့ လူစုဟာ မြစ်ဆိပ်မှာ ပါပါတို့ကို လာရောက် နှုတ်ဆက်ကြပါတယ်။ နေ့ဘက်သွားရင် အင်္ဂလိပ် လေယာဉ်ပျံရဲ့ရန် ရှိတဲ့အတွက် ညဘက်သွားရခြင်း ဖြစ်ပါတယ်။
ဖောင် စထွက်ထွက်ခြင်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီးဦးအုန်းမောင်တို့ မီးမွှေးပြီး လက်ဖက်ရည်ကြမ်းအိုး စတယ်ကြပါတယ်။ မီးဖိုဟာ ဗိုလ်လှဖေနဲ့ အလှမ်းဝေးပြီး လေအောက်မှာ ရှိပါတယ်။ ဗိုလ်လှဖေ အခြေအနေမှာ စိုးရိမ်စရာ အဆင့် ရှိနေပါတယ်။ ဖောင်စထွက်ပြီး တနာရီခန့်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်တို့က လက်ဖက်ရည်ကြမ်း စတင် သောက်ကြပါတယ်။ ဂျုံးဂျုံးကျမှာ ဆတ်သားခြောက် တပိဿာ ဝယ်ယူရရှိတဲ့အတွက် ဆတ်သားခြောက်ကို မီးဖုတ်၊ ကင် အမြီး အဖြစ် စားကြတယ်။ ပါပါလည်း အဲဒီ အချိန်မှာအတွင်း စောင်စခြုံပါတယ်။ အမြည်းကတော့ ဆတ်သားခြောက်ပင် ဖြစ်ပါတယ်။ အတွင်းစောင်ခြုံရင်း တချက်တချက် ဗိုလ်လှဖေကို လှမ်းကြည့်ရတယ်။ ဗိုလ်လှဖေရဲ့ ချောင်းဆိုးသံ တချက်တချက် ကြားရတော့ ဗိုလ်လှဖေ မသေသေးဘူးဆိုတာ သိရတယ်။ ဖောင်ထွက်ခါစ ထွေရာလေးပါး စကားပြောကြသော်လည်း တစတစ ညဥ့်နက်လာတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် နေကာ အတွေးရေယာဉ်ကြော မြောလျက် နေကြပါတယ်။
တိတ်ဆိတ် ငြိမ်သက်နေတဲ့ကြားမှ တဖြောက်ဖြောက်နဲ့ ကျဆင်းနေတဲ့ ဆီးနှင်းများဟာ မိုးသီး မိုးပေါက်များ ကျသကဲ့သို့ ပြင်းထန်လှပါတယ်။ တချက်တချက် ဂျီဟောက်သံကြားရပြီး ငှက်အော်သံလည်း ကြားရပါတယ်။ 'မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်း၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ တရှာမိတော့' အစရှိတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ရတုကို ပြေး၍ သတိရပါတယ်။ ပါပါတို့ အဖော်သားသုံးယောက်ဟာ ကိုယ်ပေါ်မှာရှိတဲ့ အဝတ်ပဲ ရှိကြပါတယ်။ စောင်ကို ဗိုလ်လှဖေအား ပေးခြုံရပါတယ်။ ပါပါက အတွင်းစောင် ရှိလို့ ခံသာသော်လည်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီး ဦးအုန်းမောင်တို့က တော်တော်လေး ခိုက်ပုံရပါတယ်။
ဒီလိုနဲ့ ငုတ်တုတ်ထိုင်ကာ ကြက်အိပ်ကြက်နိုး အိပ်ရင်း မိုးလင်းတော့ ဇီးသောင်ရွာကို ရောက်ရှိပါတယ်။ ဇီးသောင်ရွာဟာ မဲဇာမြစ် ဘယ်ဘက်ကမ်းမှာ ရှိပါတယ်။ ဇီးသောင်ရွာ ဘုန်းကြီးကျောင်းမှာ ပါပါတို့ တည်းခိုပါတယ်။ ရပ်ရွာလူကြီးတွေ သတင်းမေး လာကြပါတယ်။ ဗိန္ဓောဆရာတယောက်က ဗိုလ်လှဖေကို လာရောက် ကုသပေးပါတယ်။ ဗိုလ်လှဖေဟာ ဇီးသောင်အရောက်မှာ နည်းနည်း သက်သာလာပုံ ရပြီး ဗိန္ဓောဆရာရဲ့ ကုသချက်ကြောင့်၊ ညနေဘက်မှာ တော်တော်ကလေး နေကောင်းလာပါတယ်။
ညဘက်တွင် ဖီးသောင်ရွာမှ စုံဆင်းရာ နံနက်မလင်းမီ ဧရာဝတီမြစ်နဲ့ မဲဇာမြစ်ဆုံရာ ညောင်ပင်သာသို့ ရောက်ရှိပါတယ်။ ဖီးသောင်ရွာမှာ ရပ်နားစဉ် ပါပါတို့ မြစ်ကြီးနားသို့ သွားရန် ခရီးလမ်းစဉ်အတွက် အဖော် သုံးယောက်သား တိုင်ပင်ကြပါတယ်။ ဤကဲ့သို့ တိုင်ပင်ရာတွင် ပါပါ ကသာမြို့မှ မြတော တောရသို့ ပြောင်းရွှေ့သွားသော အရာရှိများအနက် သစ်တောဝန်ထောက် ဦးစောအောင်ခင်လှကို ပါပါသိရှိတဲ့အကြောင်း၊ သူ့ဆီသွားပြီး ကသာ မြစ်ကြီးနား တောလမ်းအကြောင်း စုံစမ်းရန် သိရှိနိုင်တဲ့အကြောင်း ပြောပြတော့ ဦးစောအောင်ခင်လှဆီသွားရန် အားလုံး သဘောတူကြပါတယ်။
ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရဦးမှာ ဖြစ်တော့ ညောင်ပင်သာမှာ လူစုခွဲပြီး ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းဟာ မြတောင် တောရသို့ သွားပြီး လေထီးဦးအုန်းအောင်က ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရန် ဖြစ်တယ်။ ၎င်းနောက် ဦးစောအောင်ခင်လှနဲ့ တွေ့ဆုံ မေးမြန်းပြီးသောအခါ ပါပါတို့ တကောင်း စုံဆင်းလာမှာဖြစ်တဲ့အတွက် လေထီး ဦးအုန်းမောင်က ပါပါတို့ကို တကောင်းမှာပဲ စောင့်ရမှာ ဖြစ်ပါတယ်။
ညောင်ပင်သာရွာမှာရောက်ပြီး နံနက်လင်းသောအခါ ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းတို့ မြောက်ဘက်အရပ် မြတောင် တောရသို့ သွားကြပါတယ်။ လေထီးဦးအုန်းမောင်က ဗိုလ်လှဖေကို ညကျမှ တကောင်းသို့ စုန်ဆင်းပြီး လိုက်ပို့ရမှာ ဖြစ်တဲ့အတွက် ညောင်ပင်သာမှာပဲ ကျန်ရစ်ခဲ့ပါတယ်။
Posted by (လင်္ကာဒီပ) at 1:05 PM 0 comments
Labels: history
ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားပြန် စက်လှေတစီး သောင်ရင်းမြစ်ထဲ နစ်မြုပ်
သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
ယနေ့ (၃၁-၁-၀၉) နေ့လည် ၁ နာရီဝန်းကျင်ခန့်က ရေစီးကြမ်းသော သောင်ရင်းမြစ်ထဲတွင် နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားမှ ပြန်လာကြသည့် ခရီးသည် (၂၀) ခန့် စီးနင်းလိုက်ပါလာသော စက်လှေတစီး နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်လှေတစီးလုံး နစ်မြုပ်ခဲ့သော်လည်း စက်လှေ ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အခမ်းအနားတက်ရောက်သူများအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
နစ်မြုပ်ခဲ့သည့် စက်လှေတွင်စီးနင်းလိုက်ပါလာသည့် အမည်မဖော်လိုသူ အခမ်းအနားတက်ရောက်သူတဦးက “လူတွေက ပြန်ချင်ဇောကြီးပြီး စက်လှေပေါ် တိုးကြိတ်တက်ကြတယ်။ စက်လှေက သေး၊ လူကများပြီး ရေဆန် ဆိုတော့ လှေကလူးနေရော။ အဲဒီမှာ တချို့က ကြောက်လန့်ပြီး မတ်တပ်ထရပ်ကြတာမှာ စက်လှေက မြုပ် သွားတာပါ။ တော်သေးတယ်။ မြုပ်တဲ့နေရာက ကမ်းနဲ့နီးပြီး ရေအနက်က ရင်ညွန့်လောက်ပဲ ရှိပေလို့။ နို့မို့ဆို အကုန်သေနိုင်တယ်။ စက်လှေပေါ်မှာ ကလေးငယ်တွေ တယောက်မှ မပါတာလည်း ကံကောင်းတယ်။ အခု တော့ တကိုယ်လုံး ရေတွေစိုရွှဲပြီး ပါလာတဲ့ ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေ၊ တခြားအီလက်ထရွန်းနစ်ပစ္စည်း တွေ သုံးလို့မရ ပျက်စီးကုန်တာပေါ့။ ဒါပေမယ့် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပါ။ မွန်မြတ်တဲ့ အခမ်းအ နားတခုကို တက်ရောက်ပြီး ပြန်လာကြတဲ့သူတွေမို့လို့ ဘုရားသခင်က ကယ်လိုက်တယ်လို့ပဲ ကျနော်ကတော့ ယူဆမိပါတယ်” ဟု ရှင်းပြသည်။
နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးအောင်ထူးနှင့် ဇနီး၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး မန်းစိန်ဟန်တို့လည်း စီးနင်းလိုက်ပါခဲ့ကြပြီး အသက် ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ နှစ် (၆၀) ပြည့် ကရင့်အမျိုးသားတော်လှန်ရေးအခမ်းအနားသို့ ပြည်တွင်းပြည်ပမှ လာရောက်သူ စုစုပေါင်း ၇၀၀၀ ကျော် တခဲနက်တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သတင်း ရရှိသည်။
Posted by (လင်္ကာဒီပ) at 4:35 AM 0 comments
Labels: news
မိမိကိုယ်ကို အစပြုပါ
မျိုးချစ်ကရင်ဘလော့မှကူးယူတင်ပြခြင်းဖြစ်သည်။
မင်းဘာလူမျိုးလဲ.
ကျွန်တော်ကရင်လူမျိုးပါ.
စကောလား ပိုးလား.
ကျွန်တော် ပိုးကရင်ပါ။
ဒါဆို မင်းပိုးကရင်စကားတတ်မှာပေါ့၊ ရေးကော ရေးတတ်လား။
ထိုမေးခွန်းအတွက်တော့ သွက်လက်စွာ အဖြေပေးဖို့ ကျွန်ုတော့်မှာ အဆင်သင့်မရှိ။
ဒါကြောင့် -ဟင့်အင်း၊ စကားတော့ နဲနဲပြောတတ်တယ်၊ စာကျတော့ အရေးရော အဖတ်ရော မရဘူး-လို့ အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။
တုံ့ဆိုင်း လေးတွဲ့နေတဲ့ ကျွန်တော့်အဖြေအဆုံးမှာ အထင်သေးနေသော မျက်ဝန်းများစွာကို သိမ်ငယ်စွာ ရင်ဆိုင်လိုက်ရသည်။
-မင်းကွာ ကရင်တစ်ယောက်ဖြစ်ပြီး စာလဲမတတ် စကားလဲမတတ်ဆိုတော့ ကရင် အ ပဲကွ ဟားဟား။
နောက်ပြောင်လိုသောစကားလား ချိုးဖဲ့လိုက်သောစကားလား ကျွန်တော်မခွဲခြားနိုင်ခဲ့။
ပိုးကရင်လူမျိုးအများစု ရှိနေသော ဤလုပ်ငန်းခွင်မှာ ပိုးကရင်စာမတတ်သူ ပိုးကရင်စကား မတတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ အထင်သေးသော အကြည့်များ ရှုံ့ချလိုသော စကားသံများကို ခံပြင်းခြင်း၊ ၀မ်းနည်းခြင်းများစွာဖြင့် ခံစားလိုက်ရ၏၊ အလုပ်စတင် ၀င်ရောက်တဲ့နေ့မှာပဲ် လူတောမတိုးဝံ့သော ခံစားမှုကို အားငယ်စွာ ခံစားလိုက်ရ၏၊
ရင်မှာ နာကျင်နေသော်လည်း ပြန်လည်ချေပ ပြောဆိုနိုင်ဖို့ စကားများက ကျွန်တော့်မှာမရှိ။
-သူ့ကိုယ်သူ ကရင်တဲ့ကွာ ဟားဟား-
မလှမ်းမကမ်းဆီမှာ ခနဲ့တဲ့တဲ့စကားသံနှင့်အတူ လှောင်ပြောင်ရယ်မောလိုက်သော အသံများက နားစည်အတွင်းသို့ တိုးဝင်လာသည်။ ထောင်းခနဲထွက်လာသော ဒေါသကို အချိနိမှီ မတားဆီးနိုင်ခဲ့။
-ဒီမှာ မင်းတို့က ကိုယ့်လူမျိုးအချင်းချင်း အားနည်းချက်တွေကို ကူညီပေးရမဲ့အစား လှောင်စရာပြောင်စရာလို့ သတ်မှတ်နေကြတယ်၊ ဒါကြောင့်ပဲ ပိုးကရင်ဆိုတဲ့ လူမျိုးစုက တစ်ခြားလူမျိုးစုတွေရဲ့နောက်မှာ တစ်ဖြည်းဖြည်း နောက်ကျကျန်ရစ်ခဲ့ရတာကွ….၊ မင်းတို့လို လူမျိုးတွေကြောင့် ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်သွေးစည်းမှုတွေ မရှိတော့တာ၊ အေး မင်းတို့ကြည့်ထား မင်းတို့လှောင်ပြောင်ခဲ့တဲ့ကောင်က တစ်နေ့မင်းတို့အပေါ်မှာ အစစအရာရာ သာစေရမယ်…၊
ဒေါသသွေးတို့ ဆူပွက်စွာဖြင့် စိတ်ရှိရှိ ပြန်ပြောပစ်လိုက်သည်။ အနီးရှိထိုင်ခုံကို အားရှိပါးရှိ ဆောင့်ကန်ပြီး နေရာမှ နားနေဆောင်သို့ ထွက်လာခဲ့သည်။ ထိုနေ့ တစ်နေ့လုံး အလုပ်ခွင်သို့ မရောက်တော့။
နောက်တစ်နေ့
မနေ့က အရှိန်မပြယ်သေးတာကြောင့် အလုပ်ခွင်ကို ၀င်လာသော ကျွန်တော့်မျက်နှာက မှုန်တေတေနှင့် တင်းမာနေသည်၊ လူအသစ်ဖြစ်နေရတာကတစ်ကြောင်း၊ စကားများထား သောအဖြစ်ကတစ်ကြောင်းမို့ ဘာလုပ်ပြီးဘာကိုင်ရမည်မသိ။ ယောင်လည်လည်ဖြင့် အခန်း ထောင့်တွင် တစ်ယောက်တည်းရပ်နေမိသည်။
-ထောင်ဖန်း .. ဟိုနေ့ကအလုပ်ဝင်လာတဲ့ အသစ်တစ်ယောက်ကို ၀က်ဆီနွှာတာ သွားပြ လိုက်.၊
ဟုတ်ကဲ့ ဆရာမ၊
စားဖိုတာဝန်ခံ ဆရာမ၏စကားအဆုံး ထောင်ဖန်းဆိုသူက ကျွန်တော့်ကို လက်ယပ်ပြီး လှမ်း ခေါ်သည်၊
-ကဲ ဟိုနောက်ဖေး စင်ပေါ်က ဓားမတစ်ချောင်းယူပြီး ငါနဲ့လိုက်ခဲ့-၊
ထောင်ဖန်း ဆိုသူက မျက်နှာချိုပြီး ဆက်ဆံရအဆင်ပြေမယ့် လူတစ်ယောက်ဟု အကဲခပ်မိ သည်။
လာ ညီလေး
သူ့အမူအရာ သူ့စကားသံကို ကြည့်ပြီး ထောင်ဖန်းဆိုတဲ့သူဟာ ယဉ်ကျေးချိုသာပြီး ဆက်ဆံရေးကောင်းမယ့်လူတစ်ယောက်လို့ ကျွန်တော်အကဲခတ်လိုက်သည်။
ဒီဆိုင်မှာ အလုပ်စ၀င်တဲ့သူမှန်သမျှ ၀က်ဆီနွှာ ပေါင်းအိုးဆေးတဲ့ အလုပ်ကို တစ်လလောက် ဦးစွာ လုပ်ရတယ်၊ ဒါကတော့ ထုံးစံပဲ၊
ဟုတ်ကဲ့
ဒါနဲ့ မနေ့က ငါ့ညီနဲ့ အိုင်းဘွားတို့အုပ်စု စကားများကြတယ်ဆို ဟုတ်လား
ဟုတ်တယ် အစ်ကို
မနေ့က အစ်ကိုနားရက်ဆိုတော့ မသိလိုက်ဘူး၊ ဘယ်လိုဖြစ်ကြတာလဲ
သူ့အမေးကြောင့် မနေ့က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်၊
သူတို့က ဒီလိုပါပဲ၊ စိတ်ထဲမှာ မထားနဲ့ အားလုံးက ရိုးသားကြပါတယ်၊ တောက တက်လာကြ တဲ့သူတွေဆိုတော့ စကားအပြောအဆိုမတတ်သေးလို့ပါ၊ နောက်တော့ အဆင်ပြေသွားပါလိမ့်မယ်၊ ၀က်အဆီပေါ်ရှိ အခေါက်ကို နွှာပြရင်း သူက ပြောသည်။
ပြီးတော့ သူက ထပ်ပြောသည်-
-ကရင်တစ်ယောက်ဖြစ်ပြီး စကားလဲမတတ် စာလည်းမတတ်ဆိုတာကတော့ မကောင်းဘူး ငါ့ညီရဲ့၊ တစ်ခုမဟုတ် တစ်ခု ဒါမှမဟုတ် နှစ်ခုစလုံးတတ်တာ ပိုကောင်းတာပေါ့၊ လေ့လာဖို့မမေ့ပါနဲ့ ကိုယ့်လူမျိုးရဲ့ စကားနဲ့စာပေဆိုတာ ကိုယ်တိုင်ထိန်းသိမ်းမှ ကျန်မှာကွ၊
ကဲ ပြတဲ့အတိုင်း ဖြေးဖြေးဆက်လုပ်လိုက်ပါ၊ အစ်ကိုသွားလိုက်အုံးမယ် ဆိုပြီး ထွက်သွားသည်။
ဟုတ်ကဲ့ ကျေးဇူးပါပဲ အစ်ကို
ကိုယ့်လူမျိုးရဲ့ စာပေနဲ့စကားဆိုတာ ကိုယ်ကထိန်းသိမ်းမှ ကျန်မှာကွ ဆိုတဲ့ စကားသံက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပြီး ကျန်ရစ်တော့သည်၊
ကျွန်တော်တို့အိမ်မှာ မောင်နှမတွေဆုံလို့ မြန်မာစကားပြောတဲ့အခါ အဖေက အမြဲသတိပေးဆူတတ်သည်၊ တစ်ခါတစ်လေ စကားကောင်းနေတုန်းမှာ -ဟေ့ကလေးတွေ ကရင်စကားပြော လို့ အဖေကလှမ်းအော်လိုက်ရင် ကျွန်တော်တို့က အဖေ့ကို စိတ်ဆိုးတတ်သေးသည်၊ အဖေက အမြဲပြောတယ် မြန်မာစကားဆိုတာ နိုင်ငံသုံးစကားဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြောလို့ရတယ်တဲ့၊ အိမ်မှာလူဆုံတုန်း ကရင်စကား ကို အမြဲတိုင်းပြောပေးမှ ကိုယ့်ရဲ့မိခင်စကားကို မမေ့မှာပေါ့၊
ကျွန်တော်တို့လည်း လူငယ်တွေ ဆိုတော့ နားမ၀င်ခဲ့ဘူးလေ၊ အခုမှ ကိုယ့်လူမျိုးကြားထဲရောက်ပြီး ကိုယ့်ဘာသာစကားကို မပြောနိုင် မရေးနိုင်တာ အတော်ရှက်မိတယ်။
ကျွန်တော့်စကားကို နားထောင်ရင်း ကိုထောင်ဖန်းက ခေါင်းတစ်ညိတ်ညိတ်နဲ့ ပြုံးပြီး-
ဟုတ်တယ်ငါ့ညီ ဒါတကယ်ရှက်စရာပါ၊ ကိုယ့်မိခင်ဘာသာစကားနဲ့ စာပေကို မတတ်တာ ရှက်စရာအကောင်းဆုံးပဲကွ၊ အခု သဘောပေါက်သွားပြီးဆိုတော့ ပြန်ပြီး ကြိုးစားသင်ယူပေါ့ကွာ လို့ ကျွန်တော့်ကို ပြောပါတယ်၊
ဟုတ်ကဲ့ ကျွန်တော်ပြန်ကြိုးစားလေ့လာပါ့မယ်၊
မသိတာရှိရင် အစ်ကို့ကိုမေးပေါ့ ဟုတ်လား၊ စကားပြောတာကတော့ အလုပ်ထဲမှာလဲ သူများပြောတာကို အသေချာလိုက်မှတ်ရင် တစ်ဖြေးဖြေးနဲ့ ငါ့ညီ ပြောတတ်သွားမှာပါ၊
ဟုတ်ကဲ့ အစ်ကို၊
ကျွန်တော့်ကိုကြည့်ပြီး ကိုထောင်ဖန်း တစ်ယောက် ကျေနပ်စွာ ပြုံပြပြီး ကျွန်တော့်ဖခုံးကို တင်းကြပ်စွာ ဖက်လိုက်သည်။
ငါတို့ စကား ငါတို့စာပေကို ငါတို့ ထိန်းသိမ်းမှ ငါတို့ယဉ်ကျေးမှု ငါတို့လူမျိုး တည်မြဲမှာကွ၊
သူ၏ ထက်သန်စွာ ပြောလိုက်သော စကားသည် ကျွန်တော့်နှလုံးအိမ်မှာ ခိုင်မာစွာ နေရာယူလျှက်။
…………………………….
-စန်းသိမ်ထောင်… နင်အရက်တွေ သောက်တတ်နေပြီဆို
-ဟ ယောက်ျားပဲ အရက်သောက်တတ်တာ ဘာဆန်းလဲ
-လူကိုဖျက် အရက်တဲ့ နင်လဲ ကြားဖူးတာပဲ အကျင့်မလုပ်စမ်းပါနဲ့
-ဟာကွာ.. အလုပ်အားရက်မှာ လာမြည်းမိပါတယ် ဆူဖို့မောင်းဖို့ပဲ သိတယ်၊ နင်လဲ ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကို ပြင်စမ်းပါ၊
-ငါက ကောင်းစေချင်လို့ ပြောတာဟဲ့
အလုပ်အားရက်တစ်ရက်မှာ အရက်သောက်မိလို့ ကျွန်တော်တို့ ချစ်သူနှစ်ဦးစကားများကြသည်၊ ဖြူဖြူက အဲမှာတွင် မရပ်သေး
-နင်တို့လို ပေါပျက်ပျက်ယောက်ျားတွေကြောင့် ကရင်မတွေက ကိုယ့်ကရင်ယောက်ျားတွေကို အားမကိုးရဲတာ၊ တစ်ချို့ အရွယ်က မရောက်ချင်သေးဘူး၊ အရက်ကလေးတမြမြနဲ့၊
-ဟေ့ ဟေ့ မဆိုင်တာတွေ လျှောက်မပြောနဲ့ ကိုယ့်ဘာသာကို တစ်ခြားတွေကို ကြိုက်ချင်တိုင်း ငါတို့ယောက်ျားတွေကို နှိမ့်ချမပြောနဲ့၊
-စမ်းသိမ်းထောင်… နင့်ကို ငါစကားနိုင်လုနေတာမဟုတ်ဘူး၊ အတည်ပြောနေတာ၊
နင်စဉ်းစားကြည့်စမ်း၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီးရွေးချယ်ဖို့ ဘယ်မှာလဲ အရည်ချင်းရှိတဲ့ ကိုယ့်အမျိုးတွေ၊ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ကျင်းထဲမှာပဲ ရောင့်ရဲနေပြီး ဘာမှ တိုးတက်ချင် စိတ်မရှိတဲ့အပြင် အရက်သမားလည်းဖြစ်ဆိုတော့ ပိုဆိုးတယ၊်
စကားလမ်းကြောင်းတွေ ဘယ်လိုကနေဘယ်လိုပြောင်းသွားတယ်မသိ၊ သူမက မျက်နှာမှာ ခံစားချက်အပြည့်နဲ့ ပြောနေသည်။
-ကဲ ထားပါတော့ ဒါပေမယ့် နင်ဝါးလုံးရှည်ကြီးနဲ့တော့ သိမ်းကျုံးပြီး မရမ်းသင့်ပါဘူး၊
-ငါက ၀ါးလုံးရှည်နဲ့ ရမ်းနေတာမဟုတ်ဘူးဟဲ့၊ ဖြစ်နေတာကိုပြောတာ၊ ငါတို့လို မိန်းမသားတွေက ကိုယ့်လူမျိုးထဲကနေ အရည်ချင်းရှိပြီး အားကိုးရမယ့် ယောက်ျားတွေ ရှာဖို့ မလွယ်တော့ဘူး ဒါကိုပဲ နင်ကများ ငါ့ကို ကိုယ့်ကြိုက်ချင်တိုင်း အကြောင်းရှာလျှောက်ပြောတယ်လို့ ပြောချင်သေးတယ်၊
မထင်မှတ်တဲ့ ကျွန်တော့်စကားတစ်ခွန်းက သူမရင်ကို ထိုမျှအထိ ထိခိုက်သွာမယ်ဆိုတာ မထင်မိခဲ့ပါ၊ အခုတော့ ထိုစကားအတွက် နောင်တရပြီး သူမခံစားချက်ကို ကျွန်တော်သဘောပေါက် ကိုယ်ချင်းစာမိသွားသည်၊
-နင် ဘယ်သူ့ကိုမှ မကြည့်နဲ့ ငါ့အဖေကိုပဲကြည့်၊ သူအရက်မသောက်တတ်ခင်တုန်းက ငါတို့ မိသားစု ဘယ်လောက်သာယာခဲ့သလဲ၊ အခု နင့်အမြင်ပဲလေ၊ တစ်ချိန်လုံး အရက်ကိုပဲ ဖက်တွယ်နေတာ၊ မိသားစု အပေါ် ဘယ်နှစ်ခါများ ပြန်ပြီး ဂရုစိုက်နိုင်လို့လဲ၊ နင်လဲ ဒီလိုပုံပဲဖြစ်လာပြီး ရှေ့လျှောက် နင့်ကို အားကိုးဖို့ ငါဘယ်လို စဉ်းစားရမလဲ၊
နောက်ဆုံး စကားတစ်လုံးကတော့ ကျွန်တော့်ရင်ကို ဖောက်ထုတ်မတတ် နာကျင်စွာ ခံစားလိုက်ရသည်။
-တောင်းပန်ပါတယ် ဖြူရယ်၊ ငါနင့်ကို တောင်းပန်ပါတယ်၊ တစ်ချိန်မှာ နင်အားကိုးရမယ့် အိမ်ထောင်ဦးစီး ယောက်ျားကောင်းတစ်ယောက်ဖြစ်စေရမယ်လို့ ငါနင့်ကို ခိုင်ခိုင်မာမာကတိ ပေးပါတယ်၊ နင်ယုံကြည်လိုက်ပါနော်၊
သူမလက်ဖ၀ါးနုနုကိုဆုပ်ကိုင်ပြီး ကျွန်တော်ခိုင်မာစွာ ကတိစကားပေးလိုက်တော့ ၀မ်းသာကြည်နူးစွာ ၀င်လက်သွားသော ချစ်သူမျက်နှာကို ငုံ့ကြည့်ပြီး
-နင့်ကို ငါယုံကြည်ပါရစေ စမ်းသိမ်းထောင်ရယ်-
ပခုံးထက်မှီခိုရင်း ဖြူဖြူက ဆို့နင့်စွာ ပြောရှာသည်။
-အခုကစပြီးယုံကြည်လိုက်ပါ၊ တစ်သက်လုံးစာအတွက် ယုံကြည်လိုက်ပါ ဖြူဖြူ၊
ကျွန်တော်လည်း အလေးအနက် ပြန်စဉ်းစားလိုက်တော့ မိမိလူမျိုး၏ စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို မြတ်နိုးချစ်ခင်သော ကိုထောင်ဖန်း၊ မိမိလူမျိုးကို တိုးတက်မြင့်မားစေချင် သော ကျွန်တော့်ချစ်သူ၊
မိမိလူမျိး ယဉ်ကျေးမှုနဲ့ စာပေကို မသိခဲ့သောကျွန်တော်၊ မိမိလူမျိုးက မိမိကို အားကိုးချင်စိတ် ရှိအောင် မစွမ်းဆောင်နိုင်သေးသည့်ကျွန်တော်၊
မိမိချစ်သူက မိမိကို အားကိုးချင်သလို အခြားသော ကရင်အမျိုးသမီးများသည်လည်း မိမိလူမျိုးချင်းကို အားကိုးချင်စိတ်ရှိမည်မှာမလွဲ…
အခြားကရင်အမျိုးသားများသည်လည်း သူမက မိမိအပေါ် ပြောခဲ့သလို အမှန်တကယ်ပင် အားကိုးချင်စရာမရှိလောက်အောင် မိမိလူမျိုး ယောက်ျားလေးများ အရည်ချင်းနိမ့်ပါးကုန်ပြီလော..စသည် စသည်
မေးခွန်းပေါင်းများစွာက ရင်ထဲ ပြည့်သိပ်လာသည်။
ကျွန်တော်ဘာလုပ်ရမလဲ…
ကျွန်တော့်လူမျိုး
ကျွန်တော့်စာပေ
ကျွန်တော့်ယဉ်ကျေးမှု
ကျွန်တော့်ချစ်သူအတွက်..
ဦးဆုံး သူများတကာကို မပြောခင် မတိုက်တွန်းခင် ကျွန်တော့်ကိုယ်ကျွန်တော် ပြင်ဆင်ရအုံးမည်၊
ထို့နောက်မှ ကျွန်တော့်လူမျိုးများကို တိုက်တွန်းရမည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချပြီး ….
ကျွန်တော့်အိပ်ရာခေါင်းရင်းမှာ စာတစ်ကြောင်း ရေးသားလိုက်သည်၊
မိမိကိုယ်ကို အစပြုပါ-ဟူ၍…။
ရေးသားသူ- သီအိုရို
မှတ်ချက်= အသုံးနှုန်းအထားသို အနည်းငယ်ပြင်ဆင်ထားရုံကလွဲပြီး ရေးသားသူ၏ဇာတ်လမ်းအတိုင်းဖြစ်သည်။
မူရင်း. ၂၀၀၆ခုနှစ်ထုတ်ဝေသော ပိုးကရင်မဂ္ဂဇင်း။
Posted by (လင်္ကာဒီပ) at 12:52 AM 0 comments
Labels: article
ကရင့်တော်လှန်ရေးဂုဏ်ပြုကဗျာ(၂)ပုဒ်
Friday, January 30, 2009ဇန္န၀ါရီ ၃၁၊၂၀၀၉
စောကျော်ခွိ
အဝေးရောက် ကဗျာသည် စအိုင်ခန့်  ၏ကရင့်တော်လှန်ရေးနှစ်(၆၀)ဂုဏ်ပြုကဗျာဖြစ်သည်။
ကဗျာပေးပို့ သူ စသန်းမြင့်အားကျေးဇူးတင်ရှိပါသည်။
Posted by (လင်္ကာဒီပ) at 1:14 PM 0 comments
Labels: poem
DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်ဦး လောင်းကစားဝိုင်း ဖွင့်နေ
Fri 30 Jan 2009, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
DKBA မှ လုံခြုံရေးတာဝန်ယူပြီး သံဖြူဇရပ်မြို့နှင့် ကျုံကြုပ်ကျေးရွာကြားရှိ ရာဘာခြံတွင် ကစားဝိုင်းများ ဖွင့်နေသည်ဟု ကျုံကြုပ်ရွာသားတစ်ဦးထံမှသိရသည်။
DKBA တပ်ရင်း (999) အသင်းမှ လုံခြုံရေးတာဝန်ယူပေးပြီး သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေး ရပ်ကွက် နေ ဦးဟုတ်ရှိန် ၊ မောင်အကျုပ် နှင့် DKBA (999) အဖွဲ့ဝင်များ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင် ဝိုင်းများကို ဦးဆောင်ပြီး သံဖြူဇရပ်မြို့နှင့် ကျုံကြုပ်ကျေးရွာကြားရှိ ရာဘာခြံတစ်ခြံတွင် ကစား ဝိုင်းများဖြင့် စီးပွားရေးလုပ်စားနေကြောင်း အနီးနားမှ ရွာသားတစ်ဦးက ဆိုသည်။
“အနီထောင်ဝိုင်းက မနက် ၁၀ နာရီကနေ ညနေ ၄း၃၀ အထိရှိတယ်၊ အနီထောင် တစ်ဝိုင်းက တစ်နေ့ ၂၅၀၀၀ ကျပ် အခွန်ဆောင်ရပြီး ငွေတစ်သိန်းဆိုရင် အကောက်ခွန်အတွက် တစ် သောင်းကျပ်ကို DKBA အဖွဲ့ကိုပေးရတယ် ’’ ဟု လောင်းကစားသမားတစ်ဦးက ပြောသည်။
အနီထောင်ကစားသော လူအများစုမှာ လူကြီးပိုင်း ၈၀ ရာခိုင်နှုန်း လောက်ရှိပြီး ၂၀ ရာခိုင်နှုန်း လောက်မှာ လူငယ်များဖြစ်ပြီး ကစားသောလူများဖြင့် နေ့တိုင်းပြည့်နှက်နေသည်ဟု ၄င်းရွာသားက ဆက်ပြောသည်။
“ကြက်ဝိုင်းက ညနေ့စောင်း (၁) နာ၇ီကနေ ညနေ ၄ နာရီခွဲအထိ ရှိတယ၊် တချို့နေ့တွေဆိုရင် ကြက်ဝိုင်းက (၃) ဝိုင်း ( ၄ ) ၀ိုင်းအထိရှိတတ်ပြီး နည်းတဲ့နေ့တွေဆိုရင် (၁) ၀ိုင်းလောက်က တော့ နေ့တိုင်းရှိတယ်’’ ဟု ကြက်ဝိုင်းကစားသမားတစ်ဦးက ပြောသည်။
DKBA အဖွဲ့မှ ၄င်းကစားဝိုင်းအတွက် ခွင့်ပြုချက်ကို နေပြည်တော်ကနေ တိုက်ရိုက်ရရှိထားခြင်း အကောက်အခွန်အတွက် သံဖြုဇရပ်မြို့နယ်မှ ရဲစခန်းမှူးကို တစ်လဆိုရင် ငါးသောင်းကျပ် ပေးထားခြင်းကြောင့် သံဖြူဇရပ်မြို့မှ နယ်ထိန်း နှင့်ရဲများ လာရောက်စစ်ဆေးခြင်း အလွန်နည်းသည့်အတွက် ကစားဝိုင်းတွင် လောင်းကစားသမားများဖြင့် ပြည့်နေသည်ဟု DKBA တပ်ရင်း ၉၉၉ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ ကရင်နှစ်သစ်ကူးရန်ပုံငွေအတွက် ဒီကစားဝိုင်းတွေကို ဖွင့်တယ်၊ ဒီနှစ် မိုးကျချိန်ထိ ဖွင့်သွား မယ်” ဟု လည်းကောင်း DKBA (999) နီးစပ်သူတစ်ဦးကလည်း “ တစ်နေ့ ကောက်ခံရရှိငွေ မှာ သုံးသိန်း လေးသိန်း အထိ ၀င်နေတယ်’’ ဟုဆက်ပြောသည်။
ကစားဝိုင်းများလာခြင်းကြောင့် ရွာအတွင်းရှိ သူခိုးများပေါလာခြင်း၊ ဆိုင်ကယ်လုခြင်း၊ အနီး အနားရှိကျေးရွာများမှ လူငယ်များပျက်စီးလာခြင်းစသည့် ဆိုးကျိုးများ များပြားလာ သော်လည်း ကစားဝိုင်းတွင် DKBA တပ်ရင်း (999) စစ်သားများ လုံခြုံရေးယူထားခြင်းကြောင့် ရန်ပွဲများဖြစ်ပွားခြင်းမရှိဟု ရွာသားတစ်ဦးကဆိုသည်။
“ဆိုင်ကယ်ပေါင်ဖို့အတွက် အဲဒီကစားဝိုင်အနီးအနားမှာ ပွဲစားတွေအဆင်သင့်စောင့်နေတယ်၊ (၁၀) သိန်းတန်ဆိုရင် (၆) သိန်းပဲရတယ်၊ တကယ်လို့ တစ်လပြည့်လို့သွားမရွေးဘူးဆိုရင် အဲဒီဆိုင်ကယ်အဆုံးခံရမယ်” ဟု သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်မှ လူငယ်တစ်ဦးက ဆိုသည်။
ဒါ့အပြင် ကြာကန်ဘောလုံးကွင်းတွင်လည်း တစ်နှစ်တစ်ကြိမ် ရပ်ကွက်ဖွံ့ဖြိုးရေးရန်ပုံငွေ အတွက် ပွဲသွင်းရာတွင်လည်း ကစားဝိုင်းများဖွင့်ပြီး မယက၊ ရယက တို့မှ အကောက်အခွန် များကို ကောက်ခံလေ့ရှိသည်ဟု အောင်သုခရပ်ကွက်မှ လူငယ်တစ်ဦးကဆိုသည်။
၎င်းတို့တွင်သာမက အောင်ဇေယျ ကျောက်မောင်းရပ်ကွက်တွင်းရှိ လမ်းများတွင်လည်း ရပ်ကွက်ဖွံဖြိုးရေးအတွက် ကစားဝိုင်းများကို ရယက ဦးဆောင်ပြီး သုံးနေ့သုံးည ဆက်တိုက် ဖွင့်လေ့ရှိသည်ဟု ထိုလူငယ်က ဆက်ပြောသည်။
Posted by (လင်္ကာဒီပ) at 12:55 PM 0 comments
Labels: news
အနှစ်(၆၀)တော်လှန်ရေးခရီး
ဇန္န၀ါရီ ၃၁၊၂၀၀၉
အနှစ်(၆၀)တော်လှန်ရေးခရီး
ရဲရင့်တည်ငြိမ်
ဂုဏ်အရှိန်ဝေ
မသွေမရှောင်
ဆက်ဆက်ဆောင်ဆဲ
အမှောင်ယံခွဲ
ထောင်နံရံဖြဲ
အောင်လံမလဲ
တောင်ပံမြဲခဲ့တယ်
နှစ်ခြောက်ဆယ်ခရီး
ဖားစည်တီးချီတက်ရင်းနဲ့ ။ ။
(လင်္ကာဒီပ)
အနှစ်(၆၀)မြောက်တော်လှန်ရေးခရီးကိုဤကဗျာဖြင့်အစဉ်ထာဝရဦးညွတ်ဂုဏ်ပြုအပ်ပါသည်။
Posted by (လင်္ကာဒီပ) at 6:13 AM 0 comments
Labels: poem
နှစ်(၆၀)မြောက်ကရင့်တော်လှန်ရေးနေ့ ကို အစဉ်ဦးညွတ်ဂုဏ်ပြုလျှက်
ဇန္န၀ါရီ၃၀၊၂၀၀၉
လင်္ကာဒီပ
ကျနော်တို့ ကရင့်တော်လှန်ရေးသည် မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊လူ့ အခွင့်ရေးရရှိရေးနှင့်တိုင်းရင်းသားအားလုံး တန်းတူရည်တူရှိသည့်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးအရဖြေရှင်း၍မရနိုင်သည့်အဆုံးလက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့ကြသည်မှာ၁၉၄၉ခုနှစ်ဇန္န၀ါရီ၃၁
ရက်မှယနေ့ ၂၀၀၉ ဇန္န၀ါရီ၃၁ရက်နေ့ အထိ နှစ်(၆၀)ပြည့်မြောက်ခဲ့လေပြီ။
ကရင့်တော်လှန်ရေးနှစ်(၆၀)အတွင်းလှိုင်းကြမ်းကြီးများဒဏ်ကို ကြံ့ ကြံ့ ခံတွန်းလှန်ဖြတ်သန်းရင်းသမိုင်းမော်ကွန်းမှတ်တိုင်များကို လဲအလီလီ ရေးထိုးခဲ့ကြသည်။ အခွင့်အရေး
တန်းတူရရှိရေး၊ ကရင့်ကြမ္မာ ကရင်ဖန်တီးနိုင်ရေးတို့ အတွက် တရားသောလက်နက်ကိုင်တော်လှန်ရေး
ကို ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်တဲ့အထိဆက်လက်ဆောင်ရွက်တိုက်ပွဲဝင်နိုင်ရန်ဆန္ဒပြုလိုက်ပါသည်။
Posted by (လင်္ကာဒီပ) at 3:13 AM 0 comments
Labels: news
မတူညီတဲ့ညီညွတ်ေေ၇း
၁)
ထိုင်းနိုင်ငံအတွင်း မြန်မာနယ်စပ်နှင့် ကပ်လျက်တည်ရှိနေသာ ဒုက္ခသည်စခန်းတခု။ ထိုင်း-မြန်မာနယ်စပ်ဒုက္ခ သည် စခန်းများအထဲမှ အကြီးဆုံး ဒုက္ခသည်စခန်း။ မဲလစခန်းဟု လူသိများသည်။ ၁၉၈၄ ခုနှစ်တွင် စတင်ဖြစ် ပေါ်လာခဲ့သည်။ ယခုအခါ ဒုက္ခသည် အိမ်ခြေပေါင်း လေးသောင်းကျော်ခန့် ဒီစခန်းအတွင်းမှာ ရှိသည်။ ဒုက္ခ သည်အများစုမှာ ကရင်လူမျိုးများဖြစ်သည်။ ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏ ဖိနှိပ်မှုသတ်ဖြတ် ရက်စက် မှုများကြောင့် နေရပ်ကိုစွန့် ခွာလာရသူများ ...။
ညနေစာ စားပြီးစအချိန်ဖြစ်သည်။ ကလေးများကား ဖက်မိုးတဲ အိမ်များရှေ့ရှိ ကွက်လပ်တွင် ဆော့ကစားနေ ကြသည်။ ‘အမိုး … ဒီနေ့ဘာချက်စားလဲ’ နော်ဖောဖောက အိမ်နီးချင်းဖြစ်သူ အမိုးနော်ဝါးဝါးကို လှမ်းမေးလိုက် သည်။ ‘ဝေး … ခါတိုင်းလိုပဲ ညာဝုထိ (ငပိရေ)နဲ့ ပဲဟင်းပေါ့၊ နင်လည်း ဘာချက်စားလဲ ဖောဖော’ ငပိရည်နဲ့ တို့ စရာဟု နော်ဖောဖောက ရယ်ကျဲကျဲနှင့် ပြန်ဖြေလိုက်သည်။
လူပျိုလူရွယ်များကတော့ ဒုက္ခသည် စခန်းအတွင်းရှိ နှစ်ဘတ်တန် လက်ဖက်ရည်ဆိုင်မှာ ရောက်တတ်ရာရာ များ ပြောဆိုနေကြသည်။ လူကြီးပိုင်းတချို့ကတော့ ညနေပိုင်းသတင်းများ နားထောင်ဖို့အတွက် အိတ်ဆောင် ရေဒီယိုအသေးလေးများကို ပြင်ဆင်လျက်ရှိသည်။ မြန်မာပြည်အတွင်းမှာ ဘာတွေများထူးသလဲဆိုတာ သူတို့ သိချင်ကြသည်။ အမိမြေနှင့် ဝေးခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်လား။
ဒုက္ခသည်စခန်းကော်မတီ လူကြီးများကတော့ အစည်းအဝေးတခုအတွင်း အပြင်းအထန် ခေါင်းချင်းရိုက်လျက် ရှိသည်။ အကြောင်းကတော့ ဒုက္ခသည်စခန်းများသို့ အန်ဂျီအိုများမှ ထောက်ပံ့ပေးနေသော စားနပ်ရိက္ခာနှုန်း ထား လျှော့ချတော့မည်ဟု ကြားသိရသောကြောင့်ဖြစ်သည်။ ဒီသတင်း သေချာတာ မသေချာတာက အရေးမ ကြီး။ သူတို့အထဲတွင် သဘောထားတခုခု ချထားရန်လိုသည်ဟု ကော်မတီလူကြီးများအနေနှင့် စဉ်းစားမိသော ကြောင့်ဖြစ်သည်။ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်တခုချမှတ်လိုက်သည်။ စားနပ်ရိက္ခာ ဒိထက်လျော့ချပါက စခန်းအတွင်း မှီခိုသူဒုက္ခသည်များ အထူးသဖြင့် ကလေးသူငယ်များ ပိုမိုဒုက္ခရောက်နိုင်သောကြောင့် နိုင်ငံခြား အန်ဂျီအိုများအား စားနပ်ရိက္ခာမလျှော့ချဖို့ စခန်းတွင်းရှိ ဒုက္ခသည်အားလုံးမှ ညီညီညွတ်ညွတ် အရေးဆိုရန်ပင် ဖြစ်သည်။
(၂)
နေရာက ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဖက်ကမ်းမှ မြို့လေးတမြို့။ အတိုက်အခံအဖွဲ့အစည်းများမှ ခေါင်းဆောင် တချို့ တိုက်ခန်းတခုအတွင်း စုဝေးရောက်ရှိနေကြသည်။ အစည်းအဝေးလုပ်ကြမလို့ ထင်ပါရဲ့။ အစည်းအဝေး မဟုတ်ဘူးဆိုရင်တော့ ညနေပိုင်း ဆုံနေကြ၀ိုင်းပဲ ဖြစ်မှာပါ။ ညနေဆိုတော့လည်း ထုံးစံအတိုင်း နေညိုတော့ လေပြိုမှာပေါ့။
‘ဟေ့ … လူစုံကြပြီလား’ မေးရင်းပြောရင်းဖြင့် ကိုလေပေါတယောက် ကားသော့ကို လက်ညိုးဖြင့် လှည့်ကစား ရင်းက တိုက်ခန်းအတွင်းသို့ ၀င်လာသည်။ ‘စုံနေပြီလေ။ ခင်ဗျား နောက်ဆုံးပဲ။ အဲ … ဒါပေမယ့် ဦးဗိုက်ကလေး ကတော့ ဖောရိန်းဒိုနာ (နိုင်ငံခြားအလှူရှင်) တချို့နဲ့ ဒီညနေတွေ့ဖို့ရှိတော့ မလာဖြစ်တော့ဘူးလို့ ဖုံးဆက်တယ်’ ဒါက ကိုလိပ်ရဲ့ ပြန်ဖြေသံ။ တချိန်တည်းမှာပဲ နောက်ဖေး မီးဖိုခန်းထဲက ထွက်လာတဲ့ ကိုပြူးနဲ့ ကိုမဲလုံးကို တွေ့ လိုက်ရသည်။ သူတို့လက်ထဲမှာ အမြည်းပန်ကန်တွေ ကိုင်လျက်။ ‘ဘဲကင်နဲ့ အခေါက်ကင်ကတော့ ဆိုင်ကမှာ ထားတာ’ ကိုမဲလုံးက ပြောရင်းတန်းလန်းဖြင့် အမြည်းပန်ကန်များကို ကျွန်းစားပွဲကြီးပေါ် လှမ်းတင်လိုက်သည်။ ‘ဒီအမဲနှပ်ကျော်နဲ့ ဆိက်ကလီစာဟင်းကတော့ ခွန်ရှစ်ခြောက်ဆိုင်က’ ကိုပြူးကလည်း ပြောရင်းဖြင့် အမြည်း ပန်းကန်များကို စားပွဲပေါ် ထိုးတင်လိုက်သည်။
‘ဟင် … ခင်ဗျားတို့ဟာကလည်း အကုန်လုံးဆိုင်က မှာထားတာချည်းပါလား။ အိမ်မှာလုပ်တဲ့ အမြည်းလေးများ မပါတော့ဖူးလား’၊ ဒါက ကိုလေပေါရဲ့ အထွန့်တက်သံ။ ကိုမဲလုံးက ကိုလေပေါကို မျက်စောင်းထိုးရင်း ‘ကိုလေ ပေါရယ် ခင်ဗျားတို့ ကျနော်တို့က တနေကုန်အလုပ်များတဲ့သူတွေ၊ သိရဲ့သားနဲ့၊ ဘယ်လိုလုပ်ပြီး ဒီအမြည်းတွေ အကုန်လုံး အိမ်မှာ ချက်ပြုတ်နိုင်ပါ့မလဲ။ စားမှာသာ စား။ အဲ … အိမ်လုပ်အမြည်းကတော့ ဒီမှာ … လက်ဖက် သုပ်ချဉ်စပ်ကလေး’။
ကျွန်းစားပွဲကြီးပေါ်တွင်တင်ထားသော အမြည်းများကား မြိုင်ဆိုင်လှသည်။ ဆိုဒါ၊ ရေခဲ၊ ဖန်ခွက်များနှင့် မာဘို ရိုစီးကရက်နှစ်ဘူးကလည်း အသင့်ရောက်နေကြသည်။ ကိုပြူးက ခပ်ထေ့ထေ့လေသံဖြင့် ‘ကိုင်း … ဒီနေ့တော့ ဖြစ်သလို ဘလက်လေဘယ်နဲ့ပဲ စခန်းသွားကြစို့’။ အမည်းရောင်စက္ကူဘူးကြီးအတွင်းမှ ဂျော်နီဝါကား ဘလက် လေဘယ်ပုလင်းကြီးကို ထုတ်လိုက်သည်။ အရေးထဲမှာ ကိုလိပ်က အပြင်းမသောက်ခင် ဂျာမန်ဘီယာလေးတ လုံးလောက် အမောပြေသောက်ရရင် ကောင်းမယ်ဟု ဈေးဆစ်နေပြန်သေးသည်။ ဟုတ်ပေသကိုး။ တနေကုန် အရေးကြီးတာတွေ လုပ်နေရတော့ မောပေမပေါ့။ ထိုင်းဘီယာများက ကွာလတီ(အရည်အသွေး)မကောင်းတဲ့ အကြောင်း၊ မစွံတဲ့အကြောင်းကလည်း ကိုလိပ်ရဲ့ ပြောနေကျစကား။
ကိုလေပေါက ဖန်ခွက်အတွင်း ဘလက်လေဘယ် ငှဲ့ထည့်ရင်းဖြင့် အမြည်းပန်ကန်များကို ဝေ့ကြည့်လိုက်ခါ ‘အင်း … ဒါကြောင့် ရှေးလူကြီးများ ပြောတာကိုး။ သူကြီးမရှိတော့ ရွာဆူ အမြည်းမရှိတော့ အာပူဆိုတာ’။ ကို လေပေါ ဆိုဒါထည့်ဦးမလားဟု စားပွဲတဖက်ထိပ်မှ ကိုလိပ်က လှမ်းမေးတော့ ‘ဟင့်အင်း … အရက်ကောင်းကို ဆိုဒါတွေ ရေတွေ ရောလိုက်ရင် အရသာ ပျက်သွားတယ်။ ကျနော်ကတော့ ရေခဲလေးနဲ့ပဲ။’ ထိုအချိန်တွင် ကို ပြူးက သူ၏ လက်တော့ပ်ကွန်ပြူတာကို ဖွင့်၍ ဟိုဟိုသည်သည် လုပ်နေသည်။ ကိုမဲလုံးက အဲဒါကို ကြည့်မရ တော့သဖြင့် ‘ကိုပြူး ညနေခင်းအရသာပျက်တယ်ဗျာ။ ခင်ဗျားကွန်ပြူတာကြီး ပိတ်ထားလိုက်စမ်းပါ။’ ပြည် တွင်းက အရေးကြီးတဲ့ သတင်းများ ၀င်မ၀င် တချက်လောက် စစ်နေတာပါဟုပြောရင်း ကိုပြူးက သူ၏ ဒေါ်လာ နှစ်ထောင်တန် ဆိုနီလက်တော့ပ် ကွန်ပြူတာကို ပိတ်လိုက်သည်။
သောက်ကြစားကြရင်းဖြင့် သူတို့အားလုံး အတော်လေး အရှိန်ရနေကြရင်း မော်တော်ကားများအကြောင်း စ ကားကရောက်သွားသည်။ ကိုလိပ်က ‘ကိုပြူး … ခင်ဗျားကားက အတော်လေးဟောင်းနေပြီ။ အသစ်မလဲသေး ဖူးလား’။ ‘ကိုလိပ်ရယ် … ခင်ဗျားကတော့ အတော်အတဲ့သူပဲ။ အဲဒီ့ကားအဟောင်းက အလှူရှင်ဒိုနာတွေလာရင် မောင်းပို့ဖို့ တမင်ထားထားတာ။ ကားအသစ်က နောက်တနေရာမှာ’။ ဒါက ကိုမဲလုံးက ဖြတ်ပြောလိုက်တာ။ ကိုပြူးကတော့ ဘာမှဝင်မပြော တဟီးဟီးနဲ့သာ ရယ်နေသည်။ ‘ကျုပ်တို့များတော့ ဆိုင်ကယ်လေးကလွဲလို့ ဘာကားမှ မရှိပေါင်’ ကိုလိပ်က ထပ်၍ အကဲဆတ်လိုက်သည်။ ကိုပြူး၊ ကိုလေပေါတို့ နှစ်ယောက်စလုံးဆီက တပြိုင်တည်း အသံထွက်လာတာကတော့ ‘ဟေ့ ဟေ့ … ကိုလိပ်၊ ကိုယ့်ဘာသာကို မစီမံတတ်လို့ ဖြစ်တဲ့ကိစ္စ ကိုယ်တို့ကို ဘာညာ လာစွပ်စွဲမနေနဲ့။ ကိုလိပ်ဆိုတဲ့အတိုင်း ခင်ဗျားက နေရာတကာ နှေးတာကိုး။ ခင်ဗျားတို့ အဖွဲ့လည်း တနှစ်တနှစ် ရတာ နည်းသလားလို့။ ကိုမဲလုံးတို့ အဖွဲ့အခြေအနေက ကားတွေ ဘာတွေ ၀ယ်တယ် ဆိုရင် မကောင်းဖူးလေ။ မကောင်းပြောချင်တဲ့လူတွေက တန်းစီနေတာ၊ ဟုတ်တယ်မဟုတ်လား ကိုမဲလုံး’။ အဲ သည်တော့မှ တဟဲဟဲရယ်ရင်း ကိုလိပ် ရှက်ပြုံးပြုံး၍ ဘရိတ်အုပ်လေသည်။ ခဲတလုံးဖြင့် ငှက်နှစ်ကောင်ထိ အောင် ပစ်ချလိုက်ခြင်းဖြစ်သည်။ ကိုမဲလုံးလည်း ဘာမှမပြော ၀ီစကီခွက်ကိုင်ရင်း သွားဖြီးကြီးဖြင့်သာ ရှိတော့ သည်။ ‘ဟေ့လူတွေရာ့  ကျုပ်ကားအကြောင်း ပြောမနေနဲ့ ဘတ်ခြောက်သိန်းလောက်ပဲ တန်တာ။ ဒါတောင် အရစ်ကျစနစ်နဲ့ ၀ယ်ရတာ။ လုံးကနဲ ပေးနိုင်တာ မဟုတ်ဖူး။ ဦးဗိုက်ကလေး ကားဆို ဘတ်နှစ်သန်းလောက် တန်တာ။ ကိုင်း ... ခင်ဗျားတို့ ဘာပြောမလဲ’၊ ကိုပြူးက လက်နက်ကြီးထုတ်သုံး၍ သူ့ကိုယ်သူကာကွယ်လိုက် သည်။
နောက်ကားပိုင်ရှင်တဦးဖြစ်သည့် ကိုလေပေါကလည်း သူ့ဆီသို့ မြားဦးလှည့်မလာခင် မာဘိုရိုစီးကရက်တလိပ် ကို ကောက်၍ မီးညှိလိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ ‘ဒီ အမေရိကန်ဆိုတဲ့ကောင်တွေက ကျုပ် တို့ကို ဘာတွေများမှတ်နေသလဲ မသိဘူး။ မဖြစ်စလောက် ထောက်ပံ့ငွေလေးနဲ့ ကျုပ်တို့ကို ဟိုဟာ မအောင် မြင်လို့ သည်ဟာမအောင်မြင်လို့ဆိုပြီး ကွန်ပလိန်းတက်တယ်လေ။ ဟောကြည့် … ပြီးခဲ့တဲ့ စက်တင်ဘာရွှေဝါ ရောင်လှုပ်ရှားမှုကြီးဖြစ်တော့ ကျုပ်တို့ တင်ပြကြတယ်မဟုတ်လား။ အရေးပေါ် ရန်ပုံငွေလို ချက်ချင်းလိုနေပြီ။ အထဲက ကျုပ်တို့ လူတွေကို အမြန်ထောက်ပံ့ဖို့ လိုတယ်ဆိုတဲ့အကြောင်း။ အဲသည့်အချိန်တုန်းကသာ ဒေါ်လာ သုံးသန်းလောက် ပုံပေးလိုက်ရင် အထဲမှာ ပွဲပြတ်သွားမယ်။ ဒါပေမယ့် ခွေးမသား အမေရိကန်တွေက ဘာမှ အကြောင်းမပြန်ဖူး။ တော်တော်မိုက်ရိုင်းတဲ့ ကောင်တွေ’။
ဟုတ်တယ်။ ဟုတ်တယ်။ ကျန်တဲ့လူများအားလုံး ကိုလေပေါအဆိုကို ၀ိုင်းထောက်ခံကြသည်။ ကိုမဲလုံးက ‘ကိုယ့်အချင်းချင်းမို့ ပင်းပြောတာတော့မဟုတ်ဘူး။ ကိုလေပေါပြောတာ မှန်တယ်။ ကြည့်လေ အာဖဂန်တို့ အီ ရတ်တို့မှာ အမေရိကန်စစ်တပ်တွေ ပစ်ခဲ့တဲ့ ဒုံးပျံတွေဟာ ထောင်နဲ့ချီပြီးရှိတယ်။ ဒုံးပျံအမျိုးအစားကိုလိုက်ပြီး တလုံးကို ဒေါ်လာနှစ်သောင်းကနေ နှစ်သိန်းအထိတန်တယ်လေ။ ဒါတောင် ကျန်တဲ့စစ်စရိတ်တွေ ထည့်မပြော သေးဘူး။ ကျုပ်တို့ မြန်မာ့အရေးကြတော့ ထောက်ပံ့တယ်သာပြောတယ် ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ။’ ကုလားထိုင်မှာထိုင်ရတာ ညောင်းလို့ထင်ပါရဲ့။ စားပွဲကြီးဘေးတွင် ကပ်လျက်ရှိသော ခုံတန်းရှည်သို့ ကိုလိပ် ပြောင်းထိုင်လိုက်သည်။ သည့်နောက် တဖြည်းဖြည်းချင်း လျောင်းတော်မူကိုယ်တော်ကြီးအဖြစ် အသွင်ပြောင်း လိုက်သည်။ သို့သော် တချိန်တည်းတွင် ကိုလေပေါတို့ ကိုမဲလုံးတို့၏ အဆိုများ တင်ပြချက်များကို ထောက်ခံ ပေးနေသည်။ ‘ပြည်တွင်းလုပ်ငန်းဆိုတာကလည်း ငွေမရှိရင် ဘာမှလုပ်လို့ မရဘူးလေ။ ကျနော်တို့အထဲက ရဲ ဘော်တွေကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်တော့ အခုလိုစက်တင်ဘာကိစ္စဖြစ်တော့ တစ်ဆို့ကုန် တာပေါ့။ တချို့ရဲဘော်တွေဆို ပြေးစရာ လမ်းစရိတ်တောင်မရှိလို့ အဖမ်းခံကြရတာ၊ သိပ်သနားဖို့ကောင်း တယ်ဗျာ။’
အမဲနှပ်ကျော်တတုံးကို ကောက်ဝါးရင်း ကိုပြူးက ‘ရိုးရိုးနဲ့ရှင်းရှင်းလေးပါ။ အဓိကကတော့ ညီညွတ်ရေးပဲ။ ကျုပ်တို့အားလုံးမညီညွတ်လို့ အမေရိကန်တွေ၊ ဥရောပသားတွေဘက်က အကြောင်းပြစရာလို ဖြစ်နေတာ။ ကြုံတုန်းမို့ပြောရဦးမယ်။ ကိုလေပေါ … နောက်တခါ ခင်ဗျားရဲ့ ဦးဗိုက်ကလေးကိုလည်း သေသေချာချာ ပြော ဗျာ။ ကျုပ်တို့ဘက်ကလည်း စည်းစည်းလုံးလုံးလုပ်ချင်ပါတယ်။ ဒါပေမယ့် သူနဲ့စကားပြောရတာ တခါတခါ အ ဆင်ပြေသင့်ရဲ့သားနဲ့ မပြေဘူး။ ခင်ဗျားလူက သိပ်ပြီးတုံးတိကြီးဆန်လွန်းတယ်။ သံခင်းတမန်ခင်းနဲ့ ဒီပလိုမေ စီကိုလည်း နားလည်ဖို့လိုတယ်ဗျ’ ထိုအခါ ကိုလေပေါက ပြာပြာသလဲလက်ကာ၍ ‘အမလေ့း့  စွပ်စွပ်စွဲစွဲဗျာ။ ဦးဗိုက်ကလေးက ကျုပ်လူမဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့လည်း ဆိုင်နေတဲ့ဥစ္စာ။’
ထိုညနေ သောက်ဝိုင်းကနေ လေးယောက်သား တညီတညွတ်တည်း ချမှတ်နိုင်လိုက်တဲ့ ဆုံးဖြတ်ချက်ကတော့ မိမိအချင်းချင်းအကြား ညီညွတ်ရေးပြန်လည်တည်ဆောက်ရန် လိုသည်ဟူသော အဆိုပင်ဖြစ်တော့သည်။
(၃)
ဘန်ကောက်မြို့တနေရာတွင် ကျင်းပပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတခု။ ပီနန်ဆရာတော်ဘုရာကြီး ဦးပညာဝံသဦးဆောင်၍ သံတမန်များ၊ သတင်းမီဒီယာသမားများ၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းများ တို့မှ သိလိုသည်များကို ရှင်းလင်းပြောကြားနေသည်။ ဆရာတော်ဘုရာကြီးသည် နိုင်ငံတကာရောက် မြန်မာ့ သံဃာတော်များ အဖွဲ့အစည်း၏ ဥက္ကဌလည်း ဖြစ်သည်။
နိုင်ငံခြား သတင်းထောက်တဦးက ‘အခု စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှုကြီးအပြီး အရှင်ဘုရားတို့အနေနဲ့ နိုင်ငံတကာကို အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဘယ်လိုအကူအညီမျိုးတွေ ပေးဖို့ တောင်းဆိုထားပါသလဲဘုရား’။
ဆရာတော်ဘုရားကြီးက ဤသို့ ပြန်လည်ဖြေကြားသည်။ ‘ဒီလို စစ်အာဏာရှင်စနစ်အောက်ကနေ လွတ် မြောက်ဖို့အတွက် အဓိကအရေးကြီးတာကတော့ စိတ်ပိုင်းဆိုင်ရာအရ ကူညီတာပဲဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ စစ်စစ်မှန်မှန် ပြည့်ပြည့်စုံစုံ ကူညီတာက ပိုလို့အရေးကြီးပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူအညီ က အကန့်အသတ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်အာဏာရှင် တိုက်ဖျက်ရေးဟာ တရက်၊ တပတ်၊ တ လ၊ တနှစ်ကိစ္စမဟုတ်ပါဖူး။ ရေရှည်အသွင်ဆောင်တဲ့ ကိစ္စဖြစ်လို့ စိတ်ဓာတ်ရေးရာ အမြဲတမ်းခိုင်မာဖို့အတွက် မှန်မှန်ကန်ကန် ကူညီခြင်းကသာ ပိုလို့အရေးကြီးတယ်လို့ ဘုန်းကြီးတို့အနေနဲ့ ပြောလိုပါတယ်။
တက်ရောက်လာသော မြန်မာနိုင်ငံသားများကိုလည်း အချင်းချင်းအကြား ညီညွတ်ရေးတည်ဆောက်ကြပါရန် မိန့်ဆိုခဲ့သည်။ စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် တဖွဲ့တည်း၊ တပါတီတည်းနှင့် အစုတစု၏ ကိစ္စသဖွယ် ဆောင်ရွက်နေတာမျိုးကို တွေ့နေရခြင်းသည် လှုပ်ရှားမှုကြီး၏ အရှိန်အဟုန်ကို ထိခိုက်စေကြောင်းကိုလည်း ထောက်ပြသည်။ အားလုံးပါဝင်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်မှုရနိုင်မည်ဟုလည်း မိန့်ဆိုသည်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံး အချက်ကတော့ တိုက်ပွဲဝင်သူများ အချင်းချင်းအကြား အမှန်တကယ် ညီညွတ်ရေး တည်ဆောက်ဖို့လိုကြောင်း အကြံပေးသွားခဲ့သည်။
ရှင်းလင်းမှုရှိသော၊ ဗိုလ်မကျသော၊ တပတ်မရိုက်သော၊ အမြတ်မထုတ်သော စစ်မှန်သည့် ညီညွတ်ရေးမျိုးက တော့ အမှန်တကယ် လိုအပ်နေသည်။
Posted by (လင်္ကာဒီပ) at 2:18 AM 0 comments
Labels: article
မဲကသာတောအတွင်း ဌေးကုမ္ပဏီ သစ်ထုတ်ခွင့် အပိတ်ခံရပြီး
Thursday, January 29, 2009
Wed 28 Jan 2009, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ခရိုင်အောက်ခြေအရာရှိများနှင့် သဘောတူချက်ယူပြီး မဲကသာတော လော်ဘာချောင်းဖျား၌ သစ်ထုတ်လျှက်ရှိသော ဌေးမိသားစု ကုမ္ပဏီလီမီတက်အား သစ်ဆက်လက်လှဲဖြတ်ခြင်းမပြုရန် ဒူပလာယာခရိုင် (ကော့ကရိတ်ခရိုင်) အထက်အရာရှိများမှ တားမြစ်လိုက်ပြီ ဖြစ်သည်။
ဒူပလာယာခရိုင် အတွင်းရေးမှုး စောလစ္စတန်၏ ပြောပြချက်အရ မဲကသာတောအတွင်း ဌေးကုမ္ပဏီသစ်ထုတ်လုပ်ခြင်းကြောင့် ဒေသခံပြည်သူများ မိမိတို့၏ ဘိုးဘွားလက်ထက်မှစ၍ ထိန်းသိမ်းခဲ့သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အကြောင်းကို ခရိုင်ရုံးသို့ စာရေးသားအကြောင်းကြားခဲ့ကြောင်း၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၌ ပြုလုပ်သော မဲကသာသစ်တောအစည်းအဝေးမှ ၄င်းကိစ္စကို ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောသည်။
“ဒေသခံတွေ ပြောတာကတော့ ကျနော်တို့ ဒီတောကို ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့တယ်။ လူကြီးမင်းတို့က လူထုနဲ့ ပိုက်ဆံထုတ်ကို လဲလိုက်ပြီလား။ နောင်ဆို ကျနော်တို့ ထမင်းထုပ်ကို လူကြီးမင်းတို့ မစားကြတော့ဘူးလားလို့ ပြောတယ်” ဟု ခရိုင်အတွင်းရေးမှုးက ရှင်းပြသည်။
နို့တကောခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ လူထုကိုယ်စားလှယ်များမှ ခရိုင်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ အထက်ပါအကြောင်းကို တင်ပြခဲ့ပြီး မဲကသာသစ်တောအစည်းအဝေးမှ ယခုကဲ့သို့ သစ်ထုတ်လုပ်ခွင့် တားမြစ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မဲကသာ တားမြစ်ဘေးမဲ့ကြိုးဝိုင်းတောအတွင်း ဌေးမိသားစုကုမ္ပဏီလီမီတက်မှ သစ်ထုတ်လုပ်ခွင့်ရရှိရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ဒူပလာယာခရိုင် နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း (၁၇)၊ ခရိုင်သစ်တောရုံးအုပ်တို့နှင့် ၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်း၌ သဘောတူချက်ရရှိထားပြီး ပျဉ်းကတိုးသစ် တန် ၃၀၀၀ ထုတ်လုပ်ရန် စပေါ်ငွေ ကျပ်သိန်း (၅၀) ပေးဆောင်ထားသည်ဟု KNU အသိုင်းအဝိုင်းမှလာသော သတင်းက ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ KNU လက်အောက်ရှိ ဒူပလာယာခရိုင် သစ်တောရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းကိစ္စကို မိမိတို့ပြောကြားခွင့်မရှိကြောင်း ပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာလမှစ၍ ၄င်းကုမ္ပဏီမှ သစ်ဖြတ်စက် (၁၀) လုံးကျော်နှင့် မဲကသာကြိုးဝိုင်းတောအတွင်းရှိ သစ်များကို စတင်ဖြတ်လှဲခဲ့ပြီး ဒီဇင်ဘာလကုန်၌ သစ်တန်ချိန် (၂၅၀၀) ခန့်ကို ဖြတ်လှဲပြီးစီးပြီဖြစ်ကြောင်း ၄င်းကုမ္ပဏီမှ သစ်လုပ်သားတစ်ဦးက ပြောသည်။
KNU နှင့် နီးစပ်သောသတင်းအရ ဌေးကုမ္ပဏီသည် ဒီဇင်ဘာလကုန်မှစ၍ သစ်ဆက်လက်လှဲဖြတ်ခြင်းမပြုရန် တားမြစ်ခံရပြီး လှဲဖြတ်ပြီးသော သစ်များကို ၂၀၀၉ ခုနှစ် မေလအတွင်း မဲကသာတောမှ အပြီးပြတ် သယ်ထုတ်ရမည်ဖြစ်သည်။
KNU မှ သစ်ဆက်လက်လှဲဖြတ်ရန် တားမြစ်ခြင်းနှင့် ပတ်သက်၍ ဌေးကုမ္ပဏီ အကျိုးဆောင်ကိုယ်စားလှယ်တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းက KNU မှ တားမြစ်ခြင်းမဟုတ်ကြောင်း၊ ဌေးကုမ္ပဏီမှ သစ်လှဲဖြတ်ခြင်းလုပ်ငန်း ပြီးစီးပြီးဖြစ်၍ ရပ်နားထားခြင်းသာဖြစ်ကြောင်း၊ ဖြတ်လှဲပြီးသော သစ်များကို သယ်ထုတ်နိုင်ရန်အတွက် လုံးပမ်းနေရကြောင်း ပြောသည်။
ဌေးကုမ္ပဏီသည် ဒူပလာယာခရိုင် ဝင်းရေးမြို့နယ် (ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ) အနန်းကွင်းဒေသ၌ သစ်ထုတ်ရန်အတွက် စစ်အစိုးရ အာဏာပိုင်များထံမှ သစ်ထုတ်ခွင့် ရရှိထားပြီး ၄င်းအနန်းကွင်းဒေသ၌ သစ်ရှားပါးမှုကြောင့် KNU ထိန်းချုပ်ဒေသဖြစ်သော မဲကသာကြိုးဝိုင်းတောအတွင်းရှိ သစ်များကို ခရိုင်အောက်ခြေအရာရှိအချို့နှင့် သဘောတူချက်ယူပြီး ထုတ်လုပ်ခဲ့သည်။
၎င်းပြင် မဲကသာတောမှ သစ်များကို ပြည်တွင်းသို့ သယ်ထုတ်မည်ဆိုပါက မဲကသာ၊ ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ မုဒုံလမ်းကို အသုံးပြုနိုင်ပါလျှက် ၄င်းလမ်းကို အသုံးမပြုပဲ မဲကသာ၊ တောင်ဝိုင်း၊ အနန်းကွင်း၊ ဝင်းဖနုံရေလှောင်တမံ (အဘစ်)၊ မုဒုံလမ်းကို ကွေ့ပတ်၍ လမ်းသစ်ဖောက်လုပ်ခြင်းမှာ စစ်အစိုးရထံမှ တရားဝင်ရရှိထားသော သစ်ထုတ်လုပ်ခွင့်ကို ပြသလိုခြင်းဖြစ်သည်ဟု KNU အသိုင်းအဝိုင်းမှလာသော သတင်းကဆိုသည်။
ယခုအချိန်၌ လမ်းဖောက်လုပ်ပြီးစီးပြီဖြစ်၍ ဖေဖော်ဝါရီလဆန်းပိုင်း၌ ဖြတ်လှဲပြီးသောသစ်များကို သယ်ထုတ်ရန် ရည်ရွယ်ထားသော်လည်း ဌေးကုမ္ပဏီမှ ကားများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ လုံခြုံရေး မပေးနိုင်သောကြောင့် ရန့်တန့်ထားရကြောင်း ဌေးကုမ္ပဏီမှ သစ်များကို မဲကသာတောမှ ဝင်းဖနုံရေလှောင်တမံ (အဘစ်ကျေးရွာ) လမ်းဝသို့ အငှားတိုက်ပို့ဆောင်ပေးမည့် ကားပိုင်ရှင်တစ်ဦးက ပြောသည်။
ယခုမဲကသာ သစ်ထုတ်လုပ်ငန်း၌ ထင်ရှားသော ဌေးကုမ္ပဏီမှာ ယခုတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ယခင် ရန်ကုန်တိုင်း တိုင်းမှုး ဗိုလ်ချုပ်လှဌေးဝင်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ပူပေါင်း၍ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) အသိုင်အဝိုင်းမှ လာသော သတင်းများက ဆိုသည်။
Posted by (လင်္ကာဒီပ) at 1:37 AM 0 comments
Labels: news
ကရင်လူမျိုးရေရှည်တည်တံ့ဖို့ လွမ်ပါ့မလား
Monday, January 26, 2009Posted by (လင်္ကာဒီပ) at 2:20 PM 0 comments
Labels: article
မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း(၇)
Sunday, January 25, 2009မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၂၄၊ ၂၀၀၉
မြန်မာပြည်သို့ လာရောက်လည်ပတ်သော ထိုင်းဘုရင် နဲ့ သမ္မတမန်းဝင်းမောင်
မြင်းမွေးမြူရေးနဲ့ သားစပ်ရေးစခန်းများ သုံးနေရာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာ တနေရာ၊ မန္တလေးမှာ တနေရာနဲ့ တောင်ကြီးမှာ တနေရာဖြစ်ပါတယ်။ ရန်ကုန်စခန်းကို ဦးဘလှိုင်၊ မန္တလေး စခန်းကို ဦးကင်းနဲ့ တောင်ကြီးစခန်းကို ဦးဘပေါတို့က အုပ်ချုပ်ပါတယ်။ ရန်ကုန်စခန်းဟာ သမ္မတအိမ်တော်ဝင်း ရှမ်းလမ်းနဲ့ အလုံလမ်းထောင့်ဘက်မှာ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်မြင်းမွေးမြူရေးစခန်း အုပ်ချုပ်ရေးအရာရှိဦး ဘလှိုင်ဟာ စခန်းနားမှာ ရှိတဲ့ သစ်သားအိမ်ကြီးမှာ နေပါတယ်။ တခါတလေ ပါပါ ဦးဘလှိုင်ဆီသွားပြီး အိပ်ပါတယ်။ အဲဒီအခါ သမ္မတအိမ်တော်ဝင်းမှာ ရှိတဲ့ သစ်သားအိမ်မှာ ပါပါ အိပ်ခဲ့သော်လည်း တနေ့ကျသမ္မအိမ်တော်ကြီးထဲမှာ ပါပါအိပ်ရမယ်လို့ စိတ်မကူးခဲ့ပါ။ အိပ်မက်လည်း မမက်ခဲ့ပါ။ ဦးဘလှိုင်ဟာ အင်္ဂလိပ်လက်ထက်မှာ မြင်းပွဲမှာ အလုပ်လုပ်တဲ့အတွက် မြင်းအကြောင်း၊ မြင်းပွဲအကြောင်း တော်တော် ပြောနိုင်၊ ဆိုနိုင်ပါတယ်။ ပါပါသူနဲ့ သွားအိပ်တဲ့အခါ မြင်းအကြောင်းပဲ သူပြောပါတယ်။ ဦးဘလှိုင်ပြောပြလို့ ပါပါလည်း မြင်းအကြောင်း၊ မြင်းပွဲအကြောင်း တော်တော် နားလည်ပါတယ်။
အင်္ဂလိပ်ခေတ်မှာ ပါပါ မြင်းပွဲ မရောက်ဘူးပါ။ နောက်ပိုင်း ဝန်ကြီးဖြစ်မှ မြင်းပွဲ သွားတတ်ပါတယ်။ ရန်ကုန်မွေးမြူရေးစခန်းမှာ ရှိတဲ့ မြင်းတွေဟာ တခါတလေ နာပြီး သေတတ်ပါတယ်။ ဒီတော့ မြေမြုပ်ပစ်ရပါတယ်။ မြေမြုပ်ရတာ အလုပ်ပိုတခုဖြစ်တော့ 'စိုက်' ခေါ်တဲ့ မြင်းထိန်းတွေဟာ ဦးဘလှိုင်နဲ့ တိုင်ပင်ပြီး နာပုံ လက္ခဏာ ပြတဲ့ မြင်းတွေကို သတ်ပြီး စားကြပါတယ်။ ပါပါလည်း စားရပါတယ်။ မြင်းသား မစားရတာကြာရင် ပါပါက ဦးဘလှိုင်ကို မြင်းတွေမနာတော့ဘူးလား လို့ ရယ်စရာအဖြစ် မေးပါတယ်။
မြင်းမွေးမြူရေးဌာနခွဲမှာ ပါပါ ပြောင်းရွှေ့ အလုပ်လုပ်သော်လည်း သခင်ဗိုလ်နဲ့တော့ အဆက်အသွယ်မပြတ်ပါ။ တပတ် နှစ်ခါ၊ သုံးခါ သူနေတဲ့ စမ်းရေတွင်းလမ်းအိမ်ကို ရောက်ပါတယ်။ မြင်းသားရတဲ့ အခါလည်း သူနေတဲ့အိမ်ကို ယူသွားပြီး တပျော်တပါး ချက်စားကြတယ်။ သခင်ဗိုလ်ဟာ ညောင်းတုံးသားဖြစ်ပြီး ခေတ်ပညာတတ်တယောက် ဖြစ်ပါတယ်။ ကောလိပ်မှာ ကျောင်းနေဖူးတဲ့လူ ဖြစ်ပါတယ်။ သူ့ကိုယ်သူ 'ကွန်မြူနစ်' သာ ဆိုတယ်၊ သူ့အသိုင်းအဝိုင်းက သူ့ကို 'ဘူဇွာ'လို့ ခေါ်ပါတယ်။ 'ဘူဇွာ' ဆိုတာ လူလတ်တန်းစားလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ 'ကွန်မြူနစ်' ဆိုရင် ပစ္စည်းမဲ့ လူတန်းစား ဖြစ်ရမယ်လို့ အယူရှိကြတယ်။
မြင်းမွေးမြူရေး ဌာနခွဲမှာ ပါပါသုံးလခန့်ကြာတဲ့အခါ သခင်သန်းထွန်းဟာ လက်မြေနဲ့စိုက်ပျိုးရေးဌာန ဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနဲ့ ကုန်စည်ဖြန့်ဖြူးရေးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ရပါတယ်။ ပါပါ့ကိုလည်း သူလုပ်ကိုင်ရမယ့် ဝန်ကြီးဌာနသစ်မှာ အလုပ်လုပ်ဖို့ သခင်ဗိုလ်မှတဆင့် ခေါ်ယူလို့ မြင်းမွေးမြူရေးဌာနခွဲမှ ပို့ဆောင်ရေးနဲ့ ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနသို့ ပါပါ ရောက်သွားပါတယ်။
ပြောကြတဲ့အဖြစ်အပျက်တခုရှိပါတယ်။ တခါက ဂျပန်စစ်တပ်စု တစု ရွာတရွာကို ဝင်သွားသတဲ့။ အုန်းပင်ပေါ်မှာ သီးနေတဲ့ အုန်းသီးကို စားချင်တော့ ရွာသားတယောက်ကို တက်ခိုင်းသတဲ့၊ ရွာသားက မတက်တတ်၊ တက်တတ်နဲ့ မျက်နှာလိုမျက်နှာရ တက်ပေးသတဲ့၊ ဂျပန်အကျိုးကို ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်စစ်ဗိုလ်ထံမှ လက်မှတ် တောင်းသတဲ့။ ဂျပန်စစ်ဗိုလ်ကလည်း ထုတ်ပေးသတဲ့။ နောက် ဒီရွာကိုတခြား ဂျပန်တပ်စု ဝင်လာတော့လည်း အဲဒီရွာသားက ဂျပန်စစ်ဗိုလ်ကို သူရထားတဲ့လက်မှတ် ထုတ်ပြသတဲ့။ ဂျပန်စစ်ဗိုလ်က လက်မှတ်ကြည့်ပြီး သူ့ကို အုန်းပင် တက်ခိုင်းပြန်သတဲ့။ ဒီလိုနဲ့ ဝင်လာတဲ့ ဂျပန်တွေကို သူ လက်မှတ်ထုတ်ပြတိုင်း သူ့ကို အုန်းပင်တက်ခိုင်းတော့ သူရထားတဲ့ လက်မှတ်အကြောင်းကို သူ စုံစမ်းမေးမြန်းသတဲ့။ ဒီတော့ကျမှ သူ ရထားတဲ့ လက်မှတ်ဟာ အုန်းပင်တက်ကောင်းကြောင်း လက်မှတ်ဖြစ်တယ် ဆိုတာ သူသိရသတဲ့။ သခင်ဗိုလ်က ဂျပန်စစ်ရုံးကို ဘူးသီးငါးပေါင်းကြော် လက်မှတ် သွားယူမယ် လုပ်တော့ အုန်းပင်အတက်ကောင်းလက်မှတ် သွားယူတာလား လို့ ရုံးက သူ့ကို ဝိုင်းစကြတယ်။ ဂျပန်လက်မှတ်ရပြီး သယ့်နောက် သွားလာလို့ မော်တော်ရေယာဉ်ပါ စီစဉ်ရတယ်။ ပုဂ္ဂလိကပိုင် မော်တော်ရေယာဉ်ပဲ ဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တွံတေးတူးမြောင်းနဲ့ ဆိပ်ကြီးဝမှာ ကျောက်ချထားတဲ့ ဂျပန်သင်္ဘောတစင်း ရှိပြီး ရေယာဉ် အဝင်အထွက်များ အားလုံးကို ရှာပါတယ်။ ဝန်ကြီး သခင်သန်းထွန်း ခရီးထွက်တော့ သခင်ဗိုလ် ပါမသွားပါ။ သခင်သန်းထွန်းတို့ ပြန်ရောက်လာတော့ တွံတေးတူးမြောင်းနဲ့ ဆိတ်ကြီးဝမှာ သူတို့သင်္ဘောကို အသွားရော၊ အပြန်ပါ ဂျပန်က စေ့စေ့ငင ရှာတဲ့အကြောင်း သူ့အဖွဲ့ဝင်များက ပြောပါတယ်။ (ကွမ်းခြံကုန်းကို ဝန်ကြီးသခင်သန်းထွန်း သွားတဲ့ ကိစ္စဟာ မြေအောက် ဂျပန်တော်လှန်ရေးလုပ်တဲ့ သခင်စိုးနဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားခြင်း ဖြစ်ကြောင်း ပါပါနောက်မှ သိရပါတယ်။)
ပို့ဆောင်ရေးနဲ့ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနမှာ ပါပါရောက်လာတဲ့အချိန်မှာ ပါပါဟာ သခင်ဗိုလ်ကို အကြောင်းပြုပြီး လျှို့ဝှက် ဂျပန်တော်လှန်ရေးသမား တယောက် ဖြစ်နေပါတယ်။ 'ကရင်-ဗမာ ချစ်ကြည်ရေး' 'ဖက်ဆစ်ဆန့်ကျင်ရေး' 'ပြည်သူ့စစ်' အစရှိတဲ့ လက်နှိပ်စက် ရိုက်ထားတဲ့ စာရွက်စာတမ်းများကို ပါပါ လျှို့ဝှက်စွာ ဝေငှ ဖြန့်ဖြူး ရတယ်။ အဲဒီအချိန်မှာ အင်းလျားကန် ကြက်ကျွန်းစခန်းမှာ ကရင်အမျိုးသား ဝန်ထမ်းအရာရှိတွေ သင်တန်း တက်ရောက်နေပါတယ်။ သူတို့ထမ်းဆောင်ရမယ့် လုပ်ငန်းဟာ ကရင်ဗမာချစ်ကြည်ရေးလုပ်ငန်း ဖြစ်တယ်။ သင်တန်း တက်ရောက်တက်နေတဲ့ အရာရှိတချို့ကို ပါပါသိတော့ တနင်္ဂနွေနေ့ တနေ့မှာ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ ယူပြီး သူတို့ဆီကို ပါပါ စက်ဘီးနဲ့ သွားပါတယ်။ ပါပါ ယခင်ကပင် သိကျွမ်းခဲ့တဲ့ မန်းပေါအေးငြိမ်း (ယခုအထက ကျောင်းအုပ်) နဲ့ မန်းဘဇံ (ယခုတောခို ကေအင်ဒီအို ခေါင်းဆောင်)တို့အား ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများကို ပေးပြီး အကျိုးအကြောင်းများကို ရှင်းလင်း ပြောပြပါတယ်။ သူတို့မှ တဆင့် သင်တန်းတက် တခြား အရာရှိများကိုလည်း ပြောသင့်က ပြောပြ ရှင်းလင်းဖို့ သူတို့နှစ်ယောက်ကို ပြောပါတယ်။ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ လိုက်လံ ဝေငရာမှာ အတင့်မရဲဖို့ မန်းဘဇံက ပါပါ့ကို သတိပေး စကားပြောပါတယ်။
မန်းပေါအေးငြိမ်းနဲ့ မန်းဘဇံတို့ကို တွေ့ပြီးနောက် မကြာမီ ဝန်ကြီးသခင်သန်းထွန်းက ပါပါ့ကို ကုန်စည် ဖြန့်ဖြူးရေး လုပ်ငန်း စစ်ဆေးကြည့်ရှုရန် အထူးအရာရှိအဖြစ် ခန့်အပ်ပါတယ်။ ခန့်အပ်စာကို ရုံးတံဆိပ်ရိုက်ပြီး သခင်သန်းထွန်း ကိုယ်တိုင် လက်မှတ် ရေးထိုးပါတယ်။ အထူးအရာရှိ ဖြစ်လာတော့ လျှို့ဝှက် ဂျပန်တော်လှန်ရေးလုပ်ငန်းများကို ပိုပြီး လုပ်ကိုင်ခိုင်းပါတယ်။ မန်းပေါအေးငြိမ်းနဲ့ ပါပါ မကြာခဏ တွေ့ဆုံပြီး မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့ ကရင်အမျိုးသားတွေနဲ့ အဆက်အသွယ် ရရန် ပါပါတို့နှစ်ယောက် ကိုယ်တိုင် ဆင်းပြီး စည်းရုံးရန် သဘောတူကြပါတယ်။ မြစ်ဝကျွန်းပေါ်သို့ သွားရန် သတ်မှာတ်ထားတဲ့ အချိန်ဟာ မန်းပေါအေးငြိမ်း ဝန်ထမ်းသင်တန်းကျောင်း ဆင်းတဲ့ အချိန် ဖြစ်ပါတယ်။
ဝန်ထမ်းသင်တန်းကျောင်း မဆင်းမီ ရက်ပိုင်းအလိုမှာ၊ တနေ့သခင်ဗိုလ်က ပါပါ့ကို ဘယ်လို ပြောသလဲဆိုတော့ 'ကျနော်တို့ ဂျပန်တော်လှန်ရေးလုပ်ငန်းဟာ ဒီမှာတင် လုပ်လို့ မပြီးဘူး၊ ကုလားပြည်သွားပြီး လက်နက်ခဲယမ်း မီးကျောက်ယူဖို့ လိုတယ်။ ကျနော်တို့ ကုလားပြည်သွားရင် ကိုဝင်းမောင်ပါ လိုက်စေချင်တယ်' လို့ ပါပါကို ပြောတယ်။ ပါပါလည်း ဂျပန်ကို တော်လှန်ရရင်ပြီးရော ဘာပဲ လုပ်ရလုပ်ရ စိတ်ဓာတ်က ရှိတော့ 'လိုက်မယ်' လို့ ပါပါ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ပါပါရဲ့ သားဦး (ဌေးဝင်းမောင်တို့ အစ်ကိုအကြီးဆုံး) ကိုမင်းကြည် ခေါ် ကိုအောင်ဝင်း ဟာ အခါလည်ကျော်သာ ရှိပြီး ပါပါရဲ့ ဒုတိယသား လှဌေးလည်း မိုမို (အမေ) ဗိုက်ထဲမှာ ရှိပါတယ်။ ပါပါ့ အနေနဲ့ နောက်ဆံတင်းစရာ ရှိသော်လည်း ဂျပန်ကို တော်လှန်ရမယ်ဖြစ်တော့ သခင်ဗိုလ်ခေါ်တာကို လွယ်လွယ်နဲ့ပဲ လိုက်မယ်လို့ ဖြေလိုက်ခြင်း ဖြစ်ပါတယ်။ ပါပါလည်း မန်းပေါအေးငြိမ်းနဲ့ မြစ်ဝကျွန်းပေါ် ဆင်းပြီး စည်းရုံးစရာရှိလို့ နောက်မှ လိုက်နိုင်မယ့်အကြောင်း သခင်ဗိုလ်ကို ပြောပြပါတယ်။ (သခင်ဗိုလ်တို့ မူလ အစီအစဉ်ဟာ ပါပါ့ကို ပြောပြီး တပတ်အကြာမှာ ကုလားပြည်သွားရန် ဖြစ်တယ်၊ ပါပါက မြစ်ဝကျွန်းပေါ် ဆင်းမယ်ဆိုတော့ ပါပါ ပြန်လာသည်အထိ ကုလားပြည်သွားရန် အစီအစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။)
မန်းပေါအေးငြိမ်း ကျောင်းဆင်းပြီး ပါပါတို့ ခရီးစထွက်ပါတယ်။ အနည်းဆုံး ဆယ့်ငါးရက်ကြာမျှ မြစ်ဝကျွန်းပေါ်သို့ လှည့်လည်သွားရန် မူလက ရည်ရွယ်ချက်ရှိသော်လည်း ဆယ်ရက်ထဲသွားရန် သခင်ဗိုလ်က မှာလိုက်ပါတယ်။ ပါပါ ပုသိမ် မွန်ကရင်အထက်တန်းမှာ နေစဉ် သိကျွမ်းခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းများ၊ နောက်ပိုင်းမှ သိကျွမ်းတဲ့ မိတ်ဆွေများထံ သွားရောက်ပြီး စည်းရုံးရန် ဖြစ်ပါတယ်။ ပါပါတို့ထွက်တော့ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ ပါသွားပါတယ်။ ရန်ကုန်မှ ခရီးစထွက်စဉ် ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများကို သမ္ဗာန်အမိုးကြားထဲမှာ ထိုးထားပါတယ်။ တွံတေးတူးမြောင်းဝနဲ့ ဆိပ်ကြီးဝမှာ စောင့်နေတဲ့ ဂျပန်သင်္ဘောဆီရောက်တော့ ဂျပန်က ရှာပါတယ်။ အမိုးကို ဆွဲဖြဲ မရှာကြည့်တော့ ဘာမှ မတွေ့ပါ။
ပါပါတို့ စတင်ခရီးထွက်စဉ် သမ္ဗန်ဖြင့် ထွက်သော်လည်း မအူပင် လွန်တော့လမ်းခရီးမှာ လှေတလှည့်၊ သမ္ဗာန်တလှည့် အလျဉ်းသင့်သလို သွားပါတယ်။ ပန်းတနော်မြို့နယ်အတွင်း တဇင်းတော၊ ထောင့်ကြီး၊ ကျောင်းတော်ကလေး၊ မရမ်း၊ စံကျ၊ အိမ်မဲမြို့နယ်အတွင်း ကြုံတိုင်းကြီး၊ ကြုံတိုင်းကလေး၊ ရွှေဇောင်းနယ်အတွင်း ကင်းဝကြီး၊ ပိုက်တန်းဦးတို့ ညောင်ငူ၊ တိုက်ကလား၊ ဝါးခယ်မမြို့နယ်အတွင်း မောင်းတီး၊ လပွတ်တလုပ်ကလေး၊ သပြေချောင်း၊ ကံမငေး၊ ပရွာကလေး အစရှိသော ကျေးရွာများကိုရောက်ရှိပါတယ်။ ရွှေလောင်းနယ် တိုက်ကလားရွာကို လှေဖြင့် ရောက်ပြီး မကြာမီ 'ကျွဲ' ခေါ်တဲ့ လေယာဉ်တစင်း ပေါ်လာပါတယ်။ ပါပါတို့လည်း အိမ်ထဲ ရောက်နေပြီး ဖြစ်တယ်။ လေယာဉ်ဟာ တပတ်နှစ်ပတ် ဝဲကြည့်ပြီး ပြန်သွားပါတယ်။ ဂျပန်ခေတ်မှာ ကုန်းလမ်း၊ ရေလမ်း ခရီးမှာ သွားလာနေတဲ့ မီးရထား၊ မော်တော်ကား၊ ရေယာဉ်၊ လှေ အစရှိသည်တို့ကို 'ကျွဲ' ခေါ်တဲ့ အင်္ဂလိပ် လေယာဉ်က လိုက်လံရှာဖွေ ပစ်ခတ်ပါတယ်။ လေယာဉ်အရောင်ဟာ အမည်းဖြစ်ပြီး အင်္ဂလိပ်လို (?) လို့ ခေါ်ပါတယ်။ ဗမာလို ကျွဲ ဖြစ်ပါတယ်။ ရောက်ရာနေရာများမှာ ကျောင်းနေဖက်သူငယ်ချင်းများ၊ မိတ်သင်္ဂဟများနဲ့ တွေ့ဆုံပြီး ဂျပန်တော်လှန်ရေး ကိစ္စများကို ပြောပြပါတယ်။ စာရွက်စာတမ်းများလည်း ဝေငှပါတယ်။ အားလုံးက ဂျပန်တော်လှန်ရေးကို စိတ်ဝင်စားပြီး လက်နက်သာ ခုရှိရင် ခု တော်လှန်ချင်ကြောင်း ပြောတဲ့ လူတွေ ရှိပါတယ်။ ပါပါ့ကို အများဆုံး အကူအညီပေးတဲ့လူတွေက ပုသိမ် မွန်ကရင်အထက်တန်းကျောင်းမှာ နေစဉ်က ပါပါရဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။
မြောင်းမြမြို့နယ်ဘက်သို့ သွားပြီး ၎င်းမှတဆင့် ပုသိမ်ဘက်သို့ သွားလိုသော်လည်း အချိန်မရသဖြင့် ပါပါ ရန်ကုန်ပြန်လာပါတယ်။ မန်းပေါအေးငြိမ်းက သူ့ဇာတိရွာ ပန်းတနော်မြို့နယ် ကျောင်းတော်ကလေးသို့ ခဏ ပြန်သွားပါတယ်။ ပါပါ ရန်ကုန်ပြန်ရောက်တော့ သခင်ဗိုလ်တို့က ကုလားပြည်သွားဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ကုလားပြည်သွားမယ့် လူတွေဟာ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ယူနီဖောင်းဝတ်ပြီး တပ်မတော်သား အဆောင်အယောင်အဖြစ် သွားရမယ် ဖြစ်ပါတယ်။ ပါပါက တပ်ကြပ်အဖြစ် သွားရမယ်ဖြစ်တော့ လိုအပ်တဲ့ ယူနီဖောင်းရှာရာ အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်ရသော်လည်း ခြေသလုံးမှာ ပတ်ဖို့ (?) ခေါ်တဲ့ သားရေပတ်ကို ရှာမရပါ။ ပါပါက ခြေသလုံးနည်းနည်းကြီးတော့ ပါပါ့အရွယ် ရှာမရပါ။ ဒါနဲ့ ပါပါ့ကို ခြေသလုံးကြီးတဲ့ ဗိုလ်ဗတင် (သံတွဲသား၊ ကွယ်လွန်) ထံမှာ သွားယူရပါတယ်။ ပါပါတို့ မှတ်ပုံတင်လက်မှတ်၊ တံဆိပ်အမှတ်အသား အစရှိသည်တို့ကို သခင်တင်မြ (ယခုလမ်းစဉ်ပါတီ ဗဟိုဌာနချုပ်) က လိုက်လံ လုပ်ကိုင် ရှာဖွေပေးပါတယ်။
ပါပါ ရန်ကုန်မှာ အလုပ်လုပ်စဉ် မိုမို (အမေ)ကို သုံးအိမ်ရွာမှာပဲ ထားခဲ့ပါတယ်။ သုံးအိမ်ရွာရောက်စက ဦးထွန်းရှိန်တို့နဲ့အတူ နေပြီး၊ နောက်ပိုင်း ပါပါတို့ သပ်သပ် အိမ်ထောင် ခွဲနေပါတယ်။ ပါပါ တပတ်တခါ စနေနေ့တိုင်း သုံးအိမ်ရွာပြန်သွားပြီး၊ တနင်္လာနေ့မနက် အစောကြီး ရန်ကုန်ရုံးတက် အမှီ ပြန်လာပါတယ်။ သုံးအိမ်ရွာကို ပါပါနောက်ဆုံး ပြန်သွားတဲ့အခေါက်ဟာ ဘီဒီအေ ယူနီဖောင်း ဝတ်ထားတော့ အားလုံးက ယုံကြည်ကြပါတယ်။ ရွာပြန်သွားပြီး နောက်တနေ့မှာပဲ ပါပါ ရန်ကုန်ပြန်လာပါတယ်။ ကုလားပြည် မသွားမီ နှစ်ရက်သုံးရက် အလိုမှာ တနေ့ည (၇)နာရီ အချိန် သခင်ဗိုလ်က ပါပါ့ကို ဝန်ကြီးသခင်သန်းထွန်းအိမ်သို့ ခေါ်သွားပါတယ်။ ဝန်ကြီးသခင်သန်းထွန်းအိမ်ဟာ ရွှေတောင်ကြားရပ်ကွက်မှာ ရှိပါတယ်။ ဝန်ကြီးအိမ်ရောက်တော့ အပေါ်ထပ် အခန်းတခန်းထဲကို ခေါ်သွားပါတယ်။ အခန်းထဲမှာ လူတွေ လေးငါးယောက်ရှိပြီး ဖယောင်းတိုင်ပဲ ထွန်းထားပါတယ်။ အားလုံး ကြမ်းပြင်ပေါ် ဖျာခင်းပြီး ထိုင်နေကြပါတယ်။ ပါပါနဲ့ သခင်ဗိုလ်လည်း ဝင်ထိုင်ပါတယ်။ ခဏနေ သခင်သန်းထွန်း ဝင်လာပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေကို အချင်းချင်း တယောက်စီ မိတ်ဆက်ပေးပြီး ကုလားပြည်သွားမယ့် လူတွေဖြစ်ကြောင်း သခင်သန်းထွန်းက ပြောပါတယ်။ သခင်ဗိုလ်နဲ့ ကက်အိုခေါ် ကိုသန်းက လွဲလို့ ကျန်လူတွေကို ပါပါ တယောက်မှ မသိပါ။ ကုလားပြည်အတူ သွားမယ့် ရဲဘော်များကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သခင်ဗိုလ်က ခေါင်းဆောင်၊ ပါပါက ဒုတိယခေါင်းဆောင်ဆိုပြီး သတ်မှတ်ပါတယ်။ ဂျပန်တော်လှန်ရေးနဲ့ ပတ်သက်၍ ပါပါတို့ လုပ်ကိုင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို ပြောပြပါတယ်။ သူပြောတဲ့စကားထဲမှာ ပါပါမှတ်မိသလောက် ဆိုရင် 'သေချင်ရင် သေပါစေ၊ ဂျပန်တော်လှန်ရေးလုပ်ငန်းကိုတော့ အပျက်မခံနိုင်ဘူး၊ ဂျပန်ခေတ်မှာ ဝန်ကြီးလုပ်ရတာ အင်္ဂလိပ်ခေတ်တုံးက ပုလိပ် (ရဲသား) လောက်တောင် နှင် အာဏာမရှိဘူး၊ ခင်ဗျားတို့ ခု ကုလားပြည်သွားတာ မရောက်ရောက် အောင်သွားပြီး ဂျပန်တော်လှန်ရေးအတွက် လက်နက်ခဲယမ်း မီးကျောက်များ ပြန်ယူလာရမယ်၊' အစရှိသည်တို့ ဖြစ်ပါတယ်။
အစီအစဉ်အရ ပါပါတို့ ပထမ မန္တလေးအမြောက်တပ်မှ ဗိုလ်မှူးကြီး ဗထူးဆီ သွားရမယ်၊ ဗိုလ်မှူးကြီး ဗထူးမှတဆင့် အထက်ကို ဆက်လက်သွားရန် ဖြစ်တယ်။ မန္တလေးသွားရန် အာ(ရ်)အီတီ (?)မှ ဦးကျော်ငြိမ်းက စလွန်းကားတစင်း စီစဉ်ပေးပါတယ်။ အဲဒီ စလွန်းကားကို မသွားမီ တရက် သခင်ဗိုလ်အိမ်ကို ပို့ထားတယ်။ ပါပါက ဘီဒီအေယူနီဖောင်း အပြယ့်အစုံနဲ့ ဆိုတော့ ရိုင်ဖယ်သေနတ်နဲ့ လှံစွပ်ပါပါတယ်။ လှံစွပ်ကိုတော့ ခါးမှာ ချိတ်ထားရပေမယ့် ညကျတော့ လှံစွပ်ကို ခါးမှာ ချိတ်ကာ၊ ကားနောက်ဘက်ဝင်ထိုင်ပြီး ရုတ်တရက် တံခါးဖွင့် ဆင်းကြည့်တယ်။ ဆင်းတိုင်း ဆင်းတိုင်း လှံစွပ်ဟာ တံခါးနဲ့ ညှိနေတယ်။ အဲဒီလိုဆင်းကြည့်ရခြင်းဟာ လမ်းမှာ အင်္ဂလိပ်လေယာဉ်ပျံနဲ့ ဆုံရင် ရုတ်တရက် ဆင်းပြေးရမှာဖြစ်လို့ လှံစွပ်ဟာ ကားတံခါးပေါက်နဲ့ ညှိမညှိ သိချင်တဲ့အတွက် ဖြစ်တယ်။
၁၉၄၄ ခု၊ စက်တင်ဘာလ (၁၈) ရက်နေ့နံနက်ပိုင်းမှာ ပါပါတို့ သခင်ဗိုလ်အိမ်မှ နေ၍ စတင် ခရီးထွက်တယ်။ လိုက်ပါသွားတဲ့လူများမှာ ပါပါနဲ့တကွ သခင်ဗိုလ် (ကွယ်လွန်)၊ ဦးကျော်ရင် (မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် - ကွယ်လွန်)၊ ဗိုလ်မှူးချစ်ကောင်း (ကွယ်လွန်)၊ ဦးအုန်းမောင် (လေထီး)၊ ဦးတက်ဥခေါ် ဦးသန်း (ယခုတရုတ်ပြည်ရောက်)နဲ့ ကားမောင်းတဲ့လူ ကိုမြကြည်တို့ ဖြစ်ပါတယ်။ (ရက်စွဲကို ဗိုလ်မှူးချစ်ကောင်းရေး အနှစ်နှစ်ဆယ်ကို မှီငြမ်းပါတယ်။) ကားပေါ်ရောက်တော့ လှံစွပ်ချိတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ထားပါတယ်။ ရန်ကုန်မြို့မှ ထွက်ပြီး မင်္ဂလာဒုံလွန်တော့ မိုးရာသီဖြစ်သည့်အားလျော်စွာ လမ်းဘေး နှစ်ဖက်နှစ်ချက်မှာ စပါးပင်များ စိမ်းလန်း စိုပြေနေပါတယ်။ မြကတ္တီပါ ခင်းထားသည့်အလား ဖြစ်နေပါတယ်။ နေ့လယ် (၁) နာရီခန့် အချိန် ပဲနွယ်ကုန်းအထွက်မှာ (ကျွဲ) ခေါ်တဲ့ အင်္ဂလိပ်လေယာဉ်ပျံ နှစ်စင်းဟာ ပါပါတို့စီးတဲ့ကားကို ဘေးတဖက်တစင်း စီယှဉ်ပြီး လိုက်လာတယ်။ (ရွှေလောင်းနယ်တိုက်တဗားရွာမှာ ပါပါကြုံတွေ့ခဲ့တဲ့ လေယာဉ်ပျံမျိုး ဖြစ်တယ်) လေယာဉ်ပျံကို တွေ့တော့ ပါပါတို့ ဆင်းပြေးပါတယ်။ ရန်ကုန်မှ အထွက်မှာ လှံစွပ်တဲ့ခါးပတ်ကို တွေ့တော့ ပါပါဖြုတ်ထားမိလို့ ခုလိုအရေးကြုံတော့ လျောရှုစွာ ဆင်းနိုင်ခြင်းဖြစ်တယ်။ ပါပါတို့ ဆင်းပြေးတဲ့ နေရာဟာ ကမ်းတဖက် တဖက်မှာ အပင်ကြီးများရှိပြီး ညာဘက်ကားလမ်းဘေးမှာ လည်ပင်းအထိ နက်သော ရေမြောင်းရှိပါတယ်။ ရေမြောင်းထဲမှာ ပိန်းပင်များ ပေါက်နေပါတယ်။ ပါပါတို့ အဖော်တွေအားလုံး အဲဒီရေမြောင်းထဲကို ဆင်းပြေးကြပါတယ်။ လေယာဉ်ပျံနှစ်စင်းက ပါပါတို့ကားကို ကျော်သွားပြီးမှ တပတ်ကျော့လာတော့ ပါပါတို့ ရေငုပ်လိုက်ပါတယ်။ ရေငုပ်လိုက်တဲ့အချိန်မှာ စက်သေနတ်သံ ထွက်ပေါ်လာတာကို ကြားရပါတယ်။ လေယာဉ်ပျံသံနဲ့ စက်သေနတ်သံတွေ ပျောက်သွားတော့ ပါပါတို့ ခေါင်းဖော်ကြည့်ရာ ကားမီးလောင်နေတာကို တွေ့ရပါတယ်။ ကားမီးလောင်နေတာကို ကြည့်ရင်း လေယာဉ်ပျံ နောက်တကျော့ ထပ်မံပြန်လာတော့ ပါပါတို့တဖန် ရေငုပ်ရပါတယ်။ နောက်တဖန် ပါပါရေငုပ်မှာ ကျွဲမျှော့ကြီး သုံးလေးကောင် ပါပါ့ဆီ ကူးလာတာကို တွေ့ရပါတယ်။ ဒီတကြိမ် လေယာဉ်ပျံ ပြန်ကျော့လာတော့ ပါပါတို့ကိုပဲ ပစ်မှာပဲလို့ တွက်ဆထားပါတယ်။ ဒါပေမယ့် ပါပါတို့အပေါ် လေယာဉ်ပျံ ရောက်တော့ ပစ်ခတ်သံ မကြားရပါ။ သူတို့ပစ်ထားတဲ့ကား မီးလောင်မလောင် ပြန်ကြည့်ခြင်း ဖြစ်တယ်လို့ပဲ ယူဆရပါတယ်။ လေယာဉ်ပျံနှစ်စင်းဟာ ပါပါတို့ကားကို တွေ့တွေ့ချင်းပစ်ရင် ပါပါတို့အားလုံး သေမှာ သေချာပါတယ်။ ခုတော့ ခရီးသည်ဆင်းနိုင်ရန် ကိုယ်ရောင်ပြပြီးမှ တပတ်ကျော့ပြီး ပြန်လာပစ်တယ်လို့ ယူဆရပါတယ်။
လေယာဉ်ပျံပျောက်သွားတော့ ပါပါတို့လူစုတွေ ကားလမ်းပေါ်သို့ ပြန်တက်ကြပါတယ်။ လူတိုင်း ကိုယ်ပေါ်မှာ ကိုယ်စီ မျှော့တွေ တွယ်ကပ်နေပါတယ်။ ပါပါ့ကိုယ်ပေါ်မှာတော့ ခေါင်းမှာရော လက်မှာပါ မျှော့တွေ တွယ်ထားတော့ လက်နဲ့သပ်ချရတယ်။ သေနတ်သံကြားရစဉ် မျှော့ကြောက်ရမှန်း မသိပါ။ သေနတ်သံပျောက်မှ မျှော့များများ အတွယ်ခံရတော့ အသည်းယားသလို ဖြစ်ပါတယ်။
များမကြာမီ ပဲနွယ်ကုန်းမှ ကူညီရန် ရောက်လာသူများ ကားမီးကို ဝိုင်း၍ သတ်ကြပါတယ်။ ဌာနအုပ် (စခန်းမှူး)လည်း ရောက်လာပါတယ်။ ပါပါတို့ကို ဘီဒီအေ ယူနီဖောင်းနဲ့ တွေ့တော့ တပ်မတော်သားတွေပဲလို့ ယူဆကြပါတယ်။ မီးလောင်နေတဲ့ကားကို ဌာနအုပ်လက်သို့ အပ်ပြီး ဖြူးမြို့သို့ မြင်းလှည်းနဲ့ ခရီးဆက်ထွက်ကြပါတယ်။ ဖြူးမြို့ ရာဇဝတ် ဝန်ထောက် ဦးထွန်းရွှေဆီသွားရန် ဖြစ်တယ်။ ဖြူးမြို့ကို ညဉ့်နက်မှ ရောက်တယ်။ သခင်ဗိုလ်က ရာဇဝတ်ဝန်ထောက်အိမ်မှာ အိပ်ပြီး ပါပါက သခင်ဗိုလ်စီစဉ်ပေးတဲ့ အိမ်တအိမ်မှာ အိပ်ပါတယ်။ နောက်တနေ့ညနေ ဖြူးမှ ရန်ကုန်သို့ ပါပါတို့လူစု မီးရထားနဲ့ ပြန်လာကြပါတယ်။ မိုးလင်းတော့ မီးရထား သင်္ကန်းကျွန်းဘူတာသို့ ရောက်လာတယ်။ သင်္ကန်းကျွန်းဘူတာမှာ ပါပါတို့ ဆင်းပြီး ရန်ကုန်ကို မြင်းလှည်းနဲ့ ပြန်လာကြပါတယ်။ သခင်ဗိုလ်အိမ်အသွား မြေနီကုန်းရောက်တော့ သခင်တင်မြနဲ့ တွေ့တယ်။ သခင်တင်မြက အံ့သြစွာဖြင့် 'ဘယ်လို ဖြစ်လာကြတာလဲလို့' မေးပါတယ်။
ရန်ကုန်ပြန်ရောက်ပြီးနောက် ထပ်သွားရန် အစီအစဉ် လုပ်ရပြန်တယ်။ ဒီတခါ လူခွဲပြီး သွားရန် စီစဉ်ချက်အရ စက်တင်ဘာလ (၂၂) ရက်နေ့မှာ တပ်မတော်မှ ဗိုလ်ကြီးတင်ထွန်း (ထားဝယ်) ရဲ့ ကားနဲ့ ပါပါ၊ ကိုအုန်းမောင် (လေထီးအုန်းမောင်)နဲ့ တက်ခေါ် ကိုသန်းတို့ လိုက်ပါသွားပါတယ်။ (၁၉၇ဝ - ၇၁ ခုလောက်မှာ မန္တလေးမှ ရန်ကုန်မြို့သို့ အမြန်မီးရထားဖြင့် ပထမတန်းတွဲမှာ ပါပါစီးနင်းလာစဉ် ဗိုလ်ကြီးတင်ထွန်းနဲ့ ဆုံကြတယ်။ အဲဒီအချိန်မှာ ဗိုလ်ကြီး မဟုတ်တော့ဘဲ ဦးတင်ထွန်းဖြစ်ပြီး ပလကမှာ တာဝန် ထမ်းဆောင်နေကြောင်း ပါပါ့ကို ပြောပါတယ်။)
ဒီတကြိမ် ပထမတကြိမ်လို နေ့ဘက် မသွားဘဲ ညဘက်မှာ သွားပါတယ်။ မော်တော်ကား တညလုံး မောင်းပြီး သန်းခေါင်ကျော်သုံးနာရီ အချိန်ခန့်မှာ မြို့လှ ရေနီသို့ ရောက်ရှိသွားပါတယ်။ အဲဒီအချိန်မှာ အထက်ဘက်မှ ဆင်းလာသော ကုန်ကားတစင်း လမ်းဘေးရပ်ပြီး ဓာတ်ဆီထယ့်နေပါတယ်။ တယောက်က ဓာတ်ဆီထည့်ပြီး တယောက် မီးတိုင်ကိုင်ပြီး မီးပြနေပါတယ်။ အဲဒီ ဓာတ်ဆီထည့်နေတဲ့ ကားကို ကိုက်နှစ်ဆယ်ခန့် ကျော်လွန်သွားတဲ့အခါ ပါပါတို့ကားကို မောင်းတဲ့ ရဲဘော်က သူ့သဘောနဲ့သူ ကားရပ်ပြီး ပါပါတို့ ရောက်တဲ့နေရာကို သိလိုသဖြင့် ဓာတ်ဆီထည့်တဲ့လူကို သွားမေးပါတယ်။ ဓာတ်ဆီထည့်နေတဲ့လူက ရဲဘော်ကို ပြန်လှည့်ကြည့်တော့ ဓာတ်ဆီထည့်တဲ့လက်ပါ လှည့်မိသား ဖြစ်တော့ မီးတိုင်က မီးနဲ့တိုက်မိတယ်။ မီးထတောက်တော့ လန့်ဖြန့်ပြီး ဓာတ်ဆီပုံးကို အပေါ် မြှောက်တင်လိုက်တယ်။ ပုံးမြှောက်တင်ခါမှ ဓာတ်ဆီတွေဟာ သူ့ကိုယ်ပေါ်မှာ ကျဆင်းလာပြီး သူ့တကိုယ်လုံးကို မီးလောင်တယ်။ သူ့ကိုယ်မှ မီးတောက်မီးလျှံထွက်လာတော့ သူ့အနား ဘယ်သူမှ မကပ်ရဲပါ။ သွေးရူးသွေးတမ်း ဖြစ်ပြီး လက်အပ်ချီကာ ပါးစပ်က ကယ်တော်မူပါ ဘုရား ကယ်တော်မူပါဘုရား ရွတ်ဆိုပြီး တလှမ်းချင်း လျှောက်နေတယ်။ ခဏနေ လဲကျသွားပါတယ်။ ပါပါတို့ သွားကြည့်တော့ တကိုယ်လုံးမ ည်းနေပြီး နှုတ်ခမ်းနား တဝိုက်မှာတော့ ဖြူနေတယ်။ ရေသောက်ချင်တယ်၊ ရေသောက်ချင်တယ်လို့ အသံသဲ့သဲ့နဲ့ ပြောနေတယ်။ ပါပါတို့ ခဏနေ ခရီး ဆက်ထွက်ပြီး မိုးလင်းတော့ ပျဉ်းမနားရောက်သွားတယ်။ (မင်းလောင်ခံရတဲ့ လူလည်းအဲဒီမနက် (၉)နာရီ အချိန်မှာပဲ သေဆုံးကြောင်း သတင်း မန္တလေး ရောက်ပြီးနောက် ကြားသိရပါတယ်)
ပျဉ်းမနားမှာ သခင်တင်ထွန်း (ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် ကျဆုံး) နဲ့ သခင်ဖေတင့်တို့ဆီမှာ သွားပြီး အနားယူပါတယ်။ အဲဒီအချိန်မှာ သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ဟာ မြို့နဲ့ နှစ်မိုင်ခန့် ဝေးတဲ့အရပ်မှာ နေထိုင်ကြပါတယ်။ ပါပါတို့ရောက်သွားတဲ့ အချိန်မှာ သူတို့ တောင်သူလယ်သမား အစည်းအဝေး လုပ်နေကြပါတယ်။ ။
Posted by (လင်္ကာဒီပ) at 11:53 PM 0 comments
Labels: history
ကရင့်မျိုးဆက်လေးများ၏အနောက်တိုင်းအကအသွင်
Friday, January 23, 2009Posted by (လင်္ကာဒီပ) at 11:04 PM 1 comments
Labels: video
မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း(၆)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၂၁ ရက်
ထိုင်းဘုရင် နှင့် သမ္မတ မန်းဝင်းမောင်
ပါပါစီးနင်းလိုက်ပါတဲ့ မီးရထားဟာ မြစ်ကြီးနားမှ နံနက်ပိုင်းမှာ ထွက်ပါတယ်။ လူစီးတွဲတွေမှာ ဂျပန်စစ်သားတွေ ရှိလို့ ပါပါ ကုန်တွဲမှာပဲ စီးရပါတယ်။ နဘားဘူတာကို နေ့လယ်လောက်မှာ ရောက်ပါတယ်။ နဘားဘူတာဟာ ကသာသွားတဲ့ လမ်းခွဲ ဘူတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ရထားဆိုက်တဲ့အချိန် အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းနဲ့ဟင်း ရောင်းပါတယ်။
ကျပ်လုံးလောက်ရှိတဲ့ ၀က်အူချောင်းကြော် အကြီးစားလည်း ရောင်းပါတယ်။ အလွန်မှ စားကောင်းပါတယ်။ နဘားဘူတာမှာ စားစရာ ဘာများ ရှိသလဲ ဆိုပြီး ဆင်းကြည့်ရာ မီးရထား ရုတ်တရက် ပြန်ထွက်လို့ အပြေးအလွှား ပြန်လိုက်စီးရပါတယ်။ ရွှေဘိုကို ညမိုးချုပ်မှ ရောက်ပါတယ်။ ရွှေဘိုမှာ အတော်ကလေး ကြာအောင် ရပ်ပါတယ်။ ရွှေဘိုဘူတာမှာ ရပ်နားနေစဉ် ပါပါ စီးတဲ့ ကုန်တွဲအပေါက်ဝနားမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ရွှေဘိုဘူတာမှာ တာဝန်ကျတဲ့ ဂျပန် စစ်သားတွေက ဂျပန်လို ဆဲဆို ကြိမ်းမောင်းပြီး ပါးရိုက်ပါတယ်။ ပါပါက တွဲထောင့်တစ်နေရာမှာ နေတော့ ပါး အရိုက်မခံလိုက်ရဘူး။ ဂျပန်က ဘာကြောင့် ပါး လာရိုက်သလဲဆိုတာ မီးရထားထွက်မှ သိရတာက ရွှေဘိုက ခရီးသည်တစ်စု ပါပါတို့ စီးတဲ့ တွဲမှာ တက်မယ် လုပ်တော့ အ၀နားမှာ နေတဲ့ ခရီးသည်တွေက လက်မခံခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ် ဆိုတာ သိရတယ်။
မီးရထားဟာ စစ်ကိုင်းသို့ မိုးလင်းတော့ ရောက်သွားပါတယ်။ အင်းဝ မီးရထားတံတားကို အင်္ဂလိပ်တွေ အဆုတ်မှာ ဖျက်ထားလို့ မီးရထား စစ်ကိုင်းအထိသာ သွားနိုင်ပါတယ်။ မြစ်ကြီးနားမှာ ထွက်လာစဉ် မန္တလေးသား ခရီးသည်တစ်ယောက်နဲ့ အသိဖြစ်လာတယ်။ ၎င်းခရီးသည်နဲ့အတူ စစ်ကိုင်းမှ သပြေတန်း ခံတပ်ဘက်သို့ သမ္ဗာန်ဖြင့် ကူးပြီး ၎င်းမှတဆင့် မြင်းလှည်းစီးကာ မန္တလေးဘက်သွားကြပါတယ်။ မန္တလေးလည်း ဂျပန် ဗုံးကြဲထားလို့ အနည်းအကျဉ်း ပျက်စီးပါတယ်။ ပါပါ ရောက်တဲ့အချိန်မှာ မြို့ဟာ သိပ် မစည်ကားသေးပါ။ မီးရထား ဘူတာရုံ သွားပြီး မီးရထား အသွား အလာ စုံစမ်း မေးမြန်းရာ ရန်ကုန်သို့ မီးရထား နံနက် (၇)နာရီ အချိန်မှာ ထွက်ကြောင်း သိရပါတယ်။
ညဘက်မှာ ခရီးသည် အသိအိမ်မှာပဲ အိပ်ပြီး နောက်တနေ့နံနက် (၆)နာရီအချိန် မန္တလေးဘူတာရုံ အရောက် ပါပါ သွားပါတယ်။ ဘူတာရုံကျတော့ ခရီးသည်တွေ တန်းစီပြီး လက်မှတ် ၀ယ်နေတာ တွေ့တော့ ပါပါလည်း ၀င်ပြီး တန်းစီပါတယ်။ လက်မှတ်ဝယ်တဲ့နေရာရောက်တော့ ပါပါ့ကို ရောဂါကာကွယ်ရေး ဆေးထိုးပြီးကြောင်း လက်မှတ်တောင်းပါတယ်။ မြစ်ကြီးနားမှ မထွက်လာမီ ပါပါပလိပ်ရောဂါ နှင့် ၀မ်းရောဂါ ကာကွယ်ရေး ဆေးထိုးလာပြီး ရရှိထားတဲ့ လက်မှတ်ကို ထုတ်ပြမှ လက်မှတ်ဝယ်ခွင့် ရပါတယ်။
ဂျပန်ခေတ်မှာ ဂျပန်တွေက မီးရထား၊ ဘူတာ၊ သင်္ဘောဆိပ်လို လူသွား လူလာများတဲ့ နေရာမှာ ရောဂါ ကာကွယ်ရေး ဆေး ထိုးနှံပေးပြီး လက်မှတ်ထုတ်ပေးပါတယ်။ တစ်ခါက နှစ်ခါအထိုးမခံရအောင် သူတို့ ထုတ်ပေးတဲ့ လက်မှတ်ကို ခရီးသွားလာတဲ့အခါ ဆောင်သွားရပါတယ်။ ထုတ်ပေးတဲ့လက်မှတ်ဟာ ရက်စွဲပါပြီး တစ်လပဲ သုံးခွင့်ပြုပါတယ်။ တစ်လ ကျော်လွန်ပြီး သူတို့ ဆေးထိုးတဲ့နေရာ ဖြတ်သွားရင် ထပ်မံ ထိုးရပါတယ်။ လက်မှတ်အသစ် ထုတ်ပေးပါတယ်။
မီးရထားဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း နံနက် (၇)နာရီမှာ ထွက်ပါတယ်။ လူစီးတွဲ များများပါလို့ လူစီးတွဲမှာ ပါပါ တစ်နေရာရပါတယ်။ မီးရထားဟာ ဂျပန် ထုံးစံအတိုင်း ရပ်ချင်တဲ့နေရာ ကြာကြာရပ်ပြီး ထွက်ချင်တော့ ရုတ်တရပ် လျှောက်ထွက်ပါတယ်။ ခရီးလမ်း ဘူတာများမှာ မီးရထားရပ်တဲ့အခါ စကြံပေါ်မှာ အင်္ဂလိပ် လက်ထက်က ပါပါ တွေ့ဖူး မြင်ဖူးတဲ့အစိုးရ အရာရှိကြီးငယ်များ လမ်းလျှောက်တာ တွေ့တော့ သူတို့လည်း စစ်ပြေးဘက်မှ ရန်ကုန်ကို ပြန်သွားကြောင်း သိရပါတယ်။ မီးရထားဟာ တနေကုန် တညလုံး ခုတ်မောင်းပြီး နောက်တနေ့ နံနက်ပိုင်းမှာ ရန်ကုန်ဘူတာကို ရောက်သွားပါတယ်။
ပါပါ ဘဏ္ဍာရေး မင်းကြီးရုံးမှာ အလုပ်လုပ်စဉ် ဟံသာဝတီ အရေးပိုင် (ခရိုင်ဝန်) ရုံးမှာ စာရေးကြီး ဦးထွန်းရှိန်နဲ့ သိကျွမ်းခဲ့ပါတယ်။ မေမြို့မှာ စစ်သင်တန်း မတက်မီ ပါပါ အ၀တ်အစားများ ဦးထွန်းရှိန်နဲ့ အပ်ထားခဲ့ပါတယ်။ ဦးထွန်းရှိန်တို့ မိသားစုဟာ ၈၁၊ အလုံ ဌာနလမ်းမှာ နေပြီး ရန်ကုန်မြို့ ဂျပန် မသိမ်းမီ ၎င်းတို့မိသားစုဟာ ၎င်းတို့ဆွေမျိုးရှိရာ တွံတေးမြို့နယ်၊ ကုလားတန်းသုံးအိမ်ရွာသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။
သုံးအိမ်ရွာဟာ တွံတေးတူးမြောင်း မိုင်တိုင် (၆)မှာ တည်ရှိတဲ့ ကုလားတန်းကျေးရွာ အတွင်းဘက် နှစ်မိုင်ခန့် ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး၊ တွံတေး တူးမြောင်းက တက်လာတဲ့ သံပယိုချောင်းဘေးမှာ ဖြစ်ပါတယ်။ သုံးအိမ်ရွာမှ တွံတေးတူးမြောင်းကို သံပယိုချောင်းအတိုင်း သွားလျှင် နှစ်မိုင်ခန့် ဝေးပါတယ်။
ရန်ကုန်ဘူတာမှ ကုလားတန်းသုံးအိမ်ရွာ သွားရန် လမ်းမကျော် ဆိပ်ကမ်းသို့ ပါပါ သွားပါတယ်။ ပါပါ အနေနဲ့ ပစ္စည်း ဆိုလို့ လွယ်အိတ် တစ်အိတ်ပဲ ပါတယ်။ သုံးအိမ်ရွာသို့ ပါပါ တခါမှ မရောက်ဘူးပါ။ ကုလားတန်းရွာ အရောက်သွားပြီး ကုလားတန်းမှ တစ်ဆင့် သုံးအိမ်ရွာကို မေးပြီးသွားရန် ကြံရွယ်ထားပါတယ်။ လမ်းမတော်ဆိပ်ကမ်းမှာ ရေအလှည့်သင့်ပြီး ရေစတက်ချိန်ဖြစ်လို့ တွံတေး သွားမယ့် သမ္ဗာန် သုံး လေးစင်း တွေ့ပါတယ်။ (ဂျပန်ခေတ်မှာ ရန်ကုန် တွံတေးသွား ကူးတို့သင်္ဘော အင်္ဂလိပ် လက်ထက်ကလို မရှိပါ။ သမ္ဗာန်ဖြင့်သာ ရေလှည့်သင့်သလိုသွား ရပါတယ်။
ရေလှည့်သင့်သလို ဆိုရခြင်းမှာ ဒီရေအတက်အကျ အပေါ်မှာ မူတည်ပါတယ်။ ဒီရေအတက်အကျလည်း လဆန်းလဆုပ်အပေါ်မှာ ထပ်မံ မူတည်ပါတယ်။ လဆန်းဖြစ်စေ၊ လဆုပ်ဖြစ်စေ တစ်ရက်နှင့် တစ်ရက် ရေတက်ရေကျချိန် မတူပါ။ (၇၅) မိနစ်ခန့် ကွာခြား ပါတယ်။ လဆန်း၊ လဆုပ် (၁၀) ရက်ဟာ ရေသေရက်များ ဖြစ်ပြီး လပြည့်လကွယ်မှ လဆုတ်လဆန်း (၄) ရက်ထိဟာ ရေထရက်များ ဖြစ်ပါတယ်။ ရေသေရက်များမှာ ရေစီး ပျော့ပြီး ရေထရက်များမှာ ရေစီး သန်ပါတယ်။)
တွံတေးကို သွားမယ့် သမ္ဗာန်တစ်စင်းနဲ့ ပါပါ လိုက်သွားပါတယ်။ ကုလားတန်းရွာကျတော့ ပါပါ ဆင်းကျန်ရစ်ခဲ့ပါတယ်။ အဆင်သင့်ချင်တော့ ကုလားတန်းရွာမှာ ဦးထွန်းရှိန်နဲ့ ပါပါတွေ့ပါတယ်။ ဦးထွန်းရှိန်နောက်ကိုပဲ ပါပါ လိုက်သွားပါတယ်။ သုံးအိမ်ရွာမှာ ဦးထွန်းရှိန် အိမ်ဆောက်နေပါတယ်။ ဦးထွန်းရှိန်အိမ်မှာ သူ့ဇနီးနဲ့ သားသမီးများအပြင် သူ့အမေ၊ သူ့အစ်ကို နှစ်ယောက်နဲ့ ညီမအပျိုတစ်ယောက် ရှိပါတယ်။
ဦးထွန်းရှိန်အိမ်ဟာ ငါး (?) နီကာ ဖြစ်ပါတယ်။ သုံးအိမ်ရွာဟာ အိမ်ခြေ လေးငါးဆယ်ခန့်ရှိပြီး ရွာသူရွာသားများဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုးများ ဖြစ်ပြီး လယ်ယာ လုပ်ကိုင်စားသောက် ကြပါတယ်။ ပါပါ ရောက်သွားတဲ့အချိန်မှာ မိုးတွင်းဖြစ်သဖြင့် ရွာထဲမှာ ရေ၀င်ပါတယ်။ အိမ်တွေလဲ ခြေတံမြင့်မြင့် ဆောက်ရပါတယ်။
ဦးထွန်းရှိန်တို့ အိမ်ထောင်စု အိမ်ဆောက်ပြီး မနေထိုင်မီ သုံးအိမ် သူကြီး ဦးစံရွှေ (ယခုကွယ်လွန်) အိမ်မှာ တည်းခိုပါတယ်။ ဦးစံရွှေဟာ အသက်ငါးဆယ် ပတ်ဝန်းကျင်မှာ ရှိပြီး ပေါင်းသင်း ဆက်ဆံရေးမှာ လူကြီးတွေနှင့် ပြေပြစ်သလို လူငယ် လူရွယ်တွေနဲ့လည်း အဆင်ပြေပါတယ်။ ပါပါ သုံးအိမ်ရွာ ရောက်ပြီး မကြာမီအတွင်းမှာပဲ သူကြီးဦးစံရွှေနှင့် အပေါင်းအသင်း ဖြစ်ပါတယ်။ ပါပါလည်း စစ်ပြန်ဆိုတဲ့ ၀ိသေသနဲ့ ဦးစံရွှေလည်း ဩဇာတိတ္တိမနဲ့ ပြည့်စုံသောသူကြီး ဆိုတဲ့ ၀ိသေသနဲ့၊ ဘုတ်ကျီး ရိုသေ၊ ကျီး ဘုတ် ရိုသေ သဘောနဲ့ အပေါင်းအသင်း ဖြစ်ပါတယ်။ သုံးအိမ်ရွာနဲ့ နီးစပ်တဲ့ ကျီးကန်း၊ ကလီအော် သံပယို၊ ကုလားတန်း၊ မျက်နီကုန်း၊ ဗျောက်ရိုး၊ သာစည်၊ ကံရွာ အစရှိတဲ့ ကျေးရွာများကို လှေဖြင့် သွားလို့ရလျှင် လှေလှော် သို့မဟုတ် ကုန်းကြောင်းဖြင့် ပါပါနှင့် ဦးစံရွှေတို့ လျှောက်လည်ကြတယ်။ ဦးစံရွှေမှာ နှစ်လုံးပြူးသေနတ် ရှိလို့ တခါတလေ သူ့သေနတ်ကို သူ ယူသွားပါတယ်။ ပါပါတို့ နှစ်ယောက်သား လှေနဲ့ လျှောက်လည်တဲ့အခါ လှေမှောက်လို့ နှစ်ယောက်သား ရေဆင်းကူးရတဲ့ အခါလည်း ရှိပါတယ်။
သုံးအိမ်ရွာက လူတွေဟာ လယ်ယာ လုပ်ကိုင်စားသောက်ကြသော်လည်း သမ္ဗာန်ထောင် ခပ်စားတဲ့လူ နှစ်ဦး၊ သုံးဦး ရှိပါတယ်။ မိရိုးဖလာအရ ဆုံကြိတ်၊ ဆန်ဖွတ် လုပ်ခဲ့ကြသော်လည်း တွံတေးတူးမြောင်းမှာ ဆန်စက်တွေ ရှိလာတော့ ဆန်စက်မှာ ပဲကြိတ်ခွဲကြပါတယ်။ ဆန်ကြိတ်ခွဲတဲ့အခါမှာ ဖြစ်စေ၊ ရန်ကုန် သို့မဟုတ် တွံတေးသို့ သွားရန် လူ လေးငါးယောက် ရှိလျှင် သမ္ဗာန်သမားတွေက အခကြေးငွေ ယူပြီး လိုက်ပို့ပါတယ်။ ရွာထဲမှာ သမ္ဗာန်သမား တစ်ယောက်ဟာ သမ္ဗာန်ခပ်တဲ့အပြင် သူအားလပ်တဲ့ အချိန်မှာတော့ အရက်ချက်ပြီး ရောင်းပါတယ်။ သူ့နာမည်က ဦးဘိုးသန်း ဖြစ်ပါတယ်။ ပါပါက သူ့သမ္ဗာန် စီးရင်း သူနဲ့ အကျွမ်းဝင်တော့ သူအရက်ချက်တဲ့အကြောင်း ပြောပြပါတယ်။ ပါပါလည်း တောအရက်ချက်တာ မြင်ဖူးချင်တယ် ပြောတော့ တနေ့ သူ အရက်ချက်တော့ ပါပါ့ကို လာခေါ်ပါတယ်။
သူ့အိမ်ရောက်တော့ ပေါင်းအိုးနဲ့ ဆက်ထားတဲ့ ငါးပြွန်ချောင်းကနေ အရက်ရည်တွေ ကျနေတာကို တွေ့ရတယ်။ အောက်မှာတော့ ဇလုံနဲ့ ခံထားပါတယ်။ ပေါင်းအိုး ဖင်မှာ ဆေးရွက်တပ်ထားရင် အရက်က ပိုပြီး ပြင်းတယ်လို့ ဦးဘိုးသန်းက ပြောပါတယ်။ (ယခုခေတ် တောအရက်ချက်တဲ့ လူတွေဟာ ဓာတ်ဆား မြေဩဇာ သုံးတယ်လို့ ကြားသိရတယ်) နောက် ထန်းလျက်စိမ်တာက စပြီး ပြွန်တန်မှ အရက်ကျဆင်းလာသည်အထိ ဦးဘိုးသန်းက သူ့လုပ်ငန်းကို ရှင်းပြပါတယ်။
ရှင်းပြအပြီးမှာ ပါပါ့ကို ဗိုလ်ကြီး အရက် သောက်တတ်သလားလို့ မေးပါတယ်။ (ပါပါ စစ်ပြန်ဖြစ်လို့ သုံးအိမ်ရွာက လူတချို့ဟာ ပါပါ့ကို ဗိုလ်ကြီးလို့ ခေါ်ပါတယ်။) မေးမှ မေးရက်ပလေ၊ စစ်ပြန်ပဲ၊ မသောက်တတ်ဘဲ နေပါ့မလားလို့ စိတ်ထဲမှာသာ ဖြေပြီး ပါးစပ်ကတော့ “သောက်တတ်ပါတယ်” လို့သာ ပါပါက ပြန်ဖြေပါတယ်။ ဒါနဲ့ ဦးဘိုးသန်းက ပါပါ့ကို အရက်ပူပူ နွေးနွေး တစ်ခွက် ကမ်းပေးပါတယ်။
ရွာနီးချပ်စပ် တ၀ိုက်မှာမှာ ညတိုင်းလိုလို သေနတ်သံများ ကြားရပါတယ်။ ဓားပြတိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သေနတ်သံကြားတိုင်း ရွာသားတွေက ပါပါကိုလာခေါ်ပါတယ်။ ဦးထွန်းရှိန်မှာလည်း နှစ်လုံးပြူး သေနတ်တစ်လက် ရှိတော့ ဦးထွန်းရှိန် သေနတ်ကို ယူပြီး ပါပါ ရွာပြင် ထွက်ပြီး စောင့်ရပါတယ်။ စစ်ပြန်ဆိုပြီး ရွာသူ ရွာသားများက ပါပါ့ကို အားကိုးပါတယ်။ ဘယ်သူက လွှင့်ထားတဲ့သတင်းတော့ ပါပါ မသိပါ။ သတင်းကတော့ ပါပါပြန်လာတာ လက်နက် ခဲယမ်း မီးကျောက်တွေ အများကြီး ပါလာတယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီသတင်းကြောင့် ရွာနီးချုပ်စပ်သာ ဓားပြ အတိုက်ခံရပြီး သုံးအိမ်ရွာ ဓားပြ အတိုက်မခံရပါ။
ပါပါ သုံးအိမ်ရွာရောက်ပြီး တစ်လအကြာမှာ ဦးထွန်းရှိန်ရဲ့ ညီမ ဒေါ်မြမေ (ဌေးဝင်းမောင်တို့အမေ) နဲ့ အိမ်ထောင်ကျပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာဘမော် အစိုးရဖွဲ့ပြီး၍ ပါပါနဲ့ ဦးထွန်းရှိန် အလုပ်အကိုင် စုံစမ်းမေးမြန်းရန် ရန်ကုန်သို့ ဆင်းသွားကြပါတယ်။ ဒေါက်တာ ဘမော် အစိုးရအဖွဲ့ဟာ အတွင်းဝန်များရုံးမှာ ရုံးထိုင်ပါတယ်။ အတွင်းဝန်များရုံး ရောက်တော့ အလုပ်လာရှာတဲ့ လူတွေ၊ ဘီအိုင်အေ စစ်ဗိုလ်တွေ၊ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ၊ ဒေါက်တာ ဘမော်အဖွဲ့ဝင် ဓားမတွေ ခြေချင်း လိမ်နေတာ တွေ့ရတယ်။
ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကတော့ အတွင်းဝန်များရုံး ပတ်ဝန်းကျင်မှာ အင်္ဂလိပ်လူမျိုး ဆယ်ယောက်ခန့်၊ ဂျပန်စစ်သား အစောင့်အရှောက်နဲ့ အမှိုက်သရိုက်များ လိုက်လံကောက်နေတာကို တွေ့ရတယ်။ ဒါ ဂျပန်တို့ရဲ့ စိတ်ဓာတ် စစ်ဆင်ရေး နည်းတစ်နည်းပဲ ဖြစ်တယ်။ တချိန်က အတွင်းဝန်များရုံးဟာ အင်္ဂလိပ်တွေ မင်းမူခဲ့တဲ့ နေရာဖြစ်တယ်။ ခုတော့ သူတို့ မင်းမူခဲ့တဲ့ရုံး ပတ်ဝန်းကျင်မှာ သူတို့ အမှိုက်သရိုက်တွေ လိုက်လံ ကောက်နေရတယ်။ လောကဓံတရားအရ ရေစီးတစ်ခါ၊ ရေသာတစ်လှည့်၊ မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့် ဆိုတဲ့အတိုင်းပါပဲ၊ အလုပ်ကို ချစ်တဲ့လူတွေ သတ်မှတ်ထားတဲ့ ပုံးထဲမှာ လျှောက်လွှာ ထည့်ရမယ် ဆိုတဲ့ ကြော်ငြာစာ တွေ့တော့ ပါပါနဲ့ ဦးထွန်းရှိန်ဟာ ပုံးထဲမှာ လျှောက်လွှာများ ထည့်ပြီး သုံးအိမ်သို့ ပြန်လာပါတယ်။
များမကြာမီ ဆား၊ သကြား၊ မီးခြစ်များ ကိုယ်စားလှယ်များမှ တဆင့် ဖြန့်ဖြူး ရောင်းချမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတယ်။ ကုန်သွယ်ရေး ၀န်ကြီးက ကိုယ်စားလှယ်များကို ခန့်အပ်တယ် ဆိုတဲ့ သတင်းလည်း တဆက်တည်း ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကုန်သွယ်ရေး ဌာန ၀န်ကြီးဟာ သထုံ ဦးလှဖေ ဖြစ်ပါတယ်။ ၀န်ကြီး ဦးလှဖေကို ပါပါ ကိုယ်တိုင် မသိပါ။ ဒါပေမယ့် ဦးလှဖေကို သိကျွမ်းတဲ့ လူတွေနဲ့ ဆက်သွယ်ပြီး တွံတေးမြို့အတွက် ဆား လက်လီ ကိုယ်စားလှယ် ရရှိခဲ့ပါတယ်။ ပါပါ့ နာမည်နဲ့တော့ မဟုတ်၊ ဘကြီး ဦးထွန်းရှိန် နာမည်နဲ့ ဖြစ်ပါတယ်။
တွံတေးမှာ ဆားရောင်းရမှာဖြစ်တော့ တွံတေးမြူနီစပယ်ဈေးမှာ နေရာ သွားကြည့်ထားရပါတယ်။ နောက် ဆားထည့်ရန် စက္ကူအိတ်တွေ လုပ်ဖို့၊ သတင်းစာ စက္ကူဟောင်းတွေ စုဆောင်းပြီး ကိုယ်တိုင် စက္ကူအိတ်များ လုပ်ပါတယ်။ ဆား တစ်ပိဿာ ဆံ့မယ့်အရွယ် ဖြစ်ပါတယ်။ ဆား လက်ကား ကိုယ်စားလှယ်ဟာ ရန်ကုန် အနောက်ပိုင်းမှာ နေတော့ သူ့ဂိုဒေါင်မှာ ဆား သွားထုတ်ရပါတယ်။ ဆားအိုးဟာ ငွေတစ်ထောင်နီးပါး ဖြစ်တော့ ပါပါတို့ လက်ထဲမှာ အင်္ဂလိပ်ငွေ စက္ကူပဲ ရှိတယ်။ ဂျပန်ငွေ စက္ကူ များများ စားစား မရှိပါ။ အင်္ဂလိပ်ငွေ စက္ကူနဲ့လဲ ပါပါတို့ ဆားဖိုး မချေချင်ဘူး။ ဒါနဲ့ အသိတစ်ယောက် ဆီမှာ ပါပါတို့ အင်္ဂလိပ်ငွေ စက္ကူနဲ့ သူ့ဆီက ဂျပန်ငွေစက္ကူနဲ့လဲထား ရပါတယ်။ (အင်္ဂလိပ်တွေ ပြန်ဝင်လာတော့ ဂျပန်ငွေ စက္ကူတန်ဖိုး မရှိကြောင်း ကြေညာပါတယ်။) ဆား ကို အိတ်လိုက်ထုတ်ပြီး ပါပါတို့ လက်ထဲ ရောက်တော့ တစ်ပိဿာစီ ချိန်ပြီး စက္ကူအိတ်ထဲ ထည့်ရပါတယ်။
ဂျပန်ဆားဟာ အတုံးအခဲ ဖြစ်တော့ ပါပါတို့က ထောင်းထုပြီးမှ ထည့်ရပါတယ်။ လက်ကား ကိုယ်စားလှယ်ထံမှ ထုတ်ယူတဲ့ဆားအိတ်ဟာ သတ်မှာတ်ထားတဲ့ အချိန်အတိုင်း မပြည့်တော့ ပါပါတို့လဲ စက္ကူအိတ်ထဲ ပြန်ထည့်တဲ့အခါ လျော့ချိန်ပြီး ထည့်ရပါတယ်။ လက်လီဆား တစ်ပိဿာကို ဆင့် လေးဆယ် သတ်မှတ်ပါတယ်။ (ဂျပန်ခေတ်မှာ ပြား အစား ဆင့် သုံးပါတယ်။ တစ်ကျပ်ကို ဆင့် တစ်ရာ ဖြစ်ပါတယ်) အပြင်မှာ ဈေးမှာ ငါးမတ်၊ တစ်ကျပ်ခွဲလောက် ရှိပါတယ်။ တွံတေးမြို့၊ မြူနီစပယ်ဈေး ရောက်တော့ ဆားတစ်ပိသာ ဆင့်လေးဆယ်၊ ဆားတစ်ပိသာ ဆင့်လေးဆယ် ဆိုပြီး ပါပါ အော်ရောင်းပါတယ်။
ကြာကြာ မအော်ရပါ။ ဆားရောင်းမှန်း သိတော့ ပြုံးပြီး၊ တိုးပြီး လာကြပါတယ်။ တစ်ယောက်ကို တစ်ပိသာစီပဲ ရောင်းတဲ့အတွက် တချို့လူများ လေးငါး ခြောက်ခါ ပြန်ကျော့ပြီး လာဝယ်ပါတယ်။ တချို့ကျလည်း ဆားရရင်ပြီးရော ဆိုပြီး သူတို့ပေးတဲ့ ပိုက်ဆံ ပိုလို့ ပြန်အမ်းတာတောင် မစောင့်ဘူး။ ဆားဟာ အရောင်းရ သွက်တော့ များမကြာမီ ကုန်သွားပါတယ်။ ဒီလိုနဲ့ပဲ ဆားဟာ တစ်လ နှစ်ခါလောက် တွံတေးမှာ သွားရောင်းရပါတယ်။
ဆားရောင်းရင်း သုံးအိမ်ရွာမှာ နေပြီး လေးငါးလခန့် ကြာတဲ့အခါ သုံးအိမ်ရွာမှာ နေတဲ့ ဦးဘစိန်ဟာ ပါပါ့ကို ပြောပါတယ်။ တွံတေးက ရဲအုပ် (ဒုလုံခြုံရေးမှူး)က ဂျပန် ခိုင်းစေချက်အရ ပါပါ့အကြောင်းကို လိုက်လံ စုံစမ်းတယ်။ စုံစမ်းတဲ့ အကြောင်းက ပါပါဟာ စစ်ပြန်ဖြစ်လို့ လက်ထဲမှာ လက်နက်ခဲယမ်း မီးကျောက်တွေ တော်တော် များများ ရှိတဲ့ အကြောင်းပဲ ဖြစ်တယ် ဆိုပြီး ဦးဘစိန်က ပါပါ့ကို ပြောတယ်။
အဆိုပါရဲအုပ်ဟာ ပါပါ သုံးအိမ်မှာ မရှိတဲ့ နောက်ပိုင်းမှာ အိမ်လာပြီး လက်နက်အကြောင်း ပါပါကို မေးပါသေးတယ်။ ပါပါ့ရှိတဲ့ လေသေနတ် တစ်လက်ကို ထုတ်ပြရပါတယ်။ ပါ့ပါ့ကို ဂျပန် လိုက်လံ စုံစမ်းတယ် ဆိုတဲ့ အကြောင်းလည်း ကုလားတန်းရွာမှာ နေတဲ့ လူတစ်ယောက်ထံမှ ပါပါ ထပ်မံ ကြားသိရပြန်တယ်။ ဒီသတင်းကို ကြားရတော့ ပါပါလည်း ရန်ကုန်မှာ အလုပ်တစ်ခုခု သွားလုပ်မှ ဖြစ်တော့မယ် ဆိုပြီး ရန်ကုန်သွားပြီး အလုပ် ရှာပါတယ်။ အဲဒီအချိန်မှာ ဦးထွန်းရှိန်က သူအရင်လုပ်ခဲ့တဲ့ ဟံသာဝတီ အရေးပိုင် (ခရိုင်ဝန်) ရုံးမှာ အလုပ်ဝင်လုပ် နေပြီး ဖြစ်တယ်။ ခရိုင်ဝန်ကတော့ ဦးဘသိန်း (ဓားမ) (သမီးတော် အပ်ချုပ်စက် ကုမ္ပဏီ) ဖြစ်ပါတယ်။
ပါပါ အလုပ် ဆင်းရှာတဲ့အချိန်မှာ ရုံးတွေဟာ အတွင်းဝန်များရုံးမှာ မရှိတော့ပါ။ ရန်ကုန်မြို့ကို မဟာမိတ်တွေက ဗုံးလာချလို့ ဗဟန်းနဲ့ ဗဟန်းတ၀ိုက်မှာ ပြောင်းရွှေ့ ရုံးဖွင့်ကြတယ်။ ဂျပန်ခေတ်မှာ ဘဏ္ဍာရေး မင်းကြီးရုံးဟာ မလိုတော့ဘူး ဆိုပြီး ပြန်မဖွင့်ပါ။ ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါနဲ့ အင်္ဂလိပ်ခေတ်တုန်းက အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေကို လိုက်လံ စုံစမ်းတော့ လယ်မြေနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာနမှာ အလုပ်လုပ်ကြောင်း သိရတယ်။ ၀န်ကြီးက သခင်သန်းထွန်း ဖြစ်ပါတယ်၊ ရုံးနေရာက အမှတ် (၁၂) ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာ ဖြစ်တယ်။
ဝန်ကြီးသခင် သန်းထွန်းရုံး ရောက်တော့ ဘဏ္ဍာရေး မင်းကြီးရုံးမှာ ပါပါနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေ တွေ့ရပါတယ်။ သူတို့ရုံး ပါပါသွားမေးတဲ့ အချိန်မှာ လစ်လပ်တဲ့ နေရာ မရှိပါ။ လျှောက်လွှာ တင်ထားပြီး တစ်ပတ်တစ်ခါ လာစုံစမ်းပါ ဆိုပြီး ပါပါ့ကို အကြံပေးတဲ့အတိုင်း ပါပါ လျှောက်လွှာတင်ထားပြီး ရွာကို ပြန်လာပါတယ်။ ရုံးအုပ်၊ စာရေးနှင့် မင်းစေအလုပ်များကို ၀န်ကြီး ကိုယ်တိုင် ခန့်ပါတယ်။ ၀န်ကြီး သခင်သန်းထွန်းရုံးတွင် လျှောက်လွှာတင်ပြီး နှစ်ပတ်အကြာမှာ အထက်တန်းစာရေး အလုပ်ကို ပါပါ ရရှိပါတယ်။
လယ်မြေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန်ဟာ အိုင်စီအက်(စ) ဦးစောဟန် ဖြစ်ပါတယ်။ အတွင်းဝန်ကလေးဟာ သခင်ဗိုလ်ဖြစ်ပြီး၊ သခင်သန်းထွန်းရဲ့ လူယုံတော် ဖြစ်ပါတယ်။ သခင်သန်းထွန်းရုံး ရောက်စမှာ ပါပါ အလုပ်ပဲ လုပ်ပြီး အေးအေး နေပါတယ်။ နောက်ပိုင်းကျတော့ အေးအေး မနေတော့ဘဲ ဂျပန်မကောင်းကြောင်း ပြောပါတယ်။ ဒီလို ဂျပန်မကောင်းကြောင်း ပြောတော့ ပါပါနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ လူတွေက ဘာပြောသလဲ ဆိုတော့ ရုံးမှာ သခင်သန်းထွန်း လူတွေ တစ်ဝက်ရှိကြောင်း ဒီလူတွေမှ တစ်ဆင့် သခင်သန်းထွန်းနား ပေါက်ကြားရင် မကောင်းကြောင်း ပါပါ့ကို သတိပေးပါတယ်။ ပထမတော့ ပါပါက ငြိမ်နေပြီး နောက်ပိုင်းကျတော့ ပြောမြဲပြောပါတယ်။
ရန်ကုန်မှာ ပါပါ အလုပ်လုပ်တော့ ဘကြီး ဦးထွန်းရှိန်နဲ့အတူ ၈၁-ဌာနလမ်း၊ အလုံမှာ နေပါတယ်။ နောက် ဘကြီးဦးထွန်းရှိန်နဲ့ တစ်ဝမ်းကွဲတော်သူ ဘကြီး ဦးအောင်ကျော်လည်း နေပါတယ်။ ဦးအောင်ကျော်က အမြတ်တော်ကြေးရုံးမှာ အလုပ်လုပ်ပါတယ်။ ပါပါတို့သုံးယောက် ကိုယ့်ထမင်း ကိုယ်ချက်စားပြီး ဗဟန်းမှာ ရှိတဲ့ ရုံးသို့ နေ့တိုင်း လမ်းလျှောက်သွားကြပါတယ်။ အပြန်လည်း လမ်းလျှောက် ပြန်ပါတယ်။
ဒီလိုရုံးတက်ရာမှ တစ်နေ့ ဦးဝိစာရကျောက်တိုင် ရောက်တော့ ဟေ့ - ကိုဝင်းမောင်၊ ဟေ့ - ကိုဝင်းမောင် ဆိုပြီး ခပ်လှမ်းလှမ်းမှ စက်ဘီးစီးလာတဲ့ လူတစ်ယောက်က ပါပါ့ကို လှမ်းခေါ်ပါတယ်။ ဒါနဲ့ ပါပါက ရပ်ပြီး အဲဒီလူကို လှမ်းကြည့်ပါတယ်။ လူက အရပ် အမောင်း ကောင်းကောင်း၊ ၀တ်ထားတာက၊ ကာကီဘောင်းဘီရှည် တစ်ပတ်နွမ်း၊ အင်္ကျီစက စပို့ရှပ်အဟောင်း၊ ခေါင်းပေါ်မှာ ဂျပန်ဦးထုပ်၊ အနား ရောက်လာမှ ပါပါက အံ့ဩစွာနဲ့ ဟေ့ စောဘသက်ကြီး လို့ ခေါ်လိုက်ပါတယ်။
စောဘသက်ကြီးဟာ ပါပါနဲ့အတူ မေမြို့မှာ စစ်သားသင်တန်းနဲ့ ဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့တဲ့လူ ဖြစ်ပါတယ်။ ဗိုလ်လောင်းသင်တန်း ပြီးခါနီးမှ သူလျှိုအလုပ် လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ စောဘသက်ကြီးက ပါပါကိုတွေ့တော့ သူတို့ ကုလားပြည်ရောက်ပြီး ထောက်လှမ်းရေး သင်တန်းတက်ရတယ်။ လေထီးဖြင့် ခုန်ဆင်းနည်း လေ့ကျင့်ရတယ်။ နောက် သူလျှိုအလုပ် လုပ်ဖို့ ဗမာပြည်ထဲသို့ လေထီးနဲ့ ပြန်ဆင်းရတဲ့အကြောင်း၊ နောက် ဂျပန်ဆီ အဖမ်းခံတဲ့အကြောင်း၊ ခု ဂျပန်က သူ့ကို အကျယ်ချုပ်နဲ့ ထားလို့ မြို့ထဲမှာ သွားလာနိုင်တဲ့အကြောင်း ပါပါ ကုလားပြည် မလိုက်သွားလို့ ပါပါ ကံကောင်းတဲ့အကြောင်း မဟုတ်ရင် သူတို့လိုပဲ လေထီးနဲ့ ပြန်ဆင်းရမယ့် အကြောင်း အစရှိသည်တို့ကို ပါပါ့ကို ပြောပြပါတယ်။
ပါပါလည်း ကုလားပြည်ကို လိုက်သွားတဲ့ မိတ်ဆွေသင်္ဂဟအကြောင်းတွေကို စောဘသက်ကြီးအား မေးပါတယ်။ စောဘသက်ကြီးနဲ့ နာရီဝက်ခန့်ကြာအောင် စကားပြောပါတယ်။ (စောဘသက်ကြီးဟာ ကျဆုံးတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်ပါတယ်။ ဂျပန်အဆုတ်မှာ သူ့ကို မော်လမြိုင်ဘက် ခေါ်သွားပါတယ်။ နောက်ပိုင်း ဂျပန်လက်ချက်ဖြင့် ကျဆုံးကြောင်း ကြားသိရပါတယ်။)
သခင်သန်းထွန်းရုံးမှာ ပါပါ အလုပ်လုပ်ရင်း ဂျပန်မကောင်းကြောင်း ပြောတာကြောင့် ပါပါ့အတွက် ထူးခြားတာက အတွင်းဝန်ကလေး သခင်ဗိုလ်(?) ဟာ ရုံးနဲ့ ပတ်သက်သော သူသိချင်တဲ့ ကိစ္စကို အကြောင်းပြု၍ ပါပါ့ကို တစ်နေ့တစ်ခါလောက် ခေါ်ပြီး မေးမြန်းပါတယ်။ အမှန် ပါပါ့ အထက်က ရုံးအုပ်ကို ခေါ်ရန် ဖြစ်သော်လည်း ပါပါကိုပဲ ခေါ်မေးပါတယ်။ ဒီလိုနဲ့ သခင်ဗိုလ်နဲ့ စတင် ရင်းနှီးပါတယ်။ ရုံးမှာ စတင်ရင်းနှီးရာမှ သတင်ခင်ဗိုလ်က သူနေတဲ့အိမ်ကို အလည်လာရန် ခေါ်ပါတယ်။
သူနေတဲ့အိမ်ဟာ စမ်းချောင်း၊ စမ်းရေတွင်းလမ်းမှာ ဖြစ်ပါတယ်။ (ယင်းအိမ်ဟာ ဂျပန်တော်လှန်ရေး အပြီးမှာ သခင်သန်းထွန်း နေပါတယ်။ သခင်ဗိုလ်နဲ့ ရင်းနှီး သည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်က ပါပါ့ကို နိုင်ငံရေး သဘောတရား တစ်လုံးစ၊ နှစ်လုံးစ ပြောလာပါတယ်။ ကန်တီဘူတာရီ ဂိုဏ်းချုပ် ??? ( ) ရေးတဲ့ ကမ္ဘာ့ခြောက်ပုံတစ်ပုံရဲ့ ဆိုရှယ်လစ်တိုင်းပြည် ( ) စာအုပ်ကို ဖတ်ရန် ပါပါ့ကို ပေးပါတယ်။ ယင်းစာအုပ်ကို ပါပါ နှစ်ခေါက်ဖတ်ပြီး ဆိုရှယ်လစ် သဘောတရားကို ပါပါ စတင် စိတ်ဝင်စားလာပါတယ်။
ဆိုရှယ်လစ် သဘောတရားကို စိတ်ဝင်စားသည်ထက် ဂျပန်တွေ ရက်စက် ကြမ်းကြုတ်တာကို မြင်ရ၊ ကြားရတော့ ဂျပန်ကို တော်လှန်ချင်တဲ့ စိတ်ဟာ ပိုပြီး ပြင်းပြပါတယ်။ ဂျပန်ကို တော်လှန်ရတယ်ဆိုလျှင် ဘယ်ကဏ္ဍကပဲ နေရ၊ နေရ နေဖို့ အဆင့်သင့်ဖြစ်တယ် ဆိုပြီး သခင်ဗိုလ်ကို ပါပါ ပြောပြပါတယ်။ သခင်ဗိုလ်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်ရဲ့ အိမ်ဟာ ပါပါရဲ့ စားအိမ်သောက်အိမ် ဖြစ်လာပါတယ်။ တခါတလေ ညအိပ်ညနေ နေပါတယ်။ သခင်ဗိုလ်ဟာ အိမ် အပေါ်ထပ်မှာ အိပ်ပါတယ်။ ဘုရားစင်လည်း ရှိပါတယ်။
“ကျွန်တော်တို့ဟာ ကွန်မြူနစ် ဖြစ်သော်လည်း၊ ဘုရားတရား ကြည်ညိုလေးစားတဲ့ လူတွေပါ” လို့ ဘုရားစင်ကို ပြရင်း သခင်ဗိုလ်က ပါပါ့ကို ပြောပါတယ်။)
သခင်သန်းထွန်းရုံးမှာ ပါပါ သုံးလေးလ လုပ်ပြီးချိန်မှာ လယ်မြေနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာန လက်အောက်မှာ မြင်းမွေးမြူရေးဌာနခွဲ ဖွင့်လှစ်လိုက်ပါတယ်။ မြင်းမွေးမြူရေးဌာနခွဲ ညွှန်ကြားရေးဝန် အဖြစ် မြင်း ၀ိဇ္ဇာ ဦးဘ၀င်းကို ခန့်ပြီး ဒုတိယ ညွှန်ကြားရေးဝန် အဖြစ် မစ္စတာကလူး(စ)မင်းခေါ် ဦးသာထူးကို ခန့်ပါတယ်။ (ဦးသာထူးဟာ အင်္ဂလိပ်လက်ထက်မှာ ရဲဝန်ထောက်ဖြစ်ပါတယ်။) မြင်းမွေးမြူရေး ဌာနခွဲရုံးမှာ ရုံးအုပ်အဖြစ် သခင်သန်းထွန်းက ပါပါ့ကို ခန့်အပ်ပါတယ်။
မြင်းမွေးမြူရေးဌာနခွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဂျပန် စစ်အောင်နိုင်ရေးအတွက် လိုအပ်တဲ့ မြင်းများ မွေးမြူသားစပ်ပေးရေး ဖြစ်ပါတယ်။ ကျန်လုပ်ငန်း အကောင်အထည် ပေါ်လာရန်အတွက် တစ်ပြည်လုံးမှာ ရှိတဲ့ မြင်းများကို စာရင်းကောက်ယူပြီး မွေးမြူ သားစပ်ရန် သင့်လျော်သော မြင်းများကို မှတ်ပုံတင်ရန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်က သားစပ်ရန်အတွက် မျိုးကောင်းသော မြင်းထီးများကို ပေးထားပါတယ်။ မြင်းပိုင်ရှင်များ မြင်းမှတ်ပုံတင်ရမည်ဖြစ်တော့ ရန်ကုန်ရှိ မြင်းပိုင်ရှင်များ ပါပါတို့ရုံးမှာ လာပြီး မှတ်ပုံတင်ကြပါတယ်။ ဂျပန်ခေတ် မြို့ထဲ သွားလာရေးမှာ မြင်းလှည်းဖြင့်သာ သွားလာရပါတယ်။
ဆင်မလိုက် ၀က်သတ်ရုံမှ ရန်ကုန်သို့ ၀က်သား ပို့သော မြင်းလှည်းပိုင်ရှင်များနဲ့ ပါပါတို့ရုံးက လူတွေနဲ့ အပေါင်းအသင်း ဖြစ်ကြလို့ ပါပါတို့ လိုချင်တဲ့ ၀က်သားကို လွယ်ကူစွာဖြင့် ၀ယ်လို့ရပါတယ် (ဂျပန်ခေတ်မှာ စားဆီ ရှားပါးသဖြင့် ၀က်သားဝယ်သော အခါ အဆီကို ထုတ်ထားသော ၀က်သားသာ ၀ယ်လို့ ရပါတယ်။ ဒါကြောင့်ဂျပန်ခေတ် ၀က်သားဟာ တကဲ့ဝက်သားလို့ ဆိုစမှတ် ဖြစ်ခဲ့တယ်။)
Posted by (လင်္ကာဒီပ) at 12:09 AM 0 comments
Labels: history