စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)

Saturday, January 31, 2009

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံ ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။

ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့ လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်း ကြာသွားပါတယ်။

နောက် ခရီးဆက်လက်ထွက်ခွာသွားရာ ကျောက်ဆည် မရောက်မီ မိုးလင်း၍ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက် ရပ်နားပါတယ်။ ပါပါတို့ ရန်ကုန်မှ ထွက်လာစဉ် ခရီးကြုံသဖြင့် ကျောက်ဆည်အထိ လိုက်ရန် ဂျပန်တော်လှန်ရေး ရဲမေတယောက် ပါလာပါတယ်။ သူ့ အကြံပေးချက်အရ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက် ရပ်နားခြင်း ဖြစ်တယ်။ ညနေဘက်မှာ ပါပါတို့ ဆက်လက် ခရီးထွက်ခွာသွားရာ မန္တလေးသို့ ချောမောစွာ ရောက်ရှိသွားပါတယ်။



မန္တလေးမှ မြစ်ကြီးနား

မန္တလေးရောက်သောအခါ ဗိုလ်ကြီးတင်ထွန်းက ပါပါတို့ကို အိမ်တအိမ်မှာ သွားရောက်ပို့ထားပါတယ်။ ပါပါမှတ်မိသလောက် ရုံးတော်ကြီး ရပ်ကွက်ရှိ အိမ်တအိမ်မှာ ဖြစ်တယ်။ အဲဒီအိမ်မှာ အစောင့်တယောက်ထဲ ရှိပါတယ်။ ရုံတော်ကြီးရပ်ကွက်အိမ်မှာ နေစဉ်ညတိုင်း ဗိုလ်ကြီး တင်ထွန်းလာပြီး ရှေ့ဆက်လက်သွားမည့် ခရီးစဉ်ကို ဆွေးနွေးပါတယ်။ တပေခွဲပတ်လည်ရှိ ပိုးဖျင်အဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက် ဗမာပြည် မြေပုံကိုပါ ယူလာတယ်။ ကသာဘက် အင်္ဂလိပ် တပ်မဟာမှ ဝင်းဂိတ်တပ်သားများ ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းလာစဉ် တိုက်ပွဲတခုမှ ရထားသော မြေပုံလို့ ပြောပါတယ်။ မြေပုံဟာ အသေးစိတ်ဖြစ်ပြီး ရေစိုသော်လည်း ပျက်စီးခြင်း မရှိလို့ သိရပါတယ်။ ရုံတော်ကြီးရပ်ကွက် အိမ်မှာ လေးငါးရက်ကြာ နေပြီး ဗိုလ်မှူးဗထူး အမြောက်တပ်သို့ ပြောင်းရွှေ့ နေထိုင်ကြတယ်။

ဗိုလ်မှူးဗထူးတပ်သို့ ရောက်သောအခါ ဗိုလ်မှူးကိုယ်တိုင် နေရာထိုင်ခင်း စီစဉ်ပေးတယ်။ ပါပါတို့ကို တဲတန်းလျား သပ်သပ် တလုံး ပေးထားတယ်။ စားချိန်မှာ ရဲဘော်တယောက် စားစရာတွေ လာပို့ပေးတယ်။ ရှေ့ဆက်ရမယ့်ခရီးကို စီစဉ်နေဆဲဖြစ်၍ ဗိုလ်မှူး ဗထူးတပ်မှာပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ ပါပါတို့က ဘီဒီအေ ယူနီဖောင်းဝတ်ထားသော်လည်း ဂျပန်စစ်ရေးပြနည်း မသိ နားမလည်တဲ့အတွက် ဗိုလ်မှူးချစ်ကောင်းက သင်ကြား ပြသပေးတယ်။ ချီတက် လမ်းလျှောက်နည်း၊ သေနတ်ကိုင်တွယ်နည်း၊ အလေးပြုနည်း၊ အစရှိသည်တို့ ဖြစ်ပါတယ်။ ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် တနင်္ဂနွေနေ့ ပါပါနှင့် ဦးကျော်ရင်အောင် ပင်လယ်ရွာကို အလည်သွားတယ်။ ပါပါ မြင်းမွေးမြူရေးဌာနမှာ အလုပ်လုပ်စဉ် သိကျွမ်းခဲ့သော ဦးကင်းထံ သွားရန် ဖြစ်တယ်။

အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့ ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကွင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက် ချလိုက်တယ်။

ဦးကင်းဟာ မြင်းမွေးမြူရေးနဲ့ သားစပ်ရေး စခန်းသုံးခုအနက် မန္တလေး စခန်းကို အုပ်ချုပ်တဲ့ အရာရှိဖြစ်ပါတယ်။ သူ့မြင်းမွေးမြူရေး စခန်းဟာ အောင်ပင်လယ်မှာ ရှိပါတယ်။ ဦးကင်းဟာ ပါပါ့ကို တွေ့တော့ အံ့အားသင့်တယ်။ ပါပါလည်း စစ်ထဲဝင်တဲ့ အကြောင်း ဗိုလ်ဗထူး တပ်မှာ ရောက်နေတဲ့ အကြောင်း ပြောပြတယ်။ ပါပါတို့သွားတာ အရပ်ဝတ် အရပ်စားနဲ့ ဖြစ်တဲ့အတွက် မန္တလေးရောက်လာတဲ့အကြောင်း ဦးကင်း မမေးမီ ပါပါ ကြိုတင် ပြောခြင်းဖြစ်ပါတယ်။ ပါပါတို့ သွားတာ မနက်ပိုင်းဖြစ်တော့ ထမင်းစားပြီးမှ ပြန်ဖို့ ဦးကင်းက ပြောပါတယ်။

သူ့ မြင်းမွေးမြူရေးခြံ သွားကြည့်တော့ မြင်းတွေဟာ နာမကျန်းဖြစ်ပြီး နှစ်ကောင် သုံးကောင် သေသွားတဲ့ အကြောင်း သူပြောပြတယ်။ ရန်ကုန် မြင်းမွေးမြူရေးစခန်းမှာလို မြင်းသား စားချင်တာနဲ့ မြင်း နာမကျန်းဖြစ်ပြီး သေတာလား လို့ ပါပါက သူ့ကို ရယ်စရာအဖြစ် ပြောသေးတယ်။ သူ့ဆီမှာ ထမင်းစားပြီး မွန်းလွဲပိုင်းမှာ ပါပါတို့ ပြန်လာတယ်။ ပါပါတို့ ပြန်လာတော့ လမ်းပေါ် ခပ်လှမ်းလှမ်းမှာ ဂျပန်စစ်သားတစု မန္တလေးဘက် လမ်းလျှောက် ပြန်တာ တွေ့ရတယ်။ ခဏနေ ဂျပန်တွေက 'ရှီကောကူ၊ ရှီကောကူ' လို့ အော်ရင်း လမ်းဘေး ဆင်းပြေးပြီး ဝပ်နေကြတယ်။ ပါပါတို့လည်း အံ့အားသင့်ပြီး ကြောင်တောင်တောင် ဖြစ်နေတယ်။ ဒါနဲ့ ပါပါတို့က ဟိုကြည့် ဒီကြည့်နဲ့ ကောင်းကင်မှာ ကိုယ်ထည် နှစ်ခုရှိတဲ့ မဟာမိတ် စစ်လေယာဉ်ပျံ သုံးစင်း တွေ့တော့ ဂျပန်တွေဟာ လေယာဉ်ပျံတွေ့လို့ ထွက်ပြေးတယ် ဆိုတာ သိရတယ်။ (လေယာဉ်ပျံဟာ ဂျပန်လို ရှီကောကူလို့ ခေါ်ပါတယ်။)

မန္တလေးမှ နေ၍ ဆက်ရန်ခရီးမှာ နှစ်လမ်းရှိပါတယ်။ တလမ်းက ကလေးဝဘက်ဖြစ်ပြီး တလမ်းက မြစ်ကြီးနားဘက် ဖြစ်တယ်။ မြစ်ကြီးနားဘက်လမ်းဟာ အဆင်ပိုပြေမှာ ဖြစ်တဲ့အတွက် ဗိုလ်မှူး ဗထူးတို့က မြစ်ကြီးနားလမ်းကို ရွေးချယ်လိုက်တယ်။ မြစ်ကြီးနားဘက် သွားမှာဖြစ်တဲ့အတွက် ကသာ၊ မြစ်ကြီးနား ဒေသကို ကျွမ်းကျင်တဲ့လူ လိုလာပါတယ်။

အဲဒီအချိန်မှာ ပါပါ မြစ်ကြီးနား စစ်ပြေးဘဝမှာ သိရှိခဲ့တဲ့ ကိုလှဖေဟာ ဗိုလ်မှူး ဗထူးတပ်မှာ ဗိုလ်ဖြစ်နေပါတယ်။ ကိုလှဖေဟာ ပါပါ စစ်ပြေးအဖြစ် မြစ်ကြီးနားမှာအတူ နေခဲ့တဲ့ ဦးစက်ဝမ်ရဲ့ ညီ ဖြစ်ပါတယ်။ ပါပါ မြစ်ကြီးနားဘက်ကို သွားမှာ ဖြစ်တော့ ဗိုလ်လှဖေကို ခေါ်သွားဘို့ ဗိုလ်မှူးဗထူးက သဘောတူ ခွင့်ပြုတယ်။ ၎င်းပြင် ကသာဒေသကို ကျွမ်းကျင်တဲ့ စစ်သား ရဲဘော်မောင်ကျောက်ကိုပါ လိုက်ဖို့ တာဝန် ပေးပါတယ်။

၁၉၄၄ ခု၊ အောက်တိုဘာလ (၉) ရက်နေ့ နံနက်မှာ ပါပါတို့ လူစု မန္တလေးမှ စတင် ခရီးထွက်ပါတယ်။ ရန်ကုန်မှ မူလလူစုအပြင် နောက်တိုးအဖြစ် ဖြူးမှ ကိုစောဟန် (ထောင်တွင်းကွယ်လွန်)၊ ဗိုလ်လှဖေ၊ မောင်ကျောက်တို့ ဖြစ်ပါတယ်။ (ဗိုလ်လှဖေဟာ ယခု လူထု ဦးလှနဲ့ မယား ညီအစ်ကို တော်ပါတယ်။)

ပါပါတို့ လူစုဟာ ကိုယ်စီ နာမည်ဝှက် ရှိပါတယ်။ ပါပါ့နာမည်ဝှက်ဟာ 'မောင်တင်' ဖြစ်တဲ့အတွက် တလမ်းလုံး ပါပါကို 'ကိုတင်' လို့ ခေါ်ကြပါတယ်။ မန္တလေးမှ ထွက်စဉ် ဗိုလ်မှူး ဗထူးက ပါပါတို့ကို လက်နက် ခဲယမ်း မီးကျောက် အပြည့်အစုံ ပေးပါတယ်။ ပါပါက ဒဿမ ၃၂ ပစ်စတို သေနတ်၊ ယမ်းတောင့် ခြောက်တောင့် ရပါတယ်။ စစ်ကိုင်းဘက်ကို သမ္ဗာန်ဖြင့် ကူးကြတယ်။ ညဘက်မှာ ရွာထောင်မှ နေ၍ မီးရထား စီးကြတယ်။ သန်းခေါင်ယံ အချိန်မှာ ရွှေဘိုကို ရောက်သွားတယ်။ မိုးလင်းတော့ ဖျားနာနေတဲ့ ဂျပန်တွေ မီးရထားလမ်း ဘေးနားမှာ တုံးလုံး ပက်လက်နဲ့ တော်တော်များများ တွေ့ရတယ်။ တချို့လည်း တောင်ဝှေးနဲ့ လှုပ်လီလှုပ်လဲ့ လျှောက်နေတာကို တွေ့ရတယ်။ ထူးဆန်းတဲ့ မြင်ကွင်းဟာ ကျန်းမာ သန်စွမ်းတဲ့ ဂျပန်တွေက ဖျားနာ ချိနဲ့နေတဲ့ ဂျပန်တွေကို ကူညီ စောင့်ရှောက်ခြင်း မပြုတာဘဲ ဖြစ်တယ်။ နေ့လယ်မှာ ပါပါတို့ အနားယူတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ အိမ်တအိမ်မှာ ဆူဆူညံညံ ကြားတော့ ပါပါတို့ သွားကြည့်တယ်။ ဂျပန်တယောက် မီးဖိုချောင်မှာ ခူးခပ်စားမယ် အလုပ်မှာ အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့ ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကွင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက် ချလိုက်တယ်။

ဂျပန်ခေတ် ညဘက်မှာ ယာဉ်ရထားများ သွားလာခုတ်မောင်းလို့ ညဘက်ကျ ပါပါတို့ မီးရထားနဲ့ ရွှေဘိုမှ ဆက်လက် ခရီးသွားကြတယ်။ ကန့်ဘလူသို့ မိုးလင်းခါနီးမှာ ရောက်သွားပါတယ်။ ကန့်ဘလူမှာလည်း ရွှေဘိုနည်းတူ ဂျပန်အနိဌာရုံများကို တွေ့ရှိရပါတယ်။ ကန့်ဘလူမှာ ခရီးသွား ခရီးလာများကို ဒကြောင်းပြုပြီး အိမ်တချို့မှာ ထမင်းဟင်း အစရှိသော စားသောက်ဖွယ်များကို ရောင်းချပါတယ်။ ပါပါတို့လည်း ထမင်းဟင်း ရောင်းတဲ့ အိမ်တအိမ်မှာ ဝင်ရောက် စားသောက်ပြီး အနားယူပါတယ်။

မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့ စကားပဲ ဖြစ်တယ်။

ညဘက်ကျ မီးရထားဖြင့် ဆက်လက်ခရီးထွက်ရာ တောလမ်းသို့ သန်ခေါင်ယံအချိန်မှာ ရောက်ရှိသွားပြီး မီးရထားသည် ဆက်လက်ခရီးမထွက်တော့ပါ။ အကြောင်းမှာ ကောလင်းနှင့် ဝန်းသိုကြားမှာ မီးရထားတံတားပျက်နေသောကြောင့် ဖြစ်ပါတယ်။ ပါပါတို့လည်း မီးရထား ပေါ်က ဆင်းကာ မီးရထားလမ်းအတိုင်း ဝန်းသိုသို့ လမ်းလျှောက်သွားပါတယ်။ ပျက်နေတဲ့ မီးရထားတံတား ကျတော့ လမ်းလျှောက်နိုင်ရန် ကုန်းဘောင်ပဲ ထိုးထားတဲ့အတွက် လိမ့်မကျရန် လေးဖက်တွား သွားရပါတယ်။ ဝန်းသိုဘူတာရောက်တော့ မိုးမလင်းသေးတဲ့အတွက် မီးရထားလမ်းဘေးမှာရှိ တောင်ကုန်းကလေးအောက် ကားလမ်းဘေးနားမှာ အဝတ်ခင်းပြီး ခါးဆန့်ကာ အနား ယူကြပါတယ်။ (ပါပါဝန်ကြီးဖြစ်ပြီး မီးရထားနဲ့ ဝန်းသိုသို့ ရောက်ရှိတဲ့အခါ အဲဒီနေရာကို သွားကြည့်ပါသေးတယ်။)

နံနက်လင်းတဲ့အခါ ရဲဘော်မောင်ကျောက် အသိရှိတဲ့ ကင်းရွာသို့ ဆက်လက် ခရီးထွက်ပါတယ်။ ကင်းရွာရောက်တဲ့အခါ မောင်ကျောက်အသိအိမ်မှာပဲ တည်းခိုပါတယ်။ တပ်မတော်သားများ ရောက်ရှိလာတဲ့အတွက် ရပ်ရွာလူကြီးများ လာရောက်ကြတဲ့ အပြင် အထူးအဆန်း အဖြစ် လာရောက်ကြည့်ရှုသူများလည်း ရှိပါတယ်။

ကင်းရွာမှာ သိရှိရသော သတင်းများမှာ အမေရိကန်တပ်များဟာ ပထမ မြစ်ကြီးနား လေယာဉ်ပျံကွင်းကို သိမ်းပိုက်ပြီး၊ မြစ်ကြီးနားမြို့ကို ရက်ပေါင်းများစွာ နေ့ရောညပါ ဗုံးကျဲ တိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ကြောင်း အင်္ဂလိပ်တပ်ဟာ မြစ်ကြီးနားမှ မီးရထားလမ်းအတိုင်း၊ အောက်ဘက်သို့ ထိုးစစ်ဆင်ရာ မိုးကောင်းမှာ အကြီးအကျယ် တိုက်ပွဲဖြစ်နေကြောင်း၊ အမေရိကန်တပ်က ချန်ကေရှိတ် တရုတ်တပ်များနဲ့ အတူ ဗန်းမော်ဘက်သို့ တပ်ဖြန့် စုံဆင်းသွားကြောင်း အစရှိသော သတင်းများ ဖြစ်ပါတယ်။

ဤသတင်းများကို ကြားသိရလို့ မူလက မီးရထားလမ်းအတိုင်း မြစ်ကြီးနားသို့ သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းပြီး တောလမ်းအတိုင်း ကသာဘက်သို့ သွားရန် အစီအစဉ် ထပ်မံလုပ်ရပါတယ်။ ကင်းရွာမှ ကသာသို့ တောလမ်းအတိုင်း သွားဖူးသူ ကိုချစ်မောင်ရှိကြောင်း သိရှိရ၍ လမ်းပြအဖြစ်လိုက်ရန် သူ့ကို ငှားရမ်းရာ သူက သဘောတူလက်ခံပါတယ်။

ပါပါ မန္တလေး ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် ဗိုလ်တယောက် ပြောတဲ့စကား ပါပါသွား သတိရတယ်။ 'ကိုတင် ကသာ၊ ဗန်းမော်၊ မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့ စကားပဲ ဖြစ်တယ်။ ဒီစကားကို ပါပါ မြေ၀ယ်မကျ တလမ်းလုံး နာခံသွားပါတယ်။ ပါပါတို့ အောက်ပြည် အောက်ရွာမှာတော့ စပ်တဲ့ ငရုတ်သီး တမျိုးကို 'ကုလားအော်' လို့ ခေါ်ပါတယ်။ ကသာဘက်မှာတော့ ကုလားအော် ငရုတ်သီး မရှိပါ။ စပ်တဲ့ ငရုတ်သီးဟာ 'ကရင်အော်' ပဲ ရှိတယ်လို့ ဒေသခံတွေက ပြောတော့ ပါပါ ရယ်ရပါတယ်။

ပါပါတို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံး လုပ်ပြီးသွားတဲ့အတွက် နောက်တနေ့ ကင်ရွာမှာ ခရီး ဆက်ထွက်ကြပါတယ်။ သွားရမယ့် တောလမ်း ခရီး တလျှောက်မှာ ဆန်ရှားပါးသဖြင့် ဆန် တယောက် တပြည်စီ ကင်းရွာမှာ ဝယ်သွားကြပါတယ်။

ဂျပန်ခေတ် စနစ်အရ တရွာမှ တရွာသို့ ဂျပန်များ၊ တပ်မတော်သားများ၊ မင်းမှုထမ်း၊ ရာထမ်းများ ခရီး သွားလာသောအခါ ရွာသူရွာသားများဟာ အထုပ် အပိုးတွေ ဝိုင်းကူ ထမ်းပေးရတယ်။ ပါပါတို့ကင်းရွာမှ စထွက်တဲ့ မနက် ပါပါတို့ အထုပ်အပိုးတွေကို နောက်တရွာအထိ လိုက်ပို့မယ့် လူတွေ ရောက်လာတယ်။ ချောဆင့်တဲ့စနစ် ဖြစ်လို့ ချောထမ်းတယ်လို့ ခေါ်တယ်။ ချောထမ်းမယ့် လူတွေ မိန်းမချည်းဖြစ်နေတာ တွေ့ရတော့ ပါပါတို့ အံ့အားသင့်ပြီး အားတောင့်အားနား ဖြစ်နေတယ်။ ရွာသူကြီးဟာ ပါပါတို့ အားနာနေမှန်း ရိပ်မိတော့ သူတို့ရပ်ရွာမှာ ယောက်ျားရော၊ မိန်းမပါ ဒီလိုပဲ ချောထမ်းရတဲ့အကြောင်း ပြောပြပါတယ်။ တော်ပါသေးတယ်။ ကင်းရွာမှာ မီးရထားလမ်း အရှေ့ဘက် တမိုင်ခန့်ပဲ ဝေးတဲ့ နောက်တရွာ အရောက်မှာ တာဝန် ပြီးဆုံးပါတယ်။

ဒီလိုနဲ့ တရွာဝင် တရွာထွက် သွားပြီး မဲဇာမြစ် အရှေ့ဘက်ကမ်း ဂျုံးဂျုံးကျရွာသို့ ရောက်ရှိပါတယ်။ ဂျုံးဂျုံးကျရွာဟာ ရွာကြီးတရွာ ဖြစ်ပါတယ်။ ရွာကို ရောက်တဲ့ အချိန်မှာ ဗိုလ်လှဖေ နေထိုင်မကောင်း ဖြစ်လာတယ်။ ဒီလိုေ နထိုင်မကောင်းတဲ့အတွက် သူ့အနီးဆုံး ဆွေမျိုး ဘယ်မှာ ရှိသလဲလို့ မေးတော့ တကောင်းမှာ ရှိပြီး နာမည်က ဦးအေး - ဒေါ်ဧမိ ဖြစ်ကြောင်း သူ ပြောပြပါတယ်။ ဤကဲ့သို့ မေးထားခြင်းမှာ သူ့ရောဂါ မသက်သာလျှင် သူ့ဆွေမျိုးထံ ပို့ထားရန် ဖြစ်ပါတယ်။ 'တကောင်း ဦးအေး၊ ဒေါ်ဧမိ' ဒီ စကားသုံးလုံးကို ပါပါ အသေနှုတ်ကျက်ထားတဲ့အတွက် အနှစ်သုံးဆယ် ကျော်လာသော်လည်း မမေ့ပါ။

ဂျုံးဂျုံးကျကနေပြီး ပါပါတို့ ခရီးဆက်ထွက်ရာ ဂဟဲရွာသို့ ရောက်သွားပါတယ်။ ဂဟဲရွာဟာ ကသာမြို့ အနောက်တောင်ဘက် (၁၅) မိုင်အကွာမှာ ရှိပါတယ်။ ဂဟဲရွာ ပါပါတို့ ရောက်သွားတဲ့ အချိန်မှာ ရွာသူရွာသားတွေ သိပ်မရှိတော့ပါ။ ကသာမှာ ရှိတဲ့ ဂျပန်တွေ မကြာမကြာ လာပြီး အနှောင့်အယှက် ပေးလို့ နီးစပ်ရာ ရွာမှာ တိမ်းရှောင် ထွက်ပြေး နေကြတယ်။ ဂဟဲရွာသူကြီးတော့ ရှိတယ်။ ပါပါတို့ ရောက်တဲ့အချိန်မှာ သူကြီးဟာ မိန်းရခါစဖြစ်လို့ ပါပါတို့ ထမင်း ပါပါတို့ဖာသာ ချက်စားရပါတယ်။ ဂဟဲရွာမှာ ကြားသိရတဲ့သတင်းဟာ ကသာမြို့မှာ ဂျပန်စစ်တပ်ပဲ ရှိတယ်၊ ခရိုင်အပါအဝင် အစိုးရရုံးအားလုံး ထီးချိုင့် အရှေ့ဘက်ကမ်း မြအောင်တောရမှာ ပြောင်းရွှေ့ ရုံးစိုက်ကြောင်း ကြားသိရတယ်။

ဗိုလ်လှဖေရောဂါဟာ ဂဟဲရွာရောက်ပြီး နောက်တနေ့မှာ ပိုဆိုးဝါးလာပြီး ငန်းဖမ်းလာတယ်။ တလမ်းလုံး ပါပါလျှို့ဝှက်နာမည် 'ကိုတင်' လို့ပဲ ပါပါ့ကို ခေါ်ပြီး ငန်းဖမ်းတော့ ပါပါ့ကို 'ကိုဝင်းမောင်' လို့ ခေါ်ပါတော့တယ်။ ရွာသူရွာသားများရှေ့မှာ ပါပါက 'ကိုတင်' ဖြစ်ပြီး ဗိုလ်လှဖေက ပါပါကို 'ကိုဝင်းမောင်' လို့ ခေါ်တော့ တော်တော် အနေခက်ပါတယ်။

ဗိုလ်လှဖေ ငန်းဖမ်းတော့ ပါပါတို့နောက် ဆက်လက်လိုက်မှာ မဟုတ်တော့ပါ။ ပါပါတို့ကတော့ သွားရမယ့်ခရီးကို ဆက်လက်သွားမည်သာ ဖြစ်ပါတယ်။ ဒီတော့ ဗိုလ်လှဖေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာဟာ ပေါ်လာပါတယ်။ ဂဟဲရွာပြင်မှာ စမ်းချောင်းတချောင်း ရှိပါတယ်။ ပါပါတို့ ရေသွားချိုးတဲ့ စမ်းချောင်းဖြစ်ပါတယ်။ ဗိုလ်လှဖေကိစ္စ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ရန် ပါပါတို့ အားလုံး စမ်းချောင်းကို သွားကြတယ်။ သခင်ဗိုလ်က သူ ခေါင်းဆောင်ဖြစ်တဲ့ အလျောက် သူစတင်ပြောပါတယ်။

သူ့သဘောကတော့ ဗိုလ်လှဖေကို ဂဟဲသူကြီးထံမှာ အပ်နှံထားပြီး ပါပါတို့ ဆက်လက် ခရီးထွက်ရန် ဖြစ်ပါတယ်။ သူ့အကြောင်းပြချက်က ပါပါတို့ ခုခရီးထွက်နေတာ စစ်မြေပြင်နဲ့ တူတယ်။ စစ်မြေပြင်မှာ ဒဏ်ရာ ရထားတဲ့ စစ်သားတွေဟာ သူ့ထိုက်နဲ့ သူ့ကံ စစ်မြေပြင်မှာပဲ ထားခဲ့ရတဲ့အကြောင်း သူပြောတယ်။ သခင်ဗိုလ် ပြောပြီး ပါပါပြောပါတယ်။ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ထားခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်ပွဲ မပြင်းထန်ရင် သယ်ယူကြတဲ့အကြောင်း၊ ဗိုလ်လှဖေကို ဂဟဲရွာသူကြီး လက်ထဲ အပ်ထားရင် ဗိုလ်လှဖေသေမှာ သေချာတဲ့ အကြောင်း၊ ဂဟဲရွာသူကြီးဟာ မိန်းမရခါစဖြစ်လို့ ပါပါတို့ ရောက်လာတာတောင် ဧည့်ဝတ် မကျေတဲ့အကြောင်း ဗိုလ်လှဖေ ငန်းမဖမ်းမီ သူ့ဆွေမျိုးများ တကောင်းမှာရှိကြောင်း ပါပါ့ကို ပြောထားတဲ့အတွက် ပါပါသူ့ကို တကောင်းပို့ပြီးမှ ဆက်လက် ခရီးထွက်မယ့် အကြောင်း ပါပါနောက် လိုက်ချင်တဲ့လူ ရှိရင် လိုက်နိုင်ကြောင်း ပါပါက ပြောတယ်။ ဒါနဲ့ ဗိုလ်မှူး ချစ်ကောင်း၊ ဦးအုန်းမောင် (လေထီး) တို့က ပါပါ့နောက် လိုက်မယ် လို့ ပြောကြတယ်။

သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။

'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။

သခင်ဗိုလ်နဲ့ ပါပါတို့ လူစုချင်း ခွဲကြတော့မယ် ဖြစ်တဲ့အတွက် ရန်ကုန်မှ ထွက်လာစဉ် လမ်းမှာ သုံးစွဲဖို့ ငွေနဲ့ ရွှေစများ သခင်သန်းထွန်းက ပေးလိုက်ပါတယ်။ ရွှေစထဲမှာ လက်ကောက်များ၊ ရွှေဒဂါးများ ပါရှိပါတယ်။ သခင်ဗိုလ်က ပါပါ့ကို တဝက်ခွဲ ပေးပါတယ်။ နောက် ဗိုလ်မှူး တပ်မှ ယူလာခဲ့တဲ့ ပိုးဖျင် ရွှေဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက်ဗမာပြည် မြေပုံကိုလည်း ပါပါ တောင်းယူတယ်။ ဂဟဲရွာပြင် စမ်းချောင်းမှာ စည်းဝေး ဆုံးဖြတ်တဲ့ အချိန်မှာ ညနေဘက် ဖြစ်ပါတယ်။

နောက်တနေ့နံနက် ပါပါတို့ အားလုံး နောက်ကြောင်း ပြန်လာကြပါတယ်။ ဂျုံးဂျုံးကျကို ညနေမှ ရောက်ပါတယ်။ ဗိုလ်လှဖေကိုတော့ လူငှားပြီး ထမ်းစင်နဲ့ ခေါ်လာရပါတယ်။ ဗိုလ်လှဖေကို လိုက်ပို့ရန် ပါပါရဲ့ တာဝန် ဖြစ်တဲ့အလျောက် လိုအပ်တဲ့ ကိစ္စတွေကို ပါပါ လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြစ်ဆိပ်မှာ ဗိုလ်လှဖေ အိပ်ပြီး လိုက်ပါသွားနိုင်အောင် ကြီးတဲ့ လှေ မတွေ့ပါ။ လူဆယ်ယောက် တင်နိုင်တဲ့ ခပ်ရွယ်ရွယ် ငါးဖောင်တဖောင်တော့ တွေ့တယ်။ ဖောင်ရှင်ကို တွေ့တော့ ငါးတွေ ဘယ်မှာ သွားရောင်းမလဲလို့ မေးပါတယ်။ ဖောင်ရှင်က တကောင်းလို့ ပြောပါတယ်။ တကောင်း ရောက်ရင် ဘယ်လောက်ရမလဲလို့ မေးတော့ ကျပ်ငွေ တရာ့ငါးဆယ်ခန့် ရမယ်လို့ ပြောတယ်။ ဒါနဲ့ ပါပါက ငါးဖောင်ကို သူ့တောင်းဈေးပေးပြီး ဝယ်ပါတယ်။

အဲဒီအချိန်က တကောင်းဟာ အထက်ကုန်၊ အောက်ကုန် အရောင်းအဝယ် လုပ်နေတဲ့ နေရာ ဖြစ်ပါတယ်။

ဖောင်ဝယ်ပြီးနောက် ဗိုလ်လှဖေ တနေရာစာ အိပ်နိုင်ဖို့ အင်ဖက်အမိုး လုပ်ပေးရတယ်။ လမ်းမှာ မီးလှုံဘို့ သံပြား တပြားနဲ့ ထင်းတုံးများ စုဆောင်းရပါတယ်။ နောက် လက်ဖက်ရည်ကြမ်းအိုး လက်ဖက်ခြောက်ခွက် အစရှိသည်တို့ကို ဝယ်ခြမ်း စုဆောင်းရပါတယ်။

နောက် ပါပါက သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။ 'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲ ရောက်သွားတော့ ပူနွေးသွားတဲ့အတွက် အရက်သမားများဟာ အရက်ကို 'အတွင်းစောင်' လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ လိုက်လံ စုဆောင်းပြီး ဖောင်ထိုးရန် လူနှစ်ယောက် လိုက်ရှာ ရပါတယ်။ မဲဇာချောင်းအတိုင်း စုံဆင်းရန် ဖြစ်ပြီး မဲဇာချောင်းဟာ ရေစီးသန်တဲ့အပြင် ငုတ်လည်း ပေါများတယ်။ ဖောင်ထိုးသမားနှစ်ယောက် ငှားရမ်းပြီး ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်၊ ဗိုလ်လှဖေနဲ့ ပါပါတို့ ခရီးစတင် ထွက်ကြပါတယ်။ အချိန်က မိုးချုပ်ခါစ ဖြစ်ပါတယ်။ သခင်ဗိုလ်တို့ လူစုဟာ မြစ်ဆိပ်မှာ ပါပါတို့ကို လာရောက် နှုတ်ဆက်ကြပါတယ်။ နေ့ဘက်သွားရင် အင်္ဂလိပ် လေယာဉ်ပျံရဲ့ရန် ရှိတဲ့အတွက် ညဘက်သွားရခြင်း ဖြစ်ပါတယ်။

ဖောင် စထွက်ထွက်ခြင်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီးဦးအုန်းမောင်တို့ မီးမွှေးပြီး လက်ဖက်ရည်ကြမ်းအိုး စတယ်ကြပါတယ်။ မီးဖိုဟာ ဗိုလ်လှဖေနဲ့ အလှမ်းဝေးပြီး လေအောက်မှာ ရှိပါတယ်။ ဗိုလ်လှဖေ အခြေအနေမှာ စိုးရိမ်စရာ အဆင့် ရှိနေပါတယ်။ ဖောင်စထွက်ပြီး တနာရီခန့်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်တို့က လက်ဖက်ရည်ကြမ်း စတင် သောက်ကြပါတယ်။ ဂျုံးဂျုံးကျမှာ ဆတ်သားခြောက် တပိဿာ ဝယ်ယူရရှိတဲ့အတွက် ဆတ်သားခြောက်ကို မီးဖုတ်၊ ကင် အမြီး အဖြစ် စားကြတယ်။ ပါပါလည်း အဲဒီ အချိန်မှာအတွင်း စောင်စခြုံပါတယ်။ အမြည်းကတော့ ဆတ်သားခြောက်ပင် ဖြစ်ပါတယ်။ အတွင်းစောင်ခြုံရင်း တချက်တချက် ဗိုလ်လှဖေကို လှမ်းကြည့်ရတယ်။ ဗိုလ်လှဖေရဲ့ ချောင်းဆိုးသံ တချက်တချက် ကြားရတော့ ဗိုလ်လှဖေ မသေသေးဘူးဆိုတာ သိရတယ်။ ဖောင်ထွက်ခါစ ထွေရာလေးပါး စကားပြောကြသော်လည်း တစတစ ညဥ့်နက်လာတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် နေကာ အတွေးရေယာဉ်ကြော မြောလျက် နေကြပါတယ်။

တိတ်ဆိတ် ငြိမ်သက်နေတဲ့ကြားမှ တဖြောက်ဖြောက်နဲ့ ကျဆင်းနေတဲ့ ဆီးနှင်းများဟာ မိုးသီး မိုးပေါက်များ ကျသကဲ့သို့ ပြင်းထန်လှပါတယ်။ တချက်တချက် ဂျီဟောက်သံကြားရပြီး ငှက်အော်သံလည်း ကြားရပါတယ်။ 'မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်း၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ တရှာမိတော့' အစရှိတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ရတုကို ပြေး၍ သတိရပါတယ်။ ပါပါတို့ အဖော်သားသုံးယောက်ဟာ ကိုယ်ပေါ်မှာရှိတဲ့ အဝတ်ပဲ ရှိကြပါတယ်။ စောင်ကို ဗိုလ်လှဖေအား ပေးခြုံရပါတယ်။ ပါပါက အတွင်းစောင် ရှိလို့ ခံသာသော်လည်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီး ဦးအုန်းမောင်တို့က တော်တော်လေး ခိုက်ပုံရပါတယ်။

ဒီလိုနဲ့ ငုတ်တုတ်ထိုင်ကာ ကြက်အိပ်ကြက်နိုး အိပ်ရင်း မိုးလင်းတော့ ဇီးသောင်ရွာကို ရောက်ရှိပါတယ်။ ဇီးသောင်ရွာဟာ မဲဇာမြစ် ဘယ်ဘက်ကမ်းမှာ ရှိပါတယ်။ ဇီးသောင်ရွာ ဘုန်းကြီးကျောင်းမှာ ပါပါတို့ တည်းခိုပါတယ်။ ရပ်ရွာလူကြီးတွေ သတင်းမေး လာကြပါတယ်။ ဗိန္ဓောဆရာတယောက်က ဗိုလ်လှဖေကို လာရောက် ကုသပေးပါတယ်။ ဗိုလ်လှဖေဟာ ဇီးသောင်အရောက်မှာ နည်းနည်း သက်သာလာပုံ ရပြီး ဗိန္ဓောဆရာရဲ့ ကုသချက်ကြောင့်၊ ညနေဘက်မှာ တော်တော်ကလေး နေကောင်းလာပါတယ်။

ညဘက်တွင် ဖီးသောင်ရွာမှ စုံဆင်းရာ နံနက်မလင်းမီ ဧရာဝတီမြစ်နဲ့ မဲဇာမြစ်ဆုံရာ ညောင်ပင်သာသို့ ရောက်ရှိပါတယ်။ ဖီးသောင်ရွာမှာ ရပ်နားစဉ် ပါပါတို့ မြစ်ကြီးနားသို့ သွားရန် ခရီးလမ်းစဉ်အတွက် အဖော် သုံးယောက်သား တိုင်ပင်ကြပါတယ်။ ဤကဲ့သို့ တိုင်ပင်ရာတွင် ပါပါ ကသာမြို့မှ မြတော တောရသို့ ပြောင်းရွှေ့သွားသော အရာရှိများအနက် သစ်တောဝန်ထောက် ဦးစောအောင်ခင်လှကို ပါပါသိရှိတဲ့အကြောင်း၊ သူ့ဆီသွားပြီး ကသာ မြစ်ကြီးနား တောလမ်းအကြောင်း စုံစမ်းရန် သိရှိနိုင်တဲ့အကြောင်း ပြောပြတော့ ဦးစောအောင်ခင်လှဆီသွားရန် အားလုံး သဘောတူကြပါတယ်။

ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရဦးမှာ ဖြစ်တော့ ညောင်ပင်သာမှာ လူစုခွဲပြီး ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းဟာ မြတောင် တောရသို့ သွားပြီး လေထီးဦးအုန်းအောင်က ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရန် ဖြစ်တယ်။ ၎င်းနောက် ဦးစောအောင်ခင်လှနဲ့ တွေ့ဆုံ မေးမြန်းပြီးသောအခါ ပါပါတို့ တကောင်း စုံဆင်းလာမှာဖြစ်တဲ့အတွက် လေထီး ဦးအုန်းမောင်က ပါပါတို့ကို တကောင်းမှာပဲ စောင့်ရမှာ ဖြစ်ပါတယ်။

ညောင်ပင်သာရွာမှာရောက်ပြီး နံနက်လင်းသောအခါ ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းတို့ မြောက်ဘက်အရပ် မြတောင် တောရသို့ သွားကြပါတယ်။ လေထီးဦးအုန်းမောင်က ဗိုလ်လှဖေကို ညကျမှ တကောင်းသို့ စုန်ဆင်းပြီး လိုက်ပို့ရမှာ ဖြစ်တဲ့အတွက် ညောင်ပင်သာမှာပဲ ကျန်ရစ်ခဲ့ပါတယ်။

0 comments: