စောဘဦးကြီး၏မူ(၄)ရပ်

For us surrender is out of question.
(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ)
We shall retain our arm.
(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်)
The recognition of Karen State must be complete)
(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)
We shall decide our own political destiny.
(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

Archives

ကေအန်ယူဝေါ်လေခီးစခန်း တစိတ်တပိုင်းကိုဒီကေဘီအေနဲ့ နအဖသိမ်းပိုက်

Thursday, April 30, 2009

ဒေသခံများအခေါ် ဒီကေဘီအေဓားပြ တပ်များထိုင်း ပိုင်နက်နယ်မြေကိုကျူးကျော် မှုကြောင့် မဲဆောက်နှင့် အနီးတ၀ိုက်တွင် ထိုင်းစစ်အင်အားတိုးမြှင့်ချထား

Wednesday, April 29, 2009

FREEDOM NEWS GROUP
April 28, 2009
၂၈ ဧပြီ မဲဆောက်၊ ၊စောမူဂေး

ယမန်နေ့ ညက နယ်စပ်ရှိ ဖဒီးရွာ သို့ ဖီးစနူလော(ခ်)မှ တပ်ရွှေ့လာသော ထိုင်းဟမ်းဗီးစစ် ကားတစ်စီး ဓာတ်ပုံ-ကာရင်း ခရောခ်

တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ သည် တစ်လနီးပါးကြထိုးစစ်ဆင် နေသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်
တပ်မဟာ ၆ နယ်မြေရှိ တပ်ရင်း ၂၀၁ ဝေါလေခီး စခန်းကို ဝေါလေခီး စခန်းကို မရသည့် အဆုံး တွင် ထိုင်းပိုင်နက် ကိုကျူးကျော်၍၀င်ရောက် တိုက်ခိုက်ရာ မှ ထိုင်းစစ်တပ်နှင့် ထိတွေ့ မှုဖြစ်ပွား သည် ဟုသတင်းရရှိသည်။

ထိုင်းစစ်တပ် နှင့်တိုက်ခိုက်မှု ဖြစ်ပွားစဉ် ထိုင်းစစ်သားသုံးယောက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နှစ်ဦးမှာ မဲဆောက်ဆေး ရုံနှင့်

တစ်ဦး မှာ တခ်ခ ရိုင်ဆေး ရုံကြီးတွင် တက်ရောက်ကုသခံနေရသည်။

ဝေါလေ ခီးစခန်းကို ဒီကေဘီအေ မှ တိုက်ခိုက်စဉ် မြန်မာ နအဖ စစ်တပ် မှ လက်နက် ကြီးပစ်ကူပေးသောကြောင့် ထိုင်းဘက်ခြမ်း ဖဒီး ရွာရှိ ရွာသားများ နှင့် လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှုရှိသည်။

မြန်မာစစ်တပ် ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရ သွားသည့် ထိုင်းရွာသား များကို မဲဆောက်ဆေးရုံကြီး မှ ဆေးကုသမှုပေးသည်။

ဒီကေဘီအေ တပ်များထိုင်း ပိုင်နက်နယ်မြေတွင်း သို့ ဝင်ရောက်လာ မှုကြောင့် မဲဆောက် ဖို့ ဖတ် စအို နှင့် အနီးတ၀ိုက် မြို့ ရွာများတွင် လုံခြုံရေးများတင်း ကျပ်စွာချထားသည် ။

မဲဆောက်တွင် မူ ထိုင်းရဲများက မြန်မာ လူမျိုးများကို ဖမ်းဆီးစစ်ဆေးမှု ပို၍ များပြားလာသည်။
မဲဆောက် တွင် အလုပ်လုပ် နေသော မြန်မာပြည်သား တစ်ဦး ဖြစ်သူ ကိုအေးမြင့် က “အခု သူ
တို့ နယ်မြေထဲ ကို ကျူးကျော် လို့ ထိုင်းရဲ က မြန်မာ ဆို ကဒ်ရှိ ရှိ ဘတ်ရှိ ရှိ အကုန်ဖမ်းနေတာ ကျွန်တော်တို့ ဆို အပြင် တောင် မထွက် ရဲ ဘူး”ဟု Freedom News Group သို့ ပြောသည်။

နအဖ စစ်တပ် ၏ ပစ်ကူ ပေးမှုဖြင့် ဒေသခံများအခေါ် ဒီကေဘီအေ ဓါးပြတပ် များမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) ကို ယခုလ လေး ရက်နေ့ ကတည်း ကတိုက်ခိုက် နေခြင်းဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးစခန်း ရန်သူ့လက်ကျ

29 April 2009
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့နဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့နေရာမှာ
ရှိတဲ့ ဝေါလေခီးဆိုတဲ့ ကေအန်န်ယူစစ်သားတွေ ပြောက်ကျားလှုပ်ရှားရာနေရာကို
မြန်မာနိုင်ငံဘက်ခြမ်းက ဒီကေဘီအေ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေ
ပစ်ခတ်ရင်း ထိုင်းမြေပေါ် လက်နက်ကြီးတွေ ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ထိုင်းနဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းစစ်သား ၂ ဦး
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၅၀ လောက်သာကွာဝေးတဲ့ ဝေါလေခီးဆိုတဲ့နေရာ
မှာ မြန်မာနိုင်ငံဘက်ခြမ်းက ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေက ကေအန်န်ယူ
တပ်စခန်းတွေကို ပစ်ခတ်ရင်း ထိုင်းနိုင်ငံပေါ်ကို လက်နက်ကြီးများ ကျခဲ့ပါတယ်။
ဒီ့အတွက် ထိုင်းနဲ့ ကရင်ဗုဒ္ဓဘာသာတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းစစ်သား
၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

အခုပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ကေအန်န်ယူတပ်စခန်းတွေနဲ့လည်း နီးကပ်နေပါတယ်။
ကေအန်န်ယူတပ်ရင်း ၂၀၁ နဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေဟာ ဒီရက်ပိုင်း
အတွင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ၂၅ ရက်နေ့က တိုက်ပွဲတခု ဖြစ်ခဲ့ကြောင်း၊
စစ်အစိုးရတပ်တွေက ဒီကေဘီအေတပ်တွေကို အကူပစ်ပေးခဲ့ကြောင်းတွေကိုလည်း
ပြောပြခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း
၂၀၁ က အရာခံဗိုလ် စောထီးခူး ပြောပြတာကတော့ …

“၂၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်၊ အခုလောလောဆယ် ၀င်တိုက်ဖို့ ကြိုးစားတယ်
ဆိုတာ နောက်ကွယ်မှာ နအဖက အားပေးတာပေါ့။ နအဖတွေက နောက်မှာ၊ ရှေ့မှာ
ကတော့ ဒီကေဘီအေတွေပဲ။”

အရင်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အုန်းဖျံဒုက္ခသည်စခန်းတွင်းမှာ ဒုက္ခသည်
တွေ မနေရဲဘဲ တောင်ပေါ်တွေမှာ ပြောင်းရွှေ့အိပ်တာတွေ လုပ်နေပါတယ်။ အခု
တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ရွာသားတွေလည်း နီးစပ်ရာ ဘုန်းကြီး
ကျောင်းတွေမှာ ခိုလှုံနေရပြီး မြန်မာဘက်ခြမ်း ဝေါလေခီးဘက်က ရွာသားတွေကတော့
ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေရှိရာကို လာနေကြပါတယ်။ အခုအခါမှာတော့
လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ရွာသား ၃၀၀ ထက်မနည်း ပြေးလွှားပုန်းခို
နေရပါတယ်။

နောက်ဆုံးရ ပြည်ပသတင်းမီဒီယာတွေမှာတော့ ဝေါလေခီးစခန်းကို မြန်မာစစ်အစိုးရနဲ့
ဒီကေဘီအေတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
ကေအန်န်ယူကို မေးကြည့်တော့ အမည်မဖော်လိုသူ ကေအန်န်ယူအရာရှိတဦး တုံ့ပြန်
ခဲ့တာက ဒီဝေါလေခီးစခန်းဟာ ထိုင်းနယ်စပ်နဲ့ အင်မတန်နီးသလို ပတ်ပတ်လည်မှာ
လည်း မြန်မာစစ်အစိုးရတပ်တွေ ၀န်းရံထားတဲ့ မီတာ ၂,၀၀၀ ပတ်လည် နေရာလေး
ဖြစ်တာကြောင့် နဂိုကတည်းက ကေအန်န်ယူတပ်တွေအနေနဲ့ မနေသင့်တဲ့နေရာ
ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဝေါလေခီးစခန်းတ၀ိုက်မှာ ပြောက်ကျား
လှုပ်ရှားနေတဲ့ ကေအန်န်ယူစစ်သား လေးငါးဆယ်လောက်ကိုလည်း ကရင်ပြည်နယ်
အတွင်းကို ပြန်သွားဖို့ ပြောနေတာ ကြာပြီလို့ ဆိုပါတယ်။

အခုလို တဘက်က စစ်အင်အား လေးငါးရာနဲ့ အင်အားမမျှဘဲ ထိုးစစ်ဆင်လာတော့မှ
ဝေါလေခီးစခန်းက ကေအန်န်ယူစစ်သားတွေ အားလုံးကို စွန့်ခွာစေခဲ့တာလို့ ဆိုပါ
တယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရနဲ့ ဒီကေဘီအေတပ်တွေအနေနဲ့ ဝေါလေခီးစခန်း
ရှိရာ နယ်မြေအားလုံးကို လုံးဝထိန်းချုပ်နိုင်ဖို့ဆိုရင်တော့ စခန်းပတ်ပတ်လည်မှာရှိတဲ့
မိုင်းတွေကို ရှင်းပစ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဝေါလေခီးစခန်းကို လုံးလုံးလက်လွှတ်လိုက်ရတယ်ဆိုရင်တောင် ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့
နစ်နာဆုံးရှုံးမှု မဟုတ်ဘူးလို့ ဆိုပါတယ်။

ဝေါ်လေခီးစခန်းအားကေအန်ယူ လက်လွန်ဆုံးရှုံး

NEJ /၂၉ ဧပြီ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) နှင့် နအဖတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး စခန်းအား ကေအန်ယူဘက်မှ ယမန်နေ့က လက်လွတ်ဆုံးရှုံးခဲ့သည်။

လက်နက်နှင့်လူအင်အား မမျှ၍ ယမန်နေ့နံနက် (၁၁) နာရီခန့်တွင် မိမိတို့တပ်စခန်းအား ယာယီစွန့်လွှတ်ခဲ့ရ ခြင်းဖြစ်သည်ဟု (၂၀၁) ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက ခေတ်ပြိုင်သို့ပြောသည်။

“မနေ့မနက်ကစပြီး နအဖဘက်က ခမရ (၂၃၁၊ ၅၄၉) နဲ့ ဒီကေဘီအေ တပ်ရင်း (၉၀၇၊ ၉၀၆၊ ၉၉၉၊ ၃၃၃) ပူးပေါင်းအင်အား (၂၀၀) ကျော် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလုံးအရင်းထိုးတော့ ယာယီဆုတ်လိုက်ရတာဖြစ်ပေမယ့် ကျနော်တို့မှာ အစီအစဉ်တွေရှိပါတယ်” ဟု ဒု-ရင်းမှူးက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နောက်ထိုင်မြန်မာစစ်တပ်က ဘုရင့်နောင်တောင်ကုန်းမှ (၈၁) မမဖြင့် ကူပစ်ပေးရာ လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံအတွင်း ကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်မှ ပြန်လည်သတိပေး ပစ်ခတ်ခဲ့သည်။

မိမိတို့ဆုတ်ခွာခဲ့သည့်စခန်းကို မြန်မာစစ်တပ်နှင့်ဒီကေဘီအေတပ်ဖွဲ့များ လောလောဆယ် ၀င်ရောက်တပ်စွဲခြင်း မရှိသေးကြောင်း ဗိုလ်ကြီးဘူးဖောက ပြောသည်။

ဝေါလေခီးစခန်းထိုးစစ်ကို နအဖနှင့်ဒီကေဘီအေက ယခုလ (၄) ရက်မှစတင်ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့က စခန်းကို ရရှိခြင်းဖြစ်သည်။

တလနီပါးခန့်် ကြာမြင့်ခဲ့သည့် ဝေါလေခီးစခန်းတိုက်ပွဲတွင် နအဖစစ်သည် (၂) ဦး အပါအ၀င် ပူးပေါင်းစစ်သည် (၁၀) ဦးကျဆုံးပြီး ဒီကေဘီအေတပ်ဖွဲ့ဝင် (၄၀) ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) မှ တပ်ကြပ်ကြီးစောဂျိမ်းနှင့် တပ်ဖွဲ့ဝင် (၂ ) ဦးကျဆုံးကာ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိကြောင်း ကေအန်အယ်လ်အေကဆိုသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရှိရန် ဒီကေဘီအေတပ်ရင်း (၉၀၇) တပ်ရင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဝေါလေခီးစခန်းအား ၎င်းတို့သိမ်းပိုက်လိုက်ကြောင်းသာ ပြောဆိုသည်။

ယမန်နှစ်ကလည်း နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့များ၏ထိုးစစ်ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို (၂) ရက်ခန့် လက်လွတ်ခဲ့ရပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဝေါလေခီးစခန်းသည် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးတွင်ရှိပြီး ကော့ကရိတ်မြို့နယ်အတွင်း ပါဝင်ကာ ကေအန်အယ်လ်အေ တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိသည်။

ယင်းဒေသအတွင်း မြေအောက်သယံဇာတ တူးဖော်သည့်မိုင်းလုပ်ငန်းများနှင့် အဖိုးတန် သစ်တောကြိုးဝိုင်းများ အများအပြားရှိပြီး နအဖနှင့်ကရင်ခွဲထွက်အဖွဲ့များက နယ်စပ်တလျှောက်တွင်ရှိသည့် ကေအန်အယ်လ်အေ တပ်စခန်းများကို အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။


မြန်မာ စစ်တပ်နှင့် ဒီကေဘီအေ ၁ဝ ဦး တိုက်ပွဲတွင် ကျဆုံး

Tuesday, April 28, 2009

ဒယ်နီယယ် ပီဒါဆင်
အင်္ဂါနေ့၊ ဧပြီလ 28 2009 16:05 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ မြန်မာစစ်တပ်နှင့် သူ၏ မဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်သည် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တောင်ဘက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အခြေစိုက်စခန်းကို သိမ်းဆည်းရန် ကြိုးပမ်းစဉ် စုစုပေါင်း တပ်သား ၁ဝ ဦး ကျဆုံးခဲ့သည်။

ဝေါလေခီး စခန်းကို သိမ်းပိုက်ရေးအတွက် လွန်ခဲ့သည့် ၁၆ ရက်ကြာ တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် ထောင်ခြောက်များကြောင့် မြန်မာစစ်သား ၄ဝ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့သလို၊ စုပေါင်းတပ်ဖွဲ့ တပ်သား ၁ဝ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထို ကာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ တပ်မတော်မှ ဗိုလ်မှူး စောဂျေး အပါအဝင် စစ်သား ၂ ဦး ကျဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာ ရခဲ့သည်။

ဝေါလေခီး စခန်းသည် ကေအန်အယ်အေ တပ်မဟာ ၆ နယ်မြေ ၂ဝ၁ တပ်ရင်း၏ အခြေစိုက်စခန်းဖြစ်ပြီး မဲဆောက်မြို့ တောင်ဘက် တနာရီမောင်းခန့် အကွာအဝေးတွင် တည်ရှိသည်။

ယမန်နေ့ တနေ့လုံး တိုက်ပွဲက ဆက်တိုက် ဖြစ်နေတာ၊ ယနေ့တွင်လည်း ထိုကဲ့သို ဖြစ်ပွားဖွယ်ရှိကြောင်း အကြီးတန်း ကေအန်အယ်အေ တပ်မှူးတဦးက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မြန်မာစစ်တပ်ဘက်မှ စစ်သား ၅ ဦးသည် ယမန်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲ၍ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သေးကြောင်း သိရသည်။

ယခုအခါ မြန်မာစစ်တပ်သည် ကရင်စခန်းကို နောက်ကျောမှပတ်၍ တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်။

သို့ရာတွင် ဝေါလေခီးသည် ထိုင်းနယ်စပ်နှင့် အလွန်တရာ နီးကပ်နေသဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာ အာဏာသည် အိမ်နီးချင်းနိုင်ငံ စစ်တပ်ဖွဲ့များကြောင့် ချိုးဖောက်ခံရဖွယ် ရှိနေသည်။

ကေအန်အယ်အေသည် သူ၏ စခန်းကို ထိန်းသိမ်းထားနိုင်ရေးအတွက် ဆက်လက် တိုက်ခိုက်နေသည်။

''အခြေအနေက အလွန်ကို ခက်ခဲနေပါတယ်။ တိုက်ပွဲက ရပ်ဆိုင်းသွားမယ့် သဘောတော့ လုံးဝ မရှိပါဘူး'' ဟု အဆိုပါ ကရင်တပ်မှူးက ပြောသည်။

လွန်ခဲ့သည့် ၁၆ ရက်ကာလအတွင်း တိုက်ပွဲသည် အပြင်းအထန် မရှိလှသော်လည်း၊ ပုံမှန် တိုက်ခိုက်နေကာ အဓိကကျသည့် အခြေခံစခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားမှု တစိတ်တပိုင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းက ဝေါလေခီး စခန်းကို ၂ ရက်ခန့် လက်လွှတ်ခဲ့ရသော်လည်း ကေအန်အယ်အေက အလျင်အမြန်ပင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ဗိုလ်မှူးကြီးစောဂျေးအတွက် ၀မ်းနည်းခြင်း။


အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ခုခံကာကွယ်ရင်း ဧပြီလ ၂၅ရက်နေ့(စနေနေ့ည)တွင် တိုင်းပြည် နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၂၀၁တပ်ရင်းမှ ဗိုလ်မှူးကြီးစောဂျေးအား မိသားစု၊ ရဲဘော်ရဲဘက်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါသည်။ ဗိုလ်မှူးကြီးစောဂျေး ကောင်းရာသုဂတိ လားပါစေ။

စောကျော်ခွိ


အဲခေါင်သောင့်ဘလော့မှကူးယူခဲ့ခြင်းဖြစ်ပါသည်။

တော်လှန်ရေးသမားနဲ့ ဓါးပြ

အညတရတော်လှန်ရေးသမားတစ်ဦး
(ဆောင်းပါး)
၂၇ ဧပြီ ၂၀၀၉
တော်လှန်ရေးသမားတွေနဲ့ ဓားပြစစ်စစ်တွေ ဘက်ပြိုင်တိုက်ခိုက်ရပုံ အကြောင်းတော့မဟုတ်ပါ။ ဗမာပြည်မှာ ဓား ပြဆိုတာက လူအင်အားများများ စည်းရုံးထားနိုင်တာမှမဟုတ်တာ။ ကမ္ဘာစစ်ပြီး စတုန်းက ရှင်မတောင်ဓားပြဂိုဏ်း ကြီးလို ဓားပြဂိုဏ်းမျိုးတွေမှာ လူအင်အားတော်တော်များတယ်လို့ ကြားဖူးပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပေါ်လာတဲ့နောက်ပိုင်းမှာ ဒီလိုလူအင်အားများ တဲ့ ဓားပြစစ်စစ်ဂိုဏ်းတွေ မရှိတော့ပါဘူး။ ရှိလို့လည်း ဘယ်ရမလဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေလို နိုင်ငံရေးအရ စည်းရုံးနိုင်တာမဟုတ် တော့ လူအင်အား၊ လူထု ထောက်ခံမှုအင်အားရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို အန်တုနိုင်တာမှ မဟုတ်ဘဲ။


ခုကျနော်ဆွေးနွေးတင်ပြချင်တာက တော်လှန်ရေးသမားတွေ မိမိကိုယ်တိုင်က မသိဘဲဖြစ်စေ၊ သိသလိုလို မသိသလိုလိုဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ ဓားပြအဖြစ်ကို ရောက်သွားကြတာတွေရယ်။ ဓားပြစစ်စစ်တွေ သို့မဟုတ် ဓားပြစိတ်ဓာတ်ရှိသူတွေက တော်လှန်ရေးအဖွဲ့အစည်းတွေထဲကို တော်လှန်ရေး လုပ်ပါမယ်ဆိုပြီး ရောက်လာခဲ့တဲ့ နောက်ပိုင်းမှာ ဓားပြစိတ်ဓာတ်နဲ့ တော်လှန်ရေးအရေခြုံပြီး ဆက်လက်စခန်းသွား နေကြတဲ့ အကြောင်းတွေရယ်ပဲ ဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ နောက်ဆုံး ရန်သူစစ်အစိုးရဆီမှာ လက်နက်ချပြီး ဂိတ်ကြေးကောက်စားနေတဲ့ လက်နက်ကိုင် အုပ်စုတွေအဖြစ်ကို ရောက်သွားတတ်ကြပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ အဲဒီလူစားတွေဟာ နဂိုမူလကတည်းက တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ရှိနေကြပေမယ့် တော်လှန်ရေး စိတ်ဓာတ်မရှိဘဲ ဓားပြစိတ်ဓာတ်နဲ့ တော်လှန်ရေးထဲရောက်လာကြလို့သာ စစ်အစိုးရဆီမှာ လက်နက်ချပြီး အခုလို ဂိတ်ကြေး ကောက်စားတဲ့ အလုပ် (ဓားပြတိုက်စားတဲ့သဏ္ဌာန်တမျိုး) ကို လုပ်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

မူလ တော်လှန်ရေးအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ပြီး ခုလိုလုပ်ရခြင်းဖြစ်ပါတယ်လို့ သူတို့ဘက်က အကြောင်းပြနိုင်ပါတယ်။ မူလအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ရပါတယ်ဆိုရင် ဘာ့ကြောင့် မတရားတကာ့ မတရားဆုံးထွဋ်ခေါင် စစ်အစိုးရဆီမှာ ဓားပြတိုက်စားခွင့် လိုက်စင်ဝင်ယူထားရတာလဲလို့ ပြန်မေးရပါလိမ့်မယ်။

သူတို့ကိုတော့ လူထုက ဓားပြတွေလို့ပဲ ပြတ်ပြတ်သားသား သတ်မှတ်ပါတယ်။ ဒါပေမယ့် ဓားပြမှုနဲ့ ပုလိပ်ကို သွားတိုင်လို့ရတဲ့ ဓားပြမျိုးမဟုတ်တော့ လူအင်အားများတဲ့အပြင် နိုင်ငံတော်အစိုးရဆီက ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ် အဖွဲ့တွေလို့လည်း ဆိုနိုင်ပါတယ်။ (ယူနီဖောင်းတွေဝတ်ပြီး၊ ဗက်တံဆိပ်တွေပါ တပ်ထားလိုက်ပါသေးတယ်။ တော်လှန်ရေးနယ်မြေမှာလည်း ဘယ်သူ့အားကိုးနဲ့လည်း မသိ၊ အဲဒီလို ဗက်တံဆိပ် တပ်ပြီး စစ်ကြောင်းကြီးနဲ့ ချီတက်လှုပ်ရှားခဲ့တဲ့ ဓားပြတပ်ကြီးတွေရှိခဲ့ဖူးကြောင်း နောက်ပိုင်းမှာဖော်ပြပါမယ်။)

ကျနော်တော်လှန်ရေးထဲရောက်လာပြီး နှစ်တချို့ကြာလာတဲ့အခါ လက်နက်ကိုင်ပြီး ဗိုလ်ကျစားသောက်ချင်တဲ့ လူစား တစားရှိကြောင်း သတိပြုမိလာခဲ့ပါတယ်။ ဒါကို လူ့သဘာဝတခုရယ်လို့ မဆိုလိုပါ။ တည်ဆဲလူနေမှုစနစ်ရဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ အချိန်အခါ (social context) မှာ ဖြစ်ပေါ်လာခဲ့တဲ့ စိတ်နေစိတ်ထားတမျိုးလို့ပဲ ဆိုချင်ပါ တယ်။

ကျနော်တွေ့ဖူးတဲ့ လူတချို့အကြောင်းကို ဖော်ပြပါမယ်။ သူတို့က တော်လှန်ရေးအဖွဲ့အစည်းတခုရဲ့ နယ်မြေထဲက ဓားပြတွေပါ။ လစ်ရင်လစ်သလို သူတို့တွေ ဓားပြတိုက်စားနေတာကို တော်လှန်ရေးအဖွဲ့အစည်းက သိတော့ အရေး ယူမယ်လုပ်ပါတယ်။ ဒါနဲ့ပဲ သူတို့အဖွဲ့က နယ်မြေချင်းထပ်လျက် (ဒီနေရာမှာ နယ်မြေချင်း ထပ်တယ်လို့ပြောရတာ ကတော့ တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးဟာ လူမျိုးစုတွေကို အခြေခံထားတာကြောင့် နယ်မြေတွေဟာ နေရာအတော်များများမှာ ထပ်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ နယ်မြေ သို့မဟုတ် ကျေးရွာတရွာကို သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး သူရောငါရော တပြန်တလှည့်စီ ဝင်အုပ်ချုပ်နေတာ၊ အခွန်ကောက်နေတာမျိုးကို ဆို လိုပါတယ်။) အခြားအဖွဲ့တဖွဲ့ဆီမှာ သွားပေါင်းပါတယ်။

အဲဒီအခြားအဖွဲ့က သူတို့ကို (ဓားပြမှန်းသိပေမယ့်) လိုလိုလားလား လက်ခံပါတယ်။ နယ်ခံဖြစ်တဲ့ သူတို့တတွေကို အားကိုးပြီး နယ်မြေ စိုးမိုးဖို့ရယ်၊ ဒါနဲ့တဆက်တည်း အခွန်ကောက်ခံရရှိဖို့ရယ်အတွက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီဓားပြခေါင်းဆောင်ဟာ နာမည်ရှေ့မှာ ဗိုလ်ဘွဲ့ခံထားတဲ့ တော်လှန်ရေးထဲက ဗိုလ်တယောက်ဖြစ်လာခဲ့ပါ တယ်။ ရန်သူ့ထိုးစစ်အပြီးမှာ အဲဒီဗိုလ်ရာထူးနဲ့ပဲ ဒုက္ခသည်စခန်းထဲ ရောက်သွားခဲ့ပါတယ်။ ဗိုလ်ရာထူးနဲ့ ဒုက္ခသည် စခန်းထဲမှာနေရတာကို မပျော်ပိုက်ဖူးနဲ့ တူပါတယ်။ လက်နက်ကိုင်လှုပ်ရှားဆဲ တခြား တော်လှန်ရေးအဖွဲ့ တဖွဲ့ထဲကို ဝင်ပြန်ပါတယ်။ အဲဒီအဖွဲ့ကလည်း နောက်ပိုင်းမှာ လက်နက်ကိုင်လှုပ်ရှားမှု ဆက်မလုပ်နိုင်တော့၊ တခါ အထက်မှာ ပြောခဲ့တဲ့ ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ်အဖွဲ့တဖွဲ့ထဲကို ဝင်သွားပြန်ပါတယ်။ သူ့အတွက် ဒီ့ထက် အံဝင်ခွင်ကျဖြစ်တဲ့နေရာ မရှိတော့ဘူးနဲ့တူပါတယ်။ အဲဒီအဖွဲ့ထဲမှာ မြဲနေပါတယ်။

ကျနော်တော်လှန်ရေးထဲ မရောက်ခင်တုန်းကလည်း မြစ်ဝကျွန်းပေါ်ဒေသအောက်ပိုင်း (ပင်လယ်နဲ့နီးတဲ့အပိုင်း) မှာ တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိတော့တဲ့နောက်ပိုင်း လက်နက်ပုန်းကိုင်ပြီး နယ်မြေဗိုလ်လေးတွေ လုပ်နေကြ သူတွေကို တွေ့ဖူးပါတယ်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသဟာ ဧရာဝတီမြစ်ရဲ့မြစ်ခွဲတွေ ယှက်ဖြာနေလို့ ကျွန်းကလေးတွေလို အစိတ်စိတ်အမြွှာမြွှာကွဲထွက်နေပါတယ်။ ကျနော်တွေ့ရှိရသလောက် တကျွန်းမှာ တဗိုလ် မင်းမူပါတယ်။ မိုက်ဂုဏ်လည်းရှိ၊ ငွေကြေးလည်းရှိ၊ ဆွေမျိုးအုပ်လည်းတောင့်၊ စကားအပြောအဆိုလိမ္မာပါးနပ်ပြီး ပြောရဲဆိုရဲလည်း ရှိတဲ့သူတွေဟာ လက်နက်ပုန်းဆောင်၊ တပည့်လက်သားမွေး၊ အာဏာပိုင်တွေနဲ့ အလွမ်းသင့် အောင် ပေါင်းနိုင်ပြီဆိုရင် သူဟာ နယ်မြေဘုရင်လေးဖြစ်သွားပါပြီ။

တော်လှန်ရေးနယ်မြေမှာ (နယ်မြေဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းမှာ တင်းကျပ်တဲ့ ကျင့်ဝတ်စည်းကမ်း၊ စစ်မှန်တဲ့ တော်လှန်ရေးဦးတည်ချက်၊ တော်လှန်ရေးဦးတည်ချက်နဲ့အညီ နိုင်ငံရေးအရ ပညာပေးမှုတွေမရှိရင်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ မတော်မတရားမလုပ်နိုင်အောင် ထိန်းကွပ်ပေးဖို့ အခြေခံဒေသလူထုကြီးကို အာဏာ အပ်နှင်းမထားရင်) အဲဒီလို ဓားပြစိတ်ဓာတ်ရှိသူတွေဟာ တော်လှန်ရေးထဲကို လွယ်လွယ်လေး လျှိုဝင်ပြီး တော်လှန်ရေးအမည်ခံ ဓားပြဗိုလ် လုပ်စားလို့ ရနိုင်ပါတယ်။

အဲဒီလို အဖွဲ့အစည်းမျိုးမှာ ရန်သူ့ဘက် သေနတ်ပြောင်းလှည့်ပြီး ပစ်တာခတ်တာ (ဒီနေရာမှာ စစ်တိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကျနော်မသုံးလိုပါ၊ စစ်ရေးစီမံကိန်းမရှိ၊ ရန်သူ့တပ်ကို ချေမှုန်းပြီး တတိုင်းပြည်လုံး လွတ်မြောက်အောင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲသွားရေးဆိုတဲ့ စစ်ရေးရည်မှန်းချက် အရမဟုတ်ဘဲ ရန်သူကို လက်ဦးမှုယူ ခြောင်းမြောင်းတိုက်ခိုက်နေရုံလောက်သာလုပ်တာကို တော်လှန်ရေးစစ်တိုက်နေတယ်လို့ ကျန်ာမယူဆပါ) များများလုပ်၊ အခွန် များများကောက်ပေးနိုင်ရင် ဗိုလ်ဖြစ်လွယ်ပါတယ်။

အဲဒီလို ဗိုလ်မျိုးတွေဟာ အခွန် (ဝါ) စစ်အောင်နိုင်ရေးရန်ပုံငွေ ကောက်ပါတယ်။ ဂိတ်မှူးတွေ၊ သစ်တောအခွန် ကောက်သူတွေ၊ နိုင်ငံခြား သစ်လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရတဲ့ သူတွေဆိုရင် ချမ်းသာသွားကြပါတယ်။ ချမ်းသာမှု အတိုင်းအတာကတော့ ဂိတ်အဝင်အထွက် ကုန်စည်ပမာဏနဲ့ သစ်လုပ်ငန်း ဘယ်လောက်ကြီးသလဲဆိုတာပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားပါတယ်။ တခါတုန်းက သစ်လုပ်ငန်းမှာ တာဝန်ကျတဲ့ ဗိုလ်တယောက်ဟာ ခုမြို့ပေါ်မှာ ရွှေဆိုင်ကြီး ဟည်းနေအောင်ဖွင့်ထားတာကို လူတိုင်း မေးငေါ့နေကြတယ်လို့ ကြားပါတယ်။ ဒီလူစားတွေကို ဓားပြစာရင်းထဲမှာ တို့ထားရတာကတော့ တော်လှန်ရေးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက် အဖွဲ့အစည်း၊ လက်နက်နဲ့အာဏာကို အကြောင်းပြုပြီး ငွေရှာလို့ပဲ ဖြစ်ပါတယ်။

တချို့ကတော့ ဓားပြစစ်စစ်ဘဝမှာနေရင်း တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်နဲ့ ခေါင်းပြတ်သွားမယ့်အစား တော်လှန်ရေးရေခြုံဘဝနဲ့ ဓားပြတိုက်စားတာက ပိုဟန်ကျမယ်လို့ တွက်ပုံရပါတယ်။ အစိုးရစစ်တပ်ရဲ့ရန်ရော၊ တော်လှန်ရေးသမားတွေရဲ့ရန်ရော ကြောက်နေရတဲ့ဘဝထက်စာရင် အန္တရာယ်တဘက်ငြိမ်းသွားတာပေါ့။

တချို့အဖွဲ့အစည်းတွေနဲ့ တချို့နယ်မြေခေါင်းဆောင်တွေဟာ နဂိုကတည်းက တော်လှန်ရေးစိတ်ဓာတ်မရှိတာ သို့မဟုတ် တော်လှန်ရေးစိတ်ဓာတ်ချွတ်ခြုံကျတာတွေကြောင့် အဲဒီလို လူစားတွေကို ဓားပြမှန်းသိရက်နဲ့ ငွေရှာဖို့ အတွက် မွေးထားတတ်ကြပါတယ်။

တခါတုန်းက ကျနော် ပင်လယ်ကမ်းခြေနယ်မြေတခုကိုရောက်လို့ မနက်အိပ်ရာအထမှာ ဆိပ်ကမ်းက ပဲ့ချိတ်စက်လှေတစီးပေါ်က လက်နက်ကြီးလက်နယ်ငယ်တွေကိုင်ထားတဲ့ လူ (၅)ယောက်လောက်ကို အမှတ်မထင် မြင်မိပါတယ်။ ယူနီဖောင်းဝတ်ထားတာလည်း မဟုတ်ကြတော့ ကြည့်ရတာ တော်တော်အမြင်မတော်စရာပါ။ ရုပ် တွေကလည်း လူမိုက်ပုံတွေ၊ ဝတ်ထားတာကလည်း ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တပုံတည်းပါပဲ။ “ခင်ဗျားလူတွေ ကြည့်ရတာ ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တူလိုက်တာဗျာ” လို့ ကျနော်က၊ နယ်မြေတပ်မှူးကိုပြောတော့ “တူမှာပေါ့ ဗျာ၊ ဓားပြတွေပဲဟာ၊ ပင်လယ်ထဲထွက်ပြီး အခွန်ကောက်ဖို့ သူတို့ကို သုံးနေရတာ” လို့ ပြန်ပြောပါတယ်။ ဘယ်သူက ဘယ်သူ့ကို အသုံးချနေသလဲဆိုတာ အဲဒီတုန်းက ကျနော် မဝေခွဲတတ်ပေမယ့် အဲဒီလိုလူတွေ (ငယ်သားတွေရော၊ တပ်မှူးပါ) ထဲက မသေလို့ကျန်နေသူတွေမှန်သမျှဟာ တော်လှန်ရေးအကျပ်အတည်း တွေ့တဲ့အချိန်မှာ လက်နက်ချသွားကြတာကိုတော့ ကျနော်မှတ်သားမိပါတယ်။

ရန်သူ့ထိုးစစ်ကြောင့် မိမိနယ်မြေအတွင်းပိုင်းမှာ သို့မဟုတ် နယ်စပ်မှာနေလို့မရတော့တဲ့အခါမှာ လက်နက်ချသွားသူ တွေရှိသလို၊ ထိုင်းနိုင်ငံထဲမှာ အမှီအမျိုးမျိုးနဲ့ နေထိုင်ကြသူတွေလည်းရှိပါတယ်။ ငွေရှာပေးဖို့ ငယ်သားမွေးနိုင်သူ တချို့ခေါင်းဆောင်တွေက ငွေရှာတဲ့လုပ်ငန်းကို ဆက်လုပ်ကြပါတယ်။ ဒါကို ဓားပြတိုက်စားတယ်လို့ပဲ ပြောရပါလိမ့် မယ်။ လူထုကို စည်းရုံးတာ၊ အလုပ်အကျွေးပြုတာဆိုလို့ ဘာတခုမှမလုပ်ဘဲ ကိုယ်ကျိုးအတွက် သက်သက် လက်နက်အားကိုးနဲ့ ငွေရှာတာကို ဓားပြတိုက်စားတာလို့ မပြောရင် တခြားပြောစရာ စကားလုံးမရှိတော့တာ အမှန်ပါ။

အဖွဲ့အစည်း နာမည်သုံးပြီး ဒီလိုဓားပြတိုက်စားတဲ့ အလုပ်မျိုးကို လုပ်ပေးမယ့် လက်အောက်ငယ်သားတွေလည်း ရှိတတ်ပါတယ်။ ရတဲ့ငွေထဲက အလုံးလိုက်အရင်းလိုက်ကို ခေါင်းဆောင်ဆီအပ်ရတယ်ဆိုပေမယ့် စာရင်းမရှိ အင်းမ ရှိ သုံးချင်ရာ သုံးခွင့်ရတာကို ကျေနပ်ပြီး ငါတော်လှန်ရေးလုပ်နေတာပဲလို့ မိမိကိုယ်မိမိ ရမ်းသမ်းဂုဏ်ယူ နေတတ်သူတွေဟာ နောက်ဆုံး ရန်သူ့လက်ချက်နဲ့သေသွားတဲ့အထိ သူတို့တတွေ တော်လှန်ရေးအတွက် လုပ်နေ တာလား၊ ဘယ်သူ့အတွက် အသုံးချခံနေရတာလဲဆိုတာကို သိမသွားကြရှာပါဘူး။

တချို့နယ်မြေခေါင်းဆောင်တွေဟာ တော်လှန်ရေးထဲမှာ အနေကြာလာတဲ့အခါ တော်လှန်ရေးသမားတွေမှာ ရှိအပ်တဲ့ အတွေးအခေါ်တွေ ချွတ်ခြုံကျလာပြီး ရန်သူ့ဆီမှာ လက်နက်ချအညံ့ခံလိုစိတ်လည်းမရှိတာကြောင့် တော်လှန်ရေးထဲမှာ တောပုန်းကြီးတွေအဖြစ်နဲ့ပဲ ရပ်တည်သွားကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်တော့တာလည်းမဟုတ်တော့ လူဆိုးလူမိုက်တွေမွေးပါတယ်။ ငွေရှာခိုင်းပါတယ်။ မွေးထားတဲ့ တပည့်လက်သား လူမိုက်တွေကလည်း တော်လှန်ရေးဆိုတာ တောထဲမှာ လက်နက်ကိုင်ပြီး အသက်တချောင်း ရှင်သန်ရေးလုပ်တာလောက်ပဲ နားလည်ထားတော့ ဓားပြတိုက်သလိုမျိုး အခွန်ကောက်ပါတယ်။ ခေါင်းဆောင်ကြီး လိုတဲ့ငွေပမာဏကို အခွန်ပဏ္ဏာအဖြစ် ဆက်သပါတယ်။ (ငွေရှာကောင်းလှပါချည်ရဲ့ဆိုတဲ့ တပ်မှူးတယောက်က သူနဲ့ အဆင့် မတိမ်းမယိမ်း တပ်မှူးတယောက်ကို “ကျနော်က ခင်ဗျားလိုစစ်တိုက်မကောင်းပေမယ့်၊ ငွေကောင်းကောင်း ရှာနိုင်တယ်ဗျ” လို့ ရင်ကော့ပြောဖူးကြောင်း ကြားခဲ့ဖူးပါတယ်။)

ခေါင်းဆောင်ကြီးဖြစ်သူက ရတဲ့ငွေကိုလက်ကိုင်ပြုပြီး သူ့ရဲ့ဘုန်းတန်ခိုးအာဏာစက်ကို ဆက်လက်တည်မြဲနေ အောင် ထိန်းထားပါတယ်။ တော်လှန်ရေးထဲက နယ်မြေခေါင်းဆောင်တချို့မှာ ရှိတတ်တဲ့ ဓားပြခေါင်းဆောင်လို လုပ်ရပ်မျိုးဖြစ်ပါတယ်။ တချို့နယ်မြေတပ်မှူးကြီးတွေ၊ နယ်မြေခေါင်းဆောင်တွေဆိုရင် စုမိဆောင်းမိထားတဲ့ တိုက်ရာပါပစ္စည်းတွေကို အရင်းအနှီးပြုပြီး ပြည်ပနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ (သားသမီး၊ ဆွေမျိုးရင်းချာထဲက မျက်နှာလွှဲလို့ရမယ့် လူယုံ လူရင်းတွေထားပြီး) လုပ်နေတာ၊ အစုရှယ်ယာဝင်ထားတာတွေရှိကြောင်း ကြားဖူးပါ တယ်။ ဘယ်သူမှ သူတို့ကို ဝေဖန်ရဲကြတာမဟုတ်တော့ တိုးတိုးတိတ်တိတ်သာ ကြားရတာပါ။

တချို့နယ်မြေတပ်မှူးတွေဆိုရင် ဒီထက်တောင်ဗြောင်ကျပြီး ဓားပြအဖွဲ့တွေ ထောင်ထားတယ်လို့တောင် သံသယရှိရ မယ့် သူတွေဖြစ်ပါတယ်။

ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တချို့ကို တင်ပြပါမယ်။ တခါတုန်းက ကျနော်တို့ရဲဘော် (၃၊ ၄) ယောက် ရွာကြီးတရွာကို ရောက်လို့ မကြာခင်မှာဘဲ သက်လတ်ပိုင်းအရွယ် ရွာလူကြီးက ရွာထဲကို ရန်သူ့စစ်ကြောင်းကြီး ရောက်လာတော့ မယ့်အကြောင်း သတင်းပေးပြီး ကျန်ာတို့ကို ရွာပြင်တောထဲက ချောင်တချောင်မှာ နေရာချပေးပါတယ်။ နောက် (၂) ရက်လောက်ကြာမှ ရွာလူကြီးပေါ်လာပါတယ်။ ရန်သူ့စစ်ကြောင်း ရွာထဲက ထွက်သွားပြီးလို့ မကြာခင်မှာ လူအင်အား (၇ဝ) လောက်ရှိတဲ့ ဓားပြအဖွဲ့ရောက်လာကြောင်း၊ မောင်းပြန်သေနတ်တွေကိုင်၊ ယူနီဖောင်းဝတ်ပြီး ဗက်တံဆိပ်တွေ တပ်ထားကြောင်း၊ သူတို့လိုတဲ့ငွေပမာဏကို တောင်းယူပြီးတဲ့အပြင် ရွာထဲကဈေးဆိုင်တွေ မှာလည်း သူတို့လိုချင်တဲ့ ပစ္စည်းမှန်သမျှကို ဆွဲယူသွားကြောင်း ပြောပါတယ်။

ရွာလူကြီးပြောပုံအရ သူ့အဖို့ ဒီလိုဓားပြအဖွဲ့မျိုးဟာ မဆန်းတော့သလိုပါဘဲ။ ရန်သူ့တပ်တွေရော တော်လှန်ရေး လက်နက်ကိုင်တပ်တွေပါ ခြေချင်းလိမ်နေတဲ့ ဒီလိုနေရာမျိုးမှာ ဒီလိုဓားပြတပ်ကြီးမျိုး လှုပ်ရှားနိုင်တာဟာ အံ့သြစရာ ပါ။ ဘယ်လိုဓားပြမျိုးပါလိမ့်။ ရှိန်းဆာရာမို မောက်တဲ့ ကိုယ်ပျောက်တပ်လို့တောင် ထင်စရာပါပဲ။

ဒီထက်အံ့သြစရာကောင်းတာ ရှိပါသေးတယ်။ မကြာခင်မှာ နယ်မြေချင်းထပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ နယ်မြကိုယ်စားလှယ်များကျင်းပတဲ့ ဓားပြနှိမ်နင်းရေးဆွေးနွေးပွဲတခုကို လေ့လာသူအနေနဲ့ ကျနော်တက်ခွင့် ရခဲ့ပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်များရဲ့အတည်ပြုချက်အရ ဓားပြအဖွဲ့ဟာ တောလမ်းတနေရာမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်နေကြောင်း သိရပါတယ်။ ကျနော်မှတ်မိသလောက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ဓားပြနှိမ်နင်းရေး ကို နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်မယ်ဖြစ်ကြောင်း၊ ဓားပြတွေရဲ့ဂိတ်ကို နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ဖယ်ရှားပစ်မယ် ဖြစ်ကြောင်း၊ တဖွဲ့ရဲ့နယ်မြေထဲကို အခြားတဖွဲ့က ဝင်ရောက်ဖြတ်သန်းမယ်ဆိုရင် ဓားပြအဖွဲ့နဲ့ခွဲခြားလို့ရအောင် သက်ဆိုင်ရာနယ်မြေတပ်မှူးကို အသိပေးရမယ် ဖြစ်ကြောင်းတို့ ပါရှိပါတယ်။ နှစ်ဖွဲ့စလုံးရဲ့ကိုယ်စားလှယ်တွေ တကယ်ရိုးရိုးသားသား တက်တက်ကြွကြွ ဆွေးနွေးနေကြတာလို့ ကျနော်ယုံကြည်မိပါတယ်။

မကြာပါ။ တနေ့ ကျနော်ရွာတရွာကို ဖြတ်သွားနေတုန်း အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်က အိမ်တအိမ်ထဲကနေ ထွက်လာပြီး “ဆရာရေ၊ ဆရာနဲ့တွေ့တာ အတော်ပဲဗျ၊ ကျနော်တို့အဖွဲ့အစည်းက ၁/- အမိန့် ထုတ်လိုက်ပြီဗျ၊ ဓားပြတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အမိန့်လေ။ ဖေဖော်ဝါရီလကုန်အထိ လွတ်ငြိမ်း ချမ်းသာခွင့်ပေးထားတာဆိုတော့ ဆရာရေ။ နှစ်လ အချိန်ရသေးတယ်ဗျ။ ဆရာတို့နဲ့ ကျနော်တို့ပေါင်းပြီး ဟတ်ဘိုင်ဟတ် လုပ်လိုက်ကြရအောင်” လို့ ခပ်ရွှင်ရွှင်လေးပြောပါတယ်။ သူ့အဖွဲ့အစည်းကို သူပြန်သရော်နေတဲ့ သဘောလို့ ကျနော် နားလည်ခံစားမိပါတယ်။ သူက တက္ကသိုလ်ကျောင်းထွက်ပညာတတ်၊ စည်းရုံးရေးမှူးတယောက် မို့လို့ မဟုတ်မတရား လုပ်တာကို မနှစ်မြို့သူလို့ ယူဆရပါတယ်။ သူပြောတဲ့အချိန်မှာ သူနဲ့ဆွေးနွေးခဲ့တဲ့ တဘက်အဖွဲ့အစည်းရဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။ သူ့အဖွဲ့အစည်းက ဒီလိုဒီလိုရှိနေပေမယ့် သူကတော့ ရိုးသားတဲ့ တော်လှန်ရေးသမားဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ နောက် မကြာပါဘူး။ ဓားပြတွေ လက်နက်ချတဲ့ အခမ်းအနားလုပ်တယ်လို့ ကြားပါတယ်။

တနှစ်လောက်အကြာမှာ ဓားပြတွေ တစခန်းထလာပြန်ပါတယ်။ ထူးခြားတာကတော့ နယ်မြေချင်းထပ်နေတဲ့ နယ်မြေရဲ့ အခြားတဘက်က လူမျိုးတမျိုးရဲ့နယ်မြေမှာပဲ ဓားပြတိုက် တော့ခြင်းပါပဲ။ ဓားပြအဖွဲ့ဟာ ဘယ်လူမျိုးရဲ့ အဖွဲ့လဲဆိုတာကို လူတိုင်းသိနေကြပါတယ်။ ခံရတဲ့ လူတွေဘက်ကပြောပါတယ်။ “မျိုးချစ်ဓားပြ” တွေပါတဲ့။ ဒါပေမယ့် ဓားပြအဖွဲ့ဝင်အားလုံးဟာ လူမျိုးတမျိုးတည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ တဘက်လူမျိုးရဲ့ နယ်မြေမှာ လှုပ်ရှားမယ်ဆိုတော့ သူခိုးလမ်းပြ နယ်ခံလူ လိုပါတယ်။ ပစ်မှတ်ထားခံရတဲ့ လူမျိုးထဲက လူတချို့ပါပဲ။ အဲဒီနယ်ခံလူက မိမိလူမျိုးများအပေါ်မှာ တဘက် လူမျိုးဓားပြတွေနှိပ်စက်တာ (ဓားပြတိုက်ရုံမကပါဘူး။ မိန်းကလေးတွေကိုပါ ဖမ်းခေါ်သွားပြီး မတော်မတရားပြုပါတယ်။ ရိုက်နှက်သတ်ဖြတ်တာတွေတောင် လုပ်တတ်ပါ တယ်။) ကို မျိုးချစ်စိတ်ကြောင့် မကြည့်ရက်တော့တာ ကြောင့်လား၊ ကြာရင် နှုတ်ပိတ်ခံရတော့မှာကို ကြောက်လာမိ တာကြောင့်လားတော့ မသိပါ။ မိမိလူမျိုးရဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲကို ပြေးဝင်ခိုလှုံပါတယ်။ ကျနော်နဲ့ရင်းနှီးတဲ့ အဲဒီလူမျိုးရဲ့ နယ်မြေခေါင်းဆောင်က “ဒီကောင် အသတ်ခံရမှာစိုးလို့ တပ်ထဲမှာ ထည့်ထားရတယ်” လို့ ကျနော့်ကို ပြောပြပါတယ်။

ဒီတော့ ဓားပြအဖွဲ့မှာ ဘယ်သူတွေပါသလဲဆိုတာကအစ အိတ်သွန်ဖာမှောက် အကြောင်းစုံကို တဘက်လူမျိုးရဲ့အဖွဲ့ အစည်းက ကောင်းကောင်းသိသွားပြီပေါ့။ ဓားပြတိုက်မှုတွေ စိပ်လာတာနဲ့အမျှ ခံရတဲ့ဘက်ကလည်း ဓားပြနှိမ်နင်းရေး စိတ်ဓာတ် ပြင်းထန်လာပါတယ်။ သူတို့လူမျိုးထဲက ဓားပြဆိုရင် နှိမ်နင်းရတာ ဘာခက်လိမ့်မလဲ။

ကျနော်အထက်မှာ တင်ပြခဲ့သလို ဓားပြအဖွဲ့က တော်လှန်ရေးအဖွဲ့အစည်းကို အန်တုပြီးမရပ်တည်နိုင်ပါဘူး။ ဓားပြတိုက်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာ၊ ဓားပြနှိမ်နင်းရေးအတွက်လည်း တဘက်အဖွဲ့အစည်းက သဲကြီးမဲကြီး ကြိုးပမ်းလာတော့ တနေ့မှာ ဓားပြဗိုလ်တယောက်ကို ဖမ်းမိပါတယ်။ နှယ်နှယ်ရရ ဓားပြဗိုလ်မဟုတ်ပါဘူး။ M72 ဒုံးပစ်လောင်ချာ (၂) လက်ရယ်၊ Walkie-talkie စကားပြောစက်ရယ်နဲ့တကွ လက်ဝယ်ဖမ်းဆီးရမိတာပါ။

တော်လှန်ရေးနယ်မြေမှာတော့ အများအားဖြင့် ဓားပြမှုအတွက်ဆိုရင် သေဒဏ်ပါပဲ။ ဒီတော့ တဘက်အဖွဲ့အစည်းက အဲဒီပုဂ္ဂိုလ်ဟာ သူတို့တပ်ထဲက ဗိုလ်ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း၊ ပြန်လွှတ်ပေးပါဆိုတဲ့အကြောင်း ဆက်သွယ် လာပါတယ်။ နောက်ကျသွားပါပြီ။ ဓားပြကို စိတ်နာနေတဲ့သူတွေက ဒီဓားပြဗိုလ်ကို တွေရာသင်္ချိုင်း ဓားမဆိုင်း လုပ်ပြီးပါပြီ။ ဒါနဲ့ပဲ ဓားပြအဖွဲ့ရဲ့ခေါင်းကိုင်ဖခင်ကြီး သို့မဟုတ် ခေါင်းကိုင်ဖခင်ကြီးတွေက နောက်တွန့်သွားသလား မသိပါ။ ဓားပြရန် အေးသွားတယ်လို့ သိရပါတယ်။

နောက်တမျိုးကတော့ နယ်မြေတပ်မှူးကြီးတဦးက သူ့ရဲ့ရှေတန်းတပ်တွေကို မိမိနယ်မြေရဲ့အပ အခြားအဖွဲ့ အစည်းရဲ့ နယ်မြေမှာ အခွန်ကောက်ခွင့်ပေးခြင်းပါပဲ။ မိမိနယ်မြေထဲမှာတော့ မိမိရဲ့အုပ်ချုပ်ရေးဌာန တာဝန်ရှိ သူတွေက ကောက်ရပါတယ်။ ရှေ့တန်းတပ်မှူးတွေက အခြားအဖွဲ့အစည်းရဲ့နယ်မြေမှာ ကောက်လို့ရရှိသမျှ အခွန်ငွေရဲ့တဝက် ကို အဲဒီနယ်မြေတပ်မှူးကြီးဆီအပ်ရပြီး ကျန်တဝက်ကို တပ်အတွက် သုံးခွင့်ရပါတယ်။ တပ်အတွက်ဆိုတာကလည်း တပ်မှူးအတွက်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမက်လုံးမျိုးနဲ့ဆိုတော့ တပ်မှူးလေးတွေက အခွန်ကို ပျော်ပျော်ကြီး ကောက်ကြတော့တာပေါ့။ နောက်ပိုင်းမှာ ရန်သူက တပ်မတွေ အများအပြားသုံးပြီး စစ်ဆင်ရေးလုပ်လာတော့ အဲဒီရှေ့တန်းတပ်တွေအားလုံး ရန်သူ့ဆီမှာ ဒူးထောက်အညံ့ခံ သွားခဲ့ကြပါတယ်။ မိုက်ပေ့ တိုက်ရဲပေ့ ဆိုတဲ့ ဗိုလ်တွေပေါ့။ တပ်စိပ်မှူးကအစ ဗိုလ်ဘွဲ့ခံထားကြသူတွေဖြစ်ပါတယ်။ ဓားပြစိတ်ဓာတ်လောက်နဲ့ ဓားပြမိုက်ရဲသလိုမျိုး မိုက်ရဲသူတွေဟာ အကျပ်အတည်းတွေ့တဲ့အခါ ဆက်မမိုက်ရဲ တော့ဘူးဆိုတဲ့ မျက်မြင်သင်ခန်းစာတခုပါ။

ဒီနေရာမှာ တရုတ်တော်လှန်ရေးအတွေ့အကြုံနဲ့ပတ်သက်လို့ အနောက်တိုင်းပညာရှင်တဦးရဲ့ ရေးသားချက်တွေကို ကျနော်သွားသတိရမိပါတယ်။

ချန်ကေရှိတ် အစိုးရရဲ့ ရက်ရက်စက်စက်နှိပ်ကွပ်ခံရလို့ တရုတ်ကွန်မြူနစ်ပါတီ တောခိုတဲ့အခါ ချင်ကန်းတောင်တန်း ဒေသကို အခြေစိုက်ပါတယ်။ တပ်နီတော်ကို တည်ဆောက်တဲ့အခါမှာ နယ်ခံဓားပြဂိုဏ်းကြီးတဂိုဏ်းကိုတောင် တော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်လာအောင် စည်းရုံးပညာပေးနိုင်ခဲ့ပါတယ်။ ဓားပြအနေနဲ့ခိုင်းစားဖို့ ဟုတ်မယ်မထင်ပါ။ တပ်နီတော်ဟာ လူထုဆန့်ကျင်ရေးမလုပ်မိဖို့၊ တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာခဲ့တဲ့ တော်လှန်ရေး တပ်မတော်ဖြစ်ခဲ့ပါတယ်။ စစ်ရေးအရ ရန်သူ့ထိုးစစ်ကို မလှန်နိုင်လို့ ဆုတ်ခွာရတဲ့ ကမ္ဘာကျော် ခရီးရှည်ချီတက်ပွဲ ကာလမှာ သူတို့မရောက်ဖူး မပေါက်ဖူးတဲ့ လူမျိုးစုဒေသတွေကိုရောက်တော့လည်း ပြည်သူတွေကို လေးလေးစားစားဆက်ဆံခဲ့ကြလို့ ရောက်လေရာမှာ အများပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကိုရခဲ့ပါတယ်။

သာဓကအနေနဲ့ ဖော်ပြရရင် ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေ၊ စစ်ဘုရင်တွေရဲ့ တပ်တွေဝင်မှာကို လုံးဝလက်မခံတဲ့ တိဘက်နယ် တနယ်ကဆိုရင် တပ်နီတော်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာဆိုရင် တပ်နီတော်ဟာ ရန်သူရဲ့လိုက်လံတိုက်ခိုက်မှုတွေကြောင့် မူလ (၁ဝဝ,ဝဝဝ) ကျော်လောက် အင်အားကနေပြီး (၂ဝ,ဝဝဝ) လောက်သာ ကျန်တော့တဲ့အခြေအနေကို ရောက်နေတာပါ။ ဒီလောက်အထိ ဆင်းရဲကျပ်တည်းနေတဲ့အချိန်မှာတောင် ပြည်သူလူထုဆီက လုယက်တာမျိုး မလုပ်ခဲ့တာသေချာပါတယ်။

အထက်မှာကျနော်တင်ပြခဲ့တဲ့ ဓားပြတိုက်မှုဖြစ်ရပ်တွေက ကိုယ်ကျိုးအတွက် တော်လှန်ရေးမျက်နှာဖုံးစွပ်ပြီး ဓားပြတိုက်စားတာတွေပါ။ ရန်သူစစ်အစိုးရ ဓားပြတိုက်တာကို အလူးအလဲခံစားနေရတဲ့ ပြည်သူတွေအပေါ် မိမိက နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို တဖက်တလမ်းကနေ ဓားပြတိုက်တာဟာ နည်းနည်းနောနော ပြစ်မှု မဟုတ်ပါဘူး။ တော်လှန်ရေးအတွက်ဆိုတာတောင် အခွန်ကောက်ရာမှာ လူထုဆီက ဓားပြတိုက်သလိုအပြုအမူမျိုး မလုပ်သင့်ပါ။ တော်လှန်ရေးအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွားဟာ တထပ်တည်းဖြစ်ပါတယ်။ လူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ တော်လှန်ရေးဆိုတာကို တော်လှန်ရေးလို့ မဆိုနိုင်ပါဘူး။

စစ်မှန်တဲ့တော်လှန်ရေးသို့။

ကေအန်ယူက နအဖ၏ အစီအမံကိုရှုတ်ချ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး

တနင်္လာနေ့၊ ဧပြီလ 27 2009 14:02 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင်တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။
ဒယ်နီယယ် ပီဒါဆင်


၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။

KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။

ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေစိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာအရ တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခု အခြေအနေတွင် ဝါးလေခီးစခန်းကို KNLA က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး မြန်မာစစ်တပ်မှာ စိန်ပြောင်းတကမ်းအကွာ ၅ မိုင်အဝေး တောင်ကုန်းမြင့်ပေါ်တွင် နေရာယူထားသည်။

ဤနေရာ ၂ ခုအကြား စပ်ကြားနယ်မြေမှာမူ ပြောက်ကျားစစ်သည်များ၏ နယ်မြေဖြစ်ပြီး အင်အားအနည်းငယ် ပါဝင်သော လှည့်ကင်းများ၊ ကင်းထောက်ခြင်းများကို ပြုလုပ်နိုင်သည်။

၃ ရက်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်သက်နေခဲ့သော တိုက်ပွဲသည် ယမန်နေ့က အဆုံးသတ်သွားပြီး၊ မြန်မာစစ်တပ် အနေဖြင့် ဤစခန်းသိမ်း တိုက်ပွဲတွင် ရရှိခဲ့သော များပြားလှသည့် အသေအပျောက် အကျအဆုံးများကို ပြန်ထေမိနိုင်ခဲ့သည်။

မြန်မာစစ်တပ်မှ ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံတွင် တင်၍ ကုသပေးလျက် ရှိသည်ဟု သိရသည်။

ယမန်နေ့ညက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သို့မဟုတ် မြန်မာစစ်အစိုးရ တပ်များနှင့် ယင်းတို့၏ စစ်ရေးမဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့များသည် KNLA ၏ အဓိကစခန်းကို တိုက်ခိုက်ရန် ရှေ့တိုး ချီတက်လာခဲ့ကြသည်။

“တိုက်ပွဲက အခုဖြစ်နေတုန်းပဲ။ ဆက်လည်း ဖြစ်ဦးမယ်။ ကျနော်တို့ လူတယောက် မနေ့ညက ကျဆုံးခဲ့တယ် (ဗိုလ်မှူးကြီးစောဂျေးကို ရည်ညွှန်းသည်)” ဟု အကြီးတန်း တပ်မှူးတဦးက တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

စခန်းကို KNLA က သိမ်းပိုက်ထားဆဲဖြစ်ပြီး၊ စခန်းပတ်ဝန်းကျင်တွင် ထောက်ချောက်ဗုံးများ၊ မြေမြှုပ်မိုင်းများကို နှစ်ဖက်စလုံးက တိုး၍ ထောင်လျက်ရှိပြီး၊ တိုက်မိုင်းများကိုလည်း ဆင်ထားသည်ဟု ဗိုလ်မှူးကြီးနဒါးမြက တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြောသည်။

“ဒီမှာတော့ တကယ့်ကို ရှုပ်ထွေးနေတာပဲ” ဟု သူက ပတ်ဝန်းကျင် မြေအနေအထားကို ရည်ညွှန်းပြောကြားသည်။ နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များအတွက် လှုပ်ရှားသွားလာရန် အလွန် ခက်ခဲကြမ်းတမ်းသော အနေအထားတွင် ရှိသည်။ “ကျနော်တို့ စခန်းကို ဆက်ထိန်းထားတုန်းပဲ။ ဆက်တိုက်သွားမယ်” ဟုလည်း သူက ပြောသည်။

KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေခဲ့သည်။

နှစ်ဖက်စလုံး မည်သည့်ဘက်မျှ အသာစီး မရသေးဘဲ နှစ်ဘက်စလုံးတွင် အထိအခိုက် အကျအဆုံး အများအပြား ရှိခဲ့သည်။ လက်နက်ကိရိယာများ ကောင်းမွန်စွာ တပ်ဆင်ထားပြီး ကြာရှည်စွာ ထိုင်ထားခဲ့သော ဤစခန်းကို ကာကွယ်နေသော KNLA တပ်ဖွဲ့များဘက်တွင်မူ အထိအခိုက် အကျအဆုံးများစွာ သက်သာသည်ဟု မျှော်လင့်ရသည်။

ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKBA အဖွဲ့ထဲဝင်

Mon 27 Apr 2009, မင်းပနွတ်ကျား
ထိုင်းနိုင်ငံမှ မြန်မာပြည်နယ်စပ်သို့ နည်းမျိုးစုံဖြင့် ရောက်ရှိလာခဲ့ကြသော မြန်မာအလုပ်သမား အချို့မှာ မြ၀တီနယ်စပ်ရှိ DKBA ၉၉၉ သုံးလုံးဂိတ်ကို ဖြတ်ကျော်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀ ပေးဆောင်ရပြီး မပေးနိုင်သောသူများ အတွက်မူ DKBA ဂိတ်တွင် ထိန်းသိမ်းခံထားကြရကာ ထိုငွေများကို ကြေအောင် ပေးဆပ်နိုင်သည်အထိ အလုပ်လုပ်ပေးကြရပြီးနောက်ပိုင်းတွင် အချို့မှာ နေရပ်သို့ မပြန်ကြတော့ပဲ ၎င်းတို့၏ အဖွဲ့ထဲ့သို့ ၀င်ရောက်သွားကြသည်ဟု မြ၀တီမြို့ခံ စီးပွားရေး သမားတစ်ဦးက ပြောသည်။

“သူတို့အဲဒီလိုနဲ့ အကြွေးကျေဖို့ကို အလုပ်တွေလုပ်ရင်း အဲဒီကလူတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာ တော့ နေရပ်ကို မပြန်ချင်ကြတော့ဘူး၊ ထိုင်းဘက်ကမ်းကို ကူးပြီးတော့ အလုပ်သွားလုပ်ဖို့ကလည်း လမ်းစ ရိတ်မရှိတာနဲ့ အဲဒီမှာပဲနေပြီးတော့ DKBA အဖွဲ့ထဲကို ၀င်သွားကြတာလည်း အများကြီးပါပဲ” ဟု ယင်း မြို့ခံ စီးပွားရေးသမားက ပြောသည်။

တစ်ရက်လျှင် မြ၀တီသို့ ထိုင်းအာဏာပိုင်များမှ လာရောက်သွန်ချသည်မှာ ပျမ်းမျှ လူဦးရေ ၅၀ နှင့် ၁၅၀ ကြားတွင်ရှိပြီး ၎င်းတို့ထဲမှအယောက် ၁၀၀ တွင် ၉ ယောက်လောက်က နေအိမ်၊ သူငယ်ချင်းများ နှင့် အဆက်အသွယ်မရသဖြင့် DKBA တို့ တောင်းဆိုသော ငွေများကို မပေးဆောင်နိုင်သောကြောင့် DKBA တို့၏ အဖွဲ့ထဲသို့ ၀င်ရောက်သွားကြသည်များလည်း ရှိခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေး တပ်ပေါင်း စုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့အဖွဲ့ထဲကို မ၀င်မနေရ ၀င်ရတာမဟုတ်ဘူး၊ သူတို့တောင်းတဲ့ငွေကို ပေးနိုင်မယ်ဆိုရင်တော့ ချက်ချင်းလွှတ်ပေးတယ်၊ မပေးနိုင်ဘူးဆိုရင်တော့ သူတို့ထိန်းထားလိုက်တယ်၊ ပြီးတော့ အလုပ်ပေးပြီး တော့ အဲဒီငွေတွေကို ပြန်ဆပ်ခိုင်းတယ်၊ ငွေကြေသွားလို့ မသွားချင်ဘူး သူတို့နဲ့ဆက်နေချင်တယ် ဆို လို့ရှိရင်လည်း နေလို့ရတယ်၊ ဘာမှ မစစ်ဆေးမမေးမြန်းဘူး ၀တ်စုံတွေထုတ်ပေးတယ်၊ ပြီးတော့ အခုမြ၀တီမှာရှိတဲ့ DKBA အဖွဲ့တွေက လှိုင်းဘွဲဘက်ကို ရှေ့တန်းသွားနေရတယ်လို့ကြားတယ်၊ အဲဒါ ကြောင့် အခုလူ သစ်တွေကို ရသလောက် စုဆောင်းနေတာ ဖြစ်မယ်”ဟု အဖွဲ့ဝင်သစ်တစ်ဦး၏ ပြော စကားကို မြ၀တီ မြို့ခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ ပွဲစားဖြင့်ရောက်ရှိလာခြင်း သို့မဟုတ် ထိုင်းရဲများက ဖမ်းဆီးထားရာမှ မဲဆောက်ဘက်သို့ ပို့ဆောင်လာကြသော မြန်မာအလုပ်သမားများသည် မြ၀တီဘက်ကမ်းသို့ ဖြတ်ကူးရာတွင် DKBA တို့၏ ဂိတ်ကို ဖြတ်သန်းသွားရာ၌ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀ ဖြင့် လာရောက်ရွေးယူကြရသည်။ ထို ငွေများကို မပေးနိုင်ခဲ့ခြင်းကြောင့် တချို့မှာ ကရင်ဗုဒ္ဓဘာသာ DKBA တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံ ကြရပြီးနောက်တွင် ၎င်းတို့၏ အဖွဲ့ထဲသို့ အလိုအလျှောက် ၀င်ရောက်သွားခဲ့ကြသည်။

ထိုင်းစစ်တပ်နှင့် ဒီကေဘီအေ ရင်ဆိုင်တိုက်ပွဲဖြစ်


NEJ /၂၇ ဧပြီ ၂၀၀၉
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အားတိုးမြှင့်ထားသောကြောင့် ယနေ့ညဘက်တွင် ထူးခြားမှုတစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့စခန်းကိုတိုက်တာ လဆန်းကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ်တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်ကို ဒီကေဘီအေဘက်မှ ကလို့ထူးဘောဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီးတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလျက်ရှိသည်။


လူကုန်ကူးသည့် မလေးရှား အာဏာပိုင်များကို တရားစွဲမည်

Saturday, April 25, 2009

ကိုဝိုင်း
စနေနေ့၊ ဧပြီလ 25 2009 22:47 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မလေးရှားတွင် မြန်မာအလုပ်သမားများကို လူကုန်ကူးသူများထံ ရောင်းစားနေသော မလေး အာဏာပိုင်များကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန် အန်ဂျီအို ခေါ် အစိုးရ မဟုတ်သော အဖွဲ့များက စီစဉ်နေသည်။

လူကုန်ကူးခံရသူ အမြောက်အမြားရှိနေကြောင်း အထောက်အထားများ အခိုင်အမာ ရှိနေကာ သက်ဆိုင်ရာ အာဏာပိုင်များကို တရားစွဲဆိုရေးအတွက် မိမိတို့ အပါအဝင် အန်ဂျီအို ၄ ဖွဲ့က မလေး-ထိုင်း နယ်စပ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်နေသည်ကို လေ့လာပြီး အသေးစိတ် အချက်အလက်များ စုဆောင်းနေကြောင်း မလေးရှား ရှေ့နေများကောင်စီ လက်အောက်ရှိ လူ့အခွင့်အရေးကော်မတီက ပြောဆိုခြင်းဖြစ်သည်။

“အစိုးရက ဖွဲ့ထားတဲ့ The Council for Anti-Trafficking (လူကုန်ကူးမှု ဆန့်ကျင်ရေး ကောင်စီ) ကို ရှေ့နေကောင်စီက သွားတွေ့ပြီးတော့ ကျမတို့ရဲ့ အထောက်အထားတွေ မကြာမီ တင်မှာပါ။ သူတို့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ မေးမြန်း စောင့်ကြည့်ရပါမယ်။ သူတို့က ဘာမှ ဆောင်ရွက်မပေးဘူးဆိုရင် ကျမတို့က လွှတ်တော် ဒါမှမဟုတ် အစိုးရထဲမှာ လှုံ့ဆော်မှုတွေ လုပ်သွားပါမယ်” ဟု ကော်မတီ အတွင်းရေးမှူး Ms. Renoka က မဇ္ဈိမကို ပြောသည်။

မလေးရှားရှိ မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (BWRPC) မှ တွဲဖက်အတွင်းရေးမှူး ကိုကျော်ထူးအောင်က “ကျနော်တို့နဲ့ အန်ဂျီအို ၄ ဖွဲ့ တွဲဖက်လုပ်နေပါတယ်။ ကျနော်တို့လက်ထဲမှာ သက်သေတွေ ရှိနေပြီ။ ဒီမှာက ကျနော်တို့ အလုပ်သမားအဖွဲ့ဟာ တရားမဝင်အနေနဲ့ ရပ်တည်ထားတာပါ။ ကျနော်တို့ အဖွဲ့အနေနဲ့ တရားစွဲလို့ မရဘူး။ ဒီနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးတို့၊ migrant workers (ရွှေ့ပြောင်းလုပ်သား) အခွင့်အရေးတို့ လိုက်လုပ်ပေးနေတဲ့၊ မှတ်ပုံတင်ထားတဲ့ မလေးရှား အန်ဂျီအိုတွေနဲ့ ပေါင်းပြီး တရားစွဲဖို့ လုပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

မလေးရှား ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အကျင့်ပျက်ဝန်ထမ်းများက မြန်မာအလုပ်သမားများကို ဖမ်းဆီး၍ လူကုန်ကူးသူများထံ တဦးလျှင် မလေးရှား ရင်းဂစ်ငွေ ၂,၅ဝဝ-၂,၈ဝဝ ဖြင့် မလေးရှား ပိုင်နက်အတွင်း၌ ပြန်ရောင်းနေကြောင်း BWRPC က ထုတ်ပြန်ပြောဆိုထားသည်။

မလေးရှားအစိုးရက ၂ဝဝ၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ACT 670 ဖြင့် တရားစွဲဆိုမည် ဖြစ်ကာ၊ ဥပဒေအရ - တိုက်ရိုက် အပြစ်ကျူးလွန်သူသည် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်၊ အများဆုံး ၁ဝ နှစ် ကျခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုတွင် သွယ်ဝိုက်၍ ပတ်သက်နေသူလည်း ပြစ်ဒဏ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅ဝဝ,ဝဝဝ ပေးဆောင်ရမည်ဟု သိရသည်။

မလေးရှားတွင် အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်မှ နိုင်ငံခြားသား အလုပ်သမားများ ရှိသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာ အစိုးရများက တာဝန်ယူဆောင်ရွက်ပေးပြီး မြန်မာစစ်အစိုးရကမူ မြန်မာအလုပ်သမားများကို လျစ်လျှူရှုထားသဖြင့် မြန်မာနိုင်ငံသားများသာ လူကုန်ကူးခံနေရကြောင်း ကိုကျော်ထူးအောင်က ပြောသည်။

ထိုင်းနယ်စပ်သို့ ပြန်ပို့ခံရသော မလေးရှားနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများသည် ငွေမပေးနိုင်ပါက ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ ပြည့်တန်ဆာရုံများတွင် အဓမ္မခိုင်းစေခံနေရကြောင်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ‘Trafficking and Extortion of Burmese Migrants in Malaysia and Southern Thailand’ အမည်ဖြင့် မကြာသေးမီက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

မလေးရှားရှိ အန်ဂျီအိုများ၊ လူထုအခြေပြုအဖွဲ့များက မလေးရှားအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာကို တစုံတခု ဆောင်ရွက်ပေးရန် တောင်းဆိုထားသောကြောင့် ရဲဌာနက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း နယ်စပ်တွင် လူကုန်ကူးမှုများမှာ ကြီးထွားနေဆဲပင်ဖြစ်ကြောင်း သိရသည်။

မြန်မာဒုက္ခသည် လူကုန်ကူးခံရမှုတိုက်ဖျက်ရေး အမေရိကန် တောင်းဆို

VOA news
25 April 2009
ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ လူကုန်ကူးခံနေရတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး ရှိနေတယ်၊ ဒီလို လူကုန်ကူးမှုတွေမှာ မလေးရှားအစိုးရ အရာရှိတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို အကာအကွယ်ပေးရေးဆိုင်ရာ မူတွေကို ချမှတ်ဆောင်ရွက်ပေးဖို့ လိုနေပြီလို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောပါတယ်။ အပြည့်စုံကို စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက မြန်မာနိုင်ငံသားတွေ မလေးရှားနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူကုန်ကူးခံရတာနဲ့ ခြိမ်းခြောက် ငွေညှစ်ခံရတာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းပြီး ကော်မတီဝန်ထမ်းတွေကိုယ်တိုင် တနှစ်ကြာ လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို ဧပြီလဆန်းပိုင်းက လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာ မကြာခင်နှစ်တွေအတွင်း မလေးရှား၊ ထိုင်းနယ်စပ် ဒေသမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားဟာ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းပြီး ထိုင်းနိုင်ငံဘက်ကိုပို့ရာမှာ ငွေမပေးနိုင်ရင် ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ အလုပ်လုပ်ဖို့၊ ငါးဖမ်းလှေတွေမှာ အသက်နဲ့ရင်းပြီး အလုပ်လုပ်ဖို့၊ စားသောက် ဆိုင်နဲ့ တခြားအလုပ်ကြမ်းတွေ လုပ်ဖို့အတွက် ရောင်းစားတာကို ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလိုလုပ်ဆောင်နေသူတွေထဲမှာ မလေးရှားအစိုးရ အရာရှိတွေပါ ပါဝင်ပတ်သက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ရဲ့ အာရှဆိုင်ရာ လက်ထောက် အကြီးအကဲ အီလိန်း ပီယာဆင် (Elaine Pearson) ကတော့ ဒီပြဿနာတွေ ဖြစ်ပွားနေတာ ကြာလှပြီမို့ ဒီနိုင်ငံတွေမှာ ဒုက္ခသည်ဆိုင်ရာ ထိရောက်တဲ့မူတွေကို ချမှတ်ပြီး ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြောပါတယ်။

“အဲဒီမှာပြဿနာတွေဖြစ်နေတာ ကြာပါပြီ။ အခုအချိန်မှာ မလေးရှားအစိုးရကရော ထိုင်းအစိုးရကပါ ဒုက္ခသည်တွေအတွက် အကာအကွယ်မပေးဘဲနေတာမျိုးကို ပြန်ပြီးသုံးသပ်ဖို့ သင့်နေပါပြီ။ သူတို့နိုင်ငံထဲကိုရောက်လာတဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး စံပြလုပ်ဆောင်ဖို့ ပုံစံသစ်တွေ ချမှတ်ဖို့ လိုအပ်နေပါ တယ်။” - လို့ ပြောသွားတာပါ။

အခုလို မြန်မာနိုင်ငံကနေထွက်ခွာလာသူတွေ ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ ဒုက္ခခံစားနေရတာနဲ့အတူ လူကုန်ကူးမှု ပြဿနာနဲ့ပတ်သက်ပြီးမလေးရှားအစိုးရ အာဏာပိုင်တွေက စတင်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ ကော်မတီဝင် လွှတ်တော်အမတ် ရစ်ချတ်လူဂါ (Richard Luger) ရဲ့ ပြောဆိုချက်ကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရဲ့ အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က အရေးယူဆောင်ရွက်မယ်လို့ သောကြာနေ့မှာပြောဆိုကြောင်း မလေးရှားက လာတဲ့ အေပီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့ကြီးကတော့ မလေးရှားဝန်ကြီးချုပ်သစ် အနေနဲ့ အရင်မလေးရှား အာဏာပိုင်တွေနဲ့မတူဘဲ လူ့အခွင့်အရေးဆိုင်ရာ အရေးယူပြောဆိုမှုတွေ ရှိနေတာကို တွေ့ရတာမို့ ဒီပြဿနာအတွက် သိပ်ကိုမျှော်လင့်ထားပေမဲ့ မလေးရှားနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေဟာလည်း ပြဿနာတခုလို့ မြင်ကြောင်း အခုလို ပြောပါတယ်။

“ပြဿနာက မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့်လို့ ထင်ပါတယ်။ ဒီဥပဒေအရဆိုရင် နိုင်ငံရေး ခိုလှုံသူ တွေ၊ ဒုက္ခသည်တွေနဲ့ စာရွက်စာတမ်း မရှိတဲ့ ရွှေ့ပြောင်းလာသူတွေကြားမှာ ကွဲကွဲပြားပြား ခွဲခြားထားတာမျိုး မတွေ့ရပါ ဘူး။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားပေမယ့် ဒီဒုက္ခသည်ကိုဖမ်းမိရင် မလေးရှားအရာရှိတွေအနေနဲ့ ဖမ်းချုပ်ထားနိုင်ပြီး ပြန်ပို့ဖို့ လုပ်နိုင်ပါတယ်။ ဒီဖမ်းချုပ်ထားသူတွေကို ကုလသမဂ္ဂ မဟာ မင်းကြီးရုံးက တွေ့ခွင့်မရတဲ့အတွက် ဒီဒုက္ခသည်တွေကို ကယ်တင်နိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး။” - လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အခုလိုဒုက္ခနဲ့ ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရမှာ အများဆုံး တာဝန်ရှိပါ တယ် လို့လည်း ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံထဲကနေ တခြားနိုင်ငံတွေကို ထွက်ခွာစေတဲ့အကြောင်းရင်းဖြစ်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို မြန်မာ စစ် အစိုးရအနေနဲ့ မလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။ ဒီအစီရင်ခံစာထွက်လာတဲ့နောက်ပိုင်း မလေးရှားနဲ့ ထိုင်းအစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ဖိအားတွေ ပေးကြဖို့ စဉ်းစားလာမယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံထဲက လူနည်းစု တိုင်းရင်းသားတွေ တခြားနိုင်ငံတွေကို စွန့်ခွာပြီး ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ဖြစ်နေတာကို သူတို့က ၀ိုင်းပြီး ဆောင်ရွက်ကြမှဖြစ်မှာပါ။” - လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက မစ္စ ပီယာဆင် က ပြောသွားတာဖြစ်ပါတယ်။

မြန်မာ ဒုက္ခသည်များ "ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားခံရ"

မိုးမခ
ဧပြီ ၂၅၊ ၂၀၀၉
မြန်မာ ဒုက္ခသည်များ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခံရသည့် ကိစ္စတွင် မလေးရှား အစိုးရ အရာရှိများ ပါဝင်နေသည်ဟု အမေရိကန် လွှတ်တော်အမတ် တဦးက စွပ်စွဲလိုက်သည်။

ထိုင်း မလေးရှား နယ်စပ်ဒေသတွင် လူကုန်ကူးသူများ၏ လက်အတွင်းသို့ လွဲပြောင်းခံရသည့် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူ စုံစမ်း ရေးသားထားသော အ စီရင်ခံစာကို

နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် တာဝန်ရှိသော လွှတ်တော် အမတ် Richard Lugarက မလေးရှား အစိုးရကို အင်္ဂါနေ့က ပေးအပ်လိုက်သည်။

အစီရင်ခံစာတွင် တတိယနိုင်ငံတခုကို သွားရောက်ရေးအတွက် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော မြန်မာပြည်သားများအကြောင်းကို ဖော်ပြထားသည်။

စုံစမ်းမှုများအရ မလေး အရာရှိများက ထိုမြန်မာပြည်သားများကို ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ ပြန်ပို့ခံရသူများထဲတွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံထားရသူများလည်း ပါဝင်ကြောင်း၊ ထိုအချိန်တွင် ငွေမပေးနိုင်သူများမှာ လူကုန်ကူးသူများထံသို့ လွဲပြောင်းခံရကြောင်း ရေးထားသည်။

"ငွေမပေးနိုင်သူများသည် ထိုင်းနိုင်ငံရှိ လူကုန်ကူးသူများ လက်သို့ ရောက်သွားသည်၊ ငါးဖမ်းလှေ၊ ပြည့်တန်ဆာအိမ် စသည့် လုပ်ငန်းမျိုးစုံသို့ ရောက်သွားရသည်" ဟု အစီရင်ခံစာက ဆိုသည်။

လူကုန်ကူးသူများ၏ စော်ကားခြင်း ခံရသည့် အမျိုးသမီးများအကြောင်းကိုလည် ဖော်ပြထားသည်။ တချို့မှာ ၎င်းတို့၏ ခင်ပွန်းသည်များရှေ့တွင်ပင် စော်ကားခံရသည်ဟု ဆိုသည်။ "ဘယ်သူမှ ၀င်ပြီး မပြောရဲဘူး၊ ပြောရင် သေနတ်နဲ့ အပစ်ခံရမယ်၊ ဒါမှမဟုတ် ဓားနဲ့ အခုတ်ခံရမယ်" ဟူသော အကူအညီပေးရေး အဖွဲ့တခုမှ ၀န်ထမ်းတဦး၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

ဒုက္ခသည်တဦးကလည်း "(အမျိုးသမီးတွေက) ကြည့်ပျော်ရှုပျော် ရှိတယ် ဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို အရောင်းခံရတယ်။ ရုပ်မချောတဲ့သူတွေဆိုရင်တော့ သူတို့က (လူကုန်ကူးသူတွေက) စားသောက်ဆိုင်တခုမှာ ရောင်းလိုက်နိုင်တယ်" ဟု ပြောသည်။

အဆိုပါ စွပ်စွဲချက်များကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းမည် ဟူသော ဆုံးဖြတ်ချက်ကို လွှတ်တော် အမတ် Richard Lugarက ကြိုဆိုလိုက်သည်။

ဤကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုရန် ဆက်သွယ်သည့်အခါ မလေးရှား ၀န်ကြီးချုပ်ရုံးက အကြောင်းပြန်ခြင်း မရှိပေ။

မယ်လဒုက္ခသည်စခန်းတွင် ကြက်မွေးမြူခွင့် ပိတ်ပင်

ခွန်အောင်မြတ်။
ဧပြီလ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ကြက်ငှက်တုတ်ကွေး ရောဂါဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စခန်း ထဲတွင် ကြက်မွေးမြူခြင်းမပြုရန် ဒုက္ခသည် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်သည်။

ယခုလ ၂၁ ရက်နေ့က ထိုင်းကျန်းမာရေးဝန်ကြီးဌာနသည် မယ်ဒုက္ခသည်စခန်းသို့ လာရောက် စစ်ဆေးပြီး ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားမည့် အလားအလာရှိကြောင်း ပြောဆိုသဖြင့် ယနေ့မှစ၍ စခန်းအုပ်ချုပ်ရေး မှူးက ကြက်မွေးမြူခြင်းကို ပိတ်ပင်လိုက် သည်ဟု ထိုင်းအာဏာပိုင် ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး အခရဖန် ဖွန်စီက ပြောသည်။

“ကြက်နှစ်ကောင်သေတယ်။ အဲဒါ ကျန်းမာရေးဌာနကို ပို့ပြီး စစ်ဆေးတော့ ဘာမှမဖြစ်ဘူး တဲ့။ အခုစခန်းထဲမှာ ကြက်တွေ ပေးမမွေးတော့ဘူး။ ကြက်မွေးတဲ့သူတွေကို သတိပေးထားတယ်။ မမွေးကြဖို့စခန်းထဲမှာ။ စစ်ဆေးလို့ တွေ့တယ်ဆိုရင် အကုန်ရှင်းပစ်မှာပဲ။ ကြက်တွေကိုလည်း ရှင်းမယ် အရေးလည်းယူမယ်။ သေတဲ့ကြက်က သံသယရှိလို့ပါ။”

ယနေ့နံနက်တွင် စခန်းအာဏာပိုင်များက စခန်းတွင်းတွင် ကြက်မွေးသူများ စခန်းပြင်သို့ သွားမွေးရန် လော်စပီ ကာဖြင့် သတိပေးကြေညာသည်ဟု စခန်းလုံခြုံရေးမှူးက ပြောသည်။

“အခု လက်ရှိ ကြက်မွေးနေတဲ့လူတွေကတော့ ကျန်းမာရေးအခြေအနေကတော့ ထိုင်းနိုင်ငံက ကြက်ငှက်တုတ်ကွေး ဆရာဝန်တယောက်က လာပြီးတော့ အဲသလို ဒီနေရာ လူနေမှု ထူထပ်တယ်။ ဒီနေရာ စိုးရိမ်စရာ အများကြီးရှိတယ် ဆိုပြီးတော့ အစည်းအဝေးထဲမှာ သူပိတ်သွားတယ်။ နောက် ပလပ်(စခန်းအုပ်ချုပ်ရေးမှူး)ကို သူအကြောင်းကြားတယ်။ ပလပ်မှာ ပြန်ညွှန်ကြားတယ်။ ဒီနေ့မှာ ပြန်ညွှန်ကြားတယ်။”

ယနေ့နံနက်ပိုင်းမှစ၍ ထိုင်းအာဏာပိုင်နှင့်စခန်းလုံခြုံရေးတို့ ကြက်မွေးမြူမှုများကို လိုက်လံ စစ်ဆေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

ကြက်ငှက်တုတ်ကွေးပညာပေးနှင့် ပတ်သက်၍ ဒုက္ခသည်တဦးက “တော်တော်များများတော့ သိကြတယ်။ ကြက်ငှက်တုတ်ကွေးနဲ့ပတ်သက်လို့ရှိရင်လေ။ ဒါပေမယ် ပထမအရင် တခေါက်ကတော့ မမွေးဖို့ ပြောပြီးသွားပြီ။ ကြာတော့ ကြာနေပြီပေါ့နော်။ အခု သူတို့ ပြန်မွေးတယ်ပေါ့နော်။ ပြန်မွေးတယ် ဆိုပေမယ့်လည်း လူနည်းစုပဲ။ အခု အဲဒီဟာကို အားလုံးကို ပြန်ဖျောက်ခိုင်းတာပဲ။ ဒါပေမယ့် စားတာ ကတော့ ပုံမှန်ပဲ စားနေကြတာပဲ။ ကြက်သားတော့ ပုံမှန်ပဲ ရောင်းတယ်။ ထိုင်းကြက်တွေလေ ထိုင်း တွေ သူတို့လာရောင်းတယ်။ ဒါပေမယ့် အဲဒီမွေးတာကိုကျတော့ သူတို့ပိတ်တယ်။” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂ နှစ်ကတည်းက စခန်းတွင်း ကြက်မွေးမြူမှု ပိတ်ပင်ထားခဲ့သည်။

ယခုလ ၂၀ ရက်နေ့ကလည်း မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်ဝေသည့် ခဲဆိပ်ပါဝင်သည်ဟု ယူဆရသော လူသုံးကုန်ပစ္စည်းနှင့် တိုင်းရင်းဆေးအပါအ၀င် ပစ္စည်း ၉ မျိုးကို သုံးစွဲခြင်းမပြုရန် ပိတ်ပင် ထားသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

Friday, April 24, 2009

စစ်အစိုးရအာဘော်မြန်မာ့အလင်းသတင်းစာတွင်ဧပြီလ၂၁ရက်နေ့ကဆောင်းပါးရှင်စောဖိုးစီမှ``ရန်ပြိုခြင်းရဲ့
အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။

ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNUမှပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။

KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။

ပေးပို့သူတစ်ဦး

စောလင်းနက်စ်ဘလော့မှကူးယူဖေါ်ပြသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား

စစ်အစိုးရအာဘော်မြန်မာ့အလင်းသတင်းစာတွင်ဧပြီလ၂၁ရက်နေ့ကဆောင်းပါးရှင်စောဖိုးစီမှ``ရန်ပြိုခြင်းရဲ့
အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။

ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNUမှပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။

KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။

ပေးပို့သူတစ်ဦး

စောလင်းနက်စ်ဘလော့မှကူးယူဖေါ်ပြသည်။

စစ်အစိုးရ၏ရာဇဝတ်မှု ဒုက္ခသည်တဦး ဖွင့်ချ

Friday, 24 April 2009 18:49 ဧရာဝတီ
မြန်မာအစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ရေးအတွက် တိုက်တွန်းပေးပါဟု အမေရိကန် ပြည်ထောင်စုရောက် ကရင် တိုင်းရင်းသူ တဦးက ကွန်ဂရက် လွှတ်တော် နှင့် အိုဘားမား အစိုးရကို ယနေ့ တိုက်တွန်းလိုက်သည်။

မြန်မာ့တပ်မတော်၏ရန်မှ လွတ်အောင် ပြေးလွှားနေရသည့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ
တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည်ဟု ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှု တချို့ကို ဒုက္ခသည်တဦး ဖြစ်သူ ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက လွှတ်တော် ကြားနာပွဲတခုသို့ တက်ရောက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။ ထိုရာဇဝတ်မှုများ အတွက် စစ်အစိုးရတွင် တာဝန်ရှိသည်ဟု သူက ဆိုသည်။ စစ်အစိုးရ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခံရသူများတွင် သူ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ကြားနာ စစ်ဆေးသော Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မိုင်းရာဒါးဂေဖောသည် ထိုင်း - မြန်မာ နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိသော ကရင် အမျိုးသမီး အစည်းအရုံး ၏ အသင်းဝင်တဦးလည်း ဖြစ်သည်။

“မြန်မာအစိုးရဲ့ လူသားမျိုးနွယ် တခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ဖို့အတွက် တိုက်တွန်းပေးပါလို့ ကွန်ဂရက် အဖွဲ့ဝင်တွေ နဲ့ အစိုးရ အဖွဲ့သစ်ကို ကျမ မေတ္တာ ရပ်ခံပါတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းများ ရပ်ဆိုင်းသွားရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဆက်လက် ဖိအားပေးရန် သူက တိုက်တွန်းလိုက်သည်။

မြန်မာ့တပ်မတော်၏ လက်ချက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးရမှုများ ရှိနေကြောင်း၊ အဝတ်တထည် ကိုယ်တခုဖြင့် ပြေးရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

ရွာသားများ နေရပ်ရင်းသို့ မပြန်နိုင်ရန် တပ်မတော် စစ်ကြောင်းများက ရွာနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိသည်ဟု မိုင်းရာက ပြောသည်။

“ရွာကနေ ထွက်ရပြီ ဆိုရင် တနေရာကနေ တခြား တနေရာကို ပြေးနေရတယ်။ တောထဲမှာ တွေ့တဲ့ဟာကို စား၊ အိပ်တဲ့အခါလည်း ဗိုက်ဆာဆာနဲ့ အိပ်။ ကလေးတွေကို လက်ဆွဲပြီး အမြဲတမ်း ပြေးနေရတယ်။ စစ်တပ်ကို ကြောက်နေရတာပဲ” ဟု သူက ဆိုသည်။

“ကျမတို့ ပြေးရတုန်းကလည်း ကျမတို့ မိသားစု တခုလုံး ဘာဆို ဘာမှ မရှိဘူး။ စားစရာလည်း မရှိ၊ အိပ်စရာ မရှိ၊ အဝတ်အစားလည်း အပိုမရှိ၊ မိုးရာသီ ဆောင်းရာသီဆိုရင် ပိုပြီး ဒုက္ခရောက်ရတယ်၊ စစ်ကြောင်းတွေနဲ့ လွတ်အောင် အမြဲ ရှောင်ရတယ်။ တောထဲမှာ၊ ခြုံထဲမှာ၊ ဂူထဲမှာ ပုန်းရတဲ့အခါ ရှိတယ်။ မိုးရွာထဲမှာ ပလတ်စတစ်ကို ကိုယ်တဝက်ပဲ ခြုံပြီး အိပ်ခဲ့ရတဲ့ ညကို ကျမ ဘယ်တော့မှ မမေ့ဘူး” ဟု မိုင်းရာက အနည်းငယ် ငိုရှိုက်ရင်း ပြောပြသည်။

မိုင်းရာဒါးဂေဖော
အကူအညီပေးရေး အဖွဲ့များက ပြေးလွှားနေရသည့် ရွာပုန်းရွာရှောင် ဒုက္ခသည်များထံသို့ သွားရောက်နိုင်ခြင်း မရှိသဖြင့် ဆေးဝါး နှင့် အစားအစာ အတွက် အခက်အခဲများ ကြုံရသည်ဟု ဆိုသည်။

“ကျမ ငှက်ဖျားတက်တယ်၊ တုပ်ကွေးရော တခြားဟာတွေရော ဖြစ်တယ် ခဏခဏပဲ။ ကျမရဲ့ မောင်နှမဝမ်းကွဲတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်” ဟု သူက ပြောသည်။

“ဘာ စားစရာမှ မရှိတာကိုလည်း ခဏခဏ ကြုံရတယ်။ တခါတလေ မိသားစု ၇ ယောက် စားဖို့ ဆန် တဘူးပဲ ရှိတတ်တယ်။ လူကြီးတွေက မစားကြဘူး။ ထမင်းကို ကျမတို့ ညီအစ်မတွေကို ပေးတယ်၊ ကျမတို့က အငယ်တွေ ဆိုတော့။ တောထဲမှာ မျှစ်တွေ လိုက်ရှာပြီး စားရတယ်” ဟု မိုင်းရာက လူ့အခွင့်အရေး ကော်မရှင်ကို ပြောပြသည်။

“မြန်မာပြည်မှာ ကရင်တွေအပြင် တခြား တိုင်းရင်းသားတွေလည်း ရှိတယ်၊ သူတို့လည်း မြန်မာ စစ်အစိုးရက ရန်ပြုတာကို ခံနေရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့မရတဲ့အတွက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်သွားကြတယ်၊ တခြား နိုင်ငံကို ပြေးရတယ်” ဟု မိုင်းရာက ပြောသည်။

ဒီကေဘီအေ၏ သက်သတ်လွတ်စားရန် အမိန့်ကို မကျေနပ်သည့် ဗုဒ္ဓဘာသာဘုန်းကြီး (၃)ပါး ထိုင်းနယ်စပ်ထွက်လာ

စောသိန်းမြင့် (ကေအိုင်စီ)
ဧပြီ ၂၃၊ ၂၀၀၉
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ သံဃာတော်များကို တိုးတက်သော ဗုဒ္ဓွဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီ အေ)က သက်သတ်လွတ်အတင်းစားခိုင်းသည့်အတွက်ကြောင့် ဘုန်းတော်ကြီး ၃ပါး ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ရောက်ရှိလာသည်ဟု သိရသည်။

ဒီကေဘီအေ (၉၉၉) တပ်ရင်းမှူး ဗိုလ်ဖားနွီးက သင်္ကြန်မတိုင်မှီ တရက် နှစ်ရက် အလိုတွင် ပိုင်ကျုံဂွင်အတွင်း သတင်းသုံးနေကြသော သံဃာတော်များ အားလုံး မဖြစ်မနေ သက်သတ်လွတ် စားရမည် ဖြစ်ကြောင်း အမိန့် ထုတ်ပြန်လိုက်သည်ဟု ထိုင်းနယ် စပ်တွင် ရောက်ရှိလာသည့် ဝါးမေကလား ကျောင်းထိုင် ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။

ဆရာတော်က “ဘုန်းဘုန်းတို့ကို လာပြောတာပေါ့။ ခင်ဗျားတို့ ဘုန်းကြီးတွေ အကုန်လုံး သက်သတ်လွတ် စားရမယ်လို့ လာပြောတယ်။ မစားနိုင်လို့ရှိရင် ဝေးဝေး ထွက်သွား။ ကျောင်းမှာ ဆက်ထိုင်ချင်ရင် သက်သတ်လွတ် စားပါ။ ဘုန်းဘုန်းက သက်သတ်လွတ် မစားနိုင်တဲ့အတွက် ထွက်လာတာပေါ့” ဟု မိန့်ကြားပါသည်။

အလားတူ ထီးကဟောကျောင်းမှ ဆရာတော် ဦးတိလောကကိုလည်း ကျောင်းထိုင်အဖြစ်မှ သာမန် ဆရာတော်တပါးအနေဖြင့် ဆက်လက် သီတင်းသုံးရန်၊ သက်သတ်လွတ် စားရန်နှင့် ဒီကေဘီအေ အဖွဲ့သို့ ဝင်ရောက်ရန် ဗိုလ်မှူးချုပ်ဖားနွီး ကိုယ်တိုင် လာရောက် ပြောဆိုခဲ့သည်ဟု မိန့်ကြားပြောဆိုသည်။

“ဗိုလ်ဖားနွီးက သူ့ရဲဘော်တွေနဲ့ ဦးပဉ္စင်းတပါး၊ ကိုရင်လေးနှစ်ပါး ပင့်လာပြီး ကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးရဲ့ ကျောင်းမှာ ကျောင်းထိုင် ဆရာတော် ခေါ်လာခဲ့ပြီ။ ဘုန်းဘုန်းကိုတော့ ဒီကျောင်းမှာဆက်နေချင်သေးရင် သူတို့ အဖွဲ့ထဲဝင်၊ သက်သတ်လွတ်စားလို့ ပြောတယ်။ တကယ်ဆို ကျောင်းထိုင် ဆိုတာ အနည်းဆုံး ဝါ (၅)ဝါ ရှိရတယ်။ သူ ပင့်လာတဲ့ ဦးပဉ္စင်းက သင်္ကန်း စည်းတာ ရက်ပိုင်းပဲ ရှိသေးတာပဲ။ ဒါပေမဲ့ ဘုန်းဘုန်းက ဘာမှတော့ ပြန်မပြောပါဘူး။ ဒီကျောင်းမှာ သီတင်း မသုံးရလည်း ဘယ်မှာပဲ နေနေ ရပါတယ်”ဟု မြွက်ကြားခဲ့သည်။

ထိုင်းနယ်စပ်သို့ ဧပြီလ (၁၆)ရက်နေ့တွင် ထွက်ပြေး ရောက်ရှိလာသည့် ဘုန်းတော်ကြီးများမှာ ဝါးမီကလား ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ သက်တော် (၅၄)နှစ်၊ ဝါတော် (၃၃)ဝါ၊ ထီးကဟော ကျောင်းထိုင် ဆရာတော် ဦးတိလောက သက်တော် (၃၄)နှစ်၊ ဝါတော် (၁၄)ဝါနှင့် သံလယ်ကျောင်းမှ ဦးပဉ္စင်း ဦးနန္ဒဝံသ သက်တော် ၆၁နှစ်၊ ဝါတော် (၅)ဝါတို့ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ တပ်ရင်း(၉၉၉) တပ်ရင်းမှူး ဗိုလ်ဖားနွီးကို ကရင်သတင်းစဉ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန် ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ပိုင်ကျုံမြိ့တွင် ကရင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၁ကျောင်းနှင့် သံဃာတော် စုစုပေါင်းအပါး ၅ဝကျော် ရှိသော်လည်း ၃ကျောင်းသာ သက်သတ်လွတ် စားသည်ဟု ထိုဘုန်းတော်ကြီးများ၏ ပြောပြချက်အရ သိရသည်။ ။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် KNU စစ်သားတဦး ဒဏ်ရာရ

ဒယ်နီယယ် ပီဒါဆင်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 16:42 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ သူ၏တပ်ဖွဲ့နှင့်အတူ တောနက်ထဲ၌ ချီတက်သွားလာနေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်သားတဦး ဒဏ်ရာ ရရှိသွားသည်။

သူတို့၏ အခြေချစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ယနေ့တွင် ၁ဝ ရက်မြောက်ရှိပြီ ဖြစ်သည်။ ဝေါလေခီးစခန်းသည် ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် တည်ရှိပြီး၊ ထိုင်းနယ်စပ် တဘက်ခြမ်းတွင်ရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်သည်။

ယခင်အပတ်က မြေမြှုပ်မိုင်းများနှင့် တောထဲတွင် ထောင်ထားသော ထောင်ဗုံးများကြောင့် အထိအခိုက် အကျအဆုံး များခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် ယင်းတို့၏ မဟာမိတ်စစ်တပ်ဖွဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် - DKBA သည် နောက်ပြန်ဆုတ်သွားကြပြီ ဖြစ်သည်။

KNLA ပြောက်ကျားတပ်ဖွဲ့များကို အပြတ်ရှင်းရန်အတွက် အနီးရှိ တောင်ကုန်းမြင့်များပေါ်မှ မရပ်မနား လက်နက်ကြီးများဖြင့် ဝေါလေးခီး စခန်းပေါ်သို့ ပစ်ခတ်နေခဲ့ပြီး၊ ယင်းစခန်း ကျဆုံးသွားပါက တပ်မဟာ ၆ ၏ နောက်ဆုံး အဓိက စခန်း ကျဆုံးသွားခြင်းဖြစ်ပြီး သူတို့အတွက် မသာခေါင်းလောင်း ထိုးလိုက်သလို ဖြစ်သွားလိမ့်မည်။ ယခုထိတော့ အဓိက ထိုးစစ်များကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။

သူတို့ကို လက်နက်ကြီးများသုံး၍ တနေကုန် တိုက်ခိုက်နေခဲ့သည်ဟု ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးမြ၏ အကြီးဆုံးသားဖြစ်သူ ဗိုလ်မှူးကြီးနဒါးမြက ပြောသည်။

KNLA တပ်ဖွဲ့များပေါ်သို့ ၈၁ မမ စိန်ပြောင်းဆံ ၅ လုံးကျော်ကျခဲ့ပြီး အထိအခိုက်မရှိဟု ဆိုသည်။ မြန်မာနိုင်ငံကို အုပ်စိုးနေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - SPDC ၏ တပ်ဖွဲ့များက လေယဉ်ပေါ်မှလည်း ပွိုင့် ၅ စက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သူတို့စခန်း၏ တဲတဲသာ ကျန်တော့သော အခြေအနေကို ဗိုလ်မှူးကြီး နဒါးမြက ယခုလို ပြောသည်။ “သူတို့က အထက်စီး ရထားတယ်၊ ကျနော်တို့ကလည်း အပေါ်စီးကပဲ။ ကြားထဲမှာက ပြောက်ကျားတပ်ဖွဲ့တွေ ရှိနေတာ”။

“မြေမြှုပ်မိုင်းတွေနဲ့ ထောက်ချောက်ဗုံးတွေက အများကြီးပဲ။ ဝေါလေခီးက တကယ့်စစ်ဇုံပါ”။

SPDC တပ်ဖွဲ့များသည် ဝေါလေးခီးမှ ၅ မိုင်အကွာ တောင်ကုန်းပေါ်တွင် စခန်းချထားပြီး၊ ယနေ့တွင် KNLA ပိုင်နက် နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခြင်း မရှိသေးဟု ဆိုသည်။ ယခင် ရက်သတ္တပတ်လုံး ထိုနယ်မြေအတွင်း ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

“မြေမြှုပ်မိုင်းကြောင့် သူတို့ အထိအခိုက် အကျအဆုံးများလို့ မဝင်တာပါ” ဟု သူက ပြောသည်။

စခန်းတဝိုက် ယမန်နေ့က နှိုင်းယှဉ်ချက်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်။ ဤနေရာမျိုးတွင် အစဉ်အလာ သတ်မှတ်ထားသော ရှေ့တန်း စစ်မျက်နှာဟူ၍ မရှိဘဲ၊ နေရာတိုင်းမှ ဝင်ရောက်လာနိုင်ပြီး အသက်အန္တရာယ် အလွန်ကြီးလှသည်။

KNLA ၏ အခြေချစခန်းကို တိုက်ခိုက်နေသော ဤတိုက်ပွဲတွင် SPDC/DKBA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ယခုအထိ ၇ ဦးကျဆုံး၍ ၃၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

ယနေ့တွင် သူတို့ဘက်မှ အထိအခိုက် မရှိပါ။

ယနေ့ မြေမြှုပ်မိုင်း ဒဏ်ရာကြောင့် KNLA စစ်သားတဦး သေဆုံးပြီး၊ ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင်ရေတွက်လျှင် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အင်အား ၂၅ဝ ခန့်ရှိ မြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့သည် ၆ဝ မမ နှင့် ၈၁ မမ စိန်ပြောင်း အများအပြားကို သုံးစွဲတိုက်ခိုက်ခဲ့သည်။

နောက်ဆုံး မော်တာဆံများဖြင့် တိုက်ခိုက်ခံရခြင်းသည် လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ခဲ့ပြီး၊ အခြေအနေမှာ ‘သိပ်မကောင်း၊ သူတို့က ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ’ ဟု ဝေါလေးခီးစခန်း တပ်မှူးက အင်္ဂါနေ့ မွန်းလွဲ ၃ နာရီခန့်က ပြောသည်။

KNLA တပ်ဖွဲ့ဝင်များက ဤသို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး၊ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

ဤဒေသတခုလုံးကို မြေမြှုပ်မိုင်းများ၊ ထောင်ချောက်ဗုံးများ ထောင်ထားပြီး၊ KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကလည်း သူတို့တပ်မတော်အနေဖြင့် ကလေးမိုး (Claymore) ရှေ့ထွက်မိုင်းများ ထုတ်လုပ်သုံးစွဲနေကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က အတည်ပြု ပြောကြားခဲ့သည်။ ယင်းသည် အဓိကအားဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေးအတွက်ဖြစ်ပြီး၊ မီတာ ၂၅ဝ အထိ ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် KNLA တပ်ဖွဲ့များထံသို့ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိသွားခဲ့သည်။

စစ်သားများရော၊ ဒုက္ခသည်များပါ ယခုအချိန်တွင် နယ်စပ်ကို ဖြတ်ကျော်သွားလာရန်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး၊ အနီးအနားရှိ ကျေးရွာများတွင် ထိုင်းစစ်တပ်က စစ်ဆေးရေးဂိတ်များ ချထားစောင့်ကြပ်နေပြီး၊ နယ်စပ်ကိုလည်း ပိတ်ဆို့ထားသည်။ မော်တော်ယာဉ်များကိုလည်း ပုံမှန် ကင်းလှည့်စောင့်ကြပ်လျက် ရှိသည်။


NEJ /၂၄ ဧပြီ ၂၀၀၉
ယမန်နေ့ ညက ထုတ်လွှင့်သည့် မြ၀တီရုပ်မြင်သံကြားအစီအစဉ်တွင် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ စောဌေးမောင်က ကေအန်ယူအပေါ် စွပ်စွဲပြောဆိုချက်များ အခြေအမြစ်မရှိကြောင်း ပြန်လည်ဝင်ရောက်လာသူများက ရှင်းလင်းပွဲတရပ်ပြုလုပ်သည်။

ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲကို ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့များမှ ကေအန်ယူအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာကြသူ (၂၇) ဦးက ရှင်းလင်းခဲ့ကြသည်။

စောဌေးမောင်က ကေအန်ယူထံ ပြန်သွားကြသည့် ကရင်ခွဲထွက်အဖွဲ့များမှ လူများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ ဦးဆောင်ကာ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြသည်ဟု ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

ပြန်လည်ဝင်ရောက်လာသူများမှ စောအေးဖေက “ကျနော်က ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့ကို၂၀၀၀ ခုမှာ ရောက်ပြီး ၂၀၀၆ ခုမှာ ကေအန်ယူဘက်ကို ပြန်လာတာဖြစ်တယ်။ ဟိုမှာက ပဒိုအောင်ဆန်းနဲ့ ခေါင်းဆောင်ပိုင်း တွေပဲ ကြီးပွားချမ်းသာကြတယ်။ အောက်ခြေရဲဘော်တွေအနေနဲ့ အိမ်တဆောင် မီးတပြောင်မနေနိုင်တဲ့ဘ၀ပါ။ ဒီကြားက ကရင်အချင်းချင်း ဖိနှိပ်မှုမျိုးစုံရှိတော့ မိခင် ကေအန်ယူဆီကို ပြန်လာတာဖြစ်တယ်။ ဘာမှ သတ်တာ ဖြတ်တာ မရှိဘူး။ အားလုံးကိုယ့်ဆန္ဒအတိုင်းပဲ။ တချို့မိသားစုတွေ တတိယနိုင်ငံရောက်သွားတာလည်း အများကြီး ရှိတယ်။ ငြိမ်းချမ်းရေးကောင်စီကတော့ နအဖ လက်ကိုင်တုတ်ဖြစ်သွားတော့ နအဖခိုင်းသလို လုပ်ရတဲ့ သဘောရှိတယ်” ဟု ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ ဆေးတပ်သား စောအဲ့ထူးက “၂၀၀၇ မှာ ကေအန်ယူနဲ့ လာရောက် ပူးပေါင်းတာဖြစ်တယ်။ ဒီကေဘီအေမှာ (၃) နှစ်ကြာတယ်။ ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်က ကရင်တွေအတွက် အကျိုးမရှိတာ သိရလို့ ကေအန်ယူနဲ့လာပြီး ပူးပေါင်းတာဖြစ်တယ်။ ငြိမ်းချမ်းရေးကောင်စီ ပြောသလို ပြန်လာတဲ့ လူတွေကို သတ်တယ်ဆိုရင် ကုန်ပြီပေါ့။ အခု ဒီမှာတွေ့တဲ့အတိုင်းပဲ” ဟု ပြောသည်။

ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောလှကျော်ကလည်း “ကျနော်ပြန်လာတာ (၁) နှစ်ပြည့်တော့မယ်။ ပြန်လာတဲ့လူတွေကို ဘယ်သူမှ မသတ်ဘူး။ အားလုံးရှိကြတာပဲ။ အခု စောဌေးမောင်ပြောတဲ့ ကိစ္စက နအဖ ပြောခိုင်းလို့ ပြောရတာဖြစ်တယ်။ သူက အသက်လည်းကြီးပြီး အမှတ်သညာလည်း မကောင်းတော့ဘူး” ဟု ပြောသည်။

ကရင်ခွဲထွက်အဖွဲ့အစည်းအသီးသီးမှ ပြန်လာကြသည့် အဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိစာရင်းအရ (၇၀) ခန့်ရှိပြီး ၎င်းတို့ဆန္ဒအတိုင်း ကောင်းရောင်းကောင်းဝယ် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်ဟု ပြန်ဝင်ရောက်လာသူတဦးက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ပြန်လာတဲ့လူတွေအားလုံးကို ကျနော်တို့ ကောင်းကောင်းမွန်မွန် လက်ခံစောက်ရှောက်ထား မထားသိချင်ရင် ကိုယ်တိုင်သွားမေးမြန်းလို့ ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-4 စသည့် ရုပ်သံလိုင်းများမှ ညစဉ် ကေအန်ယူအဖွဲ့အား ထိုးနှက်ပုတ်ခတ်သည့် အစီအစဉ်များကို တင်ဆက်လျက်ရှိသည်။

အဓိက ထိုးနှက်ပုတ်ခတ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များမှာ ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏သား စောနေစိုးမြ၊ စောဌေးမောင်နှင့် သမီးဖြစ်သူ နော်ကပေါ်ထူးတို့ ဖြစ်သည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် KNU စစ်သားတဦး ဒဏ်ရာရ

ဒယ်နီယယ် ပီဒါဆင်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 16:42 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ သူ၏တပ်ဖွဲ့နှင့်အတူ တောနက်ထဲ၌ ချီတက်သွားလာနေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်သားတဦး ဒဏ်ရာ ရရှိသွားသည်။

သူတို့၏ အခြေချစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ယနေ့တွင် ၁ဝ ရက်မြောက်ရှိပြီ ဖြစ်သည်။ ဝေါလေခီးစခန်းသည် ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် တည်ရှိပြီး၊ ထိုင်းနယ်စပ် တဘက်ခြမ်းတွင်ရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်သည်။

ယခင်အပတ်က မြေမြှုပ်မိုင်းများနှင့် တောထဲတွင် ထောင်ထားသော ထောင်ဗုံးများကြောင့် အထိအခိုက် အကျအဆုံး များခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် ယင်းတို့၏ မဟာမိတ်စစ်တပ်ဖွဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် - DKBA သည် နောက်ပြန်ဆုတ်သွားကြပြီ ဖြစ်သည်။

KNLA ပြောက်ကျားတပ်ဖွဲ့များကို အပြတ်ရှင်းရန်အတွက် အနီးရှိ တောင်ကုန်းမြင့်များပေါ်မှ မရပ်မနား လက်နက်ကြီးများဖြင့် ဝေါလေးခီး စခန်းပေါ်သို့ ပစ်ခတ်နေခဲ့ပြီး၊ ယင်းစခန်း ကျဆုံးသွားပါက တပ်မဟာ ၆ ၏ နောက်ဆုံး အဓိက စခန်း ကျဆုံးသွားခြင်းဖြစ်ပြီး သူတို့အတွက် မသာခေါင်းလောင်း ထိုးလိုက်သလို ဖြစ်သွားလိမ့်မည်။ ယခုထိတော့ အဓိက ထိုးစစ်များကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။

သူတို့ကို လက်နက်ကြီးများသုံး၍ တနေကုန် တိုက်ခိုက်နေခဲ့သည်ဟု ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးမြ၏ အကြီးဆုံးသားဖြစ်သူ ဗိုလ်မှူးကြီးနဒါးမြက ပြောသည်။

KNLA တပ်ဖွဲ့များပေါ်သို့ ၈၁ မမ စိန်ပြောင်းဆံ ၅ လုံးကျော်ကျခဲ့ပြီး အထိအခိုက်မရှိဟု ဆိုသည်။ မြန်မာနိုင်ငံကို အုပ်စိုးနေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - SPDC ၏ တပ်ဖွဲ့များက လေယဉ်ပေါ်မှလည်း ပွိုင့် ၅ စက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သူတို့စခန်း၏ တဲတဲသာ ကျန်တော့သော အခြေအနေကို ဗိုလ်မှူးကြီး နဒါးမြက ယခုလို ပြောသည်။ “သူတို့က အထက်စီး ရထားတယ်၊ ကျနော်တို့ကလည်း အပေါ်စီးကပဲ။ ကြားထဲမှာက ပြောက်ကျားတပ်ဖွဲ့တွေ ရှိနေတာ”။

“မြေမြှုပ်မိုင်းတွေနဲ့ ထောက်ချောက်ဗုံးတွေက အများကြီးပဲ။ ဝေါလေခီးက တကယ့်စစ်ဇုံပါ”။

SPDC တပ်ဖွဲ့များသည် ဝေါလေးခီးမှ ၅ မိုင်အကွာ တောင်ကုန်းပေါ်တွင် စခန်းချထားပြီး၊ ယနေ့တွင် KNLA ပိုင်နက် နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခြင်း မရှိသေးဟု ဆိုသည်။ ယခင် ရက်သတ္တပတ်လုံး ထိုနယ်မြေအတွင်း ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

“မြေမြှုပ်မိုင်းကြောင့် သူတို့ အထိအခိုက် အကျအဆုံးများလို့ မဝင်တာပါ” ဟု သူက ပြောသည်။

စခန်းတဝိုက် ယမန်နေ့က နှိုင်းယှဉ်ချက်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်။ ဤနေရာမျိုးတွင် အစဉ်အလာ သတ်မှတ်ထားသော ရှေ့တန်း စစ်မျက်နှာဟူ၍ မရှိဘဲ၊ နေရာတိုင်းမှ ဝင်ရောက်လာနိုင်ပြီး အသက်အန္တရာယ် အလွန်ကြီးလှသည်။

KNLA ၏ အခြေချစခန်းကို တိုက်ခိုက်နေသော ဤတိုက်ပွဲတွင် SPDC/DKBA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ယခုအထိ ၇ ဦးကျဆုံး၍ ၃၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။

ယနေ့တွင် သူတို့ဘက်မှ အထိအခိုက် မရှိပါ။

ယနေ့ မြေမြှုပ်မိုင်း ဒဏ်ရာကြောင့် KNLA စစ်သားတဦး သေဆုံးပြီး၊ ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင်ရေတွက်လျှင် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အင်အား ၂၅ဝ ခန့်ရှိ မြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့သည် ၆ဝ မမ နှင့် ၈၁ မမ စိန်ပြောင်း အများအပြားကို သုံးစွဲတိုက်ခိုက်ခဲ့သည်။

နောက်ဆုံး မော်တာဆံများဖြင့် တိုက်ခိုက်ခံရခြင်းသည် လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ခဲ့ပြီး၊ အခြေအနေမှာ ‘သိပ်မကောင်း၊ သူတို့က ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ’ ဟု ဝေါလေးခီးစခန်း တပ်မှူးက အင်္ဂါနေ့ မွန်းလွဲ ၃ နာရီခန့်က ပြောသည်။

KNLA တပ်ဖွဲ့ဝင်များက ဤသို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး၊ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

ဤဒေသတခုလုံးကို မြေမြှုပ်မိုင်းများ၊ ထောင်ချောက်ဗုံးများ ထောင်ထားပြီး၊ KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကလည်း သူတို့တပ်မတော်အနေဖြင့် ကလေးမိုး (Claymore) ရှေ့ထွက်မိုင်းများ ထုတ်လုပ်သုံးစွဲနေကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က အတည်ပြု ပြောကြားခဲ့သည်။ ယင်းသည် အဓိကအားဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေးအတွက်ဖြစ်ပြီး၊ မီတာ ၂၅ဝ အထိ ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် KNLA တပ်ဖွဲ့များထံသို့ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိသွားခဲ့သည်။

စစ်သားများရော၊ ဒုက္ခသည်များပါ ယခုအချိန်တွင် နယ်စပ်ကို ဖြတ်ကျော်သွားလာရန်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး၊ အနီးအနားရှိ ကျေးရွာများတွင် ထိုင်းစစ်တပ်က စစ်ဆေးရေးဂိတ်များ ချထားစောင့်ကြပ်နေပြီး၊ နယ်စပ်ကိုလည်း ပိတ်ဆို့ထားသည်။

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၆)

မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 14:31 - မြန်မာစံတော်ချိန်
(၃၁)
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပြီး နဝတ၏ သဘောထား ၆ ရပ်ကို ဆွေးနွေးကြ၏။ ပြီးလျှင် …. KNU ၏ သဘောထားကို နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ KNU ဥက္ကဋ္ဌ အနေဖြင့် သူ စာရေး၍ အကြောင်းပြန်ကြားရန် ဆုံးဖြတ်ကြသည်။

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရက်စွဲ ….. ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

ဥက္ကဋ္ဌ

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့

နဝတမှ တင်ပြသည့် အချက် (၁) သည် အနှစ်သာရအားဖြင့် အညံ့ခံရေး ဖြစ်သည့်အတွက် ကြိုတင်စည်းကမ်းချက်အဖြစ် ထားရမည့် အချက်မဟုတ်ပါ။ အချက် (၅) နှင့် ပတ်သက်ပြီး အမျိုးသားညီလာခံမှ ချမှတ်ထားသည့် …. ​အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည် … ဟူသော ဦးတည်ချက်သည် နဝတ ကိုယ်တိုင် အကောင်အထည် ဖော်ပေးရန် လူထုကို ကတိပေးထားသည့် ပါတီစုံဒီမိုကရေစီ အခြေခံမူများနှင့် ဆန့်ကျင်နေပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်နေခဲ့သည့်အပြင်၊ ပြည်သူလူထုကလည်း ညီလာခံအပေါ် ယုံကြည်မှုမရှိတော့သည့်အတွက် KNU အနေနှင့် အမျိုးသားညီလာခံသို့ တက်ရောက်လေ့လာရန်မှာ မဖြစ်နိုင်ပါ။

အချက် (၆) ဖြစ်သည့် အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရမည်ဟူသည့် အချက်သည် ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံကို ပြည်သူလူထုအားလုံး၊ တိုင်းရင်းသားအားလုံးမှ လက်ခံနိုင်သည်၊ လက်မခံနိုင်သည်ကို မသိရသေးဘဲ ဥပဒေပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရေးအတွက် ကြိုတင်ကတိပေးထားရေးသည် အကြောင်းအကျိုး ယုတ္တိမရှိသည့်အတွက် KNU မှ လက်မခံနိုင်ပါ။

စောဘိုမြ

ဥက္ကဋ္ဌ

ကရင့်အမျိုးသား အစည်းအရုံး

မိတ္တူ …

ဗိုလ်ချုပ်ကြီး မောင်အေး

(ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ဒု-ဗိုလ်ချုပ်ကြီး ခင်ညွှန့်

(အတွင်းရေးမှူး - ၁ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ဒု-ဗိုလ်ချုပ်ကြီး တင်ဦး

(အတွင်းရေးမှူး - ၂ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)

ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံး

(၃၂)

သူက နဝတ ဥက္ကဋ္ဌထံ KNU ၏ သဘောထားကို စာရေးအကြောင်းပြန်ကြားခဲ့ပြီး နောက်တလအကြာတွင် ခွန်မြတ်တို့အဖွဲ့သည် သူနှင့် လာတွေ့၏။ နဝတမှ ပါးလိုက်သည့် စကားများကို ခွန်မြတ်က သူ့ကို ပြောသည် ……

- KNU အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ပါက (ကက လှမ်း) တပ်မတော် ထောက်လှမ်းရေးအဖွဲ့မှ KNU နှင့် ဆက်လက်ဆွေးနွေးနိုင်တော့မည် မဟုတ်ကြောင်း …။

- နှစ်ဦးနှစ်ဖက် ဆက်လက်မဆွေးနွေးနိုင်သော်လည်း နှစ်ဦးနှစ်ဖက်ကြား ဆက်သွယ်မှုများကို ယခင်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း …။

- (ကက လှမ်း) က KNU နှင့် ဆက်လက်မဆွေးနွေးနိုင်ပါက (ကက ကြည်း) အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို (ကက လှမ်း) က မသိကြောင်း …။

ထို … မသိကြောင်း အဖြေက နောက် ၁ဝ ရက်အကြာတွင်ပင် သိလာရ၏။ KNU ၏ အခြေခံဒေသများ အားလုံးသို့ နဝတ ၏ စစ်ကြောင်းများ အလုံးအရင်းနှင့် ဝင်လာပြီး စစ်ပွဲဆင်နွှဲတော့၏။ စစ်ပွဲက ပြင်းထန်၏။ ခုခံစစ်ကလည်း ပြင်းပြင်းထန်ထန်ပင် …..။ မုန်တိုင်းအတွင်း ရော်ရွက်ဝါတို့ ကြွေ၏။ မထူးဆန်း ….။ KNLA တပ်ရင်း ၁၆ မှ တပ်ရင်းမှူး စောသမူဟဲသည် နဝတ ထံတွင် လက်နက်ချ၏။ လက်နက်ချပွဲသို့ နဝတ ဗိုလ်ချုပ်မောင်အေး လာ၏။ လက်နက်ချသူ သမူဟဲကို မောင်အေးသည် သူ့အရှေ့၌ ဒူးတုတ်စေ၏။ ဖက်ဆစ် စစ်ဖိနပ်ဖြင့် ကရင့်အမျိုးသား အလံတော်ကို နင်း၏။

(၃၃)

၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူကား … KNU ၏ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနကြီးမှူး ….. တာဝန်များကို ကွယ်လွန်သည်အထိ ထမ်းဆောင်လျက်ရှိနေဆဲ ……။ နောက်ဆုံးထွက်သက်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွင်း၌ ရှိနေခဲ့သည်။ သူ့ဘဝက ရှည်၏။ သူ့သမိုင်းက ကြီး၏။ သူ့ဘဝ၊ သူ့သမိုင်းသည်ပင် ကရင့်အမျိုးသား လွတ်မြောက်ရေးသမိုင်း ဖြစ်နေခဲ့၏။

၁၄ နှစ်သား ဘဝမှပင် သူသည် မောင်းပြန်ရိုင်ဖယ် သေနတ်ကို ကိုင်ခဲ့ရသည်။ ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍ တော်လှန်ခဲ့၏။ ယမ်းငွေ့များအတွင်း သူသည် ကြီးရင့်ခဲ့၏၊ ရင့်ကျက်ခဲ့ရ၏။

သူသည် လက်နက်ကိုင် တော်လှန်ရေးသမား …. စစ်သားတဦး ဖြစ်၏။ သူသည်ပင် …. ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးသမားတဦး ဖြစ်နေပြန်သည်။ စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ ….။ သူ့တွင် …. လက်ဝဲ၊ လက်ယာ အယူဝါဒစွဲ မရှိ ….။ ပစ္စုပန်တည့်တည့်တွင် ရပ်ပြီး လက်တွေ့ကျကျ တွေးခေါ်မြော်မြင်၍ နိုင်ငံရေးကို လုပ်၏။ ဦးဆောင်မှုကို ပေးခဲ့၏။

သူက …. မြင်သည့်အတိုင်း တွေး၏။ တွေးသည့်အတိုင်း ပြော၏။ ပြောသည့်အတိုင်း လုပ်၏။ အမြင်ရှင်း …. အတွေးရှင်း ….. အပြောရှင်း ….. အလုပ်ရှင်းသဖြင့် သူ့ကို … ပွင့်လင်းသည်ဟု ဆိုကြ၏။ ပွင့်လင်းမှုက ဟန်ဆောင်ယူ၍ မရ။ ဤသည်ပင်လျှင် …. သူ့ကို သံလွင်တပ်ရင်း တပ်သားလေးမှသည် KNU ၏ ဥက္ကဋ္ဌ ……။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူ၍ ဖြစ်လာစေခဲ့ခြင်း ဖြစ်မည်။ သူ မကွယ်လွန်မီ ဆယ်စုနှစ် အတွင်း၌မူ ….. သူ့ဘဝက အလင်း၊ အမှောင်တို့နှင့် ထွေးယှက်၍ နေခဲ့သည်ဟု ဆိုရမည်။

သူကား ….. ကွယ်လွန်ခဲ့လေပြီ။ သူ ကွယ်လွန်ခြင်းကား KNU အတွက် ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် ကြယ်ကြွေခြင်းလား ….။ မိုးပြိုခြင်းလား …..။ တံတားကျိုးခြင်းလား …..။

သူကား ….. သူ့သမိုင်းကို ရေးထိုး၍ သွားခဲ့လေပြီ …..။

မည်သို့ …. ကဗ္ဗည်းတင်ကြမည်နည်း ….။

ဝိဂြိုဟ်ပြုရေးက …. ကျန်နေသူတို့၏ တာဝန်ပင် ……။


ကိုးကား …

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း

ခဲဆိပ်ပါဝင်သည့် ဆေးနှင့် ပစ္စည်းများ ဒုက္ခသည်စခန်းတွင် တားမြစ်

Thursday, April 23, 2009

ဧရာဝတီ
Wednesday, 22 April 2009 20:10 သန်းထိုက်ဦး
ထိုင်း - မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်သည့် ခဲဆိပ် ပါဝင်သော လူသုံးကုန် နှင့် တိုင်းရင်းဆေး တချို့ကို စခန်းအာဏာပိုင်းများက ယခုလ ၂၀ ရက်နေ့တွင် မသုံးစွဲရန် တားမြစ်ပိတ် ပင်ထား ကြောင်း သိရသည်။

[မယ်လ စခန်းတွင်းရှိ ကုန်စုံဆိုင်တဆိုင် (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)]

လူဦးရေ ၄ သောင်းကျော် နေထိုင်သည့် ယင်းဒုက္ခသည်စခန်းတွင် ခဲဆိပ် ပါဝင်သော ဒေါ်ကျင် သူငယ်နာ လေပုပ် ထုတ်ဆေး ၊ ဂေါမုတ္တ ၀မ်းနုတ်ဆေး ၊ ပတ္တမြား သွေးဆေးနှင့် နနွင်းမှုန့် ၊ အစိမ်းမှုန့် ၊ ဒန်သတ္တုဖြင့်ပြုလုပ်ထား သော အိုးခွက် ပန်းကန်များ စသဖြင့် အမျိုးအစား ( ၉ ) မျိုးကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

မယ်လ ဒုက္ခသည်စခန်း ဒု ဥက္ကဌ ကိုထွန်းထွန်းက ဘန်ကောက်မြို့အခြေစိုက် အမေရိကန်ပြည်ထောင်စု၏ ဗဟိုရောဂါ ထိန်းချုပ်ရေးစင်တာ (Center of Disease Control - CDC)အဖွဲ့၏ အကူအညီနှင့် လွန်ခဲ့သည့် လဆန်းပိုင်းက အမေရိကန်နိုင်ငံကို ပေးပို့ခဲ့သော နမှုနာ ပစ္စည်းများတွင် ခဲဆိပ်များပါကြောင်း စခန်းကို ပြန်လည် အကြောင်းကြားခဲ့သည့်အတွက် အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အန္တရာယ်ရှိသည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် သုံးစွဲခြင်း များ ကိုလည်း ပိတ်ပင်ထားပြီး အဆိုပါ ထုတ်ပြန်တားမြစ်ချက်ကို လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူမည်ဟု ဆိုသည်။

အဆိုပါ မယ်လ ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသော မြန်မာဒုက္ခသည်များ၏ ကလေး တချို့ တွင် တိုင်းရင်းဆေး ၂ မျိုး ကြောင့် ခဲဆိပ်သင့်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးဌာနက စတင် တွေ့ရှိခဲ့ပြီးနောက် စခန်းတာဝန် ရှိသူများ က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ယခုလ ၄ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သော ဒေါ်ထွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး နှင့် ဒေါ်ကျင်၏ ကလေးသူငယ်နာ လေပုပ်ထုတ်ဆေးများတွင် အဆိပ် အတောက်ဖြစ်စေနိုင်သည့် သတ္တုမာ ( Heavy Metal ) များပါဝင်ဖော်စပ်ထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာမှ သတိပေးထားသည်။

ထို့အပြင် ယခုကဲ့သို့ တိုင်းရင်းဆေးကြေညာချက်မထွက်ပေါ်ခင် လက်ဖက်နှင့် အကြော်စုံ အမျိုးအစားပေါင်း ၁၀၀ ခန့်တွင် အန္တရာယ်ရှိသော အ၀ါရောင် ဆိုးဆေးသုံးစွဲထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း ကြေညာချက် ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သေးသည်။

ဟေ့ညီ ကောက်ရိုးကောင်းတယ်ကွ




အမှားပြင်ဆင်ချက်။
ဟေ့ ညီ ကောက်ရိုးကောင်းတယ်ကွ စာလုံးများတွင် စာမျက်နှာ၂ စာကြောင်းရည် ၁၊ စာလုံးရည် ၁၂ အား၊ ငါး အစား ခြောက်ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။
မင်းစိုးစံ USA

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၅)

မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 12:35 - မြန်မာစံတော်ချိန်
(၂၄ )
KNU ဥက္ကဋ္ဌတဦးအဖြစ် သူ တာဝန်မယူမီ ကာလများအတွင်း အုပ်စိုးသူအာဏာရှင် အစိုးရအဖွဲ့များနှင့် ၃ ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့၏။

၁၉၄၉ …..

၁၉၆ဝ …..

၁၉၆၃ ….. နှစ်များတွင် ဖြစ်၏။

ပထမအကြိမ် ဆွေးနွေးပွဲကား .. ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၆၄ ရက် အကြာတွင် ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အင်းစိန်ကို သိမ်းထား၏။ ဦးနု၏ ဖဆပလအစိုးရကား … ရန်ကုန်အစိုးရဟူ၍ ဝိဂြိုဟ်ပြုခံနေရသည့် အချိန်ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဦးနုက စောဘဦးကြီးထံသို့ စာပို့၏။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိန်သံအမတ် Mr .Broke ၊ အိန္ဒိယသံအမတ် Dr. Rauf ၊ ပါကစ္စတန် သံအမတ် Mr. M.D Ali နှင့် ခရစ်ယာန် ဘုန်းတော်ကြီး ဘီးရှော့ West တို့က အကျိုးဆောင်များကဲ့သို့ ပါကြ၏။

ဧပြီလ ၅ ရက်နေ့တွင် စောဘဦးကြီး၊ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ ရန်ကုန်အစိုးရနှင့် တွေ့၏။ ရန်ကုန်အစိုးရအဖွဲ့မှ ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ ဆွေးနွေးပွဲ တက်ရောက်သည်။

ဆွေးနွေးပွဲက …..

၁။ ကရင်အမျိုးသားများအရေးနှင့် ပတ်သက်၍ ဆာဘဦး၏ ``ကို့မစ်ရှင်``က စီစဉ်ဆောင်ရွက်သွားမည်။

၂။ အပစ်အခတ်ရပ်စဲ၍ လက်နက်အပ်ရန်၊… ဟူ၍ (ဖ.ဆ.ပ.လ) အစိုးရက ဆွေးနွေး၏။

ဦးနု၏ အဆိုပြုချက် ၂ ရပ်ကို စောဘဦးကြီးသည် သဘောတူလက်မှတ် ရေးထိုးခဲ့၏။ ဆွေးနွေးပွဲပြီးနောက် စောဘဦးကြီးက အင်းစိန်တွင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်ခေါင်းဆောင်များကို ပြန်လည်၍ ရှင်းပြသည်။

ဖဆပလ၏ တောင်းဆိုချက်က ``လက်နက်ချရေး`` ဖြစ်၍ အင်းစိန်ရှိ ကရင်ခေါင်းဆောင်များက သဘောမတူကြ။ နောက်တနေ့တွင် မန်းဘဇံကို ဦးနုနှင့် ထပ်မံ၍ တွေ့ဆုံဆွေးနွေးရန် စေလွှတ်၏။ မန်းဘဇံသည် ထိုစဉ်က KNDO ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ပဆပလက KNDO ကို မတရားအသင်း ကြေညာထား၏။

ဧပြီလ ၆ ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြပြန်၏။ ``ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်၏။ အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန်`` မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ….။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆို၏။ ကော်သူးလေက လက်မခံနိုင်…..။ ဆွေးနွေးပွဲက ပျက်လေ၏။

(၂၅)

၁၉၆ဝ၊ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများက ဗိုလ်နေဝင်းနှင့် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

၁၉၆ဝ တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် အိမ်စောင့်အစိုးရ အာဏာ ရယူထား၏။ ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဗိုလ်အောင်ကြီးက အိမ်စောင့်အစိုးရကိုယ်စား KNUP သို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ KNUP မှ အိမ်စောင့်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဗိုလ်ချုပ်ကော်ထူး၊ (ဗိုလ်ချုပ်ကျော်မြသန်း) စကောလယ်တော၊ ပဒိုဖိုညော၊ ဗိုလ်ကျင်ဖေနှင့် ဗိုလ်မြစိန်တို့ ရန်ကုန်သို့ သွားခဲ့၏။ အိမ်စောင့်အစိုးရမှ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေနှင့် လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်စိန်လွင်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) တို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ပေးရန် တောင်းဆို၏။ အိမ်စောင့်အစိုးရက ….. ကရင်ပြည်နယ်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စဖြစ်၍ အိမ်စောင့်အစိုးရအနေနှင့် ကျော်လုပ်၍ မရ….။ မိမိတို့ မတတ်နိုင်….။ ကိစ္စက ပြတ်ပြီ။ အိမ်စောင့်အစိုးရနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေး၍ မရ….။ ထားတော့….။ လက်နက်ကိုင်တပ် ကိစ္စ ဆွေးနွေးကြပြန်၏။ အိမ်စောင့်အစိုးရက….

`စတိ` လက်နက်ချရမည်။ ပြီးလျှင် …. အရည်အချင်း ပြည့်မီသူများကို တပ်မတော်ထဲတွင် (S.P.R) ကဲ့သို့၊ (Karen Rifle) ကဲ့သို့ တပ်များ ဖွဲ့ပေးမည်။ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သာရ မရှိ။ ၄ ကြိမ်မျှ နှစ်ဖက် တွေ့ဆုံပြီးသည့်တိုင် တိုးတက်မှုက မရှိ…..။ ဆွေးနွေးပွဲက ပျက်သွားခဲ့၏။

(၂၆)

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် ဖဆပလအစိုးရထံမှ အာဏာ သိမ်းပိုက်ယူ၏။ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။

ထိုစဉ်က …. ကရင့်တော်လှန်ရေး အင်အားစုများအတွင်း၌ စောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေး ကောင်စီ (KRC) နှင့် မန်းဘဇံ ခေါင်းဆောင်သည့် KNUP ဟူ၍ ၂ ဖွဲ့ ကွဲနေ၏။ KNUP သည် ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အနေဖြင့် ဆွေးနွေးခဲ့၏။ (မဒညတ) ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ချင်းဦးစီးအဖွဲ့၊ KNUP ၊ NMSP နှင့် KNPP ပါဝင်သည်။

တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးမည့် (မဒညတ) ကိုယ်စားလှယ်အဖွဲ့တွင် မန်းဘဇံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သခင်တင်ထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ) က အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ တော်လှန်ရေး ကောင်စီဘက်မှ …. ဗိုလ်နေဝင်း၊ ဗိုလ်စောမြင့်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန်၊ ဗိုလ်သောင်းဒန်၊ ဗိုလ်ချစ်ခင် ပါဝင်သည်။ ရန်ကုန်မြို့တွင်ပင် ဆွေးနွေးပွဲ ပြုလုပ်၏။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ အတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေး ကောင်စီက….အချက် ၅ ချက် တောင်းဆို၏။

(၁) တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်အားလုံးသည် စစ်အစိုးရက သတ်မှတ်ထားသော နေရာတွင် လာရောက်စုစည်း နေထိုင်ရန်၊ ၎င်းတို့ကို နေရာထိုင်ခင်း၊ စားရေးသောက်ရေးနှင့် လုံခြုံရေး တာဝန်ယူမည်။

(၂) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် စည်းရုံးရေးလုပ်ငန်းများ မလုပ်ရ။

(၃) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်ရ။

(၄) အပြင်ထွက်လိုပါက ခွင့်တောင်းရမည်။

(၅) လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံး စခန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

တောင်းဆိုချက်များက တဖက်သတ်နိုင်လွန်းလှ၏။ (မဒညတ) အနေနှင့် လက်ခံ၍ မရ….။ အလျှော့အတင်း၊ အပေးအယူ ရှိမှသာ ဆွေးနွေးပွဲက ရလဒ်ကောင်းရရန် ရှိမည်။ ယခုမူ….။ တော်လှန်ရေး ကောင်စီသည် တဖက်သတ် တောင်းဆိုမှုများကို တောင်းဆိုပြီး ဆွေးနွေးပွဲကိုလည်း တဖက်သတ်ပင် ရပ်စဲပစ်လိုက်၏။

၁၉၆၃ ခု၊ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီတွင် တော်လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ကြေညာ၏။

(၂၇)

ထိုသို့သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့် အချိန်၌ သူသည် တပ်မှူးတဦးမျှသာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် တယောက်၏ တာဝန်များ သူ့၌ မရှိသေး…။ ယခုမူ …. သူသည် KNU ၌ ဥက္ကဋ္ဌ တာဝန် ယူထားရ၏။ ကရင့်အမျိုးသားများ အရေးကို ဆောင်ရွက်ရာတွင် သူ့တွင် တာဝန်အရှိဆုံး….။ အဖိနှိပ်ခံ ကရင်အမျိုးသားများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကော်သူးလေပြည်သစ်ကို ထူထောင်နိုင်ရေးအတွက် … ၄၅ နှစ်တိုင်တိုင် သူ စစ်တိုက်ခဲ့၏။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများတပွဲပြီးတပွဲ သူ ဆင်နွှဲခဲ့၏။ ပြီးလျှင် …. ထိုထိုသော ငြိမ်းချမ်းရေးအတွက်ပင် သူသည် ရန်သူနှင့် စကားပြောရမည်။ စစ်မြေပြင်တွင် စီးချင်းထိုး၍ ငြိမ်းချမ်းရေး ရှာသကဲ့သို့၊ စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ရှာရမည်ကို သူ သဘောပေါက်၏။ သို့သော် …. ဖြစ်သန်းမှုအသိအရ …. ရန်သူစစ်အုပ်စုကို လက္ခဏာပိုင်းဖြတ်ပြီးသား ဖြစ်၏။ သို့သော် …. တွေ့ဆုံဆွေးနွေးရေး တံခါးကိုမူ သူ မပိတ်ထားခဲ့ ….။

၈၈ …. အာဏာသိမ်း စစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ခေါ်သည့်နည်းနှင့် တွေ့ဆုံမှုများ မပြုလုပ် ……။ တဖွဲ့ချင်းဆီသို့ ``အောင်သွယ်တော်`` များ လွှတ်၍ ``နားသွင်း``သည့်နည်းနှင့် တိုးတိုးတိတ်တိတ် `စ`၏။

၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲနှင့် နဝတဥက္ကဋ္ဌထံသို့ သူ လက်မှတ်ထိုးပြီး စာတစောင်ပေးပို့ခဲ့၏။ စာတွင် အချက် ၄ ချက် ပါ၏။

(၁) တွေ့ဆုံဆွေးနွေးရေးကို တဖွဲ့ချင်း ခွဲခြားမပြုလုပ်ဘဲ တပ်ပေါင်းစုနှင့် ပြုလုပ်ရန် အတိအကျအားဖြင့် တခုလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှု ဖြစ်စေရန်အတွက် မဟာမိတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်နှင့် နဝတအကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်။

(၂) တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ပြည်ပနိုင်ငံတခုခုတွင် ပြုလုပ်ကြရန်။

(၃) တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုတခုခုတွင် ပြုလုပ်ရန်။

(၄) ထိုတွေ့ဆုံဆွေးနွေးပွဲကို သတင်းနှင့် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ ထိတွေ့နိုင်သည့် အခြေအနေတွင် လွတ်လပ်ပွင့်လင်းစွာ ပြုလုပ်ကြရန် ဟူ၍ ဖြစ်သည်။

နဝတမှ မည်သို့မျှ အကြောင်းမပြန်။ နှာစေး၍ နေ၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ခွန်မြတ်၊ ပါမောက္ခဟောင်း စောထွန်းအောင်ချိန်တို့အဖွဲ့ သူနှင့် လာတွေ့၏။ ထိုသူတို့ကား နဝတမှ လွှတ်လိုက်သည့် အကျိုးဆောင်များဖြစ်၏။

နဝတနှင့် KNU တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ရန် ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့ကို KNU မှ စေလွှတ်သည်။ ပဒိုခလိစေး ခေါင်းဆောင်သည့် ပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပဒိုစတိလ၊ စောနေစိုး၊ စောဗစ်တယ်၊ စောတီးထူ၊ စောမင်းထူးနှင့် မန်းချစ်ဝင်း ပါဝင်၏။

KNU ၏ ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာချုပ်၌ နဝတကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြ၏။ KNU မှ ပြင်ဆင်မှုဆိုင်ရာ အချက် ၁၁ ချက် တင်ပြ၏။

(၁) ကိုယ်စားလှယ်များ၏ အဆင့်အတန်းနှင့် ဦးရေကို သတ်မှတ်ရန်

(၂) အချိန်နှင့် နေရာ

(၃) အကြိုနေ့တွင် တွေ့ဆုံမည့်အကြောင်း သတင်းထုတ်ပြန်ချက်

(၄) အကျိုးဆောင်များ တက်ရောက်ခွင့် ပြုရန်

(၅) ဗီဒီယို၊ ကင်မရာ၊ အသံဖမ်းခြင်းကို ခွင့်ပြုရန်

(၆) တွေ့ဆုံပြီးစီးသည့် အချိန်တိုင်း သတင်းစာရှင်းလင်းခွင့် ပြုရန်

(၇) KNU ကိုယ်စားလှယ်နှင့် ဗဟို (က/န) ဆက်သွယ်ခွင့် ပြုရန်

(၈) လုံခြုံရေးကို နဝတမှ တာဝန်ယူရန်

(၉) ဆွေးနွေးပွဲ အတွင်း၊ အပြင် ခြိမ်းခြောက်မှု သဘောဆောင်သော လုပ်ရပ်များ မရှိစေရန် စီမံဆောင်ရွက်ရန်

(၁ဝ) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း KNU ကိုယ်စားလှယ်များ တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်

(၁၁) တွေ့ဆုံပြီးသည့်အခါ၊ အစမှ အဆုံးအထိ မှတ်တမ်းများကို တိုင်းပြည်သို့ ရုပ်သံလွှင့်ဌာနမှ အသံလွှင့် ကြေညာရန်

KNU ကိုယ်စားလှယ်အဖွဲ့မှ တင်ပြညှိနှိုင်းသည့် အချက် ၁၁ ချက်မှ နဝတ သည် ၂၊ ၃၊ ၆၊ ၁ဝ အချက်များကို ငြင်းပယ်၏။ အထူးသဖြင့် အချက် ၁ဝ တွင် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေး ခါးခါးသီးသီး ငြင်းဆန် ပယ်ချခဲ့၏။

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှု၏ အစပျိုးမှုက ……`စ` ကတည်းက ယဉ်သကို….ဟူ၍ ဆိုရလေပြီ။ မတတ်နိုင်။

(၂၈)

KNU အနေဖြင့် ``လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် သီးခြားသော အခြေအနေများတွင် လုပ်ဆောင်သွားရန်`` ဟူ၍ သဘောထားချပြီး အဆင့်မြင့် တွေ့ဆုံနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့၏။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်တွင်ပင် ပြုလုပ်၏။ KNU ဘက်မှ ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်ပြီး နဝတ ဘက်မှ ဗိုလ်မှူးကြီးကျော်သိန်း ဦးဆောင်၏။ အကျိုးဆောင်များဖြစ်သည့် ခွန်မြတ်၊ အေးစိုးမြင့်၊ ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်တို့လည်း တက်ရောက်ကြသည်။

KNU မှ အချက် ၁၂ ချက်ကို တင်ပြ၏။

(၁) တပြည်လုံး အပစ်အခတ် ရပ်ဆိုင်းထားရေးကို နဝတ ဘက်မှ တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရန်

(၂) နဝတ ၏ ထိုးစစ်ဆင်တပ်များကို ဖြည့်ပေးနေမှု၊ လက်နက်ကြီးများ ရှေ့တန်းသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားရန်

(၃) ထိုးစစ်အတွက် အသုံးပြုသည့် လမ်းများ ဆက်လက်ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများကို ရပ်ဆိုင်းထားရန်

(၄) တပ်သားသစ်များ ခေါ်ယူခြင်း၊ ပေါ်တာဆွဲခြင်း၊ ကင်းသမား ခေါ်ယူခြင်း၊ လုပ်အားပေး ခေါ်ယူခြင်းများ ရပ်ဆိုင်းထားရန်

(၅) လူထုအပေါ် ပေါ်တာကြေး တောင်းခံမှုမျိုးစုံနှင့် လူထု၏ ရိက္ခာပစ္စည်းများ တောင်းခံမှုမျိုးစုံ ရပ်ဆိုင်းပစ်ရန်

(၆) လူထုကို အဓမ္မရွှေ့ပြောင်းခြင်း မပြုရေးနှင့် ရွှေ့ပြောင်းခံရသည့် လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများ မိမိကျေးရွာသို့ လုံခြုံစွာ ပြန်လည်နေထိုင်စေခြင်းများ ပြုလုပ်ရန်

(၇) လိုအပ်သည့် သွားလာမှုများကို ပြုလုပ်သည့်အခါတွင် တဖက်နှင့် တဖက် သတင်းပို့ကြရန်

(၈) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU အနေနှင့် မိမိအမျိုးသားများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ရမည်။

(၉) အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီများ ဖွဲ့စည်းထားရမည်။

(၁ဝ) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားခြင်းကို စောင့်ကြည့်လေ့လာရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ကုလသမဂ္ဂ အဖွဲ့ချုပ်မှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ထားရှိရမည်။

(၁၁) အပစ်အခတ် ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးသည့် ကာလတွင် နဝတတို့ ဖမ်းဆီးထားသည့် မန်းရင်စိန်နှင့် KNU အဖွဲ့ဝင်များ ကရင်အမျိုးသားများ ပြန်လွှတ်ပေးရန် လိုအပ်သည်။

(၁၂) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်ချမ်းရေးဆိုင်ရာ အခြေခံပြဿနာများကို စတင်ရန်

KNU ၏ တင်ပြချက်များမှ အချက် ….. ၁၊ ၃၊ ၈၊ ၁ဝ နှင့် ၁၂ ကို လက်မခံနိုင်ကြောင်း နဝတ က ငြင်း၏။ ပြီးလျှင် …… အချက်အမှတ် ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၁ နှင့် ပတ်သက်၍မူ KNU အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး၏။

ဤပုံစံမှာ အပစ်အခတ် ရပ်စဲပြီးဖြစ်သည့် လူမျိုးစုအဖွဲ့များနှင့် လုပ်ဆောင်ခဲ့သည့် MODEL ဖြစ်ကြောင်းလည်း နဝတက ဆိုသည်။

(၂၉)

KNU နှင့် နဝတ အကြား ကွာဟသည့် သဘောထားများကို ထပ်၍ ဆွေးနွေးရန်အတွက် နောက်တပတ်တွေ့ရန် သဘောတူကြ၏။ နဝတ နှင့် KNU တတိယအကြိမ် ထပ်မံ၍ တွေ့ဆုံကြပြန်သည်။ တတိယအကြိမ် တွေ့ဆုံရာ၌ …. KNU ၏ ကိုယ်စားလှယ်အဖွဲ့ဘက်မှ -

ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ခေါင်းဆောင်

ပဒိုဒေးဗစ်ထော ဒု - အဖွဲ့ခေါင်းဆောင်

ပဒိုမန်းရှာ လားဖန်း ။

စောသမိန်ထွန်း အဖွဲ့ဝင်

မန်းအောင်တင်မြင့် ။ ပါဝင်ကြပြီး နဝတ ၏ ကိုယ်စားလှယ်အဖွဲ့မှ …..

ဗိုလ်မှူးကြီး ကျော်ဝင်း

ဗိုလ်မှူးကြီး ကျော်သိန်း

ဗိုလ်မှူးချုပ် အောင်သိန်း

ဒု-ဗိုလ်မှူးကြီး စန်းပွင့်

ဒု-ဗိုလ်မှူးကြီး မျိုးမြင့် တက်ရောက်ကြ၏။

ထုံးစံအတိုင်း အကျိုးဆောင်တို့သည်လည်း ပါဝင်တက်ရောက်ကြသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ဆွေးနွေးကြသည်။ KNU မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြခဲ့သည့်အချက် ၁၂ ချက်နှင့် ပတ်သက်၍ မရှင်းသည်ကို ထပ်၍ မေးမြန်း၏။

နှစ်ဖက် အပစ်အခတ် ရပ်ပြီးနောက် …. တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးကြရာတွင် အချိန်နှင့် နေရာကို KNU မှ တိတိကျကျ သိလို၏။ အမျိုးသားညီလာခံနှင့် ပတ်သက်၍ အမျိုးသားညီလာခံသည် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းလား ….. ဟူ၍ မေးခွန်းများ ထုတ်၏။

KNU ၏ ဆွေးနွေးချက်များကို နဝတ က …. နိုင်ငံရေးပြဿနာကို နောက်လာမည့် အစိုးရကသာ ဖြေရှင်းသွားမည်ဖြစ်၏။ အမျိုးသား ညီလာခံသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းမဟုတ်၊ အနာဂတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကို ချနေခြင်းသာ ဖြစ်၏။ KNU အနေနှင့် ``လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း`` ဟူသည့် ဝေါဟာရအသုံအနှုန်းကို မကြိုက်လျှင် …. စကားလုံး အသုံးအနှုန်း ပြောင်းနိုင်သည်။ အနှစ်သာရကမူ ``လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း`` အတိုင်း ရှိစေရမည် ဟူ၍ ပြည်လည်ရှင်းလင်းဖြေကြား၏။ နှစ်ဖက် ဆွေးနွေးပွဲက ရှေ့မတိုး…..။ နောက်တကြိမ် ထပ်တွေ့ရန် သဘောတူကြပြီး တတိယအကြိမ် ဆွေးနွေးပွဲ ရပ်လိုက်၏။

(၃ဝ)

စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စ၏။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင်ပင် ကျင်းပခဲ့၏။ KNU မှ ဗိုလ်ချုပ်ကြီး တာမလာဘောနှင့် ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်၍ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ယခင်တင်ပြခဲ့သည့် အဆိုပြုချက် ၁၂ ချက်ကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ အဆိုပြုချက်အသစ် တင်ပြဆွေးနွေး၏။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် ၃ ချက် ဖြစ်သည်။

(၁) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတနှင့် ကရင်အမျိုးသား အစည်းအရုံး - KNU အကြား ပြဿနာများကို လက်နက်ကိုင် တိုက်ခိုက်နည်းဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် အပစ်အခတ် ရပ်စဲထားရန်။

(၂) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားပြီးနောက် ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊ ရေရှည်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နဝတနှင့် KNU အကြား ဆက်လက်၍ ဆွေးနွေးသွားကြရန်။

(၃) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားကြရန်အတွက် နှစ်ဖက်တပ်များ၏ လိုက်နာရမည့် အချက်များ ညှိနှိုင်းသတ်မှတ်ကြရန် ……. ဟူ၍ ဖြစ်သည်။ KNU ၏ တင်ပြချက် ၃ ရပ်ကို နဝတ ၏ ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏ ခေါင်းဆောင်များထံသို့ ဆက်လက် တင်ပြ၏။ နဝတ ခေါင်းဆောင်များက KNU ၏ တင်ပြချက် ၃ ရပ်နှင့် ပတ်သက်၍ ဤသို့ အကြောင်းပြန်ခဲ့သည်။

KNU အနေဖြင့်…..

(၁) လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းနှင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း ပြုရန်

(၂) အပစ်အခတ် ရပ်ဆိုင်းထားရန်

(၃) တပ်နေရာချထားမှု ညှိနှိုင်းသတ်မှတ်ရန်

(၄) နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်

(၅) နိုင်ငံရေးနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံတွင် တတ်ရောက်လေ့လာရန်

(၆) အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက် အပြီးအပိုင် စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ပြုရန် - ဟူသည့် အဆင့် ၆ ဆင့် ချပြ၏။ အဆင့် ၆ ဆင့်၏ အနှစ်သာရက ….``လက်နက်ကိုင်လမ်းစဉ်ကို စွန့် …. ဥပဒေဘောင်အတွင်း အရင်ဝင်`` ဟူ၍ ဖြစ်နေ၏။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲက နောက်ဆုံးတွင်မူ နဝတ ၏ ရပ်ခံချက်အပေါ်၌သာ အဆုံးသတ်၍ နေ၏။

ကိုးကား …

- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်

- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ် စာစောင် (အမှတ် ၁ မှ ၇ အထိ)

- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး

- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်း မှတ်စုများ

- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)

- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်

- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)

- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်

- သနူထူး ဂျာနယ်များ

- ကရင့်သတင်းစဉ်

- KNU နှင့် နဝတ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း